မော့ဆက် (အပိုင်း ၂)


 သာမန်မဟုတ်သော ဤလူပုဂ္ဂိုလ်သည်ကား အီဆာဟာရယ်ဖြစ်ပြီး အီဆာသည် မော့ဆက်ကိုယနေ့ရောက်ရှိနေသော အဆင့်အတန်းသို့ပို့ဆောင်ပေးခဲ့သူဖြစ်သည်။

အီဆာဟာရယ်သည် ၁၉၃ဝတွင် လက်ဗီးယားနိုင်ငံမှ ပါလက်စတိုင်းသို့ ပြောင်းရွှေ့ဝင်ရောက်လာသူဖြစ်သည်။ သူသည် သူ၏မိသားစုနှင့်အတူတူ ဗီဘဗက်ဟုခေါ်သော ရုရှားမြို့မှလက်ဗီးယားသို့ပြောင်းလာခဲ့လေသည်။ သူ၏ မိသားစုသည် သူ့ထက်စော၍ ပါလက်စတိုင်းဒေသသို့ဝင်ရောက်နေထိုင်ကြလေသည်။

အီိဆာ အသက်(၁၇)နှစ်အရွယ်တွင် ပါလက်စတိုင်းသို့ရောက်လာပြီး မိသားစုနှင့်ပြန်လည်ဆုံဆည်းကြသည်။ သူသည် ထိုစဉ်ကပင် သူလျှိုလုပ်ငန်းအတွက် ဗီဇဝါသနာကိုပြသခဲ့လေသည်။သူသည် အလွန်တင်းကျပ်လှသော ဗြိတိသျှအကောက်ခွန်အမှုထမ်းများ စစ်ဆေးရှာဖွေနေသည့်ကြားထဲမှ ခြောက်လုံးပြူးတစ်လက်ကို ခိုးသွင်းလာခဲ့သည်။

အကောက်ခွန်အမှုထမ်းများက သူ့လိုမထင်မရှား သာမန်ဥပဓိရုပ်နှင့်လူငယ်တစ်ဦးကို ဘာမျှ သံသယဖြစ်စရာမရှိပါ။ သူ၏ ရုပ်သွင်ကိုကြည့်ပါဦး။ အရပ်က ၄ ပေ၊ ၈ လက်မတောင်မပြည့်ချင်၊နားရွက်နှစ်ဖက်ကလည်း အရွယ်နှင့်မလိုက်အောင်ကြီးမားနေသော လူငယ်တစ်ယောက်။လက်နက်ခိုးသွင်းသူတစ်ဦး ဖြစ်နိုင်ပါ့မလား။

ပါလက်စတိုင်းသို့ရောက်ပြီး မကြာမီမှာပင် အီဆာသည် တဲလာဗီမြို့အထက် ဘက်ဟဒ်ဇလှီယာမြို့အနီးရှိ ဘုံလယ်မြေတစ်ခုတွင် အလုပ်သွားလုပ်သည်။ ထိုဘုံလယ်မြေတွင်သူသည်အလုပ်အလွန်ကြိုးစား လုပ်ကိုင်သဖြင့် 'စတာခါ နာနိုဗစ်(ခ်ျ)'ဟူသော စံပြလုပ်သားကောင်းဘွဲ့ကိုရရှိခဲ့လေသည်။

အီဆာသည် ဟီးဘရူးဘာသာစကားကို လျင်မြန်စွာ သင်ကြားတတ်မြောက်သော်လည်း သူ၏ရုရှားသံဝဲဝဲကို ဖျောက်၍ မရချေ။ ဘုံလယ်မြေရှိလုပ်သားရဲဘော်အပေါင်းက သူ့ကို မျက်နှာထားတည်ကြည်၍ တခါတရံ မှုန်တေတေနိုင်သော လူတစ်ယောက်ဟုသိကြလေသည်။

ဘုံလယ်မြေတွင် သူလက်ထပ်ခဲ့သော ပိုလန်သူ ရိဗကာကမူ အီဆာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။

သူမသည်အမြဲပျော်ရွှင်နေ၍ စိတ်ညစ်စရာ မတွေးတတ်သူပင်ဖြစ်သည်။ သီချင်ဆိုလိုက်၊ ကလိုက်၊မြင်းစီးလိုက်နှင့်ပျော်ပျော်နေတတ်၏။

အီဆာတို့ဇနီးမောင်နှံသည် ဘုံလယ်မြေထဲတွင် ၁၃ နှစ်ခန့်နေထိုင်ခဲ့သည်။ နေသည်ဆိုရာ၌လည်းသဲပြင်ပေါ်တွင်တဲထိုး၍ နေထိုင်ခြင်းသာဖြစ်၏။

