စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကို ဘယ်လိုကာကွယ်ကြမလဲ

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကို
ဘယ်လိုကာကွယ်ကြမလဲ
==================================
ဆောင်းပါး၊ တူမီးစာစဥ်် အမှတ်စဥ်် ( ၆၇ ) ။
 
၁။နယ်မြေရှင်းလင်းရေး

နယ်မြေရှင်းလင်းရေးဆိုတာ စစ်သုံး လုံခြုံရေးဝေါဟာရတစ်ခုဖြစ်ပါတယ်။ တကယ်တော့ နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုတာ ရန်သူ ရှိနိုင်တဲ့နေရာ ခိုအောင်းနိုင်တဲ့စစ်ဘက်ပစ်မှတ် နေရာတွေကို မြေလှန်ဖျက်ဆီးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်တပ်တွေဟာ သူတို့ထိုးစစ်ဆင်တဲ့အခါမျိုးမှာဖြစ်စေ ခံစစ်ပြင်တဲ့အခါမျိုးမှာဖြစ်စေ နယ်မြေရှင်းလင်းရေးကို အရင်ဆုံးလုပ်ဆောင်လေ့ရှိကြပါတယ်။ ဘယ်စစ်ဥပဒေမှ မလိုက်နာတဲ့ ဖက်ဆစ်ဆန်ဆန် စစ်ကောင်စီအတွက်ကတော့ နယ်မြေရှင်းလင်းရေးဟာ၊ လုယက်ပွဲ၊ လူသတ်ပွဲ၊ မုဒိမ်းကျင့်ပွဲတွေအဖြစ် စစ်ဘက်ပစ်မှတ်ထက် အရပ်ဘက် ပစ်မှတ်တွေကိုပဲ ဒုက္ခပေးတာများပါတယ်။
သူတို့အကြောင်းပြချက်ကတော့ သောင်းကျန်းသူတွေဟာ ပြည်သူတွေကို လူသားတံတိုင်းကာပြီး ပြည်သူယောင်ဆောင် ပုံဖျက်နေတယ်ဆိုတာမျိုးပါပဲ။ ဒါပေမဲ့ ဒါဟာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး တကယ်တော့ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး အကြမ်းဖက်လိုမှုတွေ၊ လုယက် အနိုင်ကျင့် လိုမှုတွေကို ဖုံးကွယ်ထားခြင်းသာဖြစ်ပါတယ်။ လက်နက်အင်အား လူသူအင်အားကောင်းတဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး အကြောင်းပြ အကြမ်းဖက်မှုတွေကို တိုင်းရင်းသားကျေးရွာတွေ နှစ်ပေါင်း ၇၀ ကျော် ခါးဆီးခံခဲ့ရသလို အခုအချိန်မှာတော့ အညာဒေသကျေးရွာတွေပါ ဒီဒဏ်ကို အလူးအလဲ ခံနေရပါပြီ။ ဒီနယ်မြေရှင်းလင်းရေးကြောင့် အရပ်သားတွေ အပြင်းအထန် မထိခိုက်ရလေအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပြီလည်းဖြစ်ပါတယ်။

