မော့ဆက် (အပိုင်း 6)
၁၉၆ဝ-ခုနှစ်နွေဦးရာသီရောက်လာပြီ။ ဂျိုဆဲလ်ကိစ္စသည် ကြီးမားသော နိုင်ငံရေးပြဿနာကြီးတစ်ရပ်ဖြစ်လာခဲ့လေသည်။
အစ္စရေးနိုင်ငံတည်ထောင်စကပင် နိုင်ငံအတွင်းတွင် လူတန်းစား(၂)ရပ်ကွဲပြားနေခဲ့ပါသည်။ တစ်ရပ်မှာဘာသာရေးစည်းမျဉ်းများကို တသဝေမတိမ်း လိုက်နာသော အယူသည်းသမားများနှင့် ကျန်တစ်ရပ်မှာအစ္စရေးနိုင်ငံကို အခြားခေတ်မီနိုင်ငံများနှင့် ရင်ဘောင်တန်း တိုးတက်စေလိုပြီး ခေတ်နှင့်မညီသောဘာသာရေးစည်းမျဉ်းများကို ရိုက်ချိုးတော်လှန်လိုသော လူစုပင်ဖြစ်လေသည်။
ဖော်ပြပါ လူတန်းစားနှစ်ရပ်အကြား ကွာဟခြားနားချက်များကိုဂျိုဆဲလ်ပြဿနာက ဖော်ထုတ်လိုက်သလိုဖြစ်လာလေသည်။
ထိုပေါက်ကွဲလုအခြေအနေကို စတင်ရိပ်မိသူမှာ အာဂူဒတ်အစ္စရေးပါတီဝင်တစ်ဦးဖြစ်သူ ဂျူးဘာသာရေးဆရာ ရှလိုမိုလောရင်ဇ်ဖြစ်သည်။ အာဂူဒတ်သည် ရှေးဆန်သောဘာသာရေးအယူဝါဒများ ရှိသော်လည်း အဖိုးကြီး နော်မန်ရှတပ်၏ နေတူရေကာတာလောက်အယူမသည်းချေ။ အာဂူဒတ်ခေါင်းဆောင်များက ဂျိုဆဲလ်ကိုပြန်မတွေ့ပါက အစ္စရေးနိုင်ငံတွင်ပြည်တွင်းစစ်မှာကိုစိုးရိမ်ကြသည်။
လောရင်ဇ်သည် တိုင်းပြည်အနှံ့ ခရီးလှည့်လည်ပြီးနေတူရေကာတာ ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းကြသည်။
အခြားဘာသောရေး ခေါင်းဆောင်များလည်း သူကဲ့သို့ပင် နေတူရေကာတာဂိုဏ်းဝင်တို့နှင့်တွေ့ဆုံကာ ချော့တစ်ခါ ချောက်တစ်ခါ လှည့်ဆွေးနွေးလေသည်။အကြောင်းထူးမလာချေ။
ဘာသောရေးခေါင်းဆောင်များစုပြီး နေတူရေကာတာဂိုဏ်း၏ အကြီးအကဲဖြစ်သူ အမ်ရမ်ဘလောနှင့်မိုရှီတို့ကိုတွေ့ဆုံကာ ဂျိုဆဲလ်ကိုလွှတ်ပေးရန်တောင်းပန်ကြသည်။ သူတို့က ကျုပ်တို့ဘာမှမသိပါဘူးဟုသာ ပြန်ကြားခဲ့သည်။ နိုင်ငံ၏ခေါင်းဆာင်များ၊ ရဲအရာရှိများ၊ နိုင်ငံရေးသမားများ သွားရောက်ဆွေးနွေးသော်လည်း ဘူးကွယ်နေပြန်သည်။
နေတူရေကာတာဂိုဏ်းသည် တစ်လက်မပင်လျှော့မည်မဟုတ်ကြောင်း သိသာနေပေပြီ။
သမိုင်းတလျှောက် ဂျူးဘာသာဝင်များအား ဘာသာရေးကိုစွန့်လွှတ်ရန် မီးရှို့သတ်ဖြတ်ခဲ့စဉ်ကအသေခံသွားကြသော ဂျူးတို့၏ စိတ်ဓာတ်မျိုး ဖြစ်သည်။ မိမိတို့သေမှ ဂျိုဆဲလ်ကိုထုတ်ပေးမည်ဟုဆုံးဖြတ်ချက်ဖြစ်ပါသည်။
ရဲတို့၏ ကြိုးပမ်းရှာဖွေစုံစမ်းမှုများလည်း သဲထဲရေသွန်ဖြစ်နေပေပြီ။ ဂျေရုဆလင်ရဲအရာရှိများကမူမိမိတို့ဒီတစ်ချီတော့ခံရပြီဟု တွက်ထားလိုက်လေသည်။ အဖိုးကြီး နော်မန်ရှတပ်ကိုအကျဉ်းချထားသော အကျဉ်းဌာနအာဏာပိုင်များကလည်း အဖိုးကြီးကိုအကျဉ်းချထားရသည်မှာ အချည်းနှီးဖြစ်ကြောင်း သိလာကြသည်။ အဖိုးကြီးက ဂျိုဆဲလ်အကြောင်း တစ်ခွန်းတစ်ပါဒမျှ ထုတ်ပြောမည်မဟုတ်ချေ။
သို့နှင့်၁၉၆၁ ခုနှစ်ဧပြီလတွင် အဖိုးကြီးကို ကျန်းမာရေးမကောင်းဟုဆိုကာ ထောင်မှလွှတ်လိုက်လေသည်။
နော်မန်ရှတပ်၏ နောက်လိုက်များက သူ့ကိုသူရဲကောင်းတစ်ဦးဖြစ်မြင်ကြသည်။ သူ့အားအကျဉ်းချထားသည်ကိုမကျေနပ်ကြသဖြင့် ဘာသာရေးအဆောက်အအုံနံရံများပေါ်တွင်"အစ္စရေးအစိုးရ နာဇီလိုဆိုးရွားသည်"ဟူသော သံချပ်များ ရေးသားထားကြသည်။
အဖိုးကြီး၏ ဂိုဏ်းဖြစ်သော နေတူရေကာတာ ဂိုဏ်းဝင်များနေသော မီယာရှီယာရင်ဒေသသည် ဂျော်ဒန်တို့သိမ်းပိုက်ထားသော ဂျေရုဆလင်မြို့တစ်ခြမ်းနှင့်နီးကပ်သဖြင့် အစ္စရေးစစ်ဘက်အာဏာပိုင်များက စိုးရိမ်ကြသည်။ အစ္စရေးနှင့်ဂျော်ဒန်စစ်ဖြစ်ကြလျှင်ထိုဒေသကိုအချိန်မရွေး ဝင်စီးနိုင်သည်။ ထိုဒေသသည်အစ္စရေးနိုင်ငံ၏ အလွန်အားနည်းသော သို့မဟုတ်အကာအကွယ်မဲ့သော ရှေ့တန်းစစ်မျက်နှာပင်ဖြစ်လေသည်။
၁၉၆၁-ခုနှစ်နွေရာသီ...