အီဆာဟာရယ်


၁၉၄၃ ခုနှစ်တွင် သူတို့ထိုနေရာမှ တဲလာဗီသို့ပြောင်းရွှေ့ခဲ့ကြသည်။ ဘုံလယ်မြေရှိ အချို့သောရဲဘော်တို့က သူ့ကိုစော်ကားသည်ဟု အီဆာထင်ခဲ့သောကိစ္စတစ်ရပ်အတွက် မတောင်းပန်ကြသဖြင့်အီဆာသည် ဘာပစ္စည်းမှမယူဘဲ အဝတ်တစထည်ကိုယ်တစ်ခုဖြင့် ထွက်ခဲ့ခြင်းဖြစ်သည်။

တဲလာဗီတွင်အိမ်ဆောက်ပြီး နှစ်ယောက်စလုံး အလုပ်လုပ်ကြလေသည်။ အီဆာသည်ဟာဂါနာဟူသော မြေအောက်တော်လှန်ရေး တပ်မတော်တွင်ဝင်ရောက်၍ အမှုထမ်းခဲ့သည်။

ဟာဂါနာသည် ထိုစဉ်က အကြမ်းဖက်သူအာရပ်များကို ရင်ဆိုင်တိုက်ခိုက်နေသေးသည်။ လအနည်းငယ်အတွင်းမှာပင် သူသည်ထောက်လှမ်းရေးအဖွဲ့ငယ်တစ်ခုထဲသို့ ရောက်သွားလေသည်။

အီဆာဟာရယ်သည် သူ၏အလုပ်တွင် ကျွမ်းကျင်သေသပ်သဖြင့် အထက်လူကြီးများကရာထူးတိုးမြှင့်ပေးရန် လျာထားခြင်းခံရသည်။ မကြာမီသူ၏ ထောက်လှမ်းရေးအဖွဲ့ငယ်တွင်ခေါင်းဆောင်ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါသူသည် တဲလာဗီနယ်မြေရှိ ရှိုင်း တော်လှန်ရေးအဖွဲ့၏ အကြီးအကဲဖြစ်လာသည်။ သူသည်ဤရာထူးဖြင့် နှစ်ပေါင်းအတော်ကြာ တာဝန်ထမ်းဆောင်ခဲ့လေသည်။

ထိုအချိန်၌ အီဆာဟာရယ်သည် အီဆာလေးဟုနာမည်ကြီးလာလေသည်။ သူသည် ပုလွန်းသောအရပ်အမောင်းကြောင့် အီဆာလေးဟူသော နာမည်ကိုရခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အီဆာဘီအာရီနှင့်ကွဲကွဲပြားပြားဖြစ်လာလေအောင် သူ့ကို အီဆာလေးဟုခေါ်ကြခြင်းဖြစ်သည်။

အီဆာ နှစ်ယောက်လုံးသည် ထောက်လှမ်းရေးလုပ်ငန်းများတွင်အကျုံးဝင်နေသဖြင့် သူတို့နှစ်ဦးကိုမရောထွေးသွားစေရန် စစ်ဘက်နှင့်ထောက်လှမ်းရေး အရာရှိကြီးများကသူတို့ချင်း ပြောဆိုဆွေးနွေးရာတွင် အီဆာကြီးနှင့် အီဆာလေးဟု ခွဲပြောကြရာမှ ဤနာမည်ပေါ်ပေါက်လာရလေသည်။

အီဆာလေးသည် ဒုတိယကမ္ဘာစစ်နှင့် အစ္စရေးလွတ်လပ်ရေးစစ်ပွဲများတွင် ရဲဝံ့စွာအမှုထမ်းခဲ့လေသည်။ သူသည် သူအလွန်ယုံကြည်ကိုးစားသော ဝန်ကြီးချုပ်ဘင်ဂူရီယန်အားမမှိတ်မသုန်သစ္စာခံခဲ့လေသည်။

၁၉၄၈ ခုနှစ်ဒီဇင်ဘာလတွင် အီဆာဘီအာရီ အပြစ်နှင့်ထွက်ရသောအခါရှိုင်း ထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင်ရာထူးတွင် မိမိအား ခန့်အပ်တော့မည်ဟု သူမျှော်လင့်ပြီးသားဖြစ်သည်။

