လည်သူ စားတမ်း

 လည်သူ စားတမ်း


ဇာတ်ဆောင်စုံ ထောက် စတင်ပေါ်ပေါက်လာသည့်နှစ်


၁၉၃၂ခုနှစ်


(ယခု ဝတ္ထုတွင် ဖော်ပြမည့် ဇာတ်ဆောင်စုံထောက်မှာ အာစင် လူပင် ကဲ့သို့ပင် စုံထောက်မည်ကာ မတ္တမဟုတ်ဘဲ သူခိုးစုံထောက် ဖြစ်သည်။ ဝတ္ထုရေးသူမှာ စာရေးဆရာကြီး လက်စလေ ရှာတာရိစ် ဖြစ်သည်။ ရှာတာရိစ်သည် စိန့်ကို ဇာတ်ဆောင်ပြုသည့် စုံထောက် ဝတ္ထုရှည်များ အများအပြား ရေးသားခဲ့သည်။အာစင်လူပင်ကို စာရေးဆရာကြီး မဟာဆွေက စောရသက်ပြင်း ဟူသော အမည်ဖြင့် မြန်မာမှု ပြုခဲ့ဖူးသကဲ့သို့ ယခု လက်စလေ ရှာတာလိစ်၏ ဇာတ်ဆောင်ဖြစ်သည့် စိန့်ကိုလည်း စာရေးဆရာကြီး ရွှေဥဒေါင်းက သူတော်စိန်အမည်ဖြင့် မြန်မာမှုပြုခဲ့ဖူးသည်)


ပေါင်ပေါ်တွင် ဖြန့်ထားသည့် သတင်းစာ မျက်နှာဖုံးမှ မိမိ၏ ဓါတ်ပုံကို ကြည့်ရင်း စိန့်ခေါ် ဆီမွန်တင်ပလာသည် အကြီးအကျယ် စိတ်ဓာတ်ကျသွား၏။


ထိုဓာတ်ပုံမှာ မကြာသေးမီ နှစ်များအတွင်းက ဓာတ်ပုံဆရာ အကျော်အမော်များ ရိုက်ခဲ့သည့် ဓာတ်ပုံဖြစ်၏။ ဓာတ်ပုံဆရာများသည် မိမိအား နာမည်ကျော်လူဆိုးကြီး ဖြစ်မည်ကို ကြိုတင်၍ သိမြင်နေကြ ၍လောမသိ။ သူ့ဓာတ်ပုံကို ထောင့်အမျိုးမျိုးမှ လှည့်၍ ရိုက်ထား ခဲ့ကြခြင်းဖြစ်သည်။ ပမာမခန့်ဟန်၊ ထင်းထင်းကြီး ပေါ်နေသောမေးရိုး

ချောပြောင်မည်းနက်ကာ နောက်သို့ လှန်ထားသည့်ဆံပင် လှောင်ပြုံးပြုံးတော့မည့် ဟန်ရှိနေသော နှုတ်ခမ်း စသည် တို့ သည် ပုံထဲတွင် အထင်းသားပေါ်နေကြ၏။ သူ့ကိုယ်ပိုင်ဟန်ဖြစ်၍ တစ်ဖက်သားကိုလှောင်ပြောင်သည့်ဟန် ချီနေသော မျက်ခုံးများအောက်မှ ထိုမျက်လုံး များသည် သတင်းစာထဲမှနေ၍ သူ့ကို လှောင်ပြောင်နေသကဲ့သို့ ရှိ၏။


ဓာတ်ပုံအောက်တွင် ပါရှိသည့် သတင်းစာမှာ ရှေ့မျက်နှာစာတွင် နှစ်ကော်လံမျှရှိပြီး အတွင်းဘက်သို့ ပင် ညွှန်းလိုက်သေးသည်။ သတင်း အရ ရုပ်ဖြောင့်၍ အရှောင်အတိမ်း ကောင်းသည့် လူကြီးလူကောင်း သူခိုးကြီး စိန့်သည် နောက်ထပ် ရာဇဝတ်မှုတစ်ခုကို ရဲတင်းစွာ ကျူးလွန်ပြီးနောက် အင်္ဂလိပ်တရားဥပဒေကို ရဲတင်းစွာ ရှောင်တိမ်း လျက်ရှိကြောင်း၊ ယခုဆိုလျှင် သူ့အမည်သည် သတင်းစာထဲတွင် စာလုံး မဲကြီးများဖြင့် ပါနေပြီဖြစ်ကြောင်း၊ အလယ်ခေတ် တုန်းက ပေါ်ပေါက်ခဲ့သည့် လူဆိုးကြီးများကဲ့သို့ တရားဥပဒေကို ရဲတင်းစွာ ချိုးဖောက်လျက်ရှိကြောင်း သူ့သတင်းသည် ပျင်းရိငြီးငွေ့ဖွယ် သတင်း များအကြားတွင် စိတ်ဝင်စားစရာ ကောင်းလျက်ရှိကြောင်းဖြင့် ရေးသား ကာ သူ့ကို “ခေတ်သစ် ရော်ဗင်ဟုဒ်” ဟု အမည်ပေးထားကြသည်။


မိမိစားပွဲဘေးရှိ စားပွဲတစ်လုံးတွင်မူ ဆံပင်လှလှနှင့် အင်္ဂလိပ် အမျိုးသမီးကလေး တစ်ယောက်သည် စားပွဲထိုး တစ်ယောက်အား လက်ဖက်ရည် ဖျော်နည်းအကြောင်းကို ပြင်သစ်စကား မတတ် တတတ်ဖြင့် ရှင်းပြလျက်ရှိ၏။ ကာဖေးရွိုင်ရယ်ရှိ အခြားသော စားပွဲ များတွင်မူ စားသောက်သူ အသီးသီးသည် ညနေသတင်းစာကို ဖတ်သူဖတ်၊ ညစာမစားမီ အရက်ချို မြည်းသူမြည်း၊ စကား ပြောသူပြော၊ ငြင်းခုံသူကငြင်းခုံ၊ ပလက်ဖောင်းပေါ်တွင် ဥဒဟိုသွားလာနေသူများကို ငေးကြည့်သူက ကြည့်လျက်ရှိကြ၏။ လက်ထဲ တွင် သတင်းစာများကို ပိုက်၍ထားသည့် သတင်းစာရောင်းသည့် လူငယ်ကလေးက


“ကဲ ညနေထုတ် ပါရီသတင်းစာတွေ စုံတယ်နော်၊ ညနေထုတ် တွေ”

ဟု အော်နေ၏။


မျက်နှာချင်းဆိုင် အဆောက်အအုံမှ နီယွန်ဆိုင်းဘုတ်ကြီးသည် လင်းလိုက် မှိန်လိုက် ဖြစ်လျက်ရှိ၏။


ပလက်ဖောင်းကို လွန်လျှင်ကား ပါရီမြို့ ရှောင်ဇလီဇေး လမ်းမကြီး၏ ဘီးတပ်ယာဉ် မျိုးစုံတို့သည် လှိုင်းလုံးကြီးများသဖွယ် ရွေ့ လျားလျက်ရှိ၏။ ထိုရှုခင်းကား ပါရီ၏ ညနေခင်းတည်း။ အခြား သော မြို့ကြီးများတွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပေလိမ့်မည်။


ဤသို့ အခြေအနေမျိုးတွင် မိမိ၏ ရုပ်ပုံနှင့်တကွ မိမိ၏ နောက်ဆုံး ပစ်မှုများကို ဖော်ပြထားသည့် သတင်းစာများ လူတိုင်း လက်ထဲတွင် ရောက်နေသည့်တိုင် ဣန္ဒြေမပျက် နေနိုင်သူမှာ စိန့်တစ်ယောက် သာလျင် ရှိပေလိမ့်မည်။ ။


ဆီမွန်တင်ပလာခေါ် စိန့်မှာ မည်သည့်အခါမျှ ဣနြေ ပျက်တတ်သူတစ်ယောက် မဟုတ်ချေ။ ထိုအချိန်၌ကား စိတ်တုန်လှုပ်ချောက်ချားလျက်ရှိသော ရေဒီယို သတင်းထောက် တစ်ယောက်သည် စကော့တလန်ယာဒ် စုံထောက်အဖွဲ့ အရာရှိများနှင့် ပနားမားသို့ ထွက်သည့် ပင်လယ်ကူးသင်္ဘော တစ်စီးမှ ကပ္ပံတန်တစ်ယောက်ကို တွေ့ဆုံမေးမြန်းလျက် ရှိ၏။ နာမည်ကျော် လူဆိုးကြီးစိန့်အား မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသူ ခရီးသည်တစ်ယောက်အား ခေါ်ဆောင်လာခဲ့ကာ ရေဒီယို သတင်းထောက်နှင့် တွေ့ဆုံပေးလျက်ရှိ၏။ ခရီးသည်သည် စိန့်၏ ရုပ်လက္ခဏာတို့ကို ရှင်းလင်းစွာ ပြောပြနေ၏။ စိန့်သည် မိမိအား သင်္ဘောပေါ်တွင် အစီအစဉ်၊ ခရီးသည်များအတွက် အစီအမံ၊ နေရာထိုင်ခင်းက ညံ့ဖျင်းကြောင်း သက်သေပြနိုင်ရန် ခရီးသယ်ကို ပေါင်ငါးရာ စရိတ်ထုတ်ပေး၍ အသွားခိုင်းလိုက်ပြီး သူ့ထွက်ချက်အရ သင်္ဘောကုမ္ပဏီကို တရားစွဲ လျော်ကြေးတောင်း ထား၏။ ဤတွင် စကော့တလန်ယာဒ်ကလည်း ထိုကိစ္စနောက်ကွယ် တွင် စိန့်ပါနေကြောင်းကို အနံ့ရသွားကာ သူ့နောက်ကို လိုက်နေ၏။ နောက်ဆယ်ရက် အတွင်း၌ကား စိန့်မှာ စကော့တလန်ယာဒ် စုံထောက် တို့ လက်လှမ်းမမီရာသို့ ရောက်နေလေပြီ။


စိန့်သည် သတင်းစာကို ခေါက်လိုက်ပြီးနောက် စီးကရက် တစ်လိပ်ကို မီးညှိလိုက်၏။ သူ့ကို ကြည့်ရသည်မှာ ဣနြေတစ်ချက်မျှ မပျက်ချေ။ ထိုမျှမက အတိတ်က ရာဇဝတ်မှုကြီးများကို ကျူးလွန်ခဲ့သည့် လူဆိုးကြီးတစ်ယောက်နှင့် လားလားမျှမတူဘဲ ထင်ရှားသည့် နိုင်ငံရေးသမား တစ်ယောက်၏ ဟန်ပန်မျိုး ပေါက်လျက် ရှိ၏။ အမှန်အားဖြင့်လည်း သူ့အဖို့ ချောင်ကလေး တစ်ချောင်ထဲတွင် သွား၍ ပုန်းနေစရာ အကြောင်း ဘာမျှမရှိချေ။


တစ်ဖက် စားပွဲတွင်မူ အင်္ဂလိပ် အမျိုးသမီးမှာ ပြင်သစ်စကားဖြင့် လက်ဖက်ရည်ဖျော်နည်း အကြောင်းပြောရင်း လုံးချာလည်လျက် ရှိလေပြီ။ သူ့စကားကို နားထောင်နေရသည့် စားပွဲထိုး၏ မျက်နှာမှာ လည်း သုန်မှုန်သည်ထက် သုန်မှုန်၍ လာခဲ့လေပြီ။ မိန်းမပျိုသည် အကူအညီတောင်းသည့် အနေဖြင့် ပြာလဲ့သော မျက်လုံးများဖြင့် စိန့်ကို လှမ်းကြည့်လိုက်၏။ စိန့်ကလည်း သူ့ကို လှမ်းကြည့်လိုက်သည်။


“ကျွန်တော် ရှင်းပြလိုက်ရမလား ခင်ဗျာ”


