မော့ဆက် (အပိုင်း ၁)
၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့
မော့ဆက်အဖွဲ့ကြီး မဖွဲ့စည်းမီ (၃)နှစ်ခန့်က ဖြစ်သည်။
မော့ဆက်၏ အနာဂတ်နှင့်ပတ်သက်သော အရေးကြီးသည့် အဖြစ်အပျက်တစ်ရပ်သည် တဲလာဗီနှင့် ဂျေရုဆလင် မြို့နှစ်မြို့အကြား လမ်းမပေါ်ရှိ ဘိတ်ဂျာအဒ်ရွာလေးတွင် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့် နေရာဖြစ်သော်လည်း ထိုနေရာတွင် နေရစ်ခဲ့သည့် ယောက်ျားမိန်းမ ကလေးသူငယ်များပါမကျန် ထူးဆန်းသော မြင်ကွင်းကို တအံ့တသြ မြင်ခဲ့ကြရသည်။
ကျောက်တုံးများပေါ်နေသော ကွင်းပြင်ထဲတွင် အနှစ်၄ဝဝ လောက် သက်တမ်းရှိသည့် သံလွင်ပင်ကြီးတစ်ခု ထီးထီးကြီး ရှိနေသည်။ ထိုအပင်၌ အကျဉ်းသားတစ်ဦးကို လက်ထိပ်ခတ်၍ တုတ်နှောင်ထားလေသည်။
သူသည်ဂျူးတစ်ယောက်ပင်ဖြစ်သည်။
သေနတ်ကိုင်လူ(၆)ဦးက သူနှင့်မျက်နှာချင်းဆိုင်ရပ်နေကြသည်။
တစ်ဦးက အင်္ဂလိပ်ရိုင်ဖယ်ကိုင်ထား၍ တစ်ဦးမှာ ချက်နိုင်ငံလုပ်ဆပ်မရှင်ဂန်း တစ်ခုကိုင်ထားသည်။ကျန်(၂)ဦးမှာ ပထမကမ္ဘာစစ်မတိုင်မီက ဂျာမဏီတွင်သုံးခဲ့သည့် သေနတ်ဟောင်းများကိုင်ထားကြသည်။ အဝတ်အစားမှာလည်း အဖာအထေး ဗလပွနှင့်ယူနီဖောင်းတချို့၊ စပို့စ်ရှပ်တချို့ဝတ်ထားကြသည်။
သူတို့သည် ရရှိရာရာ စုပေါင်းထားသော အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် ဇာဟဲ(လ်)၏အဖွဲ့ဝင်များ ဖြစ်ပါသည်။
လက်နက်ကိုင်စစ်သားများကိုမြင်ရသော ရွာသားများအဖို့ အဆန်းမဟုတ်တော့ပါ။ အစ္စရေးနိုင်ငံကို ၁၉၄၈ ခုနှစ်မေလ(၁၄)ရက်နေ့တွင်လွတ်လပ်ရေးကြေညာပြီး ရက်သတ္တပတ်အနည်းငယ်မှာပင် ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ အီဂျစ်နှင့်လက်ဘနွန်တို့သည်ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။ ပါလက်စတိုင်းဒေသခံအာရပ်များနှင့်ပြောက်ကျားတို့ကလည်းဂျူးအားလုံး ချေမှုန်းပစ်မည်ဟူသော ကြွေးကြော်သံဖြင့် ဤတိုက်ပွဲကိုပါဝင်တိုက်ခိုက်ကြသည်။
