မော့ဆက် (အပိုင်း 6)
အီဂျစ်သမ္မတ နတ်ဆာက အစ္စရေးကို စိန်ခေါ်ခြင်း
-----------------------------------------
"တိုင်ရန် ရေလက်ကြားရှိ ပင်လယ်ရေပြင်ဟာ ကျုပ်တို့ အီဂျစ်နိုင်ငံရဲ့ ရေပြင်ပိုင်နက် ဖြစ်တယ်။ တကယ်လို့ အစ္စရေးတို့က ကျုပ် ဒီလိုပြောဆိုတာကို မကျေနပ်လို့ စစ်ရေးဖြင့် တုံ့ပြန်ချင်သပဆိုလည်း ရတယ်။ ကျုပ်တို့အီဂျစ်ကတော့ 'အာဟာလန် ဝါ-ဆာဟာလန်'ပဲ (လာခဲ့ပါ…နှုတ်ဆက်ကြိုဆိုပါတယ်) ahalan wa-sahalan (hello and welcome) ကျုပ်တို့ရဲ့ တပ်တွေက အစ္စရေးတပ်တွေကို အသင့်စောင့်နေတယ်၊ လာခဲ့ကြ။"
ဦးသန့်သည် အခြေနေကို ဝင်ထိန်းရန် အီဂျစ်သို့ အရေးတကြီးသွား၍ အီဂျစ်သမ္မတ နတ်ဆာနှင့် တွေ့ဆုံ ဖျောင်းဖျ ဆွေးနွေးသည်။ သို့ရာတွင် နတ်ဆာက သန္နိဋ္ဌာန်ချပြီး ဖြစ်သည်။ ဒီတစ်ချီတွင် အစ္စရေးကို အပြတ်တိုက်နိုင်မည်ဟု ယုံကြည်ထားသည်။
အစ္စရေးနိုင်ငံသမိုင်းတွင် တစ်ခါမှ မကြုံဖူးသော နိုင်ငံတော် အရေးပေါ်အခြေနေ ဆိုက်ရောက်ကာ အကြီးမားဆုံး ခြိမ်းခြောက်ခံရမှုကြီး ရင်ဆိုင်နေရသည်။ တိုင်းပြည်ကို ရန်သူတွေက ဝိုင်းဝိုင်းလည်နေသည်။ သေရေး ရှင်ရေးတမျှ အရေးကြီးနေပြီ။ သို့သည်တိုင် အစ္စရေးနိုင်ငံရေးပါတီခေါင်းဆောင်များသည် သွေးမစည်းနိုင်ကြသေး။ တစ်ပါတီနှင့် တစ်ပါတီ အပြန်အလှန် စကားနာ ထိုးကြ၊ အမနာပ အပုပ်ချကြ၊ အပြစ်ရှာကြ၊ နိုင်ငံရေးဈေးဆစ်ကြနှင့် အချိန်ကုန်နေလေသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် မည်သူကမျှ မပူပန်ကြ၊ အလေးမထားကြ။ မိမိကုလားထိုင် မပျောက်ရေးကိုသာ အဓိကထားနေသည်။
အစ္စရေး ကာကွယ်ရေးဦးစီးချုပ် ရာဘင်သည် စိုးရိမ်မှုလွန်ကဲပြီး စိတ်ပန်း ကိုယ်ပန်းဖြစ်ကာ မူးလဲသည်ထိ ဖြစ်သွားသည်။ အစ္စရေးတပ်မတော်ထဲမှာလည်း အစ္စရေးတပ်ဖွဲ့အားလုံးကို ပြတ်ပြတ်သားသား အမိန့်ပေး ညွှန်ကြားမည့် ခေါင်းဆောင်ကောင်း မရှိ ဖြစ်နေသည်။ သူရဲကောင်းကြီး မိုရှေဒါယန်သည်လည်း တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်နေသည်။ သည်အတိုင်းဆိုလျှင် အာရပ်စစ်တပ်ကြီးကို အစ္စရေးက ရင်ဆိုင်ချေမှုန်းနိုင်ပါ့လားဟု ကမ္ဘာ့နိုင်ငံများ၏ ရင်ထဲမှာ သံသယဖြစ်နေသည်။
အစ္စရေး၏ အားနည်းချက်ကို သိနေသဖြင့် အာရပ်တပ်ပေါင်းစုများက တစ်နေ့တခြား ပို၍ အတင့်ရဲလာက ဆိုင်းနိုင်းသဲကန္တရတွင် အာရပ်တပ်များ များသထက် များလာလေသည်။
ထိုအချိန်တွင်…
အစ္စရေးပြည်သူတစ်ရပ်လုံး၏ အသံထွက်ပေါ်လာလေသည်။