ဟု စိန့်က မေးလိုက်၏။


သူ့အသံက လှီးနေစဉ်တွင်ပင် လှီးမှန်းမသိရသော သံမဏိ တစ်ချောင်းလို ထက်မြက်သလောက် နူးညံ့ ချိုသာ၏။ စားပွဲများကို မျက်လုံးဝေ့၍ ကြည့်နေသည့် စားပွဲထိုး၏ မျက်လုံးများသည် သံလိုက် အိမ်မြှောင် အပ်နှစ်ချောင်းကြားသို့ ရောက်လာသည့် သံလိုက်တုံးလို သူ့ဆီကို ရောက်လာကြသည်။ ။


“ဒီက ညီမလေး ပြောနေတာက လက်ဖက်ရည် ကျိုခါနီးကျရင် အိုးကို မီးကင်းပူ တိုက်ပေးရမယ်တဲ့။ ပြီးတော့ လက်ဖက်ရည် အိုးထဲကို လက်ဖက်ခြောက် နှစ်ဇွန်းထဲ့ရမယ်တဲ့။ ပြီးတော့ ရေနွေးတဲ့ ရမယ်တဲ့၊ တပွက်ပွက် ဆူနေတဲ့ ရေနွေးကို ပြောတာနော်၊ သူ့အတွက် လက်ဖက်ရည်ပေးရင် အဲဒီလို လုပ်ပေးပါလို့ ပြောနေတာ၊ သွားလုပ်ချည် ပေတော့”


စားပွဲထိုးက မျက်နှာ ခပ်မှုန်မှုန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ယောင်တီးယောင်ကန်းဖြင့် ထွက်သွားသည်။ သူ့အထင်တွင်မူ နိုင်ငံခြားသားများသည် သူတို့ပြင်သစ်စကားကို သူ့လောက် ကျွမ်းကျင်ခြင်း မရှိနိုင်ဟု ထင်နေပုံရ၏။ ထို့ပြင် သူ့ကိုဝင်၍ သြဇာပေးသဖြင့်လည်း မကျေမနပ် ဖြစ်သွားဟန်တူ၏။ စားပွဲထိုးသည် ခပ်လှမ်းလှမ်းကို လျှောက်သွားပြီး အခြားစားပွဲထိုး တစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိသည်တွင် “ဒီအမေရိကန် ကောင်တွေက တယ် ဂျီးများတယ်” ဟုဆိုကာ တံတွေးတစ်ချက် ထွေးလိုက်သည်။ အမှန်အားဖြင့် သူပြောသည့် စကားမှာ ကြားနိုင်ဖွယ်မရှိ။ သို့ရာတွင်စိန့်မှာ အလွန်ရှားပါးသူ ဖြစ်သဖြင့် ထိုစကားကို သဲကွဲစွာ ကြားလိုက်သည်။


စိန့်သည် ပြုံးလိုက်၏။ အေးမြသော နွေဦး၏ ဆည်းဆာသည် တဖြည်းဖြည်း လျှောကျ လာနေလေပြီ။ ပါရီ၏ ညရှုခင်းသည် ကြည်နူးစရာ၊ ပျော်စရာ၊ ဝမ်းနည်းစရာ တို့ဖြင့် အစပြု နေလေပြီ။ စိန့်အဖို့ သော်မူ ကမ္ဘာ့မြို့တော်ကြီး တိုင်းသည် သူ့အတွက် ဥခွံကလေး တစ်ခုသာ ဖြစ်၏။ သူ့ အောင်နိုင်ရမည့် လောက တစ်ခုသာ ဖြစ်၏။ သူ့ အဖို့ အရာရာသည် စွန့်စားခန်းများသာ ဖြစ်၏။ စားပွဲထိုး တစ်ယောက်ကို နှိပ်လိုက်ရခြင်း၊ ဒုက္ခရောက်နေသည့် မိန်းမပျို ကလေး တစ်ယောက်ကို ကယ်ဆယ်လိုက်ရခြင်း စသည်တို့သည် ဘာမျှ အကြောင်းမဟုတ်၊ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရသလောက် မျှသာ ဖြစ်၏။


စိန့်သည် ကျေနပ်ရောင့်ရဲစွာဖြင့် စီးကရက်ကို ဖွာလိုက်၏။ ဒုတိယ လက်ဖက်ရည်တစ်အိုး ရောက်လာပြန်သည်။ မိန်းမပျိုသည် လက်ဖက်ရည်ကို ပန်းကန်ထဲသို့ လောင်းထည့်၍ မြည်းကြည့် လိုက်ပြီးနောက် စိတ်ပျက် လက်ပျက်ဖြင့် မျက်နှာကို ရှို့လိုက်သည်။ မိန်းမပျို၏ နှုတ်ခမ်းမှာ မဲ့လိုက်သည့်တိုင် လှပနေဆဲ ဖြစ်သည်ကို သူသတိပြုမိလိုက်၏။


“ကိုယ်ဆိုရင်တော့ ဒီလောက်ညံ့တဲ့ လက်ဖက်ရည် မသောက် တော့ဘူး။ မာတီနီကိုပဲ သောက်တော့မယ်”


ဟု မိန်းမပျိုကို ပြောလိုက်သည်။


စိန့်သည် ပြောပြောဆိုဆို မာတီနီ တစ်ခွက်ကို လှမ်းမှာ ပေးလိုက်၏။


မိန်းမပျိုက သူ့ကို အားကျသည့်ဟန် ကြည့်နေသည်။


“ကျွန်မလည်း ရှင့်လို ပြင်သစ်စကား တတ်ချင်လိုက်တာရှင်”


စိန့်က လေသံ ခပ်ရွှင်ရွှင်ဖြင့်


“ကိုယ်က တခြား ဂုဏ်သရေရှိ လူကြီးလူကောင်းတွေထက် ဒီကို မကြာခဏ ရောက်လေ့ရှိတာကိုး၊ ကိုယ်က အရက်အလွန်သောက်တတ်တဲ့ အနုပညာ ကျောင်းသားတွေကို ငှားတဲ့ ဒူးမားစ် လမ်းက အိမ်တစ်အိမ်မှာ အိမ်စောင့်လည်း လုပ်ခဲ့ဖူးတယ်။ ကိုယ်တို့ အားလုံး အက်ပ်ဆင်သီ အရက်ချိုကို သောက်ပြီး ကတ္တီပါအင်္ကျီတွေကို ဝတ်ကြရတယ်။ ပြီးနောက်တော့ အဲဒီထဲက တစ်ဝက်လောက်ဟာ စုံထောက်တွေ ဖြစ်နေတယ်ဆိုတာ သိတာနဲ့ အလုပ်က ထွက်လာတာ”


မျက်လုံးပြာ ကလေးက ရယ်လိုက်သည်။ ။


“ဒီလိုဆိုရင် ရှင်က ပါရီမှာ တော်တော်နှံ့ စပ် မှာပေါ့ နော်”


“အင်း………..နှံ့စပ်တယ် ဆိုပါတော့၊ ဒီက ညီမလေး သွားချင် တယ်ဆိုရင် ပါရီဟာလည်း ညီမလေးရဲ့ ပါရီပါပဲ။ ဣန္ဒြေရရ ညကလပ်တွေလည်း ရှိတယ်။ မုတ်ဆိတ်နီနီနဲ့ အနုပညာသည် တွေလည်း ရှိတယ်။ အပက်ချီ လူရိုင်းတွေလို ဝတ်စားထားတဲ့ ရပ်ကွက် တွေလည်း ရှိတယ်”


စားသောက်ပြီးသည့် အခါ၌ အမျိုးသမီးက ကြက်ဥ အသားညှပ် ကြော်ထားပုံက တော်တော် ကောင်းတာပဲနော်၊ နည်းကောင်းတစ်ခု ရှိပုံရတယ်”


ဟု ပြောသည်။


“ရှိတာပေါ့၊ ချက်နည်း ပြုတ်နည်းကောင်း ဆိုတာဟာ လူ့ဘဝမှာ အမြင့်ဆုံးသော လျှို့ဝှက်ချက်ကြီး တစ်ရပ်ပေါ့။ အဲဒီလျှို့ဝှက်ချက်ကိုနှလုံးသား ဖြူစင်တဲ့သူတွေ၊ အခက်အခဲ တွေကို တွေ့ကြုံပြီး အကျပ် အတည်းတွေကို တွေ့ကြုံဖြတ်သန်းခဲ့သူတွေ မှသာ ရတတ်ကြတာ


ကလား ။


အမျိုးသမီးက သူထုတ်ပေးသည့် စီးကရက်တစ်လိပ်ကို ယူလိုက် ပြီးနောက် သူ့မီးချစ်မှ မီးတောက်ထဲသို့ ထိုးလိုက်၏။ သူ့မျက်လုံးပြာ တစ်စုံသည် စားပွဲပေါ်မှ ကျော်ကာ သူ့ကို ကြည့်နေသည်။ စားကောင်းသောက်ဖွယ်တို့ကို အတူတကွ စားသောက်ပြီးသည့်နောက်တွင် ဖြစ်ပေါ်လေ့ရှိသော ကြည်နူးမှု၊ ရင်းနှီးမှုမျိုးကို မျက်လုံးများက ဖေါ်ပြလျက် ရှိကြ၏။


“ဧည့်သည်တော်ကြီး နဲ့တွေ့ရတာ ကျွန်မ သိပ်ပျော်တာပဲရှင်။ ရှင်က အစစ အရာရာကိုလည်း တည်တည်ငြိမ်ငြိမ် ကြည့်တတ်တယ်။ ပြီးတော့ စပ်စပ်စုစု မေးခွန်းတွေကိုလည်း မမေးဘူး”


သူ့ဘဝတွင် စိန့်သည် အရာတော်တော်များများကို အေးဆေး တည်ငြိမ်စွာ လက်ခံခဲ့ဖူး၏။ သို့ရာတွင် သူ့ကို ယခုလို ထုတ်ဖော် ချီးမွမ်းသံမျိုးကို တစ်ခါမျှ မကြားဖူးသေး။


‘စပ်စပ်စုစု မေးခွန်းတွေကတော့ စောသေးလို့ မမေးသေး တာပါကွယ်၊ နောက်တော့ မေးမှာပါ။ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် ရှိတယ်ဆိုတာကလည်း သိပ်တော့ မဆန်းပါဘူး၊ ဒို့လို လူဆိုး သူခိုးဆိုတာ တော်တော်တန်တန် ကိစ္စမျိုးနဲ့ ပတ်သက်လို့ သိပ်ပြီး မတုန်လှုပ်တတ်ဘူး မဟုတ်လား”


အမျိုးသမီးက စီးကရက် မီးခိုးကလေးများကို မျက်နှာကျက်ဆီသို့ မှုတ်ထုတ်လိုက်၏။


“ကျွန်မ ဧည့်သည်ကြီးနဲ့ စကားလေး နည်းနည်း ပြောစရာ ရှိတယ်ရှင့်။ မိန်းကလေးဆိုတာ စကားကလည်း ခပ်များများ မဟုတ်လား၊ ဒီနေ့ ကျွန်မတို့နှစ်ယောက် တွေ့ပုံက တော်တော်အိမ်မက် ဆန်တယ်နော်။ ကျွန်မတို့ နှစ်ယောက်ဟာ အရင်တုန်းကလည်း တစ်ခါမှ မတွေ့ဖူးဘူး။ နောင်လည်း တွေ့ချင်မှ တွေ့ရမှာ။ ကျွန်မတို့ နှစ်ယောက် တွေ့ကြပုံဟာ တကယ့် ဇာတ်လမ်းတို ကလေးနော်။ နောင်ဆိုရင် ဒီဇာတ်လမ်းတိုကလေးကို မှတ်မိချင်မှ မှတ်မိ ကြတော့မှာ”


“အဲဒီ ဇာတ်လမ်းလေးထဲမှာ လူကြမ်းတော့ ပါမယ်မထင် ပါဘူးနော်”


