မော့ဆက် (အပိုင်း 7)
1967 ဇွန်လ 5 ရက်နေ့ နံနက်စောစော...
အစ္စရေး လေတပ်စခန်းမှ ပြင်သစ်လုပ် (Mirages) မီရတ်ခ်ျနှင့် (Mysteres)မစ္စတေးရီ တိုက်လေယာဉ်များ တစ်သုတ်ပြီး တစ်သုတ် မြေထဲပင်လယ်ပေါ်သို့ ပျံတက်သွားကြလေသည်။ မြေထဲပင်လယ်ပေါ်သို့ရောက်ချိန်တွင် အရှေ့ဘက် ကောင်းကင် မိုးကုတ်စက်ဝိုင်းမှ နေဝန်းနီက ပေါ်ထွက်စပြုနေပြီ။ အစ္စရေးတိုက်လေယာဉ် (၁၉၆)စီးတို့ ဦးတည်ပျံသန်းနေသည့် အရပ်မှာ အနောက်ဘက်ရှိ အီဂျစ်နိုင်ငံသို့။ ပျံသန်းရာ လမ်းကြောင်းမှာ မြေထဲပင်လယ် ရေပြင်ပေါ်ကနေ ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်များသည် ဆိုင်းနိုင်းသဲကန္တာရပေါ်မှ ပျံသန်း၍ မသွား။ ထိုပျံသန်းမှုကို အီဂျစ်တို့ မသိစေချင်၍ မြေထဲပင်လယ်ပေါ်ကနေ တမင် ပျံသန်းသွားကြခြင်း ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်အုပ်စုများသည် ရည်ရွယ်ချက် ပစ်မှတ်များပေါ်သို့ ချောချောမောမော ရောက်နိုင်ရန်အတွက် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ပေ(၃ဝ)ထက် ပိုမမြင့်စေဘဲ ခပ်နိမ့်နိမ့် ပျံသန်းသွားကြသည်။ အကြောင်းမှာ အီဂျစ်ရေဒါများက ၄င်းတို့ ချဉ်းကပ်လာမှုကို ကြိုတင်ဖမ်းယူ မသိရှိစေလိုသောကြောင့် ဖြစ်သည်။ အစ္စရေးတိုက်လေယာဉ်အုပ်စုများသည် နိုင်းမြစ်ဝကျွန်းပေါ်ဒေသကို ရောက်သောခါ အင်္ဂလိပ်အက္ခရာ(U)ပုံစံ ချိုးကွေ့လိုက်ပြီး အီဂျစ်နိုင်ငံ မြို့တော် (Cairo)ကိုင်ရိုမြို့အနီးသို့ ဦးတည်သွားကြသည်။ ထိုအချိန်မှာ အီဂျစ်စံတော်ချိန်(7:45) (အစ္စရေးစံတော်ချိန် 8:45) ရှိနေပြီ။ ထိုအချိန်တွင် အီဂျစ်လေယာဉ်မှူးတို့မှာ နံနက်စာစား၊ ကော်ဖီသောက် ကောင်းနေကြဆဲ။
အစ္စရေးတိုက်လေယာဉ်များ ကိုင်ရိုမြို့ ကောင်းကင်ပေါ် ဝေါခနဲ့ ရောက်လာတော့မှ ကိုင်ရိုလေဆိပ် လေကြောင်းမျှော်စင်ပေါ်က တပ်လှန့်ဥသြဆွဲသံများ အဆက်မပြတ် ပေါ်ထွက်လောတော့သည်။ အစ္စရေးတိုက်လေယာဉ်များ အီဂျစ်လေကြောင်းပိုင်နက်ထဲသို့ ရောက်လာပြီဟူသော အန္တရာယ်အချက်ပေးသံ ဖြစ်သည်။ အီဂျစ်တိုက်လေယာဉ်မှူးများသည် မိမိလေယာဉ်များဆီးသို့ အပြေးအလွှား သွားကြလေသည်။ အချို့မှာ ယူနီဖောင်းဝတ်စုံကိုပင် မဝတ်ရသေး။ အီဂျစ်တို့ သိပ်နောက်ကျသွားလေပြီ။ အီဂျစ်တိုက်လေယာဉ်များ ကွင်းပေါ်မှ စက်မနှိုးလိုက်ရခင် အစ္စရေးတိုက်လေယာဉ်များက အီဂျစ်လေယာဉ်ကွင်းရှိ အစီအရီ ရပ်နားနေသည့် အီဂျစ်တို့၏ ဆိုဗီယက်လုပ် MIG တိုက်လေယာဉ်များပေါ်သို့ ဗုံးကြဲချလေသည်။ အီဂျစ်လေယာဉ်များ မီးလောင်ပေါက်ကွဲ ပျက်စီးလေသည်။ လေယာဉ်ပြေးလမ်း၊ သိုလှောင်ရုံတွေကိုပါ ဗုံးကြဲချသည်။ အစ္စရေးလေယာဉ်များက ပစ်မှတ်များပေါ်သို့ သုံးကြိမ်သုံးခါ တစ်ကျော့ပြီးတစ်ကျော့ ၊ တစ်သုတ်ပြီး တစ်သုတ် တိုက်ခိုက်ကြသည်။ တစ်သုတ်လျှင် တိုက်လေယာဉ်(၄)စီး ပါဝင်သည်။ (၂)စီးက ဗုံးကြဲသည်။ ကျန်(၂)စီးက စက်သေနတ်ဖြင့် မွှေသည်။ လေယာဉ်ပြေးလမ်း ပျက်စီးသွားသည့်အတွက် မပျက်စီးဘဲ ကျန်ရှိသည် လေယာဉ်များမှာလည်း မပျံတက်နိုင်တော့ပေ။ အီဂျစ်တိုက်လေယာဉ် အစီး(၂ဝ)ကလည်း ခက်ခက်ခဲခဲကြားက ပျံတက်လာနိုင်သေးသည်။ ထိုပျံတက်လာတဲ့ အီဂျစ်တိုက်လေယာဉ်များကိုလည်း အစ္စရေးတိုက်လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ရာ မီးလောင်ပြီး မြေပြင်သို့ ထိုးကျ ပျက်စီးသွားလေသည်။
အီဂျစ်တိုကလည်း လေယာဉ်ပစ်အမြောက်များနဲ့ အစ္စရေးလေယာဉ်များကို ထိထိရောက်ရောက် မပစ်နိုင်။ ဆိုဗီယက်လုပ် SAM(ဆမ်)ဒုံးကျည်များဖြင့် ပစ်သော်လည်း ထိရောက်မှုမရှိ။
မိနစ်(၈ဝ)အတွင်း အစ္စရေးတိုက်လေယာဉ်တို့ စိတ်တိုင်းကျ မွှေနှောက် တိုက်ခိုက်ပြီးသောအခါ အခြေစိုက်စခန်း(၁၉)ခုနှင့် ဖွဲ့စည်းထားသည့် အီဂျစ်လေတပ်ကြီးတစ်ခုလုံး တုတ်တုတ်မျှမလှုပ် မြေပြင်ပေါ်တွင် ပြားပြားဝပ် ဇီဝိန်ချုပ်သွားလေတော့သည်။
အီဂျစ်ကို သွားရောက် တိုက်ခိုက်စဉ်(၂၅)မိနစ်ကာလအတွင်း အီဂျစ်တို့ မရှုမလှ ခံနေရချိန်တွင် အခြားသော အစ္စရေးတိုက်လေယာဉ်စုများက ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်နိုင်ငံများရှိ လေယာဉ်ကွင်းများကို တပြိုင်တည်း ဗုံးကြဲပြန်သည်။ အီဂျစ်လေယာဉ်ကွင်း(၁၉)ခု အပါဝင် အာရပ်တို့၏ လေယာဉ်ကွင်း(၂၅)ခုကို ဖျက်ဆီးနိုင်ခဲ့သည်။
ပျက်စီးသွားသော အာရပ်တို့၏ လေယာဉ်များမှာ-
အီဂျစ်လေယာဉ်=400 စီး
ဂျော်ဒန်လေယာဉ်=35 စီး
ဆီးရီးယားလေယာဉ်=60 စီး
အီရတ်လေယာဉ်=15 စီး
လက်ဘနွန်လေယာဉ်=1 စီး
အစ္စရေးတိုက်လေယာဉ်များ အီဂျစ်ကောင်းကင်ယံကို စိုးမိုးပြီ
