မုသားဖြူ

 



ဝတ္ထုတို၊ ဘိုကျော်နွေဦးရေးဖွဲ့သည်။ 


ဒေါ်သီတာ တစ်ယောက် ဗီရိုစင်ပေါ်တွင်တင်ထားသော သားလေး ဘုန်းမြတ်ပုံကို ကြည့်ရင်း သားဆီမှ ဖုန်းအလာကို မျှော်နေလေသည်။


ထိုစဉ် ဘေးအိမ်မှ ဒေါ်မြစိမ်းတစ်ယောက်ဝင်လာပြီး 

         “သီတာ့ကို အားကျလိုက်တာဟယ်၊ ခုလို လူတကာ ခက်ခဲနေတဲ့ အချိန်မှာ ဘာမှ ပူစရာမရှိဘူး၊ တစ်ဦးတည်းရှိတဲ့ သားကလည်း နိုင်ငံခြားမှာ၊ လင်ကျတော့ သ‌‌င်္ဘောတစ်စင်းပေါ် မှာ၊ခုက ဒေါ်လာတွေလည်း ဈေးကောင်းတယ် မလား”


         “အဲ့လိုတော့လည်း မဟုတ်ပါဘူး မမြစိမ်းရယ်၊ နိုင်ငံက နာရေးဖြစ်နေတဲ့ချိန် ပြည်သူတစ်ဦးဖြစ်တဲ့ ကျွန်မလည်း ဘယ်အေးဆေးနိုင်ပါ့မလဲ”


         “အိုကွယ် ကိုယ်ကလည်း တခြားသူတွေထက်စာရင်လို့ ပြောပါတယ်၊ ကိုယ့်သားစိုးမိုးကတော့ ဒီနှစ်‌ ကျောင်းပြန်တက်တော့မယ်တဲ့၊ သူလည်း လုပ်သင့်သလောက်လုပ်ပြီးပါပြီ၊ သူ့အနာဂတ်လည်း ရှိသေးတယ် မလား”


         “ဟယ် ဘာဖြစ်လို့ပြန်တက်မှာတုန်း၊ အခုဆို အွန်လိုင်းက ဖွင့်နေတဲ့ သင်တန်းတွေလည်း ရှိရက်သားနဲ့၊ အာဏာရှင်က ဖွင့်တဲ့ကျောင်းတက်မှာကို ကျွန်မတော့ မတက်စေချင်ဘူး မမြစိမ်းရယ်”


         “ကျွန်မလည်း အရမ်းအားပေးတယ်ရယ်လို့မဟုတ်ပါဘူး၊ စိုးမိုးက ဘုန်းမြတ်လို နိုင်ငံခြားမှာမှမဟုတ်ဘဲ၊ တခြားလူတွေလည်းတက်နေကြပြီ၊ ပြီးတော့ ကျွန်မတို့က တတ်နိုင်တဲ့ ဘက်က ကူနေပါတယ်”


 ဒေါ်သီတာ တစ်ယောက် ဒေါ်မြစိမ်းအား မိမိသား မောင်ဘုန်းမြတ်မှာ နိုင်ငံခြားမဟုတ်ဘဲ အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် နေရပ်တွင် ရောက်နေ၍ သားလုံခြုံရေး၊မိမိတို့လုံခြုံရေးအတွက် ဖုံးကွယ်ထားခြင်းသာဖြစ်ကြောင်း ပြောလိုက်ချင်သည်။ သို့သော် ဘာမှ ပြန်မပြောလိုက်ပေ။စိတ်တွင်းမှကား…..


         “သြော်… လူတွေဟာ သူတို့ခံစားရတာကိုသာ မြင်နိုင်၊ ၎င်းတို့အပေါ် သူတစ်ပါးနားလည်နိုင်ဖို့သာ ကြိုးစားကြပြီး သူတစ်ပါးခံစားချက်တို့ကို နားလည်ရန်မကြိုးစားကြတဲ့သူများသာ….”