“ပါတယ်ရှင့်၊ အဲဒီလူကြမ်းက မှူးမတ်ကြီးတစ်ဦး၊ အဲဒီ မှူးမတ်ကြီးရဲ့ နာမည်ကို ရှင်လည်း ကြားဖူးချင် ကြားဖူးမှာပေါ့။ သူ့နာမည်က အမတ်ကြီး နောဝိတ်တဲ့”


ထိုအမည်ကို စိန့်ကြားဖူးသည်။ စိန့်သည် အထက်တန်းစားထဲမှ မုန်းစရာကောင်းသူများ အကြောင်းကို အကုန်သိသူ ဖြစ်၏။ လွန်ခဲ့သည့် စစ်ပွဲကြီးအတွင်းက အမတ်ကြီး နောဝိတ်သည် ခေတ်ပျက် သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့သည် မဟုတ်လော။ အညံ့စား ဖိနပ်ကြိုးများကို ထုတ်ကာ ဗြိတိသျှ စစ်တပ်သို့ ကန်ထရိုက် သွင်းခဲ့သဖြင့် ထိုလိုမျိုး တိုင်းချစ်ပြည်ချစ် အပြုအမူကြောင့် သူဌေးကြီး တစ်ဦး ဖြစ်လာခဲ့သည် မဟုတ်လော။


နောက်ပိုင်းတွင် အမတ်ကြီးနာဝတ်သည် ဖိနပ်ကြိုးများကို ထုတ်လုပ်သည့် လုပ်ငန်းသာမက တခြားသော လုပ်ငန်းများကိုပါ တိုးချဲ့ လုပ်ကိုင်လာခဲ့ကာ လက်ဝါးကြီးအုပ် လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။ မကြာမီကမူ အမတ်ကြီး နောဝိတ်သည် သူ့လုပ်ငန်း


ကိစ္စများကို သားသမီးများ လက်သို့ လွှဲပြောင်းပေးခဲ့ကာ ပါရီမြို့အနီးရှိ စံအိမ်ကြီး တစ်ဆောင်တွင် အေးဆေးစွာ နေထိုင်ခဲ့သည်။


“ဟုတ်တယ်၊ သူ့အကြောင်းကို ကိုယ်ကြားဖူးတယ်၊ တခြား လူတွေရဲ့ သွေးတွေကို စုပ်ယူခဲ့တဲ့ နေရာမှာ သက်သေထူပြနိုင်တဲ့ အထိမ်းအမှတ် ကျောက်တိုင်ကြီး တစ်တိုင်ဆိုပါတော့”


အမျိုးသမီးက မာတီနီဝိုင်ကို စုပ်လိုက်ရင်း သဘောကျသည့်နှယ် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ အမျိုးသမီးသည် တစ်စုံတစ်ရာကို စဉ်းစားနေဟန်တူ၏။ ထို့ နောက် သူ့ဘက်သို့ ဆတ်ခနဲ လှည့်လိုက်ကာ


“ဒီမှာ ဧည့်သည်ကြီးရယ်၊ အင်မတန် ကြီးကျယ်တဲ့ ပျော်ပွဲရွှင်ပွဲ အခါကြီးမှာ မိန်းကလေးတစ်ယောက် ဘယ်ကိုများ သွားလို့ ကောင်းမယ် လို့ထင်သလဲ”


“ကိုယ်သာဆိုရင်တော့ အဲဒီမိန်းကလေးကို ဆိန်းမြစ်တစ်ဖက် ကမ်းက စိန့်မစ်ရှယ် ရပ်ကွက်မှာရှိတဲ့ ပျော်ပွဲစားရုံ တစ်ရုံကို ဖိတ်မှာပဲ။ အဲဒီမှာ အေးအေးချမ်းချမ်းလည်း ရှိတယ်။ တိတ်လည်း တိတ်ဆိတ် တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ကြက်ဥ အစာသွတ်ကြော် လည်းရနိုင်တယ်။ ပြီးတော့ ရထားစီးပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုတဲ့ ကရိုစာရီဒီလိုက်လားက ကော်ဖီကိုလည်း သွားသောက် နိုင်သေးတယ်။ ကော်ဖီ သောက်ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ နေရာကိုသွားရုံပေါ့”


ဒီလိုဆိုရင် ကျွန်မ အဲဒီနေရာကို သွားချင်လိုက်တာရှင်”


စိန့်က ရာတန်တစ်ချပ်ကို ကျောက်ဖြူစားပွဲပေါ်တွင် ဖျတ်ခနဲ ထောင်ပြလိုက်ပြီး စားပွဲထိုးကို ခေါင်းညိတ် ခေါ်လိုက်၏။ စားပွဲထိုးက


သားရေအိတ် ဖောင်းဖောင်းကြီးထဲမှ အကြွေတွေကို ထုတ်၍ ပြန်အမ်းသည်။


“ကဲ သွားကြစို့”


အမျိုးသမီးက လက်အိတ်နှင့် လက်ကိုင်အိတ်ကို ကောက်ယူ လိုက်၏။ စိန့်က စားပွဲကို ဘေးသို့ဖယ်လိုက်ပြီး သူ့အတွက် လမ်းရှင်း ပေးလိုက်သည်။ စိန့်သည် စားပွဲထိုး၏ ခြေထောက်ကို တက်နင်းမိပြီး ရှေ့ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ခေါင်းပြောင်ပြောင်နှင့် လူကြီး တစ်ယောက် အပေါ်သို့ လဲကြတော့မည် ပြုသည်။ သို့သော် ချက်ချင်း ကိုယ်ကို ပြန်မတ်နိုင်သဖြင့်သာ လဲကျမသွားခြင်း ဖြစ်၏။ ထိုအတော အတွင်း၌ကား စားပွဲထိုး၏ သားရေအိတ် ဖောင်းဖောင်းကြီးသည် စိန့်လက်ထဲသို့ ရောက်သွားခဲ့လေပြီ။


“ဆောရီးကွာ”


စိန့်က စားပွဲထိုး၏ ပခုံးကို ပုတ်ပြောခဲ့ပြီးနောက် ရှေ့မှ ထွက်သွားသော အမျိုးသမီး၏ နောက်သို့ လိုက်လာခဲ့သည်။


တက္ကစီတစ်စီး လျှောခနဲ ကပ်လာသဖြင့် သူတို့နှစ်ယောက်သည် တက္ကစီပေါ်သို့ တက်လိုက်ကြ၏။ `ဧည့်သည်ကြီးရေ၊ ကျွန်မ ဆယ့်နှစ်နာရီအထိ အားတယ်နော်” ဟု အမျိုးသမီးက ပြောသည်။


အမျိုးသမီးသည် ကားထိုင်ဖို့ကို မှီ၍ ကိုယ်ကို ဆန့်လိုက် ပြီးနောက် သေးသွယ်သည့် ခြေထောက်များကို ဆန့်တန်းကာ ခြေချောင်း ကလေးများကို ရှေ့ထိုင်ဖုံပေါ်သို့ မှေးတင်ထားလိုက်၏။ လမ်းဘေးမှ မီးရောင်များသည် သူ့မျက်နှာလေးပေါ်သို့ ရိပ်ခနဲ ရိပ်ခနဲ ထိုးကျသွားသဖြင့် မှုန်ရီရီ အလင်းရောင်ထဲတွင် သူ့မျက်နှာကလေးသည် တစ်မျိုးလှနေသည်။ ထို့ နောက် သူ့မျက်နှာသည် မှောင်ပြပြထဲသို့ ပြန်ရောက်သွားပြန်၏။


“ဒါဖြင့် မင်းက ဆယ့်နှစ်နာရီ ဒေါင်ခနဲ ထိုးတာနဲ့ တစ်ပြိုင်နက် အိမ်ကို ပြန်သွားမယ်ပေါ့၊ ကိုယ့်အတွက် အမှတ်တရ အဖြစ် ဖန်လွှာ ဖိနပ်ကလေး တစ်ဖက်ကိုပဲ ချန်ထားခဲ့တော့မယ်ပေါ့၊ ဟုတ်လား”


“အိမ်ကို မပြန်သေးဘူးရှင့်၊ ဒီနေ့ညမှာ ကျွန်မအိမ်တစ်အိမ်ကို ဖောက်ထွင်းစရာ ရှိသေးတယ်၊ သိပြီလား” | ပျော်ပွဲစားရုံသို့ ရောက်သည့်အခါတွင် နာမည်ကျော် အသားညှပ် ကြက်ဥကျော်ကို စားရသည်။ သူ့တစ်သက်တွင် သည်မျှကောင်းသော အသားညှပ် ကြက်ဥကျော်ကို မစားဖူးသေးပါဟု အမျိုးသမီးငယ်က ဆိုသည်။ ကြက်ဥကျော်က တကယ့် ပါးပါးလှပ်လှပ်ကလေး၊ ပင့်ကူအိမ်ကို ရက်ထားသည့်နှယ် နုရွနေသည်။ အတွင်းက အရောင် ကလည်း နီပြေပြေ ရွှေရောင်သန်းလျက်။ ကြက်ဥ မပျစ်တပျစ် ခေါက်ကြော်ထားခြင်း ဖြစ်၏။


အမတ်ကြီး နောဝိတ်က ကျွန်မဦးလေး တော်တယ်ရှင့်၊ ကျွန်မ နာမည်က မော်လီပါ”


စိန့်သည် ထိုစကားကြောင့် ကြောင်အမ်းအမ်း မဖြစ်တော့။ နောဝိတ်အကြောင်း သူပြောလိုက်ပုံက များစွာ ယဉ်ကျေးခြင်း မရှိလှ သော်လည်း မတတ်နိုင်။ “ဒီလိုဆိုရင် မင်းဘက်မှာ တို့များ ရှိပါတယ်ကွယ်” ဟု စိန့်က နှစ်သိမ့်သည့် လေသံဖြင့် ပြော၏။


“ကျွန်မ အဖေက အောက်စဖို့တက္ကသိုလ် အင်ဂျင်နီယာဌာနမှာ ပါမောက္ခပါ။ ကျွန်မအဖေ နာမည်တော့ ရှင်ကြားဖူးချင်မှ ကြားဖူးမှာပါလေ။ ကျွန်မအဖေနဲ့ ကျွန်မဦးလေးဟာ ညီအစ်ကိုသာ ဆိုပေမယ့် စရိုက်ချင်း နည်းနည်းလေးမှ မတူကြဘူး။ ဦးလေး နောဝိတ်က ပိုက်ဆံလောက်ကိုပဲ ကြည့်တာ။ ဖေဖေကြတော့လည်း ပိုက်ဆံကို နည်းနည်းလေးမှ မမက်ဘူး။ သူ့ဘာသာသူ အေးအေးပဲ နေတာပဲ။ အလုပ်ခွင်က ထွက်လိုက်တာနဲ့ ဖေဖေဟာ ကလေးတစ်ယောက်လို ဖြစ်နေတယ်။ သူတို့ နှစ်ယောက်စလုံးဟာ အောက်ခြေက စတက် လာကြပြီး၊ သူတို့လိုချင်တဲ့ ရည်မှန်းချက်တွေကို ရသွားကြပါတယ်။ ဦးလေးနောဝိတ်ဟာ သူဌေးကြီးဖြစ်သွားပြီး ဖေဖေကတော့ စာကြိုးစားရင်း ရပ်စကင် စကောလားရှစ် ဆုရပြီး အောက်စဖို့ တက္ကသိုလ်ကို ရောက်သွားတယ်လေ။ ခုတော့ ပါမောက္ခကြီး ဖြစ်နေပြီ။ အဲ သူတို့နှစ်ယောက်ကြားမှာ ပြဿနာ ဖြစ်လာတာက မေမေပဲ။ ဦးလေးက မေမေ့ကို ကြိုက်တယ်၊ ဒါပေမယ့် မေမေက ဖေဖေ့ကို လက်ခံလိုက်တယ်”