ဇွန်လဆန်း(၁၁)ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူသော်လည်း ခေတ္တအမောဖြေကြသည့်သဘောပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အာရပ်တို့သည် နောက်တစ်ကြိမ်တိုက်ခိုက်ရန်တပ်ပြန်စုကြသောကြောင့်ဖြစ်သည်။
ဒေးဗစ်ဘင်ဂူရီယန်၏ ခေါင်းဆောင်မှုအောက်ဝယ် အစ္စရေးနိုင်ငံသည် ပြန်လည်အင်အားစုစည်းမိလေသည်။ လက်နက်များ စားနပ်ရိက္ခာများနှင့် နာဇီအကျဉ်းစခန်းမှကြွင်းကျန်ရစ်သောသေရွာပြန်ဂျူးတို့သည် အစ္စရေးနိုင်ငံတွင်းသို့ တဖွဲဖွဲ ရောက်လာကြသည်။
ဂျူးမြေအောက်အဖွဲ့အစည်းများ၏ တပ်ဖွဲ့များကိုတပေါင်းတစည်းတည်း ပြန်လည်ဖွဲ့စည်း၍တပ်မတော်တစ်ခုဖြစ်လာသည်။
တဲလာဗီနှင့်ဂျေရုဆလင်မြို့နှစ်မြို့အကြား လမ်းမကြီးနှင့်ပတ်ဝန်ကျင်တောင်ကုန်းများဝယ်ပြင်းထန်သော တိုက်ပွဲများဖြစ်နေသည်။ ဂျေရုဆလင်မြို့ဟောင်းသည်လည်း ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ၏တပ်ဖွဲ့များလက်သို့ ကျရောက်သွားသည်။
ဂျေရုဆလင်မြို့တော်တစ်ဝက်ကို ဂျူးတို့က အသေခံကာကွယ်သဖြင့် ရန်သူလက်တွင်းသို့မကျသေး။အသေခံတပ်ဖွဲ့များအတွက် လက်နက်နှင့်စားနပ်ရိက္ခာပေးပို့ရန် အိုသော ဟောင်းသော သံချပ်ကာကားတန်းကြီးသည် တဲလာဗီနှင့်ဂျေရုဆလင်လမ်းမပေါ်၌ စွန့်စားသွားလာနေရလေသည်။
ပတ်ပတ်လည်တောင်ကုန်းများတွင်ခြေကုပ်ယူထားသော အာရပ်တပ်များသည်ရိက္ခာကားများကိုတွေ့တိုင်း အပေါ်စီးမှပြင်းပြင်းထန်ထန်တိုက်ခိုက်၏။ ထို့ကြောင့်ဂျူးစစ်သားများကလည်း တောင်ကုန်းများပေါ်သို့လိုက်၍ အာရပ်ပြောက်ကျားများနှင့်အနီးကပ်တိုက်ပွဲများ ဆင်နွှဲကြရလေရာ သေနတ်သံများကို မည်သည့်နေရာမှာမဆိုကြားနေရလေသည်။