သို့သော်လည်း သူမျှော်လင့်ခဲ့သောရာထူးကို ပိုလန်သား ဂျူးတစ်ဦးဖြစ်သူ ချပ်ဟာဇော့အားခန့်အပ်လိုက်သဖြင့် အီဆာလေးသည် ဒုတိယအကြီးဆုံးဖြစ်သော ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့်ရှင်းဘတ်အဖွဲ့အကြီးအကဲရာထူးဖြင့်သာ ရောင့်ရဲလိုက်ရသည်။ ရှင်းဘတ်သည် ပြည်တွင်းလုံခြုံရေးကိုတာဝန်ယူရလေသည်။

အီဆာသည် မိမိခန့်အပ်ထားသည့်ရာထူး၌ ပို၍ ကြိုးစားလုပ်ကိုင်သည်။ သူသည်မာနလည်း ရှိသည်။မိမိ၏ အစွမ်းကိုမိမိယုံကြည်ဂုဏ်ယူ၏။ ရည်မှန်းချက်လည်း ကြီးမား၏။ ရည်မှန်းချက်ကြီးသူဖြစ်သဖြင့် ရောင့်ရဲမှုကို သိပ်မပြနိုင်သူဖြစ်သည်။

ဝန်ကြီးချုပ်ဘင်ဂူရီယန်သည် ထောက်လှမ်းရေးအဖွဲ့များနှင့်လုပ်ငန်းများကို တပေါင်းတစည်းတည်းပြန်လည်ဖွဲ့စည်းပြီးသည်နှင့်တပြိုင်နက် အီဆာလေးသည် ထိုအဖွဲ့ကြီးကိုတာဝန်ယူအုပ်ချုပ်ရသောနေရာရရန် တကိုယ်တော်ကြိုးစားတော့၏။

သူ၏ ကြိုးပမ်းချက်များသည်မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့သည်။ တစ်နှစ်တာကာလမပြည့်သေးမီ သူသည် မော့ဆက်အဖွဲ့အကြီးအကဲဖြစ်သူအား နှုတ်ထွက်စေရန်သွေးဆောင်နိုင်ခဲ့သည်။ (၅)လအကြာတွင် သူသည် မော့ဆက်၏ အကြီးအကဲဖြစ်လာလေသည်။ မကြာမြင့်မီပင် သူသည်လှုပ်ရှားရှင်သန်နေသေးသော အလီယားဘတ်အဖွဲ့ကြီးကိုဦးဆောင်ရလေသည်။

အလီယားဘတ်သည်ဂျူးများ ခိုးသွင်းသော အဖွဲ့ကြီးဖြစ်သည်။

ထို့နောက် အီဆာလေးသည် လုံခြုံရေးလုပ်ငန်းများကော်မတီ၏ ဥက္ကဋ္ဌဖြစ်လာပြီးလုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းများကို တာဝန်ယူကြီးကြပ်ရလေသည်။

အီဆာသည် အစ္စရေးထောက်လှမ်းရေးလုပ်ငန်းများ၏ အကြီးအကဲဖြစ်လာလေပြီ။ သူသည် ၁ဝ နှစ်တာကာလပတ်လုံး ထောက်လှမ်းရေးကိစ္စရပ်များကို တစ်ယောက်တည်းလိုလို တာဝန်ယူကိုယ်တွယ်ခဲ့သည်။

အီဆာသည် ဝန်ကြီးချုပ်ဘင်ဂူရီယန်ကိုသာ ဆက်သွယ်ဖြေကြားရသဖြင့် အစ္စရေးနိုင်ငံတွင် ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာလေသည်။တဲလာဗီမြို့ဆိုင်ရာ ရှိုင်းထောက်လှမ်းရေးတပ်ဖွဲ့ကိုဦးဆောင်ခဲ့စဉ်က ရခဲ့သည့်လျှို့ဝှက်တတ်သောအကျင့်ကို အီဆာသည် အလွန်စွဲလမ်းနှစ်သက်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် သူသည်ပြည်တွင်းလုံခြုံရေးနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် နာဇီစစ်ရာဇဝတ်ကောင်များနှင့်ပတ်သက်သော စာရွက်စာတမ်းများကိုရှာဖွေစုဆောင်းခဲ့လေသည်။ တစ်နေ့တွင်အသုံးဝင်လိမ့်မည်ဟုလည်း အီဆာက ထင်မှတ်ခဲ့လေသည်။ထိုစာရွက်စာတမ်းများကို ဗြိတိသျှတို့မြင်သွားမည်စိုးရိမ်သဖြင့် အီဆာသည် ပန်းရံဆရာတစ်ဦးကိုခေါ်ကာ တဲလာဗီအခန်းထဲတွင်နံရံအတုလုပ်၍ ဝှက်ထားခဲ့ပြီး လျှို့ဝှက်တံခါး တပ်ထားခဲ့သည်။လျှို့ဝှက်စာတမ်းများထားသော ဤနေရာကို ဗြိတိသျှတို့ အကြိမ်ကြိမ်ရှာသော်လည်း မတွေ့ပါ။