၂။ ဘယ်လိုကာကွယ်မလဲ

စစ်ကောင်စီကို နယ်မြေမရှင်းလင်းနဲ့ ဆိုပြီး တားလို့ဆီးလို့မရတာကြောင့် ဒီလို မြေလှန်ဖျက်ဆီးရှင်းလင်းတာမျိုးကို ဘယ်လိုကြိုတင်ကာကွယ်မလဲ၊ အထိခိုက်နည်းအောင် ဘယ်လို ရှောင်ရှားမလဲ ဆိုတာကိုပဲ ဦးစားပေးစီစဉ်ကြရမှာဖြစ်ပါတယ်။ ပထမဆုံးကတော့ ဘယ်လိုကာကွယ်မလဲဆိုတာဖြစ်ပါတယ်။ အခုဆိုရင် အညာဒေသရဲ့ ရွာတွေ အားလုံးလိုလိုဟာ PDF တွေရဲ့ လှုပ်ရှားစိုးမိုးနယ်မြေတွေဖြစ်နေပြီမို့ ရွာတိုင်းလိုလိုဟာ နယ်မြေရှင်းလင်းခံရနိုင်ခြေရှိတယ်ဆိုတာ ပထမဆုံး သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အရင်လိုစစ်ကြောင်းထိုးပြီး နယ်မြေရှင်းတယ်ဆိုတာထက် လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာက များတဲ့အတွက် အချိန်မရွေး နေရာမရွေးလာရောက်နိုင်တယ်ဆိုတာ သတိပြုထားဖို့လိုပါတယ်။ ဒါကြောင့် ရွာထဲက ရိက္ခာတွေ အဖိုးတန် ပစ္စည်းတွေကို ဝှက်တာ ရွှေ့တာ သိမ်းဆည်းတာတွေ လုပ်ပြီး အထိအခိုက်နည်းအောင် ကြိုတင်ပြင်ဆင်ရပါမယ်။ လိုအပ်ရင် လေကြောင်းရန် ကာကွယ်ရေး ဆက်သွယ်ရေး ကျင်းတွေ ၊ ရွာချင်းဆက် လှိုဏ်ခေါင်းလမ်းတွေ စနစ်တကျ တူးထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ ရွာတစ်ရွာလုံးကို မီးတိုက်နိုင်ခြေရှိတာမို့ မီးဘေးနဲ့ မလွတ်တဲ့ ပစ္စည်းတွေကို နေရာရွှေ့ပြောင်းထားဖို့ လိုပါတယ်။ တတ်နိုင်ရင် တခြားရွာကို ပို့တာမလုပ်ဘဲ တောထဲမှာ စနစ်တကျ ရွှေ့ပြောင်းထားဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ နောက်တစ်ခုက လေကြောင်းသတင်းအချက်အလက် စုံစမ်းသူတစ်ဦးကို ရွာမှာ သတ်သတ်မှတ်မှတ် တာဝန်ပေးထားသင့်ပြီး ရွာစဉ် လေကြောင်း ကာကွယ်ရေး သတင်းတွေ၊ စစ်ကြောင်းထိုးသတင်းတွေကို တိတိကျကျ နေ့စဉ် ဖြန့်ဝေတဲ့ သတင်းကွန်ရက်လည်း ဖန်တီးထားဖို့လိုပါတယ်။ ဒီလို သတင်းအချက်အလက်ပြင်ဆင်မှု၊ ပစ္စည်းပစ္စယ ကြိုတင်နေရာ ချထားမှုတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် ရုတ်တရက် လေကြောင်းက ဝင်ရောက် စီးနင်းရှင်းလင်းရင်တောင် လူတွေက ဆက်သွယ်ရေး လှိုဏ်ကျင်းတွေကနေ အလွတ်ရုန်းနိုင်ပြီး ပစ္စည်းတွေလည်း အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးမှုသက်သာစေမှာဖြစ်ပါတယ်။ ရွာတိုင်းရွာတိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ထားပြီး ရုတ်တရက် စီးနင်းခံရတာမျိုးကို ဘယ်လိုရုန်းထွက်မလဲဆိုတာ ကြိုတင်ဇာတ်တိုက်ထားသင့်ပါတယ်။ အရေးကြီးတာကတော့ သတိမပြတ်နေဖို့ဖြစ်ပြီး ပေါ့ပေါ့ ဆဆ မနေဖို့ပါပဲ။ ဒါကြောင် ဘယ်လိုကာကွယ်မလဲဆိုတာမှာ သတင်း၊ ပစ္စည်း၊ လူ ဆိုတဲ့ အဆင့်သုံးဆင့်ကို ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။

၃။ ဘယ်လိုတုံ့ပြန်မလဲ

နယ်မြေရှင်းလင်းရေးကို ငါတို့က ဒီလိုပဲ လည်စင်းခံနေရမှာလား ဘယ်လိုပြန်တုံ့ပြန်နိုင်မလဲဆိုတဲ့ မေးခွန်းကလည်း စိတ်ဝင်စားစရာပါပဲ။ တကယ်တော့ နယ်မြေရှင်းလင်းရေးကို တုံ့ပြန်နိုင်တဲ့နည်းရှိပါတယ်။ ခြုံခို၊ လုပ်ကြံ၊ ပြောက်ကျားဟန် ဆိုတဲ့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်တာ၊ စစ်ကြောင်းထဲက ခေါင်းဆောင်ကို လုပ်ကြံတာ၊ ပြောက်ကျားစစ်ဆင်မှုနဲ့ တန်ပြန်ထိုးစစ်ဆင်တာမျိုးတွေဖြစ်ပါတယ်။ ဒီနည်းတွေက တော့ နယ်မြေရှင်းလင်းတာကို လှေကြီးထိုးရိုးရိုးနည်းလမ်းတွေနဲ့ တုံ့ပြန်တာဖြစ်ပြီး ရခိုင်ဒေသထိုးစစ်တွေမှာ ဒီထဲက နည်းလမ်းတချို့ဟာ အောင်မြင်ခဲ့ပါတယ်။ ရခိုင်မှာ အညာဒေသလိုပဲ ရွာတွေကို ရဟတ်ယာဉ်နဲ့ လူချပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားရာမှာ လူချပြီးပြီးချင်းပဲ ပြောက်ကျားစစ်ဆင်မှုနဲ့ ချောင်ပိတ် ထိုးစစ်ဆင်နိုင်ခဲ့လို့ ရဟတ်ယာဉ်နဲ့ ချတဲ့ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားတာမျိုးအထိ ရှိခဲ့ပါတယ်။ သတင်းအချက်အလက်ရရှိမှုအပေါ်မူတည်ပြီး ဒီနည်းလမ်းတွေကို ကျင့်သုံးသင့်ပါတယ်။ ဒီ့ထက်ပိုပြီး ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါကတော့ တန်ပြန်နယ်မြေရှင်းလင်းခြင်းပါပဲ။