----------------------------------------------
အစ္စရေးတိုက်လေယာဉ်များသည် စနစ်တကျ ကြိုတင်တွက်ချက် အကွက်ချထားပြီးမှ သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ လေယာဉ် တစ်အုပ်စုနှင့် တစ်အုပ်စုသည် ကွင်းမှ ပျံတက်သွားသည့် အချိန်ချင်း မတူညီကြ။ သို့ရာတွင် ပစ်မှတ်အသီးသီးပေါ်သို့ တပြိုင်တည်း ရောက်ရှိသည့်အချိန် တူညီလေသည်။ အီဂျစ်တို့ အလစ်ငိုက်မိကာ ချေမှုန်းခံရလေသည်။ ဇွန်လ(၅)ရက်နေ့ တစ်နေ့တည်းမှာပင် အစ္စရေးတိုက်လေယာဉ်မှူးတစ်ဦးလျှင် (၈)ကြိမ်တိုင်တိုင် ရန်သူ့စခန်းသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်သည်။ အစ္စရေးဘက်မှ တိုက်လေယာဉ်(၁၉)စီး ဆုံးရှုံးသည်။ မြေပြင်မှ တုံပြန်ပစ်ခတ်မှုကြောင့် ဖြစ်သည်။ အီဂျစ်ကောင်းကင်တစ်ခုလုံး စိုးမိုးထားလိုက်နိုင်သည်။
မြေပြင်မှာလည်း အီဂျစ်တပ်တွေ ထောင်းလမောင်းကြေ
---------------------------------------------
ဤသို့ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အာရပ်တို့၏ လေတပ်ကြီး လက်တံရှည် ရိုက်ချိုးခံရကာ ပြားပြားဝပ်သွားအောင် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရချင်း အစ္စရေးမြေပြင်တပ်များအနေဖြင့် အီဂျစ်လေတပ်၏ အန္တရာယ်ကို လုံးဝ စိုးရိမ်းစရာမလိုကြောင်း မိုရှေဒါယန်က သိလိုက်ပြီ။ မိုရှေဒါယန်က စစ်ကြောင်းကြီး (၃)ကြောင်းခွဲ၍ ဆိုင်းနိုင်းသဲကန္တာရရှိ အီဂျစ်စစ်တပ်ကြီးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ပထမစစ်ကြောင်းကို ဗိုလ်ချုပ်ကြီး တာလ် ဦးစီးသည်။ ဒုတိယစစ်ကြောင်းကို ဗိုလ်ချုပ် ယိုဖီ ဦးစီးသည်။ တတိယစစ်ကြောင်းကို ဗိုလ်ချုပ် အေရီယယ် ရှရွန် ဦးစီးသည်။ စစ်ကြောင်းတစ်ကြောင်းစီတွင် အင်အား(၁၅ဝဝ)စီ ဖွဲ့ထား၍ ရှေ့တန်းရောက် စစ်သည်အင်အားမှာ (၄၅ဝဝဝ)လေးသောင်းခွဲ ဖြစ်သည်။ အီဂျစ်တို့ အင်အားက စစ်သည်ပေါင်း(၈ဝဝဝဝ)ရှစ်သောင်းရှိသည့် ရှစ်ခေါဘဏီ တပ်ကြီးဖြစ်သည်။ (ခေါဘဏီ=တစ်သောင်း) (ရှစ်ခေါဘဏီ=ရှစ်သောင်း)