ဤသို့သော အခြေအနေကိုပင် အီဆာ မကျေနပ်သေးချေ။

တစ်နေ့တွင်ကားဖြင့်မောင်းထွက်သွားပြီး တစ်နေရာတွင်တိုက်ဆောက်နေသော ဆောက်လုပ်ရေးလုပ်သားများကိုတွေ့ရသည်။ သူသည်ယုံကြည်စိတ်ချရမည်ဟုထင်သော အလုပ်သမားတစ်ယောက်ကိုခေါ်ခဲ့ပြီး ဆောက်နေသော အဆောက်အဦး၏ အလယ်ဗဟို၌သူ၏ လျှို့ဝှက်စာရွက်စာတမ်းထားရန် အခန်းတစ်ခုဖွဲ့ခိုင်းထားခဲ့သည်။ထိုလျှို့ဝှက်အခန်းကို အီဆာနှင့်အလုပ်သမား (၂)ဦးသာ သိရှိလေသည်။ ထိုအဆောက်အဦးထဲရှိအခန်းထဲမှာပင် သူသည် သူ၏စာရွက်စာတမ်းများကို ဗြိတိသျှများ ပါလက်စတိုင်းဒေသမှထွက်ခွာသွားသည့်အချိန်အထိ သိမ်းဆည်းထားနိုင်ခဲ့သည်။

ဗြိတိသျှတို့ထွက်သွားပြီးနောက် သူသည်ဂျက်ဖာတွင် ဌာနချုပ်ပြုလုပ်၍ လုပ်ငန်းကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ပြီဖြစ်ပါသည်။

အီဆာ၏ လျှို့ဝှက်မှုသည် ဒဏ္ဍာရီသဖွယ်ဖြစ်လေသည်။ တစ်ချိန်က တဲလာဗီမြို့တွင် အီဆာသည်တက္ကစီတစ်စီးကိုခေါ်လိုက်သည်။ တက္ကစီဒရိုင်ဘာက ဘယ်ကိုပို့ပေးရမလဲဟုမေးသောအခါ အီဆာကမိမိသွားမည့်နေရာကိုဖော်ပြန်ရန်မဖြစ်ကြောင်း ပြန်ဖြေဆိုလေသည်။

အိမ်နီးချင်းတို့က အီဆာ ဘာအလုပ်လုပ်နေသည်ကို နှစ်အတော်ကြာ မသိရှိကြပေ။

ယေဘုယျအားဖြင့်သူသည် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွင်လုပ်ကိုင်ကြောင်း သိရှိကြသော်လည်း သူ၏တပ်ဖွဲ့နှင့် သူ၏စစ်ဘက်ရာထူးကိုမသိကြပါ။ သူသည် တပ်မတော်အရာရှိအဖြစ် ဒုတိယဗိုလ်မှူးကြီးအဆင့်တွင်ရှိ၏။

တစ်ခါက စစ်ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသော အီဆာကိုမြင်တွေ့သွားသည့် စျေးဆိုင်ပိုင်ရှင်တစ်ဦးက တအံ့တသြ သူ့ကိုပြောဆိုလိုက်ပုံမှာ…

“ခင်ဗျားလို အေးအေးဆေးဆေး သေးသေးကွေးကွေးနဲ့လူတစ်ယောက်က တကယ့်အရာရှိကြီးတစ်ယောက်ဖြစ်နေတာ အံ့သြစရာပဲဗျို့”

မည်သို့ပင်ဆိုစေ အီဆာ၏ အိမ်နီးချင်းများက နဖူးပြောင်ပြောင်နှင့် လူညက်ကလေးအီဆာတစ်ယောက်ဇနီးသည်အတွက် မကြာခဏ စျေးဝယ်ပေးရမည်ကိုမြင်သဖြင့် သနားကြပါသည်။ သူတို့က သူ၏ ဇနီးကိုမိန်းမတွေတန်ခိုးကြီးသော အမေဇုံတိုင်းပြည်မှ“လင်နိုင်မ”ဟုခေါ်ကြလေသည်။အီဆာသည် အိမ်တွင်ကြောက်ရမည့်သူရှိသည်ဟု အိမ်နီးချင်းတို့က တွေးထင်ကြသည်။ အမှန်စင်စစ်ဟုတ်လည်း ဟုတ်ပါသည်။ သူ့ကိုအမိန့်ပေးနိုင်သူ (၂)ဦးမှာ ဝန်ကြီးချုပ်ဘင်ဂူရီယန်နှင့် သူ၏ ဇနီးရိဗကာတို့ပင်ဖြစ်ပါသည်။