သို့ရာတွင်ဘိတ်ဂျာအဒ်ရွာကလေး၌မူ ဂျူးလက်နက်ကိုင်စစ်သားတစ်စုသည် မိမိတို့၏အမျိုးသားတစ်ဦးကို သုတ်သင်ပစ်ရန် အဆင်သင့်ဖြစ်နေပေပြီ။ လွန်ခဲ့သော တစ်နာရီခန့်ကစစ်ဗိုလ်တစ်ဦး ရောက်လာပြီး အပစ်အခတ်ရပ်၍ သေနတ်ပစ်တပ်စုရွေးချယ်ရန်အမိန့်ပေးခဲ့လေသည်။ (၆)ယောက်ရှိသော်လည်း (၂)ဦးက ငြင်းဆန်နေသဖြင့် နောက်(၂)ဦး အစားထိုးရွေးလိုက်ရသည်။
သေနတ်မောင်းဖြုတ်ရန်စိတ်မပါ့တပါဖြစ်နေကြသော စစ်သား(၆)ယောက်သည် သေဒဏ်ကျထားသောဗိုလ်ကြီး တိုဘီယန်းစကီးကိုမျက်နှာမူ၍ ရပ်နေကြလေသည်။ ဇာဟဲ(လ်) တပ်သားများမှာကြက်သေသေ၍ ကြည့်နေကြသည်။
'ဂျူးလူမျိုး သစ္စာဖောက်တစ်ယောက်ကို ဘယ်လိုအပြစ်ပေးတယ်ဆိုတာ ကြည့်ကြစမ်းပါ'ဟူသောတီးတိုးပြောသံသည် တစ်နေရာမှတစ်နေရာသို့ ပျံ့နှံ့သွားလေသည်။ မည်သို့ပင်သစ္စာဖောက်ဟုဆိုစေတိုဘီယန်းစကီးသည် ဂျူးတစ်ယောက်ဖြစ်နေသဖြင့် သူတို့၏ရင်ထဲဝယ် မချမ်းမသာဖြစ်နေကြသည်။
သူသည် ဟာဂါနာ မြေအောက်တပ်မတော်တွင်တာဝန်ကျေစွာ နှစ်ရှည်လများ အမှုထမ်းခဲ့သည်။
သို့သော်ဤတာဝန်ကျေခဲ့သည့်အခန်းကဏ္ဍမှာ အချည်းနှီးဖြစ်ခဲ့ရလေပြီ။ သေနတ်ပစ်တပ်စုသည်သေနတ်ပြောင်းများကို သူ၏ရင်ဘတ်ဆီသို့ထိုးချိန်လိုက်သည်။ ဘေးတွင်ဝိုင်းဝန်းကြည့်နေကြသောဂျူးနှင့်အာရပ်ရွာသားများသည် တုတ်တုတ်မျှပင်မလှုပ်။
သေနတ်သံများ တဒိန်းးဒိန်း ကြားလိုက်ရပြီး ဗိုလ်ကြီး တိုဘီယန်းစကီး၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့လဲကျသွားသည်။ သူ၏ ရှပ်အင်္ကျီကိုထိုးဖောက်စိမ့်ထွက်လာသော သွေးများသည် ဘိတ်ဂျာအဒ်ရွာ၏မြေကြီးပေါ်သို့စိမ့်ကျလေသည်။ ထိုနေရာတွင် သူ၏အလောင်းသည် ခေတ္တမျှ ခပ်ကွေးကွေးလေးတည်ရှိနေပြီး မကြာမီစစ်သားတချို့ရောက်လာကာ သူ၏အလောင်းကို ရွာမှခပ်ဝေးဝေးတွင်ရှိသော တောင်ကုန်းများဘက်သို့သယ်ဆောင်သွားပြီး လျှို့ဝှက်စွာ မြှုပ်နှံလိုက်ကြသည်။
တိုဘီယန်းစကီး သေဆုံးပြီဖြစ်ကြောင်း သတင်း အီဆာဘီအာရီထံသို့ရောက်လာသောအခါ သူသည်မှတ်တမ်းထဲတွင် ရေးမှတ်လိုက်လေသည်။
တာဝန်ကိုဆောင်ရွက်ပြီးစီးပြီ...