အစ္စရေးကြည်းတပ်များ စတင်ချီတက်ချိန်မှာ နံနက်(၈)နာရီ(၁၅)မိနစ်။ ပထမစစ်ကြောင်းက ဂါဇာကမ်းမြောင်ဒေသရှိ အီဂျစ်တို၏ ခံစစ်ကြောင်းကြီးကို ထိုးဖောက်နိုင်ခဲ့သည်။ အီဂျစ်တပ်များ အစ္စရေးတို့၏ ထိုးစစ်ကို ကြံ့ကြံ့မခံနိုင်တော့။ အစ္စရေးတို၏ တာဝေးပစ် အမြောက်များ ထိမှန်ခံထားရရုံဖြင့် အတော် အင်အားပျော့နေခဲ့ပြီ။ ဂါဇာကမ်းမြောင်ဒေသမှ မြေထဲပင်လယ်ကမ်းခြေအတိုင်း စူးအက်တူးမြောင်းသို့ ထိုးဖောက်သွားနိုင်ခဲ့သည်။ အီဂျစ်တို့၏ ဆိုဗီယက်လုပ် SAM ဒုံးကျည် စခန်းကြီးများကိုလည်း မြေလှန်ဖျက်ဆီးလေသည်။ နတ်ဆာ၏ အားအထားရဆုံး အီဂျစ်တင့်ကားတပ်နှင့် သံချပ်ကာကားတပ်များ ကိုယ်လွတ်ရုန်း ထွက်ပြေးကြရလေသည်။ ကျန်စစ်ကြောင်းကြီး နှစ်ကြောင်းကလည်း နီဂျက်ဒေသမှ ဆိုင်းနိုင်းသဲကန္တာရကို ဖြတ်၍ စူးအက်ပင်လယ်ကွေ့ကမ်းခြေအရောက် ထိုးဖောက်ဝင်ရောက်သွားလေသည်။
အစ္စရေးတို့၏ မုန်တိုင်းစစ်ကြီး တရကြမ်းတိုက်ခိုက်ပြီး ဆိုင်းနိုင်းသဲကန္တာရတွင် အီဂျစ်တို့၏ စစ်ယန္တရားကြီးတစ်ခုလုံးမှာ အပျက်အစီး အကျအဆုံးများစွာ ဖရိုဖရဲဖြစ်သွားခဲ့လေပြီ။ မီးလောင်ပျက်စီးနေသော အီဂျစ်တို့၏ ဂျစ်ကားများ၊ စစ်ကားများ၊ ထရပ်ကားများ၊ သံချပ်ကာကားများ၊ တင့်ကားများကို မြင်မကောင်းအောင် တွေ့မြင်ရသည်။ ကျဆုံးကျန်ရစ်သော ထောင်ချီသော အီဂျစ်စစ်သားများ၏ အလောင်းများသည် နေရာတိုင်းမှာ ထောင်ပုံရာပုံ ဖြစ်နေလေသည်။ အဖမ်းခံရသော အီဂျစ်စစ်သားများသည်လည်း နည်းနည်းပါးပါး မဟုတ်။ ထောင်နှင့်ချီ၍ ရှိသည်။ တချို့ အီဂျစ်စစ်သားများသည် လက်နက်မချ၊ အဖမ်းမခံဘဲ ပူပြင်းခြောက်သွေ့လှသည် ဆိုင်းနိုင်းသဲကန္တာရထဲ ခြေဦးတည့်ရာ ထွက်ပြေးနေကြရင်း အစာပြတ် ရေပြတ်ဖြစ်ကာ ပူပြင်းလှသည့် နေရောင်အောက်တွက် အသက်ပျောက်ကုန်ကြရသည်။ စူးအက်တူးမြောင်းသို့ အရောက်ပြန်ပြေးနိုင်သော စစ်သားများသာ အသက်ရှင်ခွင့် ရသွားကြသည်။
ဇွန်လ(၇)ရက်နေ့တွင် တိုင်ရန်ရေလက်ကြားသည် လမ်းပွင့်သွားလေသည်။ ရေလက်ကြားသို့ ပထမဦးဆုံး ခုတ်မောင်း ဝင်ရောက်သည့် သင်္ဘောကား အစ္စရေး ရေတပ်တိုက်သင်္ဘောများ ဖြစ်လေသည်။
ဂျေရုဆလင်ကို သိမ်းပိုက်ခြင်း
---------------