သူ၏ဌာနတွင်မူ အီဆာလေးသည် ဆင်ကြီးပင်ဖြစ်ပေသည်။ သူ၏ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကသူ့ကို လေးစားရုံသာမက ကြောက်လည်း ကြောက်ကြသည်။

“အီဆာက စိုက်ကြည့်ပြီဆိုရင်ကျွန်တော်တော့ထောင်ထဲရောက်နေပြီလို့တောင်ထင်မိတယ်”ဟု ထောက်လှမ်းရေးသမား တစ်ယောက်က ဆိုလေသည်။

နောက်တစ်ယောက်က...

“သူ့ရဲ့ အေးစက်ပြီး စူးရှတဲ့မျက်လုံးပြာတွေဟာ ခင်ဗျားရဲ့ အတွင်းစိတ်ကို သိပ်ထက်တဲ့ဓားနဲ့လှီးဖြတ်လိုက်သလို ပိုင်းခြားတတ်တယ်။ အီဆာဟာ သူနဲ့ဆက်ဆံတဲ့လူရဲ့ မျက်လုံးထဲကိုစိုက်ကြည့်တတ်တယ်ဗျ။ ကြည့်တဲ့နေရာမှာလည်း ဘယ်တော့မှမျက်နှာမလွှဲဘူး။လူတစ်ယောက်ကိုကြာကြာကြည့်လေ အဲဒီလူအဖို့ အီဆာဟာ ကြောက်စရာကောင်းလေပဲ”

ထိုသူက ဆက်ပြောပြန်သည်။

“သူနဲ့တွေ့လိုက်ရင်.အပြစ်ရှိနေတဲ့အနေအထားမျိုး ရောက်သွားတတ်တယ်။စိတ်ဓာတ်တွေချောက်ချားလာပြီး အပြစ်ကိုဝန်ခံဖွင့်ဟစေတဲ့ညှို့ဓာတ် သူ့မှာ ရှိတယ်လေ။ ဝန်ခံစရာမရှိတဲ့ အပြစ်မဲ့သူတွေတောင် စိတ်ဓာတ်ချောက်ချားလာတယ်ဗျာ”

အီဆာဟာရယ်သည် ဗီဇဝါသနာအရ စပိုင်ဖြစ်ခဲ့ဖူးသူတည်း။

အစ္စရေးနိုင်ငံ၏ ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်ခဲ့သော (၁ဝ)နှစ်တာကာလအတွင်း အီဆာသည်အလွန်ရဲရင့်ပြောင်မြောက်သော စပိုင်လုပ်ငန်းများကို ကြံစည်ဆောင်ရွက်ခဲ့လေသည်။

သူသည် စားပွဲကြီးတစ်လုံးတွင်ထိုင်ပြီး အမိန့်တွေအမျိုးမျိုးပေးနေရသည်ကို ကျေနပ်လက်ခံသူမဟုတ်။ ထို့ကြောင့်သူသည် မကြာခဏဆိုသလိုအမှုဖြစ်ပွားရာ နေရာသို့ရောက်အောင်သွားပြီးလိုအပ်သည်များကို တိုက်ရိုက်ညွှန်ကြားကာ ကြီးကြပ်ကိုင်တွယ်တတ်လေသည်။ သူလိုက်နေသောသားကောင်ကို အမိအရဖမ်းယူရန်ကြိုးစားရာ၌လည်း သူအလွန်စိတ်ဝင်စား၍ နှစ်သက်လေသည်။တွေးခေါ်နည်းအဖုံဖုံဖြင့် စဉ်းစားအဖြေထုတ်မရသော ပြဿနာတစ်ခုကို အီဆာသည် သူ၏ပင်ကိုယ်ဉာဏ်ဖြင့် အဖြေရှာတတ်လေသည်။ အလွန်အရေးကြီးနေသောအခြေအနေမျိုးတွင် သူ၏ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးတို့သည် ပို၍တောက်ပြောင်လာတတ်သည်ဟု သူ၏ ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်တို့က ဆိုလေသည်။

အီဆာသည် လူတစ်ယောက်၏ အရည်အသွေးကိုအကဲဖြတ်တတ်၏။ အရည်အချင်းရှိသူနှင့်လုပ်ငန်းအပေါ် သစ္စာရှိသူကို အမြဲချီးမြှင့်မြှောက်စားတတ်လေသည်။