ဂျိုဆဲလ်ပျောက်သွားသည်မှာ တစ်နှစ်ခွဲပင်ရှိသွားပေပြီ။ အစ္စရေးနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကြီးနီးလာပြီဖြစ်၏။
ဂျိုဆဲလ်ပျောက်သွားခြင်းသည် နိုင်ငံသိပြဿနာတစ်ရပ်ဖြစ်လာရာ ဒေးဗစ်ဘင်ဂူရီယန်၏အစိုးရပါတီဖြစ်သော မာပိုင်ပါတီ အာဏာပြန်ရရေးကိုပင် ထိခိုက်လာနိုင်လေသည်။ ဘင်ဂူရီယန်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့ထားသဖြင့် ညွန့်ပေါင်းထဲတွင်ပါဝင်သော ဘာသာရေးအဖွဲ့ငယ်များက သူတို့ထောက်ခံခြင်း ဆက်လက်ပြု/မပြု အချင်းချင်း ဆွေးနွေးလာသည်။ နူးညံ့သိမ်မွေ့လှသောအခြေအနေပင်ဖြစ်လေသည်။
ရွေးကောက်ပွဲကြီးတွင် ဘင်ဂူရီယန်၏ မာပိုင်ပါတီ နိုင်ခဲ့သည်။ သို့သော်ဂျိုဆဲလ်ပြဿနာကြောင့် နောက်ထပ်ပြဿနာကြီး(၂)ရပ် ထပ်မံပေါ်ပေါက်ခဲ့သည်။
ပထမ ပြဿနာမှာဂျူးဖြစ်နိုင်တဲ့အရည်အချင်းတွေဟာ ဘာလဲ။
ဒုတိယ ပြဿနာမှာ ဂျူးနိုင်ငံတော်ရဲ့လက္ခဏာရပ်တွေဟာ ဘာလဲ။
ထိုပြဿနာ(၂)ရပ်သည် အစ္စရေးတစ်မျိုးသားလုံး၏စည်းလုံးညီညွတ်မှုကိုထိခိုက်လာသည်။
ခေတ်ဆန်ပြီး စနစ်ဟောင်းကိုမကြိုက်သည့်လူငယ်အချို့က နေတူရေကာတာဂိုဏ်းဝင်တို့၏ကလေးများ ဆုတောင်းဝတ်ပြုရန်သွားကြသည်ကိုလမ်းမှစောင့်၍ ခဲဖြင့်ပေါက်ကြသည်။ ထိုနည်းအတူဂျူးဥပုသ်နေ့ဖြစ်သော သောကြာနေ့ညနှင့်စနေနေ့များတွင် လမ်းမပေါ်တွင်မောင်းလာသည့်ကားများကို ဘာသာရေး အယူသည်းသူလူငယ်များက ခဲဖြင့်ပစ်ကြပြန်သည်။
ဂျိုဆဲလ်ကယ်တင်ရေး လူထုကော်မတီဟူသော အဖွဲ့က ဦးဆောင်ရေးသားသော တောင်းဆိုချက်ကိုအစိုးရထံသို့တင်ပြလာရာ ထိုတောင်းဆိုချက်ကို ပြည်သူလူထုထောင်ပေါင်းများစွာကလက်မှတ်ရေးထိုး ထောက်ခံကြသည်။
တဲလာဗီမြို့ အခန်းတစ်ခန်းထဲတွင်မူ အီဒါရူမားချားသည်သားငယ်ဂျိုဆဲလ်အတွက် မျက်ရည်ကျနေရရှာသည်မှာ (၂)နှစ်တင်းတင်း ပြည့်ခဲ့ပေပြီ။
၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဝန်ကြီးချုပ်ဘင်ဂူရီယန်သည် ဂျိုဆဲလ်ပြဿနာကိုပြတ်ပြတ်သားသား ကိုင်တွယ်တော့မည်ဟုဆုံးဖြတ်ချက်ချပြီး မော့ဆက်အဖွဲ့ခေါင်းဆောင်အီဆာဟာရယ်ကို သူ့ရုံးခန်းသို့ဆင့်ခေါ်လိုက်လေသည်။
သူတို