အီဆာဘီအာရီသည် တိုဘီယန်းစကီးကို သတ်ရန်အမိန့်ပေးသူဖြစ်သည်။
အီဆာဘီအာရီကို ၁၉ဝ၁ ခုနှစ်တွင် ပိုလန်နိုင်ငံ၌ မွေားဖွားသည်။ သူသည်ပါလက်စတိုင်းဒေသသို့ရောက်လာသောအခါ အသက်(၂၁)နှစ်သာ ရှိသေးသော နယ်မြေသစ်ရှာသူလူငယ်တစ်ဦးဖြစ်သည်။ ဟိုင်ဖာတွင် အလုပ်ကြမ်းများ လုပ်ကိုင်နေပြီး မကြာမီကန်ထရိုက်လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရာ တစ်နှစ်အတွင်း ရှုံးခဲ့သည်။ သူသည်စိတ်ဓာတ်ကျပြီးပိုလန်သို့ပြန်သွားလေသည်။ သို့သော်မကြာမီမှာပင် ပါလက်စတိုင်းသို့ပြန်ရောက်လာသည်။
၁၉၃၈ ခုနှစ်တွင် အီဆာဘီအာရီသည် မြေအောက်တပ်မတော်သားတစ်ဦး ဖြစ်လာခဲ့သည်။အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ထည်အချိုးခပ်ကျကျ လူငယ်တစ်ဦးဖြစ်သူ အီဆာဘီအာရီသည်တာဝန်ကိုကျေပွန်စွာ ပိပိရိရိထမ်းဆောင်ပြီး ဉာဏ်ရည်လည်းသာသူဖြစ်သည်။ လွတ်လပ်ရေးရသော ၁၉၄၈ ခုနှစ်တွင်သူသည် ဒုတိယဗိုလ်မှူးကြီး အဆင့်ရခဲ့ပြီး ဟာဂါနာတပ်မတော်၏ ထောက်လှမ်းရေးအဖွဲ့အဖြစ်သော ရှိုင်းကိုဦးဆောင်ရလေသည်။
ရှိုင်းထောက်လှမ်းရေးကို တာဝန်ယူနေစဉ် လုံခြုံရေးကိစ္စရပ်များကိုကိုင်တွယ်ရသောအီဆာဘီအာရီသည် အလွန်ပြောင်မြောက်၍ ဉာဏ်ရည်သာသူအရာရှိတစ်ဦး ဖြစ်ခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးစစ်ပွဲကြီးသည် အီဆာဘီအာရီနှင့်သူ၏အဖွဲ့အား ပြဿနာအမြောက်အမြား ပေးခဲ့လေသည်။ ရန်သူတပ်ဖွဲ့များ၏ လှုပ်ရှားမှုများနှင့်သေနင်္ဂဗျူဟာနည်းပရိယာယ်များကို ထောက်လှမ်းပေးသည့် သူလျှိုလုပ်ငန်းကို တိုးချဲ့ရလေသည်။
အီဆာဘီအာရီ၏အိပ်ချိန်သည် အလွန်တိုတောင်းလာပြီး တွန်းအားတွေ၊ ဖိအားတွေ၊ တာဝန်တွေပိလာလေတော့သည်။
အခြေအနေ ပို၍ ရှုပ်ထွေးသွားသည့်အချက်မှာ ဂျေရှုဆလင်တွင် နိုင်ငံတော်လုံခြုံရေးကိုဖောက်ဖျက်သည့်ကိစ္စတစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းပင်ဖြစ်လေသည်။ မြို့၏ပတ်ပတ်လည် တောင်ကုန်းများပေါ်၌ စခန်းချထားသော ဂျော်ဒန်အမြောက်တပ်များသည်အရေးကြီးသော ဂျူးစခန်းများပေါ်သို့ကြောက်မက်ဖွယ်ရာ သဲသဲမဲမဲပစ်ခတ်ကြလေသည်။ မြို့တော်ကိုကာကွယ်ခုခံသောတပ်ဖွဲ့များသည် ညအမှောင်ထုထဲတွင်နေရာပြောင်း၍စခန်းချနေကြသော်လည်း နောက်တစ်နေ့အရုဏ်လာသည်နှင့်ဂျော်ဒန်အမြောက်ဆံတို့သည် သူတို့၏ဦးခေါင်းပေါ်သို့တည့်တည့်ကျရောက်လာကြသည်ပင်။