အီဆာသည် အမြဲတမ်း တကိုယ်တည်းနေထိုင်တတ်ပြီး တစ်ဦးတည်း ကြံစည်ဆောင်ရွက်တတ်သူဖြစ်သည်။ ငယ်ပေါင်းဖြစ်သူ ဇနီးသည်,သည် သူ၏အထာကိုသိလေသည်။ ရိဗကာသည်ခင်ပွန်းဖြစ်သူအား မည်သည့်အလုပ်ကိစ္စကိုမှမမေးခဲ့ပါ။ ကိစ္စတစ်ခုအရေးကြီးနေပြီဆိုလျှင်ဇနီးသည်ကလည်း အကင်းပါးစွာသိလိုက်ပြီဖြစ်၏။

တစ်ချိန်ကမူ ရက်အတော်ကြာကြာ ခင်ပွန်းသည်ပျောက်နေသဖြင့်စိုးရိမ်လာပြီး ရိဗကာသည်ဝန်ကြီးချုပ်ကို 'ကျမယောက်ျား ဘာများ ဖြစ်လို့လဲ၊ ဘယ်နေရာ ရောက်နေပြီလဲ'ဟု မေးယူရသည်။

သို့သော်ထိုစဉ်က ဘင်ဂူရီယန်သည်ပင် သူ၏ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဘယ်နေရာဘယ်ဒေသသို့ရောက်နေသည်ကို စိုးစဉ်းမျှ မသိခဲ့ဟုဆိုလေသည်။

ရိဗကာသည် အလုပ်ကိစ္စနှင့်ပတ်သက်၍ သူမ၏ ခင်ပွန်းကိုမမေးရန် နားလည်ထားပြီး ဖြစ်သည်။

သို့သော် သူမကလည်း သူမ၏ မိန်းမဉာဏ်စပိုင်နည်းလမ်းများကို သုံးတတ်သည်။

ဧည့်ခန်းထဲတွင်အလွန်အရေးကြီးသော ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နေပြီဆိုလျှင်ရိဗကာသည် ကော်ဖီပူပူနှင့် အသားညှပ်မုန့်တွေ မပြတ်လာရောက်ချပေးတတ်သည်။

"ကဲစားကြလေ စားကြလေ.. ဆာနေပြီပဲ"ဟု အီဆာနှင့်ဧည့်သည်များကို စူစူဆောင့်ဆောင့်ပြောပြီးသူတို့၏ စကားစများကိုနားထောင်ကာ ရိဗကာက တကိုယ်တည်း ကောက်ချက်များချတတ်လေသည်။

အီဆာသည် ဟန်တွေပန်တွေများသော ပြင်ဆင်ဝတ်စားမှုကို သိပ်အလေးမထားသူဖြစ်သည်။လည်စီးချည်နှောင်ခြင်းကိုပင် ဘူဇွာဆန်သည်ဟုယူဆသဖြင့် လည်စီးကိုယ်ပိုင်ဝယ်ထားသူမဟုတ်ပေ။

ဥရောပတိုက်သို့ဆွေးနွေးစရာကိစ္စများ ဆွေးနွေးရန်သွားရောက်သောအခါမှ ထိုအယူအဆကိုစွန့်လွှတ်လိုက်လေသည်။ အီဆာ၏အဖွဲ့ဝင်တစ်ဦးက သူ၏ဘော့(စ်)အတွက် လည်စီးဝယ်ပြီးချည်နှောင်နည်းကိုပါ သင်ပေးလိုက်ရလေ၏။

အီဆာ သဘောကျ လက်ခံသော ကိစ္စတစ်ရပ်မှာ ကြာသပတေးနေ့ညနေတိုင်း သူ့အိမ်၌လုပ်သည့်လက်ဖက်ရည်ပွဲလေးပင်ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊အခြားမည်သူမည်ဝါဟုမသိသော ပုဂ္ဂိုလ်များသည် သူ၏အိမ်သို့လာရောက်ပြီး ကော်ဖီနှင့်ဘိန်းစေ့ကိတ်မုန့်ကို သုံးဆောင်လေ့ရှိသည်။

သူ၏ ပုဂ္ဂိုလ်ရေးရာ ခင်မင်သူမိတ်ဆွေသူငယ်ချင်းများကို လက်ဖက်ရည်ပွဲတွင်ပါ/မပါဟူသော မေးခွန်းကို သူ့အိမ်သားတစ်ယောက်က ဤသို့ဖြေကြားခဲ့သည်။

“မိတ်ဆွေသူငယ်ချင်း ဟုတ်လား၊ ခက်တာက အီဆာဟာ လူတိုင်းလိုလို သိကျွမ်းနေတာပဲ၊ သူတို့ကလည်းသူ့ကိုသိတာပဲလေ။ ဒီတော့ သူ့မှာ သူငယ်ချင်း မိတ်ဆွေစစ်စစ်ရယ်လို့မရှိပါဘူး။ သူက ဘယ်သူ့ကိုမှယုံတာမဟုတ်ဘူး။ ကျုပ်တို့ကိုတောင်မယုံဘူးလေ”

