ငါးဟင်း



ဗိုက်ဆာဆာနဲ့ ထမင်းပွဲက အုပ်ဆောင်းကိုလှပ်ကြည့်မိရင်း လွင်မော်တစ်ယောက် ငြီးတွားမိသည်။ အမေတော့ ငါးတော်တော်ကြိုက်သည်ထင်၏။ ခဏခဏ ငါးဟင်းချက်တတ်သည်။ ထိုအချိန်တိုင်း လွင်မော်ငြီးတွားလေ့ရှိတတ်စမြဲဖြစ်သည်။

'အမေ့ ကြက်သားဟင်းလေးဘာလေး ပြောင်းချက်မကြည့်ချင်ဘူးလားဟင်'


အမေက ပန်ကန်းဆေးနေရင်းလှမ်းဟောက်သည်။

'အမလေးတော် ကြီးကျယ်ပါ့ကောလား စားချင်ရင်ပိုက်ဆံ​ပေးအေ ပိုက်ဆံမရှိပါဘူးဆို ဒီကလေးမက တစ်မှောက်'


လွင်မော်မျက်စောင်းတစ်ချက်ထိုးပြီး ထမင်းစားဖို့ပြင်သည်။ ချဥ်ရည်ဟင်းလေးကတော့ ပူပူနွေးနွေးလေးနှင့် လွင်မော်အကြိုက်ဖြစ်သည်။


'ချဥ်ရည်ဟင်းတွေ အကုန်သောက်မပြစ်နဲ့ဦး ညည်းအဖေမစားရသေးဘူး ချန်ဦး'


လွင်မော်အကြောင်းကိုသိ၍ အမေကပြောခြင်းဖြစ်သည်။ တစ်ခါက ဟင်းရည်သောက်ကောင်းကောင်းနဲ့သောက်လိုက်တာ နောက်စားမည့်သူတွေအတွက် မကျန်တော့တာကြောင့် အဆူခံရသေးသည်။

လွင်မော်ကတော့ 'ကြိုက်လို့သောက်တာပဲ'ဆိုပြီးတောင် အတွန့်တက်မိသေးသည်။

ယနေ့လည်း ချဥ်ရည်ဟင်းရှိတာကြောင့် ငါးဟင်းမစားလည်းဖြစ်သည်ဟု ကြံနေတုန်း အမေက


'ဟဲ့သမီး ငါးဟင်းစားလေ ရော့ရော့'

ပြောရင်းဆိုရင်း အမေက ငါးတတုံး လာထည့်ပေးသည်။ အမေ့ရှေ့ဆိုတော့လည်း စားပြရသေးပြန်သည်။ ဒီလိုဆိုတော့လည်း အရသာကောင်းသားပဲ။

'အမေ့'

ငါးကို သေချာအရိုးမနွံဘဲ စားမိတာကြောင့် အရိုးဆူးသွားခြင်းဖြစ်သည်။ အမေက မြင်တော့

'အသက်ကဖြင့် ယောကျာ်းယူလို့ရနေပြီ အခုထိငါးရိုးမနွံတတ်သေးဘူး လာလာ ငါနွံပေးမယ်'

သည်လိုနဲ့ လွင်မော်တစ်ယောက် အမေနွံပေးတဲ့ငါးနဲ့ထမင်းစားမြိန်ခဲ့ရပြန်သည်။************************************************


အချိန်ကာလတွေပြောင်းလဲလာပြီး တစ်ချိန်က တောသူမလေး လွင်မော်သည် အထက်တန်းပြဆရာမလေးတစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။

လွင်မော်အမေကတော့ အသက်ကြီးလာ၍ လူကြီးရောဂါတွေ ဖြစ်လာပြီဖြစ်သည်။

ယနေ့တော့ ကိုဗစ်ကာလ အလုပ်လည်းမရှိတာကြောင့် ဆရာမလေးလွင်မော် ရွာကိုပြန်ဖြစ်သည်။ ရွာရောက်တော့ မှတ်မှတ်ရရ အမေ ငါးဟင်းချက်ထားခဲ့သည်။