ဤကိစ္စအတွက် မည်သည့်သံသယ ဖြစ်ရဦးမည်နည်း။ဂျူးရှေ့တန်းတွင် ရန်သူထံသို့သတင်းပေးပို့နေသော သူလျှိုတစ်ဦးဦး ရှိနေပေပြီ။
ဝန်ကြီးချုပ်ဘင်ဂူရီယန်သည် သူ၏ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲဖြစ်သူ အီဆာဘီအာရီအားဆင့်ခေါ်ပြီး အချက်အလက်ကို ခပ်တိုတိုပြောလိုက်သည်။ ထို့နောက် တုံးတိတိပင်ပြောလိုက်လေသည်။
"ကိုယ့်လူ တစ်ချိန်လုံး ဘာလုပ်နေသလဲ၊ ဒီသူလျှိုကို ချက်ချင်း တွေ့အောင်ရှာပါတော့လား"
အပစ်အခတ်ရပ်စဲရေး ကြေညာပြီးလေပြီ။
သို့သော် ဤနိုင်ငံတော်လုံခြုံရေးသတင်း ပေါက်ကြားမှုကြီးကို နိဂုံးချုပ်ပစ်ရမည်ဖြစ်သည်။အပစ်အခတ်ပြန်စလျှင် အခြေအနေ ပိုရှုပ်လာမည်ဖြစ်သည်။
နောက်ဆုံး၌ သစ္စာဖောက်ဗိုလ်ကြီး တိုဘီယန်းစကီးကို သံသယဖြစ်လာလေသည်။ သူသည် ဟာဂါနာအဖွဲ့ထဲမဝင်ခင်က ဗြိတိသျှစစ်ဗိုလ်များနှင့်လည်း သောက်ဖော်စားဖက်ဖြစ်ပြီး ရင်းနှီးသည်။။ ဗြိတိသျှစစ်ဗိုလ်များထံမှတဆင့် ဂျော်ဒန်ဘက်သို့ သူလွယ်လွယ်ကူကူသတင်းပေးပို့နိုင်ပေသည်။
ဇွန်လ(၃ဝ)ရက်နေ
အီဆာဘီအာရီသည် တိုဘီယန်းစကီးနှင့်ပတ်သက်သော အစီရင်ခံစာတိုလေးတစ်စောင်ရရှိလေသည်။တိုဘီယန်းစကီးကိုဖမ်းရန် အီဆာဘီအာရီက အမိန့်ပေးလိုက်သည်။
နောက်တစ်နေ့မနက်တွင် ထောက်လှမ်းရေးအဖွဲ့ဝင်အချို့သည် တိုဘီယန်းစကီးအိမ်သို့သွားရောက်၍၎င်းကိုခေါ်လာခဲ့သည်။ သူသည် ဇနီးဖြစ်သူလီနာအား သိပ်ကြာမည်မဟုတ်ကြောင်း မှာခဲ့သည်။
တိုဘီယန်းစကီးသည် သူ့အား သူလျှိုလုပ်ငန်းလုပ်သည်ဟူသော စွဲဆိုချက်မျာဖြင့်ဖမ်းကြောင်း စိုးစဉ်းမျှမတွေးခဲ့မိချေ။
ချက်ချင်း ကောက်၍ဖွဲ့လိုက်သော စစ်ခုံရုံးတွင်စစ်ဘက်အရာရှိအချို့သည် သူ့အားနာရီပေါင်းများစွာ မေးမြန်းစစ်ဆေးခဲ့လေသည်။ သူကလည်း ဗြိတိသျှစစ်ဗိုလ်များနှင့်သူ ခင်ခင်မင်မင်ရောရောနှောနှော နေခဲ့ကြောင်း ဝန်ခံသည်။ သို့သော်သူတို့ကိုသတင်းပေးပို့သောအချက်ကို ခါးခါးသီးသီး ငြင်းဆိုခဲ့သည်။