အီဆာသည် နာမည်တစ်လုံးနှင့်နေသူဖြစ်၏။ သူ့နာမည်ကိုအကျင့်စာရိတ္တပျက်ပြားခြင်း၊ ငွေကြေးလာဘ်ပကာသနယူခြင်း စသည့်ကိစ္စရပ်များ၏ နှောင့်ယှက်မှုမခံခဲ့ချေ။ သူသည် သစ္စာသမာဓိရှိသော အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သူ၏ စိတ်ဓာတ်သဘောတို့မှာအလွန်ခိုင်မြဲတည်ကြည်၍ မှန်ကန်လှပေသည်။

တစ်ချိန်က သူအားကိုးယုံကြည်သော ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးသည် လျှို့ဝှက်အလုပ်လုပ်စရာရှိသည်ဟုဆိုကာ မိန်းမကိုအကြောင်းပြ ထွက်လာ၍ သူမေတ္တာမျှနေသော မိန်းမတစ်ယောက်နှင့်ပင်လယ်ဆိပ်ကမ်းတစ်ခုတွင်အပန်းဖြေနေလေ၏။ အီဆာ ထိုကိစ္စကိုသိသွားသောအခါ ထိုသူအားချက်ချင်း အလုပ်ဖြုတ်ပစ်လိုက်သည်။

သူသည် ဇိမ်ခံပစ္စည်းအမျိုးမျိုးကိုရွံမုန်းသူဖြစ်သည်။ တိုင်းပြည်အတွက်ဟုလည်း ဆိုနိုင်ပေမည်။သူ၏ မော့ဆက်အဖွဲ့ကြီးအတွက်သုံးငွေဖြစ်သော ဘက်ဂျက်ကို ဝန်ကြီးချုပ်မှလွဲ၍ မည်သူ့ကိုမျှအသိမပေးခဲ့ပေ။

သူသည် သပ်သပ်ရပ်ရပ်ဥယျာဉ်လေးတစ်ခုသာ ပါသော အလတ်တန်းစားအိမ်ကလေး၌ သူ၏လုပ်သက်တလျှောက် ရိုးရိုးကုတ်ကုတ်နေထိုင်ခဲ့သူဖြစ်သဖြင့် သူ၏ ဖြောင့်မတ်တည်ကြည်သောအကျင့်စာရိတ္တကိုသိရှိနိုင်ပေသည်။

အီဆာသည် သူ၏လူများကို လုံးဝယုံကြည်သူဖြစ်သည်။ အထူးသဖြင့်နိုင်ငံရပ်ခြားတွင်အန္တရာယ်ပြွမ်းသော တာဝန်ရပ်များ ဆောင်ရွက်ရမည့်ထောက်လှမ်းရေးအဖွဲ့ဝင်များကို သူယုံကြည်မှုရှိလေသည်။ ထိုသူတို့၏ အိမ်တွင်းရေးပြဿနာများကိုပင် လိုအပ်ပါက ကူညီဖြေရှင်းပေးခဲ့သည်။သို့သော် မည်သူကမှ သူ့ကို ခပ်ပေါ့ပေါ့ယောင်ဝါးဝါး မလုပ်ရဲကြပါ။

အီဆာသည် ပြောင်လှောင်ရယ်မောခြင်းကို လုံးဝ မနှစ်သက်သူဖြစ်၏။ သူရယ်စရာပြောခြင်းကိုကြားဖူးခဲ့သူ လူရင်းတစ်ဦးက အီဆာ၏ ပြက်လုံးကိုအောက်ပါအတိုင်း ပြောပြသည်။

“ကျုပ်ရဲ့ မျက်လုံးပြာတွေကိုမကြောက်တဲ့သတ္တဝါတွေရှိပါတယ်။ အဲဒီသူတို့ဟာ ခွေးတွေနဲ့ကလေးတွေပေါ့ဗျာ”