ဇွန်လ(၇)ရက်နေ့တွင် (Jerusalem) ဂျေရူဆလင်မြို့ အရှေ့ဘက်ခြမ်း ဂျော်ဒန်တပ်များကို တိုက်ခိုက်သည်။ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ရာတွင် ဘာသာရေးအရာ အလွန်မွတ်မြတ်ထားသော အဆောက်အဦးများ ပျက်စီးမည်စိုးသဖြင့် အစ္စရေးက လက်နက်ကြီးများ မသုံးဘဲ တိုက်ခိုက်ရသည်။ ဘာသာရေးအရ မြင့်မြတ်သော နေရာများကို ကျည်တစ်ချက်မျှ မထိစေဘဲ ခက်ခက်ခဲခဲ တိုက်ခိုက်ရသည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ကြာရှည်မခံနိုင်တော့ဘဲ ထိုနေ့နံနက်ပိုင်းတွင် ဂျော်ဒန်တပ်များ အခြေအနေမလှသဖြင့် ဆုတ်ခွာသွားရလေသည်။ နေ့လည်(၂)နာရီတွင် မိုရှေဒါယန်သည် စစ်ဦးစီးချုပ် ရာဘင်နှင့်အတူ ဂျေရုဆလင်မြို့ဟောင်းသို့ အမိုးဖွင့်ဂျစ်ကားဖြင့် ရောက်လာသည်။ ဂျူးလူမျိုးတို့၏ ရှေးဟောင်းသမိုင်းဝင်ကြီးဖြစ်သော Wailing Wall (မြည်တမ်းငိုညဉ်း)တံတိုင်းကြီးသို့ ရှေးဦးစွာ သွားရောက်သည်။ မိုရှေဒါယန်က စာရွက်တစ်ရွက်ပေါ်တွင် ဘောလ်ပင်ဖြင့် "အစ္စရေးနိုင်ငံတော်၌ ယခုချိန်မှစ၍ စစ်မှန်သည့် ငြိမ်းချမ်းရေး အစဉ်ထာဝရ လွှမ်းမိုးပါစေသော်" ဟူ၍ စာတစ်ကြောင်းရေးလိုက်ပြီး တံတိုင်းကြီး၏ ကျောက်တုံးကြီးများကြားသို့ ထိုးညှပ်လိုက်သည်။ ထို့နောက် ဂျူးလူမျိုးတို့ ထုံးတမ်းစဉ်လာအရ အောက်ပါအတိုင်း ဆုတောင်းလိုက်လေသည်။
"We have returned to the holiest of our holy places, never again to part from it."
"အမြင့်မြတ်တက အမြင့်မြတ်ဆုံး ဘုရားရှင်မြေသို့ ကျွန်ုပ်တို့ ပြန်ရောက်လာပါပြီ။ ဤနေရာမှ နောက်တစ်ဖန် ဘယ်တော့မှ မခွဲခွာတော့ပါ။ ထာဝရဘုရားသခင်ကို ကတိသစ္စာစကား ဆိုပါ၏"
မိုရှေဒါယန်က ကတိသစ္စာဆိုလိုက်ပြီးနောက် အစ္စရေးစစ်သားများသည် အစုံပါသော လက်ဖဝါးဖြင့် တံတိုင်းကြီးကို ထိကိုင်ရင်း နဖူးဦးတိုက်ကြသည်။ ပြီးမှ တံတိုင်းကြီးကို နမ်းရှုပ်လိုက်ကြသည်။ ဤသို့ဖြင့် ဂျူးလူမျိုးတို့ နှစ်ပေါင်းများစွာက အလွန်လိုလား တောင့်တခဲ့ရသော ဂျေရုဆလင်မြို့သည် အစ္စရေးတို့လက်ထဲ လုံးလုံးကျရောက်သွားလေသည်။
ဂျော်ဒန်ဘုရင် ဟူစိန်၏ မဟာအမှား
------------------------------
