တစ်ပါးသွားအက်ဆေး

 တစ်ပါးသွားအက်ဆေး

သူ့ကိုပတ်ထားသော စက္ကူစက ဘတ်လတ်ဘတ်လတ် ဖြစ်နေသည်။ လေတိုက်လျှင်ပဲ ဖြစ်ဖြစ် အခြားအကြောင်းအရာတစ်ခုနှင့် ကြုံလျှင်ပဲဖြစ်ဖြစ် အခံရခက်လောက်အောင် တဖျပ်ဖျပ် လွင့်ထောင်သည်။ ကိုယ်မှာကပ်နေသော အနာရွတ်ကို ဆွဲချွတ်ခံရသလိုမျိုး ဖြစ်သည်။

ထိုစက္ကူမှာ ရေးထားသော စာသားများကို အချို့လူတို့က စူးစူးဝါးဝါး ဖတ်ကြ၏။ အချို့ကတော့ တစ်ချက်မျှသာ လှမ်းကြည့်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြသည်။ သူ့ကို ဂရုပင် မစိုက်ကြ (ကြားဖြတ်ပြောရပါဦးမည်။ သူက ပုလင်းတစ်လုံး ဖြစ်ပါသည်။)

ကိုယ့်ရင်ထဲမှာ ဘာတွေရှိမှန်း ကိုယ့်ဘာသာပင် မသိသူတွေ လောကကြီးမှာလည်း များလှပါလိမ့်မည်။ သူကတော့ သူ့ဗိုက်ထဲမှာ ဘာတွေရှိမှန်း မသိပါ။

သူဘာတွေကို မြိုထားရမှန်း သူ့ဘာသာသူ မသိပါ။ တစ်ခုခုတော့ တစ်ခုခု ဖြစ်ပါလိမ့်မည်။ ထို့ထက်ပိုပြီး ဘာကိုမှ မပြောနိုင်ပါ။

အစာတွေကို မြိုထားရသည် ဆိုပါစို့…။ သူ ဝဖြိုးလာရပါလိမ့်မည်။ အဆိပ်တွေကို မြိုထားရသည် ဆိုပါစို့…။ သူ လူးလိမ့်နေရပါလိမ့်မည်။

တစ်ခါတစ်ခါကျတော့လည်း ဝမ်းလျားထိုးလှဲမှောက်ပစ်လိုက်ချင်သည်။ ထိုအခါကျမှ အထဲက အရာတွေ ထွက်ကျလာပါလိမ့်မည်။ “ဘာတွေ”ဆိုတာကိုလည်း မျက်လုံးနည်းနည်းဖြင့် ကြည့်ခွင့်သာပါလိမ့်မည်။

ထိုစက္ကူစသည် သူ့ကို လုံချည်လို ပတ်ထားသည် ဆိုပါစို့…။ ပုဆိုးလား၊ ထဘီလား ကွဲကွဲပြားပြား သိချင်မိသေးသည်။ သို့မှသာ သူ့ကိုယ်သူ အထီးလား အမလား ပြန်သဘောပေါက်ရပါလိမ့်မည်။ ဤအတိုင်းကြီးကတော့ အတော်ခက်နေပါသည်။

ခေါင်းပေါ်မှာ ဦးထုပ်ဆောင်းထားသည်ဟုပဲ ယူဆရမည်လား။ အဖုံးဆိုတာကြီးက သူ့ကို ဖုံးထားသေးသည်။ ဘာကိစ္စ လာဖုံးထားရပါသနည်း။

တစ်ခုခု ပေါ်သွားမည်ကို စိုးရွံ့၍လား။ ထိုအဖုံးပေါ်မှာ ရိုက်နှိပ်ထားသည့် တံဆိပ်ကကော ဘာလဲ။ ဒါကိုလည်း သူမသိ…။ သိတော့ သိချင်သည်။

သိချင်တာကလည်း သူ့အလွန်မဟုတ်ဟု ခံယူသည်။ မည်သို့ပင်ဖြစ်စေ မသိတာကလည်း မသိပြန်…။ သည်ဘဝမှာတော့ သည်သို့ ခံနေရလေသည်။

ဘယ်ကိုမှ မသွားလိုခြင်းလည်း မဟုတ်။ ကိုယ့်ဖြစ်တည်မှုဆီ ကိုယ်သွားလိုခြင်းသာ ဖြစ်သည်။ သို့တိုင်အောင် ကိုယ့်ဆီ ကိုယ်ပြန်လျှောက်ဖို့ရာ မြေပုံမရှိ။

တစ်ယောက်ယောက်ဆီမှာတော့ ရှိကောင်းရှိလိမ့်မည်။ ကိုယ့်မှာကတော့ မရှိတာ သေချာသည်။

တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကုန်စင်အောင် မော့သောက်လိုက်၏။ တစ်စုံတစ်ရာကို သူ နားမလည်သော ဘာသာစကားဖြင့် ညည်းတွားသည်။

ပြီး သူ့ကို အမှိုက်ပုံးဆီ လှမ်းလွှင့်ပစ်သည်။ အရိုးဆွေးနေသော အမှိုက်များကြားသို့ သူ တလိမ့်ခေါက်ကွေးကျသွား၏။ သူသေဆုံးသွားပြီဟု သိလိုက်၏။

ဇာတ်ကနာခဲ့ပြီ သေသာသွားရော…။

သူ့ကိုယ်သူ ဘာမှန်း မသိလိုက်ချေ။

Comments

  1. ပစ်ထုတ်လိုက်တဲ့ ပုလင်းလေးက အရက်ပုလင်းလေးလား?နို့ပုလင်းလေးလား??အချိုရည်ပုလင်းလေးလား???လားပေါင်းများစွာ...

    ReplyDelete
  2. ကိုယ့်ကိုကိုယ် ဘာမှန်းမသိလိုက်ပဲ သေသွားရတာ ဇာတ်အနာဆုံးပဲ

    ReplyDelete
  3. မသိခြင်းနှင့်အဆုံးသတ်ခြင်း

    ReplyDelete

Post a Comment