ဘုန်းမြတ်သည် မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား ဖြစ်သည်။ အပြင်ဆောင်မှာနေရင်း မေဂျာမတူ ကျောင်းမတူသည့် သူငယ်ချင်းများစွာ ရခဲ့သည်။ ထိုအထဲတွင် နည်းပညာတက္ကသိုလ်မှ ကျောင်းသား လင်းအောင်နှင့်အတော်ခင်သည်။ ဆန္ဒပြစချိန်တွင် မိမိတို့ မြို့မှာပင် ပါဝင်ခဲ့သော်လည်း လင်းအောင်က ပြည်သူ့ကာကွယ်ရေးတပ်ထဲ ဝင်မည်ဟု ဆိုရာ မိခင်နှင့်ဖခင်ထံမှ ခွင့်ပြုချက်တောင်း၍ လင်းအောင်နှင့်အတူ ဝင်ခဲ့သည်။ နောက်ပိုင်းတွင် လင်းအောင်က လက်နက်ထုတ်လုပ်ရေးတပ်တွင် တာဝန်ထမ်းဆောင်မည်ဟု ဆိုရာ မြတ်ဘုန်းလည်း ထုတ်လုပ်ရေးဘက်ခြမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။


         “သားမြတ်ဘုန်းရယ်၊ လင်းအောင်က နည်းပညာတက်တာဆိုတော့ လက်နက်ထုတ်လုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်တာက ဟုတ်ပါပြီ၊ သားဖြင့် ဘာမှ မလုပ်တတ်မကိုင်တတ်ဘဲနဲ့ ဖြစ်ပါ့မလားသားရယ်၊ တခြားတပ်တွေထဲ ဝင်ပါ့လား”


         “မေမေကလည်းလုပ်ပြီ၊ ဒီထဲမှာ အကုန်လုံးက သားလို မိဘအိမ်မှာ အေးဆေးနေပြီး ဂိမ်းဆော့ခဲ့တဲ့ ကောင်တွေပဲ၊ ခုတော့ သင်တန်းတောင်ဆင်းပြီလေ မေမေရဲ့၊ မေမေ့သားက လူကြီးဖြစ်နေပါပြီ၊ ကလေးမှ မဟုတ်တော့တာ၊ ပြီးတော့တပ်တွေရဲ့ ဌာနတာဝန်တွေမှာ ဘယ်တပ်ကတော့ပိုပြီးဘေးကင်းတယ်ဆိုတာ မရှိပါဘူးမေမေရာ၊ အားလုံးက သတိအနေအထားနဲ့ ကိုယ့်ဘာသာ အန္တရာယ်ကင်းအောင် နေရတာပါ မေမေရာ၊ မေမေ့သားက ဖိုးကံကောင်းလေးပါ၊စိတ်မပူပါနဲ့၊ ဖေဖေကော ကမ်းကပ်နိုင်ပြီလား၊ ဖေဖေ့ကိုလည်း စိတ်မပူဖို့ ပြောလိုက်ပါဦးမေမေ”


         “အေးပါကွယ်၊ အများအကျိုးအတွက် ကိုယ့်အသက်ကို ပဓာနမထားဘဲ ရှေ့ကနေရဲရဲဝံ့ဝံ့နဲ့ အာဏာရှင်တွေကို တိုက်ခိုက်နေတဲ့မေ့သားလေး ဘေးမသီရန်မခ ကျည်လွဲနိုင်ပါစေ’’


         “ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏၊မေမေ၊အများအကျိုးအတွက်ပဲ မဟုတ်ပါဘူး၊ သားတို့ကိုယ်တိုင်အတွက်လည်း သားတို့တိုက်ပွဲဝင်နေတာပါမေမေ၊ မေမေ သားတို့ဘက်မှာ အင်တာနက်တွေဖြတ်ထားတော့ ဖုန်းလိုင်းနဲ့ အိမ်ကို ဆက်သွယ်ရတာဆိုတော့ သားနောက်မှာ အိမ်နဲ့ဆက်သွယ်မယ့်သူတွေရှိသေးတော့ သားဖုန်းချလိုက် တော့မယ်နော်၊ ကျန်းမာရေးကော အစစအရာရာ ဂရုစိုက်ပါမေမေ၊ သားပြန်လာမှ မေမေ့ကို အတိုးနဲ့ပြုစုတော့မယ်”


“အေးပါကွယ်”


………..