"မိုရှေဒါယန်ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ပေး"
"မိုရှေဒါယန် ကာကွယ်ရေးဝန်ကြီး"
"ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်"
ရှေ့တန်းရောက် အစ္စရေးစစ်သားများကလည်း မိုရှေဒါယန်ကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ဖို့ တောင်းဆိုနေကြသည်။ "မိုရှေဒါယန်ကိုပဲ အလိုရှိတယ်"။ ထို့ကြောင့် အစ္စရေးပြည်သူ့ဆန္ဒအရ မိုရှေဒါယန်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာရလေသည်။ အီဂျစ်တို့ကလည်း မိုရှေဒါယန် ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီ ဆိုကတည်းက စစ်ဖြစ်ဖို့ သေချာပြီဟု ယူဆထားပြီ ဖြစ်သည်။
![]() |
| Moshe Dayan |
မိုရှေဒါယန်၏ စစ်ရေးအစီအမံ
-------------------------------
အစ္စရေး ရေဒီယိုမှ စကားဝှက်များဖြစ်သည့်
Love of Zion
Close Shave
Man of Work
Alternating Current
Open Window
Good Friend တို့ကို
ထုတ်ပြန်ကြေညာလိုက်သည်နှင့် အရန်တပ်ဖွဲ့များကို ဆင့်ခေါ်ပြီးသား ဖြစ်သွားသည်။ အရန်တပ်များသည် ရောက်ရာနေရာမှ နေ၍ သတ်မှတ်ထားသော စုရပ်များသို့ အမြန်ဆုံး သွားရောက် သတင်းပို့ရသည်။ စုရပ်များမှတစ်ဆင့် ကားကြီးများဖြင့် ရှေ့တန်းစစ်မျက်နှာသို့ ပို့ပေးလေသည်။ အရန်တပ်များသည် ယူနီဖောင်း ဝတ်စရာမလို၊ ကြုံရာဝတ်စုံဖြင့် လိုက်ပါရသည်။ ပို့ဆောင်ရေးကားများကိုလည်း စုဆောင်းစရာ မလို၊ ပုဂ္ဂလိက ကားပိုင်ရှင်များစွာတို့က လိုသည်ထက် ပိုနေအောင်ပင် လာရောက် ပေးအပ်ထားကြလေသည်။
အစ္စရေး အမျိုးသား၊ အမျိုးသမီး အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စစ်ထဲဆွဲသွင်းသည်။ အလုပ်သမား၊ လယ်သမား၊ စာရေးဆရာ၊ အနုပညာသမား၊ ယာဉ်မောင်းပါမကျန် အရန်တပ်ထဲ စုစည်းသိမ်းသွင်းသည်။
တကယ်တမ်းမှာ အစ္စရေးတပ်မတော် စစ်သည်အင်အားသည် (၅)သောင်းမှ (၆)သောင်းခန့်သာ ရှိသည်။ သို့သော် အရန်တပ်များ စုစည်းပြီး စစ်မြေပြင်သို့ တပ်ဖြန့်လိုက်သည်အခါတွင်မူ စစ်သည်အင်အား (၂)သိန်း(၆)သောင်းကျော် အင်အားကြီးသော တပ်မတော်ကြီး ဖြစ်လာခဲ့တော့သည်။
အစ္စရေးတပ်မတော်သည် ကမ္ဘာမှာ ထူးခြားသည်။ (၂၄)နာရီအတွင်း စစ်ပြင်နိုင်သည်။ တပ်များကို အလွယ်တကူ ပြောင်းနိုင် ရွှေ့နိုင်သည်။ တက်နိုင် ဆုတ်နိုင်သည်။ ဖွဲ့နိုင် ဖျောက်နိုင်သည်။ ဆန့်နိုင် ကွေးနိုင်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် လုံခြုံရေးသတိ အမြဲရှိနေသော တပ်မတော်ဖြစ်သည်။