ဂျေရုဆလင်မြို့ အသိမ်းခံရသော ဇွန်လ(၇)ရက်နေ့တွင် ဂျော်ဒန်ဘုရင် ဟူစိန်က ကုလသမဂ္ဂဖျန်ဖြေမှုကို လက်ခံရလေသည်။ ဂျောဒန်ဘုရင်သည် အီဂျစ်သမ္မတ နတ်ဆာ သွေးဆောင်မှုကြောင့် စစ်ပွဲတွင် ပါဝင်လာရခြင်း ဖြစ်သည်။ သို့ရာတွင် အစ္စရေးတို့နှင့် တိုက်ခိုက်ရသောအခါ ဂျော်ဒန်စစ်တပ်များမှာ စနစ်တကျ ပြင်ဆင်မှုမရှိသည်ဖြစ်၍ အလူးအလဲ ရှုံးနိမ့်ခဲ့ရသည်။ ဂျောဒန်ဘုရင် ဟူစိန်ကိုယ်တိုင်က "ဒီတစ်ချီလည်း ကွဲခဲ့ရပြန်ပြီ၊ ဂျော်ဒန်စစ်သား(၁၅ဝဝဝ) ကျဆုံးခဲ့ရပါသည်၊ စစ်လက်နက်များလည်း ဆုံးရှုံးခဲ့ရသည်"ဟု စိတ်ပျက်စွာ ဆိုလေသည်။
အနောက်ကမ်းဒေသနေ ပါလက်စတိုင်းလူမျိုးများသည် အစ္စရေး၏ သိမ်းပိုက်ခံအောက်မှာ မနေလို့တော့သဖြင့် ဂျော်ဒန်နိုင်ငံထဲသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခိုလှုံလာကြာတော့သည်။ ယာယီတဲများထိုးတာ ဖြစ်သလိုနေ ဖြစ်သလို စားကြရသည်။ နဂိုကတည်းက စစ်ရှုံး၍ ချွတ်ခြုံကျနေရသည့် ဂျော်ဒန်နိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေတော့သည်။ ထိုသိန်းချီသော ပါလက်စတိုင်းလူမျိုးများ၏ စားဝတ်နေရေး ပြန်လည်နေရာချထားရေးကို ဂျော်ဒန်တစ်နိုင်ငံတည်းကလည်း ဖြေရှင်းမပေးနိုင်။ ထိုအချိန်မှစ၍ ပါလက်စတိုင်းနိုင်ငံ ပျောက်သွားလေသည်။
အီဂျစ်သမ္မတ နတ်ဆာ စစ်ရပ်စဲရေး လက်ခံလိုက်ရခြင်း
----------------------------------------------
ဇွန်လ(၈)ရက်နေ့တွင် အီဂျစ်သမ္မတ နတ်ဆာက ကုလသမဂ္ဂ၏ အတိုက်ခိုက်ရပ်စဲရေး ဖျန်ဖြေမှုကို လက်ခံလိုက်ရတော့သည်။ လက်မခံလို့လည်း မရ။ ဆိုင်းနိုင်းသဲကန္တာရ စစ်မျက်နှာပြင်တွင် အီဂျစ်တပ်များ အရှုံးနှင့်သာ ရင်ဆိုင်နေရပြီး ထောင်းလမောင်းကြေနေသည်။
ဂိုလန်ကုန်းမြင့်ကို သိမ်းယူခြင်း
--------------------------
အစ္စရေးက အီဂျစ်နှင့် ဂျော်ဒန်တို့ကို အားခဲပြီး တိုက်ခိုက်နေရသဖြင့် ဆီးရီးယားကို မတိုက်နိုင်သေးဘဲ ရှိနေသည်။ ယင်းကို "အစ္စရေးက မတိုက်ရဲဘူး"လို့ ဆီးရီးယားက ထင်နေပုံရသည်။ ဇွန်လ(၆)ရက်နေ့မှ စ၍ ဆီးရီးယားတို့က (Golan Height) ဂိုလန်ကုန်းမြင့်ပေါ်မှ အပေါ်စီးယူကာ အမြောက်ကြီးများဖြင့် အစ္စရေးဘက်သို့ ပစ်ခတ်နေသည်။ သို့သော်လည်း ပထမ(၃)ရက်လုံးလုံး အစ္စရေးက ပြန်လည်ပစ်ခတ်ခြင်း မပြုဘဲ ဆီးရီးယား စစ်ခန်းများ၏ နေရာမှန်ကို သိရှိရန် စောင့်ကြည့် အကဲခတ်နေခဲ့သည်။