“လင်းအောင် ၊ ခုတော့လေ ငွေက အရေးကြီးတယ်ဆိုတာ ငါယုံပြီသိလား”


“ ဟ ဘုန်းမြတ်၊ အခုမှ ဉာဏ်အလင်းထပွင့်သွားတာလား ၊ ငါတော့ ကျောင်းကတည်းက လဝက်လောက်ဆို အိမ်က ပို့တဲ့ငွေ ကုန်ကတည်းက ငွေတန်ဖိုးအကြောင်း သိတာကွ”


“ချီးတဲမှ ငါ့က စကားအကောင်းပြောနေတာကို လာနောက်နေသေးတယ်”


“တစ်ခါတလေတော့လည်း စိတ်တွေကို ပေါ့ပေါ့ပါးပါးထားချင်လို့ပါကွာ၊ရိုင်ဖယ်ထုတ်တာကို ခဏမေ့သွားတာပေါ့”


“အေးကွာ၊ တကယ်လို့ ငါတို့မှာသာ ငွေကြေးတောင့်တင်းရင် ဒီခွေးတွေကို နေ့ချင်းညချင်းဆိုသလို မျိုးဖြုတ်နိုင်တယ်၊ အခုတော့ ငါတို့က ပြည်ပရောက်ပြည်သူတွေ ထောက်ပံ့တဲ့ငွေ၊ ကလစ်လို့ရတဲ့ငွေ၊ ပြည်တွင်းက ပြည်သူတွေ တတ်နိုင်သလောက်ထောက်ပံ့တာတွေနဲ့ ရှေ့ဆက်နေရတော့ ခရီးက ရောက်သင့်သလောက် မရောက်ဘူးပေါ့ကွာ”


“အေ့ကွာ ပြည်တွင်းက ပြည်သူတွေမှာလည်း စစ်ခွေးတွေ မျက်စိဒေါက်ထောက်ကြည့်နေတော့ ထောက်ပို့ အဖွဲ့တွေက အန္တရာယ်ကြားက လုပ်နေရတယ်။ ဒီထဲ တော်လှန်ရေးအကြောင်းပြပြီး အမြတ်ထုတ်တဲ့ ကောင်တွေက ရှိသေး ၊ တကယ်မလွယ်ပါဘူးကွာ၊ အခုဆို တချို့တွေက လက်လျှော့ချင်သလို ဖြစ်ကုန်ကြပြီ”

“အဓိကကငွေပဲ၊ မထောက်ပံ့နိုင်ရင်တောင် သတင်းတို့၊အလှူရှင်တို့၊ စီတူးဒီ အဲ့လို ကလစ်လို့ရတဲ့ အက်ပ်တွေရှိသလို  ဂိမ်းကစားတဲ့ ကောင်တွေအတွက်ဆို ပီဒီအက်ဖ်ဂိမ်းတို့၊ဆုရတနာတို့ ဘာတို့ညာတို့ ရှိနေတာပဲကွာ၊တချို့ကောင်တွေက ကလစ်တာတော့ မလုပ်ဘဲ အကြောင်းပြချက်တွေပဲပေးနေကြတာ၊ အင်တာနက်ရတဲ့ လူတွေ အနေနဲ့ အင်တာနက်မရတဲ့ ဒေသက လူတွေကို ငဲ့ပြီး ငွေကြေးအရ မထောက်ပံ့ နိုင်ရင်တောင် ဒါလေးတွေတော့ လုပ်ပေးသင့်ပါတယ်ကွာ”


“အေ…အဲဒါကို တချို့ကောင်တွေက အချိန်မအားဘူးလို့ပြောတဲ့ကောင်တွေ ရှိသေးတယ်ဟ၊ အဲဒါဆိုလည်းအချိန်မကုန်ရအောင် ယူကျုချန်နယ်တွေထဲ ဝင်ကြည့်လို့ရတယ်ကွာ၊လူတွေက ပြောရခက်ပါတယ်”