၄။ တန်ပြန် နယ်မြေရှင်းလင်းခြင်း

စစ်ကောင်စီ နယ်မြေမရှင်းလင်းခင်မှာ စစ်ကောင်စီ ဒီနယ်မြေကို လာရောက် တိုက်ခိုက်လို့မရအောင် အထိ သတင်းအချက်အလက်အမှောင်ဖုံးထားတာဟာ တန်ပြန်နယ်မြေရှင်းလင်းခြင်းနည်းလမ်းပါပဲ။ ဒီနည်းလမ်းကတော့ ကိုယ့်ဒေသ နယ်မြေရှင်းလင်း မခံရဖို့ အကောင်းဆုံး ကာကွယ်မှုပဲ ဖြစ်ပါတယ်။ ဒီလို တန်ပြန် နယ်မြေရှင်းလင်းဖို့အတွက် ရန်သူ့ဘက်ကို သတင်းပေးမဲ့ သူတွေ၊ ရန်သူ့ဘက်တော်သားတွေကို ရန်သူနဲ့ အဆက်အသွယ်ဖြတ်ရပါတယ်။ အဲလိုအဆက်အသွယ်ဖြတ်တဲ့နေရာမှာ အကြမ်းနည်းတစ်ခုတည်းပဲမဟုတ်ပါဘူး၊ နည်းမျိုးစုံသုံးရပါမယ်။ စည်းရုံးနဲ့နည်း၊ အပျော့ဆွဲဆွဲတဲ့နည်းတွေလည်း သုံးကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူဘက်က သတင်းရရှိနိုင်တဲ့ ဖုန်းကြားဖြတ်ဖမ်းယူမှု ဆက်သွယ်ရေးကြားဖြတ်ဖမ်းယူမှုတွေကို ထောက်လှမ်း ပိတ်ဆို့မှုတွေလုပ်ရမှာဖြစ်ပါတယ်။ ရန်သူလာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင် တွက်ဆပြီး ကိုယ့်လူတွေ ထည့်ထားတာ ကာကင်းတွေထားတာ ပွိုင့်တွေ ထောက်ထားတာတွေ လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ အနီးဆုံးက ရန်သူ့ထောက်တိုင်တွေကို ရှင်းလင်းထားရမှာဖြစ်ပါတယ်။ မြူနီစပယ်တွေ မီတာ စာရေးတွေဟာ ရန်သူ့သတင်းအချက်အလက်ထောက်တိုင်တွေအဖြစ် အထူးသတိပြုရပါမယ်။ ကိုယ့်ဘက် ကသတင်းဦးရယူရမှာဖြစ်သလို ကိုယ့်ဘက်က သတင်းကို ရန်သူလုံးဝမရအောင် ပိတ်ပင်တဲ့နည်းဟာ တန်ပြန် နယ်မြေရှင်းလင်းတဲ့နည်းထဲက တစ်ခုပါပဲ။ နောက်ထပ် တစ်ခုကတော့ ရန်သူတွေကို သူတို့ သက်ဆိုင်ရာ နယ်မြေထဲက အပြင်ထွက်မလာရဲအောင် ခြောက်လှန့်ရှင်းလင်းထားတာဖြစ်ပါတယ်။ ဈေးဝယ်တောင် ထွက်မရအောင် ကွမ်းဆေးဝယ်တောင် ထွက်မရအောင် ချောင်းမြောင်းလုပ်ကြံတာတွေ။ ဖောက်ခွဲ ခြိမ်းခြောက်တာတွေကို ရန်သူ့နယ်မြေနဲ့ နီးနိုင်သမျှနည်းအောင် လုပ်ခြင်းဟာ ရန်သူကို ကြိုတင် ရှင်းလင်းထားနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ရန်သူ့ဘက်က သာလွန်အင်အားနဲ့ တန်ပြန် ထိုးစစ်ဆင်လာနိုင်တာကိုလည်း ထည့်တွက်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ထားရပါမယ်။ ကိုယ့်တာလုံမှ သူ့တာကို တိုးရမှာဖြစ်ပါတယ်။
သတိမပြတ်ရှိဖို့အဓိက
လှေကြီးထိုးနည်းနဲ့ပဲ နယ်မြေရှင်းလင်းခြင်းကို ကာကွယ်သည်ဖြစ်စေ ကိုယ့်ဘက်က အင်အားအသင့်အတင့်ရှိလို့ တန်ပြန် နယ်မြေရှင်းလင်းတဲ့နည်းနဲ့ ကာကွယ်သည်ဖြစ်စေ သတိမပြတ်ရှိဖို့အဓိကကျပါတယ်။ အညာဒေသမှာ နယ်မြေရှင်းလင်းထိုးစစ်ဆင်မခံရနိုင်တဲ့ ရွာဆိုတာ ပျူရွာတွေကလွဲပြီး ဘယ်နေရာမှ မရှိဘူးဆိုတာ သိပြီး ကိုယ့်ဘက်က လုပ်သင့်တာတွေ ပြင်ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင် လုပ်ဆောင်ပြီး သတိမပြတ်ရှိနေဖို့သာ အဓိကပါလို့ . .။

တူမီးသိမ်းမောင်

Comments

Post a Comment