ဇွန်လ(၈)ရက်နေ့တွင် ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားတို့၏ အမြောက်ကြီးများပေါ်သို့ အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲချသည်။ အမြောက်ခံတပ်များ ပျက်စီးသွားလေသည်။ ထိုအချိန်မှ စ၍ အစ္စရေးဘက်သို့ ကျလာသော အမြောက်ဆံများလည်း သိသိသာသာ လျော့နည်းသွားသည်။ ဇွန်လ(၉)ရက်၊ (၁ဝ)ရက်နေ့တွင် အစ္စရေးတိုက်လေယာဉ်များက ဂိုလန်ကုန်းမြင့်ရှိ ခံတပ်ကြီးကို ဆက်လက်ဗုံးကြဲချပြန်သည်။ အင်္ဂတေများဖြင့် အလွန်ထူထဲ ခိုင်ခံ့စွာ ဆောက်လုပ်ထားသော ဘန်ကာကြီးဖြစ်၍ အလုံးစုံပျက်စီးအောင် မဗုံးကြဲနိုင်ခဲ့ပေ။ အစ္စရေးလေတပ်နှင့် ကြည်းတပ် ပေါင်းပြီး ညှပ်တိုက်သည်။ တောင်ကမ်းပါးယံများ ခက်ခဲစွာ တက်ရသည်။ မိုင်းများကိုလည်း ရှင်းလင်းရသည်။ အနီးကပ် လှံစွပ်ထိုး တိုက်ခိုက်ရသေးသည်။ အစ္စရေးတို့ကို အချက်အချာကျကျ ပိတ်ဆို့ဝန်းရံ တိုက်ခိုက်သည်။ ဆီးရီးယားတို့ အစ္စရေးတို့ ထိုးစစ်ကို ကြာရှည်မခံနိုင်တော့ဘဲ ဆင်းပြေးရတော့သည်။ ထိုတိုက်ပွဲတွင် ဆီးရီးယား စစ်သည်(၁ဝဝဝ)ကျော် ကျဆုံးပြီး (၆ဝဝ)ခန့် အဖမ်းခံရသည်။ အစ္စရေးစစ်သည်(၁၁၅)ယောက် ကျဆုံးသည်။ ဆီးရီးယားတို့၏ လက်နက်ကြီး (၅ဝ%) ဖျက်ဆီးခံရပြီး ကျန်(၅ဝ%)မှာ အကောင်းပကတိအတိုင်း အစ္စရေးတို့ သိမ်းယူခံရသည်။
ဂိုလန်ကုန်းမြင့်ကြီး အစ္စရေးတို့ သိမ်းယူလိုက်ပြီ။ ဂိုလန်ကုန်းမြင့်ပေါ်မှ (၂၅)မိုင်ခန့် ဝေးသော ဆီရီးယားနိုင်ငံ (Damascus) ဒမတ်စကတ်မြို့ကို လက်နက်ကြီးများနှင့် ချိန်ထားလိုက်သည်။ ဂိုလန်ကုန်းမြင့်ကြီး သိမ်းပိုက်ရလိုက်သဖြင့် အစ္စရေး ဆီးရီးယားနယ်စပ် ဂါလီလီရေအိုင်ကြီးအနီးရှိ အစ္စရေး ကျေးရွာများ လုံခြုံမှု ရှိသွားလေသည်။ ထို့ပြင် ဂိုလန်ကုန်းမြင့်မှ ရေအရင်းမြစ်များ အစ္စရေးတို့အတွက် များစွာအကျိုးရှိလေသည်။
၁၉၆၇ ဇွန်လ(၅)ရက်မှ (၁၁)ရက်ထိ (၆)ရက်ကြာ ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး တတိယစစ်ပွဲကြီးသည် ပြီးသွားလေသည်။ အစ္စရေးစစ်သား လေးသောင်းကျော်က အီဂျစ်စစ်သား ရှစ်သောင်းကျော် အပါအဝင် အာရပ်စစ်သား တစ်သိန်းကျော်ကို ချေမှုန်းလိုက်နိုင်သော စစ်ပွဲပေတည်း။