သူ့စိတ်ထဲမကျေမနပ်ဖြစ်နေလျှင် သူ၏မျက်နှာထားအမူအရာတို့မှာ ကြောက်စရာကောင်းလှ၏။တစ်ခါက ပေါ့လျော့မှုကြောင့်မမျှော်လင့်ဘဲ အမှားအယွင်းတစ်ခုဖြစ်သွာခဲ့သည့် ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးကို ခေါ်၍ စစ်ဆေးမေးမြန်းခဲ့သည်။ ထိုသူ၏ချွတ်ယွင်းမှုကြောင့် အစ္စရေးအစိုးရကို လူထုက စိတ်ပျက်သွားရလေ၏။ အီဆာသည် ထိုသူကိုအလုပ်မဖြုတ်ခဲ့ပါ။အချိန်တော်ကြာကြာ အဆူခံရပြီးနောက် အီဆာ၏ ရုံးခန်းထဲမှပြန်ထွက်လာသောထိုသူမှာအပြင်သို့ရောက်သောအခါ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေပြီး တကိုယ်လုံး တုန်လှုပ်နေလေသည်။

ထိုသူက ဤသို့မှတ်ချက်ချခဲ့သည်။

“အီဆာသာ ဒီကိုမလာဘဲ ရုရှားပြည်မှာ နေခဲ့ရင်လေ K.G.B အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်မှာသေချာတယ်။ နောက်ပြီး ဒီဘေးရီးယားဆိုတဲ့သတ္တဝါကြီးကိုတောင် နံနက်စာ ကိုက်စားချင်စားမှာဗျို့”

အီဆာသည် ခေါင်းမာသောအရာရှိတစ်ဦးဖြစ်သည်။ သို့သော် အလုပ်တာဝန်ကိုကျေပွန်သူကို ကြင်နာစွာဆက်ဆံ၏။ သူသည်ဘေးဒုက္ခရောက်နေသော ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးကို ဘယ်တော့မှပစ်မထားခဲ့ပါ။ ဖမ်းဆီးခြင်းခံရသူကိုလည်း ပြန်လွတ်အောင်အမျိုးမျိုးသောနည်းဖြင့် အပတ်တကုတ်ကြိုးစားသူဖြစ်သည်။ဖမ်းဆီးခြင်းခံရသော သူ့လူအတွက် ရွှေ (သို့မဟုတ်) အခြားမည့်သည့်အရာနှင့်မဆို လဲလှယ်ရန်ဝန်မလေးသူဖြစ်သည်။ ဖမ်းမိသွားသော သူလျှိုကိုစွန့်လွှတ်သင့်သည်ဆိုသော သမားရိုးကျအတွေးအခေါ်မျိုးကို သူလုံးဝလက်မခံပါ။

ဥရောပနိုင်ငံများနှင့်အမေရိကန်ပြည်ထောင်စုရှိ လုံခြုံရေးဌာနအကြီးအကဲများသည် အီဆာလေး၏လုပ်ရည်ကိုင်ရည်လက်စလက်နကို သိရှိလေးစားကြသည်။

အီဆာသည်ကောက်ကျစ်စဉ်းလဲ၏။

အီဆာသည်လှည့်ဖျားတတ်၏။

အီဆာသည် သစ္စာမဲ့သော သူလျှိုလောကကို တွယ်တာမြတ်နိုး၏။

သူဝါသနာပါသော အရာ(၂)ခုမှာ အော်ပရာကြည့်ခြင်းနှင့် စာရေးဆရာမကြီး အာဂါသာခရစ္စတီ၏လျှို့ဝှက်သဲဖိုစုံထောက်စာအုပ်များ ဖတ်ခြင်းပင်ဖြစ်သည်။စပိုင်စာအုပ်များဖတ်ပြီး အီဆာက တခါတရံပြောတတ်ပါသေးသည်

“ကျုပ်လူတွေက ဂျိမ်း(စ်)ဘွန်းလိုကောင်လောက်တော့ အပျော့ပေါ့ဗျ”

ဤသူကား မော့ဆက်ထောက်လှမ်းရေးအဖွဲ့ကြီးကို အခြေချတည်ထောင်သည့်ကာလ၌ ဦးဆောင်ခဲ့သူဖြစ်သည်။ သူတည်ဆောက်ခဲ့သော အဆင့်အတန်းနှင့်အနေအထားတို့ကိုယနေ့လက်ရှိမော့ဆက်အဖွဲ့ကြီးတွင် တွေ့မြင်ရမည်ဖြစ်ပါသည်။

Comments

  1. အချစ်နဲ့စစ် စာအုပ်မှာတုန်းကတောင် အီဆာဟာရယ် နာမည်ပါသလိုလိုပဲ မော့ဆက်အဖွဲ့ပါတယ်ဆိုတော့။ ဝါး....အခုမှ အီဆာဟာရယ်အကြောင်း သေချာသိရတော့တယ်။ တကယ့်လူဖြောင့်ကြီးပဲ။

    ReplyDelete
  2. နေ့တိုင်း ဝင်ဖတ်ပါမယ်ဗျ။

    ReplyDelete

Post a Comment