စစ်ခုံရုံးက သူ၏ ချေပချက်ကိုလက်မခံဘဲ ပယ်ချခဲ့သည်။ မကြာမြင့်မီမှာပင် တိုဘီယန်းစကီး၏အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးသည် ဘိတ်ဂျာအဒ်ရွာကလေး၏ အပြင်ဘက်ကွင်းပြင်ထဲတွင်လဲလျောင်းနေလေတော့သည်။
ဇနီးဖြစ်သူလီနာသည် သူမ၏ခင်ပွန်း ပျောက်နေကြောင်း ရဲသို့ချက်ချင်း အကြောင်းကြားခဲ့သည်။ရဲများကလည်း သူဘယ်ရောက်နေသည်ကိုမသိကြပါ။ စစ်တပ်ထဲမှသူ၏ မိတ်ဆွေအပေါင်းအသင်းများကိုမေးမြန်းကြည့်သော်လည်း အကြောင်းမထူး။
နောက်ဆုံး တိုဘီယန်းစကီး သေဆုံးခြင်းကို သတင်းစာများတွင် တရားဝင်ဖော်ပြကြသည်။ သူသည်ရန်သူအား သတင်ပေးမှုကြောင့်သေဒဏ်ပေးလိုက်ပြီဟုကြေညာထားလေသည်။
ဇနီးဖြစ်သူလီနာသည် ခင်ပွန်း၌ အပြစ်မရှိကြောင်း ယုံကြည်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံချဉ်းကပ်၍ သူ၏ နာမည်ပျက်ကိုပယ်ဖျက်အဖတ်ဆည်ပေးရန် တောင်းပန်ခဲ့ရှာသည်။ လူတိုင်း သူမကိုသနားသော်လည်း ဘာမှမတတ်နိုင်ကြချေ။ နောက်ဆုံး သူမသည် ဝန်ကြီးချုပ်ဘင်ဂူရီယန်ထံသို့စာရေး၍ အသနားခံလိုက်သည်။
ဝန်ကြီးချုပ်ဘင်ဂူရီယန်သည် အလုပ်တွေနေ့ည ပုံနေသော်လည်း မုဆိုးမလေး လီနာ တင်ပြသောကြောက်ဖက်ဖွယ် တရားမမျှတမှုကြီးကို လစ်လျူမရှုနိုင်ခဲ့ပါ။ ထိုစဉ်က ဘင်ဂူရီယန်၏ စိတ်အာရုံထဲ၌တစ်ခုခုတော့တစ်နေရာရာတွင်မှားယွင်းပြီဟုချက်ချင်း သိရှိကြောင်း ဆိုကြသည်။
ဝန်ကြီးချုပ်ဘင်ဂူရီယန်သည် လီနာထံကိုယ်တိုင်စာပြန်ပြီး သူမ၏ ခင်ပွန်း၌ အပြစ်ရှိ/မရှိ မိမိမပြောနိုင်ကြောင်း၊ သို့သော်လည်း ဖြစ်ရပ်တစ်ခုလုံးသည် မှန်မှန်ကန်ကန်ဖြစ်သွားသည်ဟုမပြောနိုင်ကြောင်း၊ ထိုအတောအတွင်း သားအမိ(၂)ယောက်စလုံးကို နိုင်ငံတော်ကကြည့်ရှုထောက်ပံ့ထားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
စုံစမ်းစစ်ဆေးမှုပြီးသွားသောအခါ တိုဘီယန်းစကီးကိုစစ်ခုံရုံးတင်သူ အီဆာဘီအာရီကိုဖမ်းဆီးခဲ့လေသည်။