သံချပ်ကာကားများ၊ တင့်ကားတပ်များ၊ အမြောက်တပ်များလည်း အားလုံး ခေတ်အမှီဆုံး အဆင့်သို့ ရောက်နေသည်။
နောက်ထပ် အားအထားရဆုံးသော တပ်မှာ လေတပ်ဖြစ်သည်။ အစ္စရေးလေတပ်တွင် ဗုံးကြဲလေယာဉ်ကြီးများ သိပ်မရှိ။ ဗုံးကြဲတိုက်လေယာဉ်ငယ်တွေကိုသာ ပဓာနထားပြီး ဖွဲ့စည်းထားသည်။ တစ်နာရီလျှင် (၁၄ဝဝ)မိုင်နှုန်းဖြင့် လှစ်ခနဲနေအောင် ပျံသန်းနိုင်သည့် တံလှပ်ဟု အမည်ပေးထားသော် ပြင်သစ်လုပ် (Mirages)မီရတ်ခ်ျ တိုက်လေယာဉ်များကို ဝယ်ယူ အားဖြည့်ထားသည်။
ပြင်သစ်လုပ် (Mirages) မီရတ်ခ်ျနှင့် (Mysteres)မစ္စတေးရီ တိုက်လေယာဉ်များကို ဆီဖြည့်ခြင်း၊ အောက်ဆီဂျင်ဖြည့်ခြင်း၊ စက်သေနတ်ကျည်ကပ်များတပ်ခြင်း၊ တောင်ပံအောက်မှာ ဗုံး(၁ဝ)လုံးချိတ်ခြင်း စသည်များကို (၇)မိနစ်အတွင်း အပြီးအစီး ဆောင်ရွက်ကာ လေထဲသို့ ပျံတက်သွားသည်ထိ လျင်မြန်မှုရှိအောင် အထပ်ထပ်ခါခါ လေ့ကျင့်ထားသည်
မိုရှေဒါယန်၏ လှည့်ကွက်များ
-------------------------
ရန်သူဘက်က အစဉ်အမြဲ အသင့်ဖြစ်နေချိန်တွင် စစ်ဆင်ပါက မိမိဘက်က တပန်းရှုံးတတ်သည်။ ရန်သူကို အငိုက်ဖမ်းနိုင်မှသာ စစ်ပွဲတစ်ဝက် အောင်မြင်ဖို့ သေချာမည်။ ဤပရိယာယ်ကို မိုရှေဒါယန်က အတွေ့အကြုံရင့်ကျက်ခဲ့ပြီ ဖြစ်သည်။
ဇွန်လ(၃)နေ့တွင် မိုရှေဒါယန်က နိုင်ငံခြားသတင်းထောက်များကို ဤသို့ ပြောကြားလိုက်သည်။ "တိုင်ရန်ရေလက်ကြားကို ပိတ်ဆို့လိုက်တာဟာ အီဂျစ်တို့ လက်ဦးသွားတာပဲ။ ဒီတော့ ကျုပ်တို့အစ္စရေးအဖို့ ချက်ချင်း စစ်ရေးအရ လက်တုံ့ပြန်ဖို့ သိပ်နောက်ကျသွားပြီ။ ဒီကိစ္စကို သံတမန်နည်းနဲ့ ဆောင်ရွက်နေပါတယ်။ ဘယ်လို ပြေလည်မလဲဆိုတာကိုတော့ ပြောဖို့ စောပါသေးတယ်။ ကျွန်တော် ကာကွယ်ဝန်ကြီး ဖြစ်မလာမီ အစ္စရေးအစိုးရနဲ့ သံခင်းတမန်ခင်းအရ ဖြေရှင်းလက်စ ရှိနေပါသေးတယ်။ အဲဒီ ကြိုးစားမှုအဖြေကို စောင့်ကြည့်ရဦးမှာပါ။" အီဂျစ်တို့ စစ်အင်အား ကြီးမားလွန်းသဖြင့် မိုရှေဒါယန်သည် စစ်တိုက်ဖို့ တုံ့ဆိုင်းနေဟန် တွေဝေနေဟန် ပြလိုက်သည်။
မိုရှေဒါယန်က နောက်ထပ် ဒုတိယလှည့်ကွက်တစ်ခု ဖန်တီးပြန်သည်။ ဤကား တခြားမဟုတ်၊ အစ္စရေးတပ်မတော်မှ အရာရှိနှင့် စစ်သားများစွာတို့ကို ခွင့်ရက်ရှည်များ ပေးလိုက်ကြောင်း သတင်းလွှင့်သည်။ ကမ္ဘာ့သတင်းစာများတွင် စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနေသော အစ္စရေးစစ်သားများ၏ ဓာတ်ပုံများကို အထင်အရှား တွေ့မြင်ရသည်။ အီဂျစ်စစ်ခေါင်းဆောင်များက အစ္စရေးအနေဖြင့် လောလောဆယ် စစ်တိုက်ရန် အဆင်သင့် မရှိသေးကြောင်း ယုံကြည်လျက်ရှိသည်။