စိန့်က ခေါင်းညိတ်လိုက်၏။


“ဦးလေး နောဝိတ်ဟာ ဖေဖေ့အပေါ်မှာ သိပ်ပြီး အခဲမကျေလှဘူး။ အမှန်ကတော့ မေမေ့ကို သူတကယ်မချစ်လို့ပါ၊ တကယ်မချစ်လို့ ပိုက်ဆံနဲ့ ကျော်ကြားမှုနောက်ကို လိုက်သွားတာပေါ့၊ ဒါပေမယ့် သူ့ပိုက်ဆံနဲ့ ကျော်ကြားမှုဟာ မေမေ့အချစ်ကို ဝယ်ယူလို့မရဘူးလေ။ သူ့ပါးစပ်ကတော့ ထုတ်မပြောပါဘူး။ ဖေဖေ့ကိုဆိုရင် အရင်တုန်း ကလိုပဲ ပုံမပျက် ဆက်ဆံတာပါပဲ။ ဒါပေမယ့် ဖေဖေကတော့ သူ့ကို သတ်မယ့် လူသတ်သမားကိုတောင်မှ မေတ္တာရှေ့ထားနိုင်တဲ့ လူမျိုး ဆိုတော့ ဒါတွေကို ဘာမှ အမှတ်မထားပါဘူး။ ကျွန်မဦးလေး နောဝိတ်အခြေနေကို မြင်တော့ ဖေဖေ့ကို ပြောတယ်။


ဖေဖေကကျွန်မစကားကို မယုံဘူး။ မယုံတဲ့အပြင် ဦးလေးနောဝိတ်နဲ့ လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးလို့ ဦးလေးနောဝိတ်မှာ ပိုပြီး ချမ်းသာသည်ထက် ချမ်းသာသွားသေးတယ်။ ဖေဖေက စက်ပစ္စည်းတို့ ဘာတို့ကို တီထွင်တာကိုလည်း ဝါသနာပါတယ်လေ။ စစ်ဖြစ်တုန်းက ဖေဖေက စက်ပစ္စည်းတစ်ခုကို တီထွင်ပေးလိုက်တယ်။ သူတီထွင်ပေးလိုက်တဲ့ ပစ္စည်းကြောင့် ဦးလေးနောဝိတ်မှာ ရလိုက်တဲ့ ပိုက်ဆံတွေ နည်းသလား၊ ဒါပေမယ့် ဖေဖေ့ကို ပေါင်ငါးဆယ်ပဲ ပေးတယ်။ ကျွန်မပြောတဲ့ အဖြစ်အပျက်ကို နားထောင်ရတာ စုံထောက်ဝတ္ထု တစ်ပုဒ်ကို ဖတ်နေရတာနဲ့ မတူဘူးလားဟင်”


“အင်း ……………နည်းနည်းတော့ တူလာပြီ။ ကိုယ်ကလည်း အဲဒီလို စုံတောက်ဝတ္ထုမျိုး ဆိုရင် ကြိုက်တယ်”


အမျိုးသမီးက ကြက်ဥအသားညှပ်ကြော်ကို စာယလိုက်ပြီးနောက် ခက်ရင်းကို ပန်းကန်ပြားပေါ်သို့ ချထား လိုက်သည်။


အမယ်လေး ဒီလိုဆိုရင် သိပ်ကောင်းတာပေါ့၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် တုန်းကတော့ ဖေဖေဟာ ဂီယာအမျိုးမျိုး ထိုးလို့ရတဲ့ မော်တော်ကား အင်ဂျင်တစ်ခုကို တီထွင်နေတယ်ရှင့်။ အဲဒီကားက ဘရိတ်ဖမ်း ထားရင်လည်း မောင်းလို့ ရတယ်ရှင့်။ အရှိန်ကို မလျော့စေ ရဘူး ဆိုပါတော့၊ ထားပါတော့လေ။ ကျွန်မ ပြောနေတာတွေက သိပ်ပြီး အသေးစိတ် ကျနေမလားတော့ မသိဘူး။ ဒါတွေကို ဖေဖေ ပြောနေကျဖြစ်လို့ ကျွန်မလည်း နားရည်ဝနေလို့ ပြောမိတာပါ။ ကျွန်မပြောချင်တာက ဖေဖေ့ရဲ့ တီထွင်မှုဟာ စက်မှုပညာဘက်မှာ အရင်တုန်းက ဘယ်သူမှ မလုပ်ခဲ့ဖူးသေးတဲ့ တီထွင်မှုလို့ ပြောချင် တာပါ။ သူ့တီထွင်ချက်ကြောင့် သန်းချီပြီး ချမ်းသာတဲ့သူမှာ ချမ်းသာနေပြီ။


ဒါပေမယ့် ဖေဖေ့မှာတော့ ဘာအကျိုးကျေးဇူးမှ ခံစားရတာ မဟုတ်ဘူး။ ဖေဖေကလည်း သူ့အင်ဂျင်စက်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ချင်တယ်။ အထူးသဖြင့် ရေလည်ဆုံကို အကောင်းဆုံး ဖြစ်အောင် လုပ်ချင်တယ်။ အဲဒါတစ်ခုပဲ ကျန်တော့တဲ့အတွက် ဖေဖေလည်း တတ်နိုင်သမျှ ကြိုးစားနေတာပဲ။ လွန်ခဲ့တဲ့ သုံးလလောက် တုန်းကတော့ အဲဒီကိစ္စအတွက် စမ်းသပ်မှုတွေကို လုပ်လိုက်တာနဲ့ ရှိတဲ့ ပိုက်ဆံကလေးလည်း ကုန်သွားပြီ။ ဒါနဲ့ ဖေဖေလည်း ဦးလေး နောဝိတ်ဆီကို သွားပြီး အကူအညီတောင်းတယ်” ။


စိန့်၏ စိတ်သည် တစ်နေရာသို့ ရောက်သွားကာ တစ်စုံတစ်ရာကို တွေးနေဟန်ရှိ၏။ စိန့်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက် ပြီးနောက် အမျိုးသမီးကို အကဲခတ်နေသည်။


“နောဝိတ်က သူ့ကို အကူအညီ ပေးမှာပေါ့”


“ဖေဖေ့ကို ပေါင်တစ်ထောင် ချေးပါတယ်။ အာမခံပေါ့လေ။ အဲ တရားဥပဒေ သဘောအရ ဖြစ်အောင်ဆိုပြီး နည်းနည်းပါးပါး စာချုပ် ရတာလေးတွေလည်း ရှိတာပေါ့။ ဒီလောက်ဆိုရင် ရှင်ရိပ်မိလိမ့်မယ် ထင်ပါတယ်”


“အင်း …………….ရိပ်မိလိမ့်မယ် ထင်တာပဲ”


“အာမခံဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး။ ဖေဖေ့ရဲ စက်ပုံကြမ်းကို ဦးလေးနောဝိတ်က သူ့မီးခံသေတ္တာ ထဲမှာ ထည့်ထားလိုက်တယ်လေ။ အကျိုးခံစားခွင့် တွေကိုလည်း ဦးလေး နောဝိတ်ကို လွှဲပေးပါ့မယ်ဆိုတာ လက်မှတ်ထိုး ထားရတယ်။ အကြွေး ပြန်ဆပ်သည်အထိ ဦးလေးနောဝိတ်မှာ အကျိုးခံစားခွင့် ရှိနေတယ် ဆိုပါတော့။ ဒါကိုတော့ စာချုပ်ထဲမှာတော့ ရေးမထားပါဘူး။ နှုတ်နဲ့အာမခံရတာပေါ့။ ဖေဖေကလည်း ဥပဒေ သဘောတွေ ဘာတွေကို သိပ်နားလည်တာ မဟုတ်တော့ အဲဒါတွေအားလုံးကို လက်မှတ်ထိုး ပေးလိုက်တယ်။ အဲဒီတုန်းက ကျွန်မကလည်း အိမ်မှာ မရှိဘူး။ ကျွန်မပြန်ရောက်တော့ လက်မှတ်ထိုးပြီးနေပြီ”


“ဒါဖြင့် ခုည မင်းဖောက်ထွင်းမယ်ဆိုတာ အဲဒီအိမ် ဆိုပါတော့”


အမျိုးသမီးက သူ့ကို လှမ်းကြည့်လိုက်သည်။ ပြာလဲ့ တောက်ပနေသည့် သူ့မျက်လုံးများက ပိုင်းဖြတ်မှုကို ဖေါ်ပြ နေကြသည်။ ။


“ဒီမှာ မိတ်ဆွေကြီး၊ ကျွန်မတို့နှစ်ယောက် ဟန်ဆောင်တမ်း ကစား မနေကြပါနဲ့စို့ ။ ရှင်းရှင်းပဲ ပြောကြတာပေါ့ ။ ဒီလို ဟန်ဆောင်တမ်း မကစားချင်လို့ဘဲ ရှင့်ကို ကျွန်မ ဒီအကြောင်းတွေ ဖွင့်ပြောနေတာပေါ့။ ဟုတ်တယ်။ ဒီနေ့ည ကျွန်မ ဦးလေးနောဝိတ် အိမ်ကို ဖောက်မယ်။ ကျွန်မ သူ့အိမ်ကို ဖောက်ထွင်းပြီး သော့ကို ရှာမယ်။ ပြီးတော့ မီးခံသေတ္တာကို ဖွင့်မယ်။ ဖေဖေ လက်မှတ် ထိုးထားတဲ့ စာရွက်စာတမ်းတွေကို ပြန်ယူမယ်။ ခုဆိုရင် ဖေဖေဟာ သူ့ရေလည်ဆုံကို ပြီးအောင် မလုပ်ရသေးဘူး။ လုပ်ပြီးတယ် ဆိုရင် လည်း သူ့အကြွေးကို ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။


ဒါကို ဦးလေး နောဝိတ် သိတယ်။ အဲဒီကား အင်ဂျင်ပုံစံကို ပြင်သစ် မော်တော်ကား ကုမ္ပဏီတစ်ခုကို ရောင်းဖို့ စကားတောင် ကမ်းလှမ်း ထားပြီးပြီ။ ကျွန်မတို့ အနေနဲ့ သူ့ကို တရားဥပဒေအရ ဘာမှ မလုပ်နိုင် တော့ဘဲ ဒီအတိုင်း လက်ပိုက် ကြည့် နေရတော့မှာပဲ။ သူက လက်ရှိ ဖြစ်နေသေးတာကိုး။ တရားဥပဒေ သဘောနဲ့ ကြည့်ရင် လက်ရှိကပဲ နိုင်မှာပဲ။ စာချုပ်နဲ့ ပုံစံသာ ကျွန်မတို့လက်ထဲ ရောက်ဖို့ အရေးကြီးတယ်။ ကျွန်မတို့ လက်ထဲ ရောက်တယ်ဆိုရင် ဦးလေးနောဝိတ် လည်း တရားရုံးကို တက်ပြီး တရားစွဲရဲမှာ မဟုတ်ဘူး။ သူချုပ်ထားတဲ့ စာချုပ် စည်းကမ်းချက်တွေက တရားနည်းလမ်းမှ မကျတော့ တရားရုံးကို သူ ဘယ်တက်ရဲပါ့မလဲ။ ဒီလိုပြောတော့ ရှင်က ကျွန်မကို ရူးများရူးနေတယ် ထင်သလား မသိဘူး”


“သိပ်တော့ မထင်ပါဘူး၊ နဲနဲပါးပါးပဲ ထင်တာပါ”


အမျိုးသမီးက ဝိုင်ကလပ်မှ လက်ကိုင်ပုဝါ ကလေးကို လက်ဖျား ကလေးများဖြင့် လှည့်ကာ ကစားလိုက်ရင်း


“ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ၊ ဒါထက် နာမည်ကျော် သူခိုးကြီး စိန့်ဆိုတဲ့ လူအကြောင်းကို ရှင်များ ကြားဖူးမလား မသိဘူး”


စိန့်က မျက်နှာကို မဖော်ဘဲ ခေါင်းငုံ့လျက် “ခေတ်သစ် ရော်ဘင်ဟုလို့ တော့ ပြောကြတာပဲ”