ဘုန်းမြတ်တို့ဒေသမှာ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသလိုဖုန်းလိုင်းများမှာလည်း အဆင်မပြေသောကြောင့် ထောက်ပံ့ပစ္စည်းများမှာ မျှော်မှန်းထားသလောက် မရရာ လက်နက်များကို ကိုယ်တိုင် တီထွင်အသုံးပြုရလေသည်။


လက်နက်တီထွင်ထုတ်လုပ်ရာတွင် လိုအပ်သည့်ပစ္စည်းမှာလည်း အပြည့်အစုံမရှိ၊ သံဖြတ်စက်၊ ဂဟေဆော်စက်များမှာ အဟောင်းများသာဖြစ်ပြီး စိတ်ချလက်ချအသုံးပြု၍မရဘဲ သတိနှင့်ကိုင်တွယ် အသုံးပြုရသည်သာ များသည်။ အကာအကွယ်ပစ္စည်းများဆိုသည်မှာ ဝေလာဝေး…..


ဘုန်းမြတ်တို့ လက်လုပ်မိုင်းမှာ အောင်မြင်သည်ဆိုသော်လည်း ရိုင်ဖယ်သေနတ် ထုတ်လုပ်ရာတွင် အနည်းငယ်အခက်တွေ့နေလေသည်။တစ်နေ့ ဘုန်းမြတ်တစ်ယောက် ရိုင်ဖယ် အတွက် လိုအပ်သည်များကို ပြုလုပ်နေစဉ် ဂဟေဆော်စက်မှ ဖောင်းခနဲ မြည်သံနှင့်အတူ ဘုန်းမြန်ကလည်း “အား……..”ဆိုပြီး အော်ရာဘုန်းမြတ်နှင့်အတူ လုပ်နေကြသူ နှစ်ဦးမှာလည်း”ဟာ…..သွားပါပြီကွာ”ဟု ညည်းလေသည်။


လင်းအောင်တစ်ယောက် ဘုန်းမြတ်အော်သံကြားသည်နှင့် ပြေးလာရာ

“ဟျောင့် ဘုန်းမြတ်၊ဘာဖြစ်တာလဲ၊ ဟျောင့် မင်းကွာ”

ဘုန်းမြတ်အား စခန်းဆေးပေးခန်းသို့ အမြန်ခေါ်ဆောင်သွားသော်လည်း မမီတော့။ ဘုန်းမြတ် မျက်လုံး တစ်စုံမှာ ဆုံးရှုံးခဲ့ရပေပြီ။ နှစ်ရက်လောက်ကြာသည်နှင့် မီဒီယာများမှ လက်နက်ထုတ်လုပ်ရေးအဖွဲ့မှ တပ်သား တစ်ဦး မတော်တဆ မျက်လုံးဆုံးရှုံးဆိုသော သတင်းများတက်လာသည်။


“လင်းအောင် မေမေလည်းခုဆို သတင်းတွေဖတ်ပြီး စိတ်တွေပူနေလောက်ရောပေါ့၊ အင်တာနက်က ဖြတ်၊ဖုန်းလိုင်းတွေ အဆင်မပြေတော့ တပ်သားဘယ်သူဆိုတာ အတိအကျမဖော်ပြနိုင်တာ တော်ပါသေးတယ်ကွာ၊ အဲဒါမေမေ့ကို စိတ်မပူစေချင်လို့ ဖုန်းခေါ်ပြီး အဖြူရောင်မုသား သုံးရတော့မယ်၊ အဲဒါငါ့ကို ကူညီပေးပါဦးကွာ”


လင်းအောင်တစ်ယောက် ဘုန်းမြတ်ကို ကြည့်ရင်းမျက်ရည်စတို့ ဝဲတက်လာသည်။

“အကူအညီတောင်းစရာမလိုပါဘူး ဘုန်းမြတ်ရာ၊ ငါလုပ်ပေးမှာပေါ့ကွာ”