စစ်ပွဲစာရင်းချုပ်လိုက်သောအခါ အစ္စရေးတို့ သိမ်းပိုက်ထားသော နယ်မြေများမျာ ဂါဇာကမ်းမြောင်ဒေသ၊ ဆိုင်းနိုင်းသဲကန္တရကြီးတစ်ခုလုံး၊ ဂျေရုဆလင်မြို့ဟောင်း၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ၊ ဆီးရီးယာပိုင် ဂိုလန်ကုန်းမြင့်ဒေသများကို သိမ်းပိုက်ရရှိသည်။ ထိုသိမ်းပိုက်ရရှိသော နယ်မြေများသည် အစ္စရေးနိုင်ငံထက် (၄)ဆ ကျယ်ဝန်းသည်။
ထိုစစ်ပွဲတွင် အစ္စရေးစစ်သား (၇၇၉)ဦး ကျဆုံးခဲ့ရသည်။ အာရပ်စစ်သားများ သောင်းဂဏန်းချီပြီး ကျဆုံးသည်။ အာရပ်တို့နှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်ပင် နည်းပါးလှသည်ဟု ဆိုရပေမည်။ သို့ပေမယ့် အလွန်တရာ လူဦးရေ နည်းပါးသည် အစ္စရေးနိုင်ငံအဖို့ ထိုကျဆုံးစစ်သား(၇၇၉)ဦးသည် နည်းတယ်လို့ မဆိုနိုင်ပေ။ စစ်သားတစ်ယောက်ကိုပင် အဆုံးရှုံးမခံနိုင်ပါဟု မိုရှေဒါယန်က ဆိုသည်။
မိမိထက်လူအင်အား လက်နက်အင်အား အလွန်သာနေသော ရန်သူတို့ကိုနာလန်မထူနိုင်အောင်ချေမှုန်းတိုက်ခိုက်နိုင်သော အစ္စရေးတို့၏ လျင်မြန်မှုနှင့်တိကျမှန်ကန်မှုတည်းဟူသော စစ်ဗျူဟာနည်းတို့သည် တကမ္ဘာလုံးကို မှင်သက်မိသွားစေ၏။
သို့သော်အစ္စရေးနိုင်ငံသည် ဤသို့သော စစ်ပွဲမျိုးအတွက် နှစ်ပေါင်းများစွာကပင် ပြင်ဆင်ထားပြီဖြစ်သည်ဆိုသောအချက်ကို မည်သူမျှ မရိပ်စားမိကြပါ။ ရန်သူနိုင်ငံများ၏စစ်အင်အားကိုထောက်လှမ်းထားသော သတင်းများကို အစ္စရေးနိုင်ငံသည် သတိဝီရိယဖြင့်လျှို့ဝှက်စုဆောင်းလာခဲ့သည်မှာ အလွန်ပင် ပြည့်စုံလုံလောက်နေပြီဟုဆိုရပေမည်။
ထို့ကြောင့်ပင် စစ်ဖြစ်လာသောအခါ ရန်သူ၏ စစ်အင်အားကို လုံးစေ့ပတ်စေ့သိထားသော ထောက်လှမ်းရေး လက်နက်ကိုသုံးနိုင်သဖြင့် စစ်ရေးအရ ရန်သူထက်အင်အားနည်းသောအချက်သည် မပြောပလောက်သော ကိစ္စတစ်ရပ်ဖြစ်လာရလေသည်။
ထိုစစ်သတင်းများ ထောက်လှမ်းခြင်းကိုစွမ်းစွမ်းတမံပြုလုပ်ခဲ့သည့်အဖွဲ့အစည်းမှာ မော့ဆက်ပင်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရမည့် (MIG-21 တိုက်လေယာဉ်ကိုခိုးယူခြင်း) အခန်းတွင်မော့ဆက်၏ စွမ်းဆောင်ချက်များကို မျက်ဝါးထင်ထင်တွေ့ရှိရမည် ဖြစ်ပါသည်။
.png)
ဝိုး...အစ္စရေးတို့ စစ်ရေးဗျူဟာဆွဲတာ တကယ်တော်တာပဲ။
ReplyDeleteမော့ဆက်အဖွဲ့လည်း အတော်အားကိုးရတယ်။
Thanks.
ReplyDeleteDone 💪
ReplyDeleteGood!!!!
ReplyDeleteDone
ReplyDeleteDone
DeleteDone
ReplyDeleteတော်လိုက်တာ 🌵🌵🌵
ReplyDelete