“ဒီလိုကိစ္စမျိုးဆိုရင်တော့ သူ စိတ်ဝင်စားမှာပါ။ အလုပ်က တရားဥပဒေနဲ့ ဆန့်ကျင်ပေမယ့် တရားမျှတတဲ့ အလုပ်မဟုတ်လား၊ ခုနေ သူနဲ့ တွေ့ချင်လိုက်တာရှင်။ သူနဲ့များတွေ့ရရင် ဘယ်လောက်ကောင်းမလဲ မသိဘူး။ သူသာဆိုရင် ကျွန်မအခြေအနေကို သဘော ပေါက်မှာပါ။ ကျွန်မ ဒီလိုလုပ်တာကိုလည်း အားပေးမှာပဲ။ ဒီက ဧည့်သည်ကြီးလည်း ကျွန်မပြောတဲ့စကားကို စိတ်ရှည်ရှည် နားထောင်တယ် ဆိုကတည်းက ကျွန်မကို ကူညီတာနဲ့ အတူတူပါပဲ။ ကဲပါရှင်၊ ကျွန်မ ပြောချင်တာတွေ ပြောပြီးပါပြီရှင်၊ ရှင်ပြောချင်တာ ကိုလည်း ပြောပါဦး။ ပြီးတော့ ရှင်ပြောတဲ့ ကော်ဖီဆိုင်ကို သွားပြီးကော်ဖီသောက် ကြတာပေါ့။ ကျွန်မ ပြောတာတွေကို မေ့ပစ်လိုက် ပါတော့”


စိန့်က ပြုံးသည်။


စိန့်က နောက်ဆုံးကျန်သည့် ဝိုင်ကိုငဲ့လိုက်ပြီး ဖန်ခွက်ကို မြှောက်လိုက်၏။ ဖန်ခွက် နှုတ်ခမ်းပေါ်မှ ကျော်၍ မိန်းမပျို ကို ရဲတင်းစွာ ခြေဆုံးခေါင်းဆုံး သိမ်းကျုံးကြည့်လိုက်သည်။ ရဲတင်းသည့် သူ့အကြည့်သည် ပမာမခန့်သော သူ့အပြုံး၊ လှောင်ပြောင် သရော်သည့် ဟန်ဖြင့် အထက်သို့ တက်နေသည့် သူ့မျက်ခုံးများနှင့် လိုက်ဖက် နေ၏။ ။


“ကိုယ်ကတော့ မင်းပြောတာတွေကို သိပ်မမေ့ချင်ဘူးဗျ။ မင်းပြောတဲ့ သူခိုးကြီး စိန့်ဆိုတာ တခြားလူမဟုတ်ပါဘူး။ ကိုယ်ပဲ။ မင်းပြောတဲ့ မီးခံသေတ္တာဆိုတာ ကိုယ်ဖွင့်လို့မရအောင် လုပ်ထားတဲ့ မီးခံသေတ္တာ မဟုတ်ပါဘူး။ ကဲ…ပြောနေကြာတယ်ကွယ်။ မင်းဦးလေး နောဝိတ်အိမ်ကို သွားမယ်”


“ဒီအိမ်ပဲရှင့်”


အမျိုးသမီးက ပြောသည်။ စိန့်သည် ကားစက်ကို သတ်လိုက်ပြီးနောက် ခြံစည်းရိုး မှောင်ရိပ်တွင် ထိုးရပ်လိုက်၏။ ကားမှာ အမျိုးသမီး၏ ကားဖြစ်သည်။ အမျိုးသမီးသည် ထိုကိစ္စအတွက် ကားယူလာခြင်းဖြစ်သည်။


အမတ်ကြီး နောဝိတ်၏ အိမ်မှာ နပိုလီယံခေတ် ပုံစံအတိုင်း ဆောက်ထားသည့် ရှေးစံအိမ်ကြီး တစ်လုံးဖြစ်သည်။ ခြံဝင်းကျယ် ကြီးထဲရှိ တောင်ကုန်းထိပ် တစ်ခုပေါ်တွင် ဆောက်ထားပြီး ပေတစ်ရာ နှင့်လည်း တော်တော် အလှမ်းဝေးသည်။ စိန့်သည် ထိုင်ခုံပေါ်တွင် ထိုင်နေရာမှ အိမ်ကြီးကို လှမ်းကြည့်လိုက်သည်။ ခိုင်ခံ့၍ လေးထောင့် ကျသည့် အိမ်ကြီး အထက်ပိုင်းအား မီးခိုးရောင် မှိုင်းမှိုင်းသုတ်ထားသည်ကို မြင်ရ၏။ စိန့်သည် ကော်ဖီဆိုင်ထဲတုန်းက အမျိုးသမီး ဆွဲပြသည့် အိမ်ပုံစံကို ကြည့်ခဲ့ရာ ယခုအိမ်ကြီးကို မြင်လိုက်သည့် အခါတွင်မူကား ထိုအိမ်ကြီးတွင် နှစ်ပေါင်းများစွာ ကျင်လည် ခဲ့ဖူးသည့်နှယ် အိမ်ထောင့်တိုင်း အခန်းတိုင်းကို ကောင်းစွာ သိနေလေပြီ။ ထိုညဉ့်မှာ လရောင်ကြယ်ရောင်တို့ ကင်းမဲ့သောညဉ့် ဖြစ်၏။ သို့ရာတွင် မှောင်ကြီးအတိ ကျနေသည့် ညဉ့်ကား မဟုတ်ချေ။ သူတို့နှစ်ယောက် အတွက်မူ အလုပ်လုပ်၍ အနေတော်ပင်ဖြစ်သည်။ စိန့်က စီးကရက် မီးညှိလိုက်သည့် အခါတွင် တဇွတ်ထိုးလုပ်မည့် ထင်ရှား ပြတ်သားသော သူ့မျက်နှာကို မြင်လိုက်ရသည်။


“ကျွန်မအတွက် ဘာဖြစ်လို့ ဒီလိုများ လိုက်လုပ်ပေးနေသလဲ ဆိုတာ ကျွန်မဖြင့် မစဉ်းစား တတ်အောင်ပဲ” ဟု အမျိုးသမီးက ပြောလိုက်၏။


“ဒါကတော့ ကိုယ့်ဝါသနာ မို့ပါကွယ်။ ကိုယ်က ဒီလို ကစားနည်းမျိုးကို ကစားရတာ ပျော်တယ်လေ။ ကိုယ့်စိတ်မှာလည်း နောဝိတ်လို ငှက်မျိုးကို ပစ်ချင်နေတာနဲ့ အတော်ပဲ။ ခုကိစ္စမျိုးကတော့ အင်မတန် ရှားပါးတဲ့ ကိစ္စမျိုးပဲ။ ဒီလို ဇာတ်လမ်းမျိုးကို ဘယ်သူမှ ထွင်ပြောနိုင်မှာ မဟုတ်ဘူး။ ဒီလို အလုပ်မျိုး လုပ်ရလို့ကတော့ မိုင်ပေါင်းများစွာက ပြေးလာဆိုလည်း ပြေးလာမှာပဲ”


“ဒီလိုဆိုရင် ကျွန်မအဖို့ ရှင်နဲ့ တွေ့ရတာ ကံကောင်းတာပေါ့ နော်”


စိန့်က စီးကရက်ကို အဆုတ်ထဲ ရောက်အောင် ရှိုက်လိုက်သည်။ စီးကရက် မီးခိုးနှင့်အတူ မွှေးပျံ့သော သစ်ရွက်နံ့များကိုပါ ရလိုက်၏။


“ဒီလို ကိစ္စမျိုးက ကိုယ်ဝါသနာပါတဲ့ ကိစ္စမျိုး မဟုတ်လား၊ လက်တွေ့ ကျမှာပေါ့”


“တကယ်လို့ ဦးလေးနောဝိတ် နိုးနေရင်ကော”


“ချက်ချင်း နှစ်နှစ်ချိုက်ချိုက် ပြန်အိပ်သွားအောင် အိပ်မွေ့ချရမှာပေါ့”


“တကယ်လို့ ရှင့်ကို အစေခံတွေက ဝိုင်းဖမ်းကြရင်ကော”


“သူတို့ကို သုံးယောက် တစ်တွဲစီ ကြိုးနဲ့တုပ်ပြီး ကိုယ်က အမှောင်ထဲ ထွက်ပြေးမှာပေါ့”


တကယ်လို့ မိသွားတယ် ဆိုရင်ကော”


စိန့်က ရယ်လိုက်၏။


“ကိုယ့်ကို မိသွားတယ်ဆိုရင် ကမ္ဘာကြီး ပျက်စီးလုနီးပါးလိုပဲ ဖြစ်ရမှာပေါ့။ ဒီလောက်လည်း စိတ်မပူပါနဲ့လေ။ ကိုယ့်ကိုမိတယ်ဆိုရင် အထဲက ဆူဆူညံညံ အသံတွေတော့ မင်းကြားရမှာပေါ့။ ဆူဆူညံညံကြားရင် ကားကို မောင်းပြီး လစ်ပေတော့၊ မင်းကိစ္စအတွက် လာတာလို့ မပြောပါဘူး။ စိတ်ချပါ။ ကိုယ့်ဘာသာကိုယ် အိမ်ဖောက်တာလို့ ပြောမှာပေါ့”


စိန့်သည် သပ်ရပ်လှပသည့် ဘောင်းဘီခြေထောက်ထဲမှ လှပသော ခြေတံ ရှည်ရှည်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မြေကြီး ပေါ်သို့ ဆင်းလိုက်သည်။ ခဏကြာလျှင် စိန့်သည် အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေပြီ။


စိန့် သည် မြက်တောထဲတွင် ကြောင်တစ်ကောင်၏ ယုံကြည် စိတ်ချခြင်းမျိုးဖြင့် ပေါ့ ပါး လျင်မြန်စွာ လျှောက်လာခဲ့သည်။ အိမ်အနီး သို့ ရောက်သည့်အခါတွင် အိမ်ရှေ့ ပြတင်းပေါက်များမှ အလင်းရောင် ပြူထွက်လျက် ရှိသည်ကို မတွေ့ရ။ သို့ရာတွင် သေချာစေရန်အတွက် အိမ်ကြီးကို တစ်ပတ် ပတ်ကြည့်လိုက်သည်။ စိန့်၏မျက်လုံးများသည်ကြာရှည်ကျင့်သားရပြီး ဖြစ်သည့်အလျောက် ခဏအကြာတွင် အမှောင် ထဲ၌ ကျင့်သားရသွား၏။ စိန့်သည် ခြေထောက်အောက်တွင် မြက်ပင် ကလေး တစ်ပင်ကိုမျှ မလှုပ်စေရဘဲ သွက်လက်ပေါ့ပါးစွာ လျှောက်လာ ခဲ့သည်။


အောက်ထပ်မှာ ပြတင်းပေါက် ရှည်ကြီးများ၊ မုခ်ဦးကြီးများ တပ်ထားသည့် နံရံကြီးဖြစ်သည်။ အခန်းများတွင် ဝက်သစ်ချ တံခါးများကလည်း အထူကြီးတွေ ဖြစ်၏။ လူတစ်ယောက် ဖွင့်ဖို့ မပြောနှင့်။ လူအုပ်ကြီးနှင့် ချီပြီး တုံးကြီးနှင့် တိုက်ဖွင့်လျှင်ပင်တော်တော်နှင့် ပွင့်နိုင်မည်မဟုတ်။ သို့ရာတွင် ရှေ့ဘက်တွင် ခံတပ်ကြီးတစ်ခုလို အခိုင်အမာ ဆောက်ထားသည့် အိမ်ကြီးများသည် နောက်ဘက်တွင် “အခွင့်မရှိ မဝင်ရ” ဟူသော ဆိုင်းဘုတ်ကလေးမှ အပ တစ်ခြားဘာမျှ အကာအကွယ် မရှိတတ်သည်ကို ဖောက်ထွင်းမှု အတွေ့အကြုံအရ စိန့်က သိပြီးဖြစ်၏။ စိန့်သည် ခပ်ဟဟ ဖြစ်နေသည့် ပြတင်းပေါက် ပေါင်ပေါ်သို့ အသာတက်လိုက်ပြီး အောက်သို့ လျှော့ချလိုက်၏။