၁၉၄၈ ခုနှစ် သြဂုတ်လတွင် ထိုအမှုကိုကြားနာရာ၌ အီဆာဘီအာရီက မိမိကိုမမှန်ကန်သော လုပ်ရပ်များလုပ်ခဲ့သည်ဟု မစွပ်စွဲနိုင်ကြောင်း၊ တရားသူကြီး(၃)ဦး ခန့်ထားပြီး တိုဘီယန်းစကီးကိုသတ်ရန်မိမိ၏ လျှောက်လဲချက်ကို ၎င်းတို့က သဘောတူကြောင်း၊ ထိုသူသည် အရက်ကိုအလွန်အကျူး သောက်တတ်သူဖြစ်ပြီး သူရသော လစာထက်ပိုမို၍ ဖောဖောသီသီသုံးနိုင်ကြောင်း၊သူကျူးလွန်သော ပြစ်မှုသည်အလွန်ကြီးမားလှသဖြင့် သေဒဏ်စီရင်ပြီး ချက်ချင်းပင်ပစ်သတ်ခဲ့ရကြောင်း စစ်မက်ကာလ အခြေအနေမျိုးကို လူတိုင်းသဘောပေါက်မည်ဖြစ်ကြောင်း၊မိမိဆောင်ရွက်ရမည့်တာဝန်ဝတ္တရားကို ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ချေပခဲ့သည်။
တရားခွင်၌ တိုဘီယန်းစကီး မသေမီ သူ၏ သားငယ်ထံသို့ မှာစရာလေးတစ်ခုမှာလိုကြောင်း တောင်းပန်ပုံ၊ ၎င်းတောင်းပန်ခြင်းကိုပယ်ချခဲ့ပုံများ သက်သေများကပြန်လည်ပြောပြသည်။
"ကျုပ် (Haganah)ဟာဂါနာတပ်ဖွဲ့ထဲမှာ အမှုထမ်းခဲ့တာ (၂၁)နှစ်ရှိပါပြီဗျာ။ကျုပ်သားလေးဆီကို မှာစရာလေးတစ်ခုတော့မှာခဲ့ရပါစေ"
အီဆာဘီအာရီကိုစစ်ဆေးကြားနာနေသော တရားသူကြီးများက ထိုစစ်မြေပြင်စစ်ခုံရုံးသည်တရားမဝင် ဟု ဆုံးဖြတ်ခဲ့ကြသည်။ တိုဘီယန်းစကီးအဖို့ ခုခံကာကွယ်ရန်အကျိုးဆောင်မရှိခဲ့ဟုဆိုလေသည်။ သေမိန့်ကိုအထက်အာဏာပိုင်တစ်ဦးဦးက အတည်ပြုပေးခြင်းမရှိ။ တရားခံအတွက်အသနားခံပိုင်ခွင့်လည်း မရှိခဲ့ချေ။
ဖြစ်ပျက်ခဲ့သော ထိုအဖြစ်အပျက်သည် အလွန်ပင်ခက်ခဲရှုပ်ထွေးနေသောအချိန်ကာလတွင်ဖြစ်ပျက်ခဲ့ပါသည်။ အီဆာဘီအာရီရော တိုဘီယန်းစကီးပါ သူလျှိုရောဂါ (တစ်ဦးကိုတစ်ဦး
စိုးရိမ်ကြောက်လန့်နေသည့်ရောဂါ)၏ သားကောင်များဖြစ်သည်ဟု ခုံရုံးက ကောက်ချက်ချသည်။
ထိုစဉ်က ဘာမူဝါဒမျှ မရှိခဲ့။
ကိုးကားရန်ဘယ်ဥပဒေ စာအုပ်မှမရှိခဲ့။ ဘယ်ဖြတ်ထုံးမှမရှိခဲ့။ သူလျှိုဟုအထင်ခံရသူတစ်ဦးကိုမည်သို့အရေးယူရမည်ဟု မည်သည့်ညွှန်ကြားချက်မှမရှိခဲ့ပါ။
အီဆာဘီအာရီသည်လည်း လူဆိုးလူယုတ်တစ်ဦး မဟုတ်ပါ။ သူသည်သူ၏ တာဝန်ဝတ္တရားကိုဦးလည်မသုန်ထမ်းရွက်ခဲ့သူဖြစ်ပါသည်။ နိုင်ငံအပေါ်ထားရှိခဲ့သော သူ၏မျိုးချစ်စိတ်ကိုလည်း သံသယမရှိပါ။ သူ၌ ဖောက်လွဲဖောက်ပြန်မမှန်ကန်သော စိတ်ဓာတ်မရှိပါ။ တိုဘီယန်းစကီးသည်သူလျှိုတစ်ဦး ဖြစ်သည်ဟုသူယုံကြည်ခဲ့သဖြင့်သူ့ကိုသတ်မိန့်ချခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ တရားအတိုင်း ဖြစ်ရမည်ဟု ခုံရုံးက နိဂုံးချုပ်ကာ အီဆာဘီအာရီ၌ အပြစ်ရှိသည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။ သူ့အတွက်အပြစ်ဒဏ်မှာ “နေထွက်မှနေဝင်အကျဉ်းကျခံရမည်”ဟုဖြစ်သည်။
