တော်လှန်ရေး




မောင်းပြန်မှ မကိုင်နိုင်ရင်
တော်လှန်ရေးမမည်တဲ့
ဒီတော်လှန်ရေးကြီးထဲမှာ
တူမီးတွေ ၉လုံးကျည်တစ်တောင့်ထိုးတွေနဲ့
ဘယ်ရဲဘော်က အလှပြဝံ့မလဲ။

တော်လှန်ရေးကြီးရေ 
CDM တွေနဲ့ နေ့စားဘဝပြည်သူတွေက 
နိုင်ရာတာဝန်ထမ်း လက်ဝတ်တန်ဆာပါမကျန်​လှူတန်း 
နိုင်ငံ့အရေး ကြိုးပန်းနေချိန်မှာ 
သူဌေးတွေ ဆင်းရဲပြတဲ့ တော်လှန်ရေးမှာ 
ဘယ်ရဲဘော်က အလှူခံဝံ့မလဲ 
ကုန်စျေးနှုန်းတွေတက် 
စီးပွားရှင်တွေ အမြတ်ထုတ် ဂုတ်သွေးစုပ်နေတဲ့ 
တော်လှန်ရေး အောင်မြင်ဖို့နီးပြီလားတဲ့။

တော်လှန်ရေးကြီးရေ 
အောင်မြင်တော့မှာလားဆိုတဲ့ 
မေးခွန်းရဲ့နောက်ကွယ်မှာ 
နိုင်ငံ့အရေးကို လိင်စိတ်လောက်မှ မထကြွတဲ့ 
လူတစ်စုက ပုန်းခိုနေလေရဲ့ ။

တော်လှန်ရေးကြီးရေ 
ခများဟာ သိပ်စျေးကြီးတယ် 
သိပ်ပြီးလဲ မျက်နှာလိုက်လွန်းတယ် 
အမိန့်ပြန်တမ်းစာရွက်နဲ့ 
အဆုံးသတ်ရတဲ့ဘဝတွေအတွက် 
ခများဟာ သိပ်အတ္တကြီးလွန်းတယ်။

တော်လှန်ရေးကြီးရေ 
ငွေစက္ကူတွေဟာ တန်ဖိုးမြင့်ပြီး 
လူ့အသက်တွေဟာ တန်ဖိုးမဲ့လာတာ ခများသိလား 
လူသေကောင်တွေ တောင်လိုပုံနေတဲ့ 
ဒီတော်လှန်ရေးကြီးကို နိဂုံးချူပ်ပါရစေတော့။

                                    ဟယ်ရီ

Comments

  1. ငွေစက္ကူကတန်ဖိုးမြင့်ပြီး လူ့အသက်တွေက တန်ဖိုးမဲ့လာတယ် 😥

    ReplyDelete
  2. စာသားလေးတွေ ရင်ထဲထိလိုက်တာ။ မှန်နေရော။

    ReplyDelete
  3. နိဂုံးချုပ်ဖို့ အတူရုန်းစို့!!!💪💪

    ReplyDelete
  4. အရေးတော်ပုံ ကျိန်းသေပေါက် အောင်ရမည်💪

    ReplyDelete

Post a Comment