အစ္စရေး၏ ဆွေးနွေးသုံးသပ်ပုံ
-------------------------
အစ္စရေးက စတိုက်လျှင် အစ္စရေးလူထု မည်မျှ သေမည်နည်း။
အီဂျစ်က စတိုက်လျှင် အစ္စရေးလူထု မည်မျှ သေမည်နည်း။
အစ္စရေးက စတိုက်လျှင် အစ္စရေးဘက်က လူအသေအပျောက် နည်းမည်။ ရာဂဏန်းပဲ ရှိမယ်။ အီဂျစ်က လာတိုက်သည့်ထိ စောင့်နေမယ်ဆိုရင်တော့ အစ္စရေးက နိုင်တယ်ပဲထား၊ လူအသေအပျောက်(၁ဝဝဝဝ)တစ်သောင်းနီးပါး ရှိသွားမှာ သေချာတယ်။ လူဦးရေ အလွန်နည်းတဲ့ အစ္စရေးနိုင်ငံအဖို့ လူတစ်သောင်း အသေခံရလျှင် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်တယ်။
အစ္စရေးတပ်မတော်ကို အရံတပ်တွေ စုစည်းပြီး အသင့်အနေထား ဖြစ်နေပြီ။ ဒါပေမယ့် ဒီအတိုင်းကြီး အကြာကြီး မနေနိုင်ဘူး။ စစ်တပ်ထဲမှာ အရပ်သား အလုပ်သမားတွေ ပါတယ်။ အခုလောလောဆယ် ကောက်ပဲသီးနှံတွေ ရိတ်သိမ်းဖို့ လူမရှိဘူး ဖြစ်နေတယ်။ သကြားထွက်တဲ့ မုံလာဥနီတွေဟာ မြေကြီးထဲမှာပဲ ပုပ်ကုန်ပြီ။ နိုင်ငံစီးပွားရေးဟာ ရပ်တန့်နေပြီ။
အီဂျစ်တွေက အစ္စရေးရန်ကာကွယ်ဖို့ ခံစစ်ပါလို့ ပြောတယ်။ ဒီလိုဆိုရင် ဘာ့ကြောင့် ဆိုင်းနိုင်ကန္တာရသို့ ရုတ်တရက် အလုံးအရင်းနဲ့ ရောက်လာကြတာလဲ။ ခံစစ်အနေထားကနေ ထိုးစစ်အနေထားကို မိနစ်ပိုင်းအတွင်း ချက်ချင်း ပြောင်းသွားနိုင်ပါတယ်။ အီဂျစ်တို့ သဘောထားက အစ္စရေးကို အနိုင်တိုက်နိုင်မယ်လို့ တွက်ပြီးသားပါ။
ဇွန်လ(၄)ရက်နေ့တွင် အစ္စရေး အစိုးရအဖွဲ့ တံခါးပိတ် ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲသို့ မိုရှေဒါယန် ပါဝင်လာပြီ ဖြစ်သည်။ မိုရှေဒါယန်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ယူထားသည်မှာ (၄)ရက်သာ ရှိသေးသည်။ ထိုဆွေးနွေးပွဲ၏ ရလာဒ်ကို မည်သူကမျှ မသိ၊ ဘာသတင်းမှလည်း မထုတ်ပြန်။ နောက်တစ်နေ့ မနက်ဖြန်…


Done 🍀
ReplyDelete🫶❄️
ReplyDeleteD
ReplyDeleteမိုရှေဒါယန်ကလေ မျက်လုံးတစ်ဖက်ကန်းနေပေမယ့် သူ့ပုံစံက အရှိန်အဝါအပြည့်ဖြစ်နေတုန်းပဲ။
ReplyDeleteအစ္စရေးတို့ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာ နောက်တစ်နေ့ မနက်ဖြန်ကို မျှော်နေပါပြီ...
Clicked 🌸
ReplyDeleteDone
ReplyDeleteDone✨
ReplyDeleteDone 💪
ReplyDeleteထပ်တင်ပါမင်မင်ရ
ReplyDeletegood
ReplyDeleteဖတ်လို့ကောင်းနေရော မိုက်တယ် 🌵🌵🌵
ReplyDelete