ထို့နောက်လင်းအောင်တစ်ယောက်ဘုန်းမြတ်ကို ဖုန်းလိုင်းမိသည့်နေရာထိ တွဲလျှောက်လာသည်။


“သားဘုန်းမြတ်ရယ် မေမေ့မှာ စိတ်ပူလိုက်ရတာ၊ လက်နက်ထုတ်လုပ်ရေးက ထိတယ်ကြားလို့၊ အဲ့ကလေးကော ဘယ်လိုနေသေးလဲသား၊ သားကော ဂရုစိုက်ဦးနော်၊ မေမေတော့ တော်လှန်ရေးကြီး အမြန်အောင်စေချင်နေပြီ၊ မေမေ့မှာ သားအတွက် စိတ်မပူဘဲ အိပ်ရတဲ့ရက်တွေ တစ်ရက်မှ မရှိပါဘူးကွယ်”


ဘုန်းမြတ်တစ်ယောက် နာကျင်မှုနှင့် ဝမ်းနည်းမှုတို့မပေါ်စေရန် အသံကိုထိန်းရင်း


“မေမေကလည်း မေမေ့ သား ဖိုးကံကောင်း ဘာမှ မဖြစ်ပါဘူး၊ ဒီမှာခွေးတွေက စစ်ကြောင်းထိုးတာနဲ့၊ ဖုန်းလိုင်းတွေ မမိလို့ မဆက်ဖြစ်တာပါ၊ စိတ်မပူပါနဲ့မေမေရယ်၊ နောက်သား ဖုန်းမဆက်ဖြစ်လည်း လင်းအောင်ကို ဆက်ခိုင်းလိုက်မယ်၊ မေမေ စိတ်ဖြောင့်ဖြောင့်နဲ့သာနေနော်၊ဘာမှ တွေးပူမနေနဲ့”


“အမလေး သားရယ်၊ ဘယ်လိုလုပ်တွေးမပူဘဲ နေနိုင်မှာလဲ၊ မေမေ့မှာ ဒီသားတစ်ယောက်တည်း ရှိတာ”


ဘုန်းမြတ်မှာ ဆက်လက်ဟန်မဆောင်နိုင်တော့ဘဲ အသံတွေ တိမ်ဝင်စပြုလာသလို ဝမ်းနည်းလှိုက်ဖိုလာရာ

“ မေမေ ဖုန်းလိုင်းကလည်း ကြားတစ်ချက် မကြားတစ်ချက်နဲ့  စခန်းလည်း ပြန်ရတော့မှာမလို့ သားဖုန်း ချပြီနော်၊ မေမေလွမ်းတယ်၊ ချစ်တယ်နော် မေမေ”


နောက်ရက်များတွင်…………….


စစ်ခွေးများမှာ ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ပြီး ဘုန်းမြတ်တို့စခန်းကို ခြေလျင်ကြောင်းမှလည်း အင်အားအများအပြားဖြင့် ချီတက်လာကြသည်။ လင်းအောင်မှာ အရေးကြီးလိုအပ်သည်များကို ထုပ်ပိုးသယ်ယူပြီး အခြားရဲဘော်များမှာလည်း စခန်းဆုတ်ခွာကြရန် အသင့်ဖြစ်နေပေသည်။ ဘုန်းမြတ်အား ထမ်းစင်ဖြင့် သယ်ဆောင်ရန် ရဲဘော်နှစ်ဦးမှာလည်း အသင့်ဖြစ်နေသည်။ သို့သော် ဘုန်းမြတ်ကို သူတို့နားချ၍ မရ။


“ဘုန်းမြတ် မင်းဘာဖြစ်နေတာလဲကွာ၊ မင်းအမေကို စဉ်းစားပါဦး၊ အမြင်အာရုံဆုံးရှုံးရုံနဲ့ ငါတို့က မင်းကို ဘာလို့ အသေခံရမှာလဲကွာ၊ တိုက်ရင်း သေသွားခဲ့ရင်တောင် စစ်ခွေးတွေလက်ထဲ ငါတို့ရဲဘော်အလောင်းကို မထားခဲ့ဘူး၊ခုဟာက အင်အားမမျှလို့၊ ငါတို့ဆီမှာ လက်နက်မရှိလို့ ခဏဆုတ်ပေးတဲ့သဘော၊ မင်းလိုက်ခဲ့ကွာ၊ အချိန်ရှိတော့တာ မဟုတ်ဘူး”