ထို့နောက် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။ အိတ်ဆောင် လက်နှိပ်ဓာတ်မီး ကလေးတစ်လက်၏ အကူအညီဖြင့် ပင်မ ဓာတ်အားပေး ခလုတ်ကြီးကို လိုက်ရှာကာ အထဲမှ ဗျူးစ်ကို ဖြတ်လိုက် သည်။ အကယ်၍ အရေးအကြောင်းရှိလျှင် အိမ်ရှိ အစောင့်များသည် မီးမရှိသဖြင့် အခက်အခဲ တွေ့ကြတော့မည်။ သူ့အဖို့ သော်မူ အမှောင်ကို ကျင့်သားရပြီး ဖြစ်သည့်အတွက် ပူစရာမရှိ။ ထို့နောက် စိန့်သည် အလယ်ခန်းမ ဆောင်ကြီးအတိုင်း လျှောက်လာခဲ့ကာ ဝက်သစ်ချ တံခါးကြီးများကို မင်းတုပ်ဖြုတ်သည်။ အချို့ကို သံကြိုးဖြေသည်။


အချို့ကို သော့ဖြင့် ဖွင့်လိုက်သည်။ ကျင့်သားရပြီး မျက်လုံးများဖြင့် အရေးရှိက အသင့်ဖွင့်နိုင်ရန် အပေါက်များကို လိုက်ကြည့်ပြီး နောက်ဆုံးတွင် စာကြည့်ခန်းရှိ ပြတင်းပေါက်များ အားလုံးကို ဖွင့်ထားလိုက်၏။ ထိုကိစ္စများပြီးမှ မီးခံသေတ္တာကို ရှာရမည်။


အမျိုးသမီးသည် မီးခံသေတ္တာရှိသည့် နေရာကို အတိအကျ ပြောလိုက်ပြီးဖြစ်၏။ မီးခံသေတ္တာမှာ နံရံထဲတွင် မြှပ်၍ ထည့်ထား၏။ မီးခံသေတ္တာရှေ့တွင် စာအုပ်စင်ကလေးတစ်ခု ကွယ်ထားပြီး ခလုတ်ကို နှိပ်လိုက်သည်နှင့် စာအုပ်စင်ကလေးသည် တံခါးတစ်ချပ်လို ဘေးသို့ ရွေ့ သွားသည်။ စိန့်သည် လက်နှိပ်ဓာတ်မီးဖြင့် မီးခံသေတ္တာကို သုံးစက္ကန့်လောက် အကဲခတ်ကြည့်လိုက်သည်။ အခါတိုင်း မီးခံ သေတ္တာများဆိုလျှင် ကောက်ထားသည့် ဆံထိုးကလေး တစ်ချောင်း၊ သို့ မဟုတ် သံဘူးဖွင့်သည့် ပစ္စည်းကလေးကို သုံးလိုက်ခြင်းဖြင့် ကိစ္စပြီးနိုင်သည်။ ယခု မီးခံသေတ္တာကမူ ထိုပစ္စည်းများကို သုံး၍ရမည်မထင်။


စိန့်သည် အလယ် ခန်းမကြီးဘက်သို့ ပြန်ထွက်လာကာ သွက်လက်ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျယ်ပြန့်သည့် လှေကား ကြီးအတိုင်း အပေါ်ထပ်သို့ တက်လာခဲ့၏။ သူ့တွင် အခါတိုင်းဆောင်နေကျ ဖောက်ထွင်းကိရိယာများ ထည့်သည့် အိတ်ကလေး မပါလာခဲ့။ သို့ သော် ကိစ္စမရှိပါ။ မီးခံသေတ္တာများမှာ အများအားဖြင့်


သော့ရှိသည့် မီးခံသေတ္တာများ ဖြစ်ကြောင်း၊ ထိုသော့များသည်လည်း မီးခံသေတ္တာ ပိုင်ရှင်များထံတွင် လုံခြုံစွာ သိမ်းထားတတ် ကြောင်း၊ ထို့ကြောင့် ဖောက်ထွင်းသမားများအဖို့ မီးခံသေတ္တာဖွင့်ရန် နိုက်ထရို ဂလစ်စရင်းနှင့် အောက်ဇီအက်ဆယ်တလင်း ဓာတ်များကို မှုတ်၍ဖွင့်ရသည့် ပိုက်ကလေးများ ယူဆောင်လာရလေ့ ရှိကြောင်းကို စိန့်သိပြီးဖြစ်၏။ ယခု သူ့တွင် ထိုပစ္စည်းများလည်း ပါမလာခဲ့ချေ။


အခန်းထဲသို့ ရောက်သည့်အခါတွင် အမတ်ကြီးဝိတ်သည် နှစ်ချိုက်စွာ အိပ်ပျော်လျက် ရှိသည်ကို တွေ့ရ၏။ အထူးသဖြင့် လည်ချောင်းဆီမှ မြည်နေသော ဟောက်သံကို သူသတိပြုလိုက်မိ၏။ နိုးလာသည့် တိုင်အောင်လည်း ထိုမျှပေါ့ပါး သွက်လက်သောလက်ဖြင့် သူ့အိမ်ခန်း တံခါးအား တွန်းဖွင့်လိုက်သည်ကို သူ သိနိုင်မည်မထင်။ ဗီရိုအံဆွဲထဲမှ သော့ကို ထုတ်ယူသည်ကိုလည်း သူသိမည်မဟုတ်။ ထိုမျှမက သူ့လည်ပင်းတွင် ချိတ်ဆွဲထားသည့် သော့တွဲထဲမှ သော့ တစ်ချောင်းအား ဖြုတ်ယူသည့်တိုင် သိမည်မဟုတ်ဟု စိန့် တွက်ပြီးသား ဖြစ်သည်။


စိန့်သည် တစ္ဆေတစ်ကောင်လို လှစ်ကနဲ အောက်ထပ်သို့ ဆင်းလာခဲ့ပြန်သည်။ သော့တွဲထဲမှ သော့တစ်ချောင်းဖြင့် ဖွင့်ကြည့် လိုက်သည့် အခါတွင် လေးလံသော မီးခံသေတ္တာမှ သံမဏိ တံခါးကြီးသည် အသာကလေး ပွင့်သွားရာ သည်မျှ လွယ်ကူ သည့်အတွက် သူကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။ စိန့်သည် လက်နှိပ်ဓာတ်မီးကို ခလုတ်ဖွင့်ထားပြီး သေတ္တာတစ်နေရာတွင် ထောင် ထားလိုက်၏။ လက်နှိပ်ဓာတ်မီးမှ အရောင်ကြောင့် မီးခံသေတ္တာ တစ်ခုလုံးကို ကောင်းစွာမြင်နေရသည်။ စိန့်သည် လက်အိတ် စွပ်ထားသည့် လက်များဖြင့် လုပ်စရာရှိသည်ကို သွက်လက်စွာ လုပ်သည်။ တစ်ချီတွင် သူ့ခေါင်းအထက်ဆီမှ ကွီခနဲ မည်သံကို ကြားလိုက်ရသဖြင့် သူ့ တစ်ကိုယ်လုံးသည် ကျောက်ရုပ်ကြီးလို အေးစက်ကာ မတုန်မလှုပ် ဖြစ်သွား၏။ သို့ရာတွင် သူ့ကြောင့်အသံမြည်ခြင်း မဟုတ်။ တစ်နေရာက မြည်ခြင်းဖြစ်သည်။ ထို့ကြောင့် စိန့်သည် အလုပ်ကို ဆက်လုပ်၏။

အင်ဂျင်စက်ပုံစံ အကြမ်းများမှာ ဖူးလ်စကက်စာရွက်များပေါ်တွင် ရေးဆွဲထားပြီး ဖူးလ်စကက် စာရွက်များကို တိပ်ဖြင့်ကပ်ထား၏ ။ အညွှန်းများ ရေးထားသည့် စာရွက်များကိုမူ ရှည်လျားသည့် စာအိတ် ရှည်ကြီး တစ်ခုထဲတွင် ထည့်ထားပြီး စာအိတ်ပေါ်တွင် “ပီဂေးဆပ် ဘက်စုံပြောင်းဂီယာ” ဟု ရေးထားသည်။ ထိုစာရွက်များ နှင့်အတူ ကြွေရောင်စက္ကူပေါ်တွင် ရိုက်ထားသည့် စာချုပ်တစ်ခုကိုလည်း တွေ့ရ၏။ ထို့ပြင် နာမည်ကျော် ပြင်သစ်မော်တော်ကား ကုမ္ပဏီမှ ပေးစာများကိုလည်း တွေ့ရသေးသည်။

စိန့်သည် နောက်ထပ် ဆယ်မိနစ်ခန့် အလုပ်များလျက်ရှိ၏။ သူ့ကိစ္စထဲတွင် စိတ်ဝင်စားလျက် ရှိခြင်းကြောင့် သာမန်ဆိုလျှင် သူအလွယ်တကူ ကြားနိုင်သော အသံသဲ့သဲ့များကို သူသတိမထား လိုက်မိချေ။ သူ့ကိစ္စအပြီးတွင် သူပထမဆုံး ကြားလိုက်ရသောအသံမှာ အပြင်ဘက်စကြံမှ ဖော့၍နင်းလိုက်လာသော ခြေသံများနှင့် တီးတိုး ပြောသံများ ဖြစ်သည်။ ထို့ကြောင့် စိန့်သည် ခေါင်းကို ဆတ်ခနဲမော့၍ နားစွင့်လိုက်သည်။

ထို့နောက် သူ့မျက်လုံးများသည် ခပ်စောစောက သူပြန်ပိတ် ခဲ့သည့် မီးခံသေတ္တာဆီသို့ အလိုလိုရောက်သွားကြ၏။ ဤတွင် ခပ်စောစောက သူသတိမထားခဲ့မိသော အရာတစ်ခုကို သွားတွေ့၏။ ထိုအရာမှာ အခြားမဟုတ်။ ကြမ်းပြင်မှ တစ်လက်မ မရှိတရှိ ထိုးထွက်နေပြီး မီးခံသေတ္တာအောက် သမံတလင်း အပေါက်ထဲသို့ မြုပ်ဝင်နေသည့် ပိုက်လုံးတစ်လုံး ဖြစ်သည်။ မီးခံသေတ္တာကို ဖွင့်လျှင်အချက်ပေးသည့် ဝါယာကြိုးထည့်ထားသော ပိုက်လုံးဖြစ်သည်။ အမျိုးသမီးကမူ အချက်ပေး ခလုတ်များမရှိဟု သူ့ကိုပြောလိုက်ပြီးဖြစ်သည်။ သို့ရာတွင် နောဝိတ်သည် ထိုအချက်ကိုမူ မည်သူ့အားမျှ အသိပေးဟန်မရှိ။ ထို့ကြောင့် အမျိုးသမီး မသိခြင်းဖြစ်သည်။ ယခုမူ စိန့် အလစ်တွင် ခံလိုက်ရလေပြီ။ ။