အီဆာဘီအာရီသည် ထောင်ထဲတွင်အိပ်ရသော ရှက်စရာအဖြစ်ဆိုးနှင့်လွဲသွားလေသည်။ သို့သော်သူလိုလူမျိုးအတွက် ဤပြစ်ဒဏ်သည် သေဒဏ်လောက်ပင်ပြင်းထန်ပေလိမ့်မည်။
သမ္မတကြီး ဝိုက်ဇမန်းက သူ့အား အပြစ်မှခွင့်လွှတ်ခဲ့သဖြင့် ထောင်ထဲမနေရတော့သော်လည်းလူဘုံအလယ်တွင် မျက်နှာပန်းမလှဖြစ်ခဲ့ရသည်။ အငြိမ်းစားယူထားပြီဖြစ်သော အီဆာဘီအာရီသည် ၁၉၅၁ ခုနှစ်တွင် စိတ်နှလုံးမချမ်းမြေ့စွာဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရှာသည်။
ဗိုလ်ကြီး တိုဘီယန်းစကီးကို သတ်ဖြတ်လိုက်ခြင်းသည် မော့ဆက်သမိုင်းကြောင်းတွင် အရေးကြီးလှ၏။
အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စသည် အီဆာဘီအာရီ၏ ကျဆုံးခန်းကိုဖြစ်စေခဲ့လေသည်။
ထို့ပြင် မော့ဆက်ကိုသာမက အစ္စရေးထောက်လှမ်းရေးလုပ်ငန်းများကိုဦးဆောင်မည့် ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်ပေးလိုက်လေသည်။
သာမန်မဟုတ်သော ဤလူပုဂ္ဂိုလ်သည်ကား အီဆာဟာရယ်ဖြစ်ပြီး အီဆာသည် မော့ဆက်ကိုယနေ့ရောက်ရှိနေသော အဆင့်အတန်းသို့ပို့ဆောင်ပေးခဲ့သူဖြစ်သည်။
အီဆာဟာရယ်အကြောင်းကိုတော့ မနက်ဖြန် အပိုင်း ၂ မှာ ဖော်ပြပေးသွားပါမယ်။
![]() |
| 1948 ခုနှစ် မေလ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဘင်ဂူရီယန်မှ အစ္စရေးနိုင်ငံလွတ်လပ်ရေးကြေငြာပုံ |
![]() |
| UN မှ သတ်မှတ်ပေးသည့် Israel နိုင်ငံ မြေပုံ |



Done 🍀
ReplyDeleteClicked🌸
ReplyDeleteWheel...........dope.🏹🏹🏹
ReplyDeleteDone 💪
ReplyDeleteDone 💪💪💪
ReplyDeleteစစ်ပွဲဝတ္ထုတွေမှာဆိုရင် မော့ဆက်အဖွဲ့အကြောင်း ခဏခဏတွေ့ရတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မော့ဆက်အဖွဲ့အကြောင်းကို အခန်းဆက်ဖော်ပြပေးမယ်ဆိုတော့ တဝကြီးဖတ်ရတော့မယ်။ မျှဝေပေးလို့ ကျေးဇူးပါ။😊
ReplyDeleteDone 🍀
ReplyDeletegood
ReplyDeleteThanks
ReplyDeleteဗဟုသုတလည်းရတယ်။ ကျေးဇူးပါ။
ReplyDelete🍀
ReplyDeletedone
ReplyDelete