“ငါသိပါတယ်ကွာ၊ ဒါပေမယ့် မေမေနဲ့တွေ့နိုင်ခဲ့ရင်တောင် ငါ့ဘဝက မေမေ့ကို မမြင်နိုင်တော့ဘူး၊ မေမေကလည်း  ငါ့ပုံစံကိုမြင်ရင် စိတ်ဆင်းရဲရမှာပဲ ၊ အဲ့အစား ငါတို့တွေ အပင်ပန်းခံပြီး တည်ဆောက်ခဲ့တဲ့ ဒီစခန်းမှာ စစ်ခွေးတွေကို ငရဲပို့ရင်း သေသွားတာက ပိုတန်တာပေါ့၊ မေမေ့ကိုတော့ ဒီအတောအတွင်း လင်းအောင်က ငါအဆင်ပြေကြောင်းပြောပေးပါကွာ၊ နောက် မင်းတို့တွေ အိမ်ပြန်တဲ့နေ့မှ ဘုန်းမြတ်ဟာ တိုက်ပွဲအတွင်း လှလှပပ ဘာဝေဒနာမှ မခံစားခဲ့ရဘဲ ကျဆုံးသွားကြောင်းပြောပေးပါ၊ ပြီးတော့ မင်းတို့အတွက် ဝန်ပိုကြီး မဖြစ်ချင်ဘူး၊ ငါ့ရဲ့ ဆန္ဒကို လေးစားပေးကြပါကွာ”


စစ်ခွေးတွေ နီးကပ်လာသည်ဖြစ်ရာ ဘုန်းမြတ်မှာလည်း ဆုံးဖြတ်ချက်ကို မပြင်သည့်အတွက် တပ်စိတ်မှူး နှင့်တကွ ရဲဘော်များမှာ မျက်ရည် ကျသူကကျ၊ အံကြိတ်သူကကြိတ်၊မျက်ရည်မကျစေရန် ထိန်းသူတို့က ထိန်းရင်း စခန်းစွန့်ခွာလာခဲ့သည်။


ဘုန်းမြတ်တစ်ယောက် နေ့အလင်းကို့မမြင်နိုင်တော့သည့်အလျောက် အမှောင်ထဲတွင် တစ်ဦးတည်း ရဲဘော်များ ဘေးကင်းလုံခြုံရာသို့ ရောက်ရန် သူပြုဖူးသမျှကောင်းမှုတို့ကို တိုင်တည်နေလေသည်။တိုင်တည်ရင်း တစ်ခါက သူဖတ်ဖူးသော်လည်း သိပ်နားမလည်နိုင်ခဲ့သော ဆရာမနုနုရည်အင်းဝ၏ ‘’အိပ်နေရင်ည နိုးနေရင်နေ့’’ဆိုတဲ့ စာအုပ်လေးကို သတိရမိသလို မိမိကိုယ်တိုင် အမှောင်ထဲတွင် ကြောက်လန့်နေပါလျက် ကြောက်စိတ်ကို ဖျောက်ကာ အားတင်းထားရလေသည်။စစ်ခွေးများက သေနတ်များ ရမ်းသန်းပစ်ခတ်လျက် စခန်းတွင်းသို့ ဝင်လာကြပေပြီ၊အမြင်အာရုံဆုံးရှုံး ပြီးနောက် မိမိအကြားအာရုံမှာ ယခင်ကထက်ပိုလာကြောင်းသတိပြုမိသည်။ 


တစ်စတစ်စ စစ်ခွေးခြေသံများ နီးကပ်လာသည်နှင့်အမျှ ကျွန်တော်လည်း အသက်ပြင်းပြင်း ရှူထုတ်ရှူသွင်းရင်း ကျွန်တော်ကိုယ်တိုင်ဖန်တီးထားသော လက်လုပ်မိုင်းများကို စနက်တံ ဆွဲဖြုတ်လိုက်လေတော့သည်……

 

ဘိုကျော်နွေဦး

2.6.2022 ၊ 11:15PM


Comments

Post a Comment