ထိုစဉ် မှောင်ရိပ်ထဲမှ လက်နှိပ်ဓာတ်မီးရောင် သေးသေးကလေး တစ်ခုသည် ပေါက်ကွဲမှုတစ်ခုလို ရုတ်တရက် ထွက်ပေါ်လာ၏။ စိန့်သည် အမှောင်ထဲတွင် ပြတင်းပေါက်ဆီသို့ လှမ်းခုန်လိုက်ပြီး ပြတင်းပေါက်ကိုပိတ်၍ မင်းတုပ်ချလိုက်သည်။ အခန်း အလယ်ကောင် သို့ ပြန်လာရင်း မျက်နှာအောက်ပိုင်းကို လက်ကိုင်ပဝါ ဖြင့် စည်း လိုက်၏။ အမှောင်ထဲတွင် တံခါးမကြီးဆီသို့ လာခဲ့ကာ တံခါး လက်ကိုင်ဘုကို ဖမ်းကိုင်ပြီး အသာလှည့်ကြည့်လိုက်၏။ အောက်သို့ တဖြည်းဖြည်းလျှော၍ စမ်းကြည့်လိုက်သည့် အခါတွင် သော့ပေါက် ထဲတွင် သော့ကိုမတွေ့ရချေ။ စိန့်ဦးနှောက်သည် လျင်မြန်စွာ အလုပ် လုပ်လျက်ရှိ၏။ သူ့ ဦးနှောက်သည် အကျပ်အတည်း ကြုံလာလျင် ထက်မြက် လာတတ်သည် မဟုတ်လော။ ။

စိန့်သည် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ပြီး အလယ် ခန်းမဆောင်ထဲသို့ လှမ်းဝင်လိုက်သည်။ သူ့ လက်ယာ ဘက် အိမ်နောက်ဖေးသို့ ထွက်သည့်လမ်းတွင် အရပ်မြင့်မြင့် ကိုယ်လုံး ကိုယ်ပေါက် တုတ်ခိုင်သည့် ဘဏ္ဍာစိုးကြီး ရပ်လျက်။ သူ့ ကိုယ်တွင် ညဉ့်ဝတ်အင်္ကျီကို ဝတ်ထားပြီး တုတ်ကြီး တစ်ချောင်းကို ကိုင်ထားသည်။ သူ့လက်ဝဲဘက် အိမ်ရှေ့ပေါက်သို့ ထွက်သည့် လမ်းတွင် ဘောင်းဘီတို စွပ်ကျယ်အကျီတို့ကိုသာ ဝတ်ထားသည့်လူငယ်တစ်ယောက်။ ရှေ့တည့်တည့် အပေါ်ထပ်မှဆင်းသည့် ကား ရင်းတွင်မူ အိမ်ရှင် အမတ်ကြီး နောဝိတ်သည် လက်တစ်ဖက်တွင် ဖယောင်းတိုင်ကို ကိုင်ထားပြီး အခြား လက်တစ်ဖက်တွင်ခြောက်လုံးပြူးကို ကိုင်လျက်။ ပဝါစည်းထားသည့် အောက်မှ သူ့ နှုတ်ခမ်းများပေါ်တွင် လှောင်ပြုံးကလေးတစ်ခု ပေါ်လာသည်။

“သော် မိတ်ဆွေကြီးတို့ လား။ ကျွန်တော့်ကိုတော့ မျှော်လင့် ထားကြပုံ မရဘူးထင်ပါရဲ့နော်။ ကျွန်တော်တို့ ဧည့်ခံကြတဲ့နေရာမှာ အဝတ်အစား အပြည့်အစုံဝတ်ပြီးမှ ဧည့်ခံကြတာ များပါတယ်ဗျာ။ ခု ခင်ဗျား တို့မှာတော့ အဝတ်အစားတွေ ကိုးရိုးကားယားနဲ့ ကြည့်မကောင်းပါဘူး။ ဒီအဝတ်အစားအတိုင်း ဆိုရင်တော့ ကျွန်တော် ခင်ဗျားတို့ကို အတွေ့မခံနိုင်ပေဘူး ထင်တယ်ခင်ဗျ”

ဟု ယဉ်ကျေးစွာ ပြောလိုက်၏။

စိန့်သည် အထဲသို့ ပြန်ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။ ဘဏ္ဍာစိုးနှင့် လူငယ်သည် ရုတ်တရက် ကြောင်ကြည့် နေကြသည်။ ခဏကြာမှ သတိပြန်ရလာကာ တံခါးဆီသို့ ပြေးလာခဲ့ကြ၏။ တံခါးကို အတင်းဖွင့်၍ လိုက်လာခဲ့ကြသည် တွင် အမတ်ကြီး နောဝိတ်သည် ဖယောင်းတိုင်ကို ကိုင်ထားရင်း နောက်မှ လိုက်လာသည်။ အခန်းထဲသို့ ရောက်သည့်အခါတွင် ဟာလာ ဟင်းလင်းဖြစ်နေသော စာကြည့်ခန်းကိုသာ တွေ့ရသည်။ သူတို့ သုံးယောက်သည် ကျီးကန်းတောင်းမှောက် မျက်လုံးများဖြင့် အခန်း ပတ်ပတ်လည်ကို ကြည့်နေကြသည်။ ။

နောက်ဆုံးတွင် ဘဏ္ဍာစိုးက သတိပြန်ရလာကာ စတင် လှုပ်ရှားလာ၏။ ဘဏ္ဍာစိုးသည် ခြေဖျားထောက်၍ ရှေ့သို့ တိုးလာကာစာကြည့်ခန်းထောင့်တွင် ချထားသည့် ဆိုဖာကြီးတစ်လုံး နောက်ကွယ် သို့ ငုံ့ကြည့်လိုက်သည်။ လူငယ်သည်လည်း သူ့နမူနာကိုကြည့်ကာ ပြတင်းပေါက်ဆီသို့ ပြေးလာပြီး ခန်းဆီးကြီးကို ဘေးသို့ ဆွဲကြည့် လိုက်သည်။ အပြင်ဘက် မှန်တံခါးမှ သူတို့ကို ကြည့်နေသည့် အခြား အစေခံနှစ်ဦး၏ မျက်နှာကို တွေ့လိုက်ရသည်။ အစေခံနှစ်ယောက်သည် ငါးကန်ထဲမှ လန့်ဖျပ်သွားသော ငါးနှစ်ကောင်လို မျက်နှာကို နောက်သို့ ဆုတ်လိုက်ကြသည်။ အမတ်ကြီးနောဝိတ်မှာမူ မီးတောက် ယိမ်းထိုးလျက်ရှိသော ဖယောင်းတိုင်ကို မြှောက်ကိုင်ထားရင်း အခန်း ထဲ၌ ရပ်နေလေ၏။

စိန့်သည် ကြီးမားသည့် စာအုပ်စင်ကြီး တစ်ခု၏ထိပ်တွင် လဲလျောင်းနေရာမှ ကျားသစ် တစ်ကောင်လို ဖျတ်လတ်ပေါ့ပါးစွာအောက်သို့ ခုန်ဆင်းလိုက်ရာ နေဝိတ်၏ နောက်သို့ ရောက်သွား၏။ ထို့နောက် နောဝိတ်၏ ခေါင်းမှ ဆံပင်ကို အသာဆွဲကိုင်၍ ခေါင်းကို နှိမ့်ချလိုက်သည်တွင် အမတ်ကြီး နောဝိတ်မှာ အလန့်တကြား အော်လိုက်သည်။ စိန့်သည် နောဝိတ်ကို ခပ်ပြင်းပြင်း ရှေ့သို့ တွန်းချလိုက်ရာ နောဝိတ်သည် မှောက်လျက် လဲကျသွားပြီး ဖယောင်းတိုင် မီးတောက်လည်း ဟုတ်ခနဲ ငြိမ်းကာ တစ်ခန်းလုံး မှောင်မဲ သွားလေ၏။

အမှောင်ထဲတွင် ဂျိမ်းခနဲ တံခါးပိတ်လိုက်သံကို ကြားလိုက် ရသည်။

“ခုနေ မြို့ထဲပြန်သွားရင် ကပွဲရုံသွားပြီး တစ်ချီတစ်မောင်း လောက်တော့ အချိန်ရသေးတယ်”

ဟု စိန့်က ပြောသည်။

စိန့်သည် အမှောင်ထုကြီးထဲမှ ဘွားခနဲ ပေါ်လာကာ အမျိုး သမီးဘေးသို့ ရောက်လာ၏။ အမျိုးသမီးက အလန့်တကြားအော် လိုက်သည်။

လန့်လိုက်တာရှင်၊ ကျွန်မကိုများ တမင်လန့်အောင် လုပ်နေ သလားမသိဘူး” | ဟု အမျိုးသမီးက ပြောသည်။

စိန့်က ရယ်သည်။ နောဝိတ်၏ အိမ်ကြီးနားမှ ဖြတ်သန်းလာ ခဲ့သည့် အခါတွင် အိမ်ကြီးထဲမှ ပြောဆိုနေသံများ၊ အမိန့်ပေး နေသံများကို ကြားရလေရာ ထိုအသံများသည် မြေခွေးတစ်ကောင်ကို လိုက်နေသော အမဲလိုက်ခွေးများ၏ အသံကဲ့သို့ သူ့အဖို့ သာယာ နာပျော်ဖွယ် ကောင်းနေသည်။ စိန့်သည် ကားထဲသို့ ဝင်ထိုင်လိုက်ပြီး စက်နှိုးလိုက်သည်။ အင်ဂျင်စက်က အလိုက်တသိ မြည်လာသည်

“စက်ပူအောင်ဆိုပြီး ရှင်မရှိတုန်းမှာ ကျွန်မ တစ်ပတ်လျှောက် မောင်းထားတာ”

“လိမ္မာ လိုက်တဲ့မိန်းကလေးရယ်” ။

မော်တော်ကားသည် သူ့ ကားရှေ့မှ မီးရောင်ထဲသို့ အတင်းတိုးဝင် ပြေးလျက်ရှိ၏။ စိန့်က စီးကရက်တစ်လိပ်ကို စမ်းထုတ်ကာ လက်တစ်ဖက်ဖြင့် ညှိလိုက်သည်။ ။

“ဘယ့်နှယ်လဲ၊ အဆင်ပြေတယ် မဟုတ်လား”

“ကိုယ့်ဘဝမှာ မဖြစ်တာရယ်လို့ မရှိသေးဘူး ကလေးမရဲ၊ ကိုယ်ပြောပြီးပြီ မဟုတ်လား”

“ဒါပေမယ့် အသံတွေကတော့ မီးခံသေတ္တာ တံခါးကိုဖွင့်လိုက်တော့ အချက်ပေးခေါင်းလောင်း သွားမြည်တယ်ထင်တယ်၊ မင်းက ကြိုတင် မပြောလိုက်ဘဲကိုး၊ ဒါပေမယ့် ဒါက သိပ်အရေးမကြီး ပါဘူးကွယ်၊ သူ့လူတွေကတော်တော်နဲ့ ရောက်မလာကြပါဘူး၊ သူတို့ ကိုယ်ခန္ဓာ ဝဝဖိုင့်ဖိုင့် ကြီးတွေကို မြင်လိုက်ရင် မင်းအံ့အားသင့်သွားမယ်”

အမျိုးသမီးက သူ့လက်မောင်းကို စိတ်လှုပ်ရှားစွာ လှမ်းဆုပ် လိုက်မိသည်။ ။

“တကယ်ပဲရှင်၊ ကျွန်မတော့ ယုံတောင်မယုံနိုင်ဘူး၊ အားလုံး အဆင်ပြေတယ်နော်၊ ကြည့်စမ်း လက်စသတ်တော့ ကျွန်မလည်း နာမည်ကျော် သူခိုးကြီး စိန့်နဲ့အတူ စွန့်စားခန်း ဖွင့်လာပြီပေါ့နော်၊ ရှင်ပင်ပန်းနေရင် ကျွန်မ မောင်းပေး ရမလားဟင်”

အမျိုးသမီးက သူ့အနားကို ကပ်လာကာ ဟွန်းကို နှိပ်လိုက်သည်။ ဟွန်းသံသည် ညအမှောင်ထဲတွင် အောင်မြင် ခန့်ညားစွာ ပေါ်ထွက် လာ၏။ စိန့်က ပြုံးလိုက်သည်။ ဟုတ်သည်။ ယနေ့ညတွင် သူတို့ နှစ်ယောက် အောင်ပွဲခံလာခဲ့ ကြသည်။ လိုချင်သည့် ပစ္စည်းကို ရလာခဲ့ကြပြီ။ သို့ရာတွင် လမ်းကိုမူ ရှင်းအောင် လုပ်ထားမှဖြစ်မည်။ အပေါ်ထပ်တွင် တယ်လီဖုန်းရှိသည်။ တယ်လီဖုန်းဖြင့် ရဲကို အကြောင်းကြားလျှင် လမ်းတွင် ရဲတို့ ဘာတို့ ရောက်ပြီးသား ဖြစ်နိုင်သည်။