'တို့အမေကတော့ ဒေါ်ငါးဟင်းပဲဟေ့' ဆိုပြီးတောင် တွေးမိသေးသည်။ သည်တစ်ခါတော့ ငယ်ငယ်ကလို အရိုးမဆူးတော့ပါ။ အမေ့ကျေးဇူးနဲ့ ငါးအရိုးကို proဆန်ဆန် နွံတတ်နေပြီဖြစ်သည်။

အမေ့အိမ်ကို ပြန်ရတာလောက် အပျော်ရွှင်ဆုံးခံစားချက်မရှိပေ။ အမေ့အိမ်သည်သာ အနွေးထွေးဆုံးဖြစ်သည်။


သို့သော် အဲ့သည်ကိုဗစ်ကာလအိမ်ပြန်ချိန်သည် အိမ်ကိုနောက်ဆုံးသောပြန်ရောက်ခြင်းလားတောင် မသိတော့ပေ။ Feb 1ရက်နေ့ အာဏာသိမ်းပြီးနောက် လွင်မော် CDM လုပ်ခဲ့သည်။ ထို့နောက် PDFထဲဝင်ခဲ့၍ အခုတော့ ရဲမေလွင်မော် ဖြစ်နေပြီဖြစ်သည်။ တစ်ခါတစ်ခါ စားစရာမရှိတိုင်း ငယ်ငယ်က နှာခေါင်းရှုံ့ခဲ့သည့် ငါးဟင်းကို သတိရတတ်မြဲ ဖြစ်သည်။ သည်ကာလသည် လွင်မော်တင်မဟုတ် တစ်နိုင်ငံလုံးအတွက် အဆိုးရွားဆုံးကာလဖြစ်သည်။ ရွာကိုလွမ်းသည်။ အမေ့ကိုလွမ်းသည်။ ပြီးတော့ အမေချက်တဲ့ ငါးဟင်းရယ် အမေကိုယ်တိုင် ငါးအရိုးနွံ့ ပေးတဲ့ အချိန်တွေကိုလွမ်းသည်။ နောက်ပြန်ဆုတ်လို့မရသော်လည်း ဖြစ်နိုင်ရင်အချိန်တွေကို နောက်ပြန်ရစ်ချင်သည်။ အာဏာသာ မသိမ်းခဲ့ရင် အမေ့ရဲ့စျာပနကို လွင်မော်ကောင်းကောင်းလုပ်ပေးမိမည်ဖြစ်သည်။ အခုတော့ အမေဆုံးပါးချိန်မှာတောင် သူ့သမီးဘေးနားမရှိရှာပေ။

တစ်ချိန်က သိပ်မုန်းခဲ့တဲ့ငါးဟင်းဟာ အခုတော့ လွမ်းစရာကောင်းနေပါ့လားအမေရယ် ဟုသာ တမ်းတလိုက်ချင်မိသည်။

Comments

  1. ငါးဟင်းလေး...😔

    ReplyDelete
  2. ပြန်မရတော့သောအချိန်တွေ....

    ပြန်မရတော့‌ပေမယ့် ပြန်တွေးမိတိုင်းနွေးထွေးရတဲ့ အမေ့မေတ္တာတွေ.....♡

    ReplyDelete
  3. လွမ်းမိတယ် အရာရာကို

    ReplyDelete
  4. 😥😭စာဖတ်ပြီး ရင်ထဲ စိတ်မကောင်းများစွာဖြစ်ရ 💔😪

    ReplyDelete
  5. ထပ်တူထပ်မျှခံစားရပါတယ်ဗျာ🥲

    ReplyDelete
  6. အဲ့ဒီလိုအဖြစ်ဆိုးတွေ နောင်မျိုးဆက်တွေ ထပ်မကြုံရအောင် တတ်စွမ်းသမျှ ကြိုးစားကြရအောင်ဗျာ... အရေးတော်ပုံ အောင်နေပြီ 😇

    ReplyDelete
  7. လွမ်းမော နာကျင်စရာတွေ များနေကြပြီမို့ အောင်ပွဲ ရကိုရမှ ဖြစ်မှာပါ။ ရမယ်လို့လဲ ယုံကြည်ပါတယ်

    ReplyDelete

Post a Comment