အကွေ့တစ်ခုသို့ ရောက်ခါနီးတွင် အရှိန်ကို လျှော့လိုက်သည်။ လမ်းမကို ကန့်လန့်ဖြတ်၍ တားထားသော မီးနီတစ်ခုကို မြင်လိုက် ရသည်။ စိန့်သည် ဇဝေဇဝါ ဖြင့် ဘရိတ်ကို အသာဆွဲလိုက်၏။

“အလာတုန်းက ဒီနေရာမှာ မီးနီ မရှိပါဘူး” ဟု စိန့်က ပြောလိုက်သည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် တောင့်တင်းသွား၏။

“ဘာများလဲမသိဘူး”

ဟု အမျိုးသမီးက တိုးတိုးပြောသည်။

စိန့်က ပခုံးကိုတွန့်လိုက်ပြီး ကားကို ရပ်လိုက်သည်။ ကား စက်ခေါင်းမှာ မီးနီနှင့် သုံးကိုက်လောက်သာ ဝေးတော့သည်။ ရှေ့တွင် ဝါးလုံးတန်းကြီး တန်းထားသည်ကိုလည်း မြင်လိုက်ရသည်။

ထို့နောက် သူ့နားထင်ကို အေးစက်မာကျောသော အရာတစ်ခု လာထောက်သည်ကို သိလိုက်သဖြင့် လှည့်ကြည့် လိုက်သည်။ ကားဘေးတွင် ကုတ်အင်္ကျီရှည်ကြီးနှင့် လူတစ်ယောက် ရပ်လျက် ရှိသည်ကို မြင်ရပြီး သူ့လက်ထဲတွင် သေနတ်ကို မြင်လိုက်ရ၏။ “ဖြည်းဖြည်းပေါ့ ကိုယ့်လူ” ဟု ထိုလူက လေသံတင်းတင်းဖြင့်ပြောသည်။

သူ့ဘေးမှ လှုပ်ရှားသံကြားသဖြင့် စိန့်လှည့်ကြည့်လိုက်သည်။ အမျိုးသမီးက ကားပေါ်မှ ဆင်းသွားသည်။ အမျိုးသမီးသည် တံခါးကို ပိတ်လိုက်ပြီး ရွှံ့ ကာပေါ်တွင် မတ်တပ်ရပ်နေလိုက်သည်။

“ကျွန်မ ဒီမှာတင်ပဲ ဆင်းနေရစ်ခဲ့တော့မယ်နော် ဧည့်သည်ကြီး”

“ကောင်းပါပြီဗျာ” ဟု စိန့်က လေအေးအေးကလေးဖြင့် ပြောလိုက်သည်။

ဘေးတွင်ရပ်နေသည့် လူက သေနတ်ပြောင်းဖြင့် သူ့ကို ထိုးလိုက်ရင်း

“ဘယ်မှာလဲ ပုံစံစာရွက်တွေ”

စိန့်က သူ့အကျီအိတ်ထဲမှ စာရွက်များကို ထုတ်ပေးလိုက်သည်။ အမျိုးသမီးက လှမ်းယူလိုက်ပြီး ကားတွင်းမှ မီးကိုဖွင့်ကာ စာရွက်စာတမ်းများကို စစ်ဆေးလိုက်၏။ သူ့ခေါင်းမှ ရွှေရောင်ဆံပင် ကလေးများသည် နဖူးပေါ်သို့ ဝဲကျနေသည်။ ။

အမတ်ကြီးနောဝိတ်မှာ အောက်စဖို့တက္ကသိုလ် ပါမောက္ခ လုပ်နေတဲ့ အစ်ကိုရယ်လို့ မရှိပါဘူးရှင်။ ကျွန်မကလည်း သူတို့နဲ့ ဘာမှ ဆွေမျိုးမတော်ပါဘူးရှင်။ ဒီနှစ်ချက်ကလွဲရင် ကျန်တဲ့ အချက်တွေက အားလုံးအမှန်တွေချည်းပါ၊ နောဝိတ်ဟာ ဒီစက် ပုံစံတွေကို ရူမေးနီးယား အင်ဂျင်နီယာ တစ်ယောက်ဆီက မတရား နည်းနဲ့ ယူခဲ့တာပါ။ ကျွန်မပြောခဲ့တဲ့အတိုင်း ခု ဒီစက်ပုံစံတွေကို ပြင်သစ် မော်တော်ကား ကုမ္ပဏီတစ်ခုကို ရောင်းတော့မလို့ ရှင့်” ဒီတော့ မင်းက ဒါတွေကို ဘာလုပ်မလို့လဲ”

စတူးဂတ်မြို့က မော်တော်ကား ကုမ္ပဏီ တစ်ခုကလည်း ဒီပုံစံတွေကို သိပ်လိုချင်နေတယ်လေ။ ခု ကျွန်မတို့ဆီကို နှုတ်နဲ့အမှာစာ ပို့ထားလို့”

အမျိုးသမီးမှာ ကားပေါ်က ဆင်းသွားကာ မီးနီပြထားသည့် ဝါးလုံးတန်းကို ဖယ်ပေးလိုက်သည်။ ထို့ နောက် ကားဆီသို့ ပြန်လာ၏။ ပြာလဲ့သော မျက်လုံးများသည် အရင်အတိုင်း ချစ်စရာ ကောင်းဆဲ။ သူ့ကို ဖော်ရွေရင်းနှီးစွာ ကြည့်နေဆဲ။

“ဒီပုံစံကိုယူဖို့ ကျွန်မတို့ ကြိုးစားနေတာ တစ်ပတ်လောက် ရှိပြီရှင့်၊ ဒီနေ့ညမှာ ကျွန်မတို့ကိုယ်တိုင် ဝင်ယူဖို့ပဲ။ ဒါပေမယ့် ရှင့်ဓာတ်ပုံကို သတင်းစာထဲမှာတွေ့လိုက်ပြီး ဒီနေ့ည ပျော်ပွဲစားရုံမှာ ရှင်နဲ့ တွေ့လိုက်တော့ ကျွန်မတို့ အစီအစဉ်ကို ပြောင်းပစ်လိုက်တယ်။ ဒီအလုပ်မျိုးကို ရှင့်ထက်ကျွမ်းကျင်တဲ့လူ ဘယ်သူမှ မရှိနိုင်တော့ဘူး မဟုတ်လား။ ဒီတော့ ရှင့်ကိုပဲ ခိုင်းရတော့တာပေါ့”

“ဘယ်သတင်းစာထဲမှာ ကိုယ့်ပုံကို တွေ့လိုက်တာလဲ”

”ကွန်တီနင်တယ် ဒေလီမေလ် သတင်းစာထဲမှာပါ”

“အော် ကိုယ်ဝယ်လာတဲ့ သတင်းစာထဲမှာပေါ့ လန်ဒန်ကလာတဲ့ သတင်းစာကို ကိုယ်ဝယ်ခဲ့တာလေ”

အမျိုးသမီးက ခပ်ညင်းညင်းလေးရယ်လိုက်ပြီး ……

“ဝမ်းနည်းပါတယ် ဧည့်သည်ကြီရယ် ရှင့်ကိုတော့ ကျွန်မကြိုက် သွားပြီ”

“ကိုယ်လည်း ဝမ်းနည်းပါတယ် ကလေးမရယ်”

အမျိုးသမီးသည် အတန်ကြာမျှ မလှုပ်မယှက် ရပ်နေ၏။ ထို့နောက် ငုံ့၍ သူ့နှုတ်ခမ်းကို ရွတ်ခနဲ နမ်းလိုက်သည်။

သေနတ်ပြောင်းဝက သူ့အသားထဲသို့ နစ်သွား၏။

“ကဲ မောင်းတော့ ကိုယ့်လူ ရပ်မယ်တော့မကြံနဲ့နော်၊ ဆက်မောင်း”

“မင်း ကားကို ပြန်မယူတော့ဘူးလား” ဟု စိန့်က အမျိုးသမီးကို မေးလိုက်သည်။

ကုတ်အင်္ကျီရှည်ကြီး ဝတ်ထားသည့်လူက ခပ်လှောင်မှောင် ရယ်လိုက်၏။

“ကျွန်မတို့မှာ ကားပါတယ်လေ၊ ရှင် အပေါ်တက် နေတုန်းမှာ တစ်ခြား ကားတစ်စီးကို ကျွန်မ သွားယူလာခဲ့တာ၊ ကဲ မောင်းပေတော့”

စိန့်သည် ဂီယာကို ပြောင်းလိုက်ပြီး ကလပ်ကို နင်းလိုက်သည်။ မိန်းကလေးက ကားဘေးက ခုန်ဆင်းလိုက်၏။

“ကဲ ဧည့်သည်ကြီးရေ သွားတော့နော်”

ဟု အမျိုးသမီးက နှုတ်ဆက်သည်။ စိန့်က လက်တစ်ဖက်ကို မြှောက်ပြလိုက်သည်။ လှည့်၍ ကြည့်ခြင်းမပြု။

စိန့်သည် ကားကို အရှိန်ပြင်းစွာ မောင်းလာခဲ့သည်။ ထို မိန်းကလေးသည် မည်သူနည်း။ မည်သို့သော မိန်းကလေး နည်း။ သူ့အတွက် အကြောင်းမဟုတ်။ နောဝိတ်၏ တူမအရင်း ဂျူလီ မော်တော်ကားမှောက် သေဆုံးကြောင်းကို သူယူလာသည့် လန်ဒန် သတင်းစာထဲတွင် ဓာတ်ပုံနှင့်တကွ ပါပြီးသား။ ထို့ကြောင့် ထိုမိန်းကလေးသည် ဂျူလီ မဟုတ်ကြောင်းကို သူသိပြီးသားဖြစ်သည်။ မည်သို့ဆိုစေ နောဝိတ်၏ တူမ ဟန်ဆောင်လာသည့် မိန်းကလေးကမူ လှသည်အမှန်။ ချစ်စရာ ကောင်းသည်အမှန်။ အမတ်ကြီး နောဝိတ်၏ စာကြည့်ဆောင်ထဲတုန်းက စက်ပုံကြမ်းများနှင့် အညွှန်းများကို အတုလုပ်၍ ယခုစာအိတ်ထဲတွင် လဲထည့်လိုက်ပြီးဖြစ်သည်။ သူ့ထံမှ ယူသွားသည့် ထိုပုံစံများ အညွှန်းများ အတုဖြစ်နေကောင်းကိုတွေ့လျှင် သူတို့တစ်တွေ မည်မျှ ဒေါပွလိုက်မည်မသိ။ သို့ရာတွင် စိန့်သည် မော်တော်ကားကို အရှိန်ပြင်းစွာ မောင်းနေသည်။ သူ့ကို တစ်ပတ်ရိုက်ခဲ့သူများအား ယခုပြန်၍ နှပ်ပစ်ခဲ့ပြီ။ သူတို့ကို သနားနေ၍ မပြီး။ သူတို့ ကစားဝိုင်းတွင် တစ်ဖက်သားအား သနားညှာတာမှုတွေ ဘာတွေ ပြနေ၍မဖြစ်။ လည်သူစားတမ်း မဟုတ်လော။ ထို့ပြင် သူတို့ထက်အရင် စတုဂတ်ကို ဦးအောင်ရောက်ဖို့ အရေးကြီးသည် မဟုတ်လော။

စိန့်သည် ကားကို အရှိန်ပြင်းစွာ မောင်းနေသည်။

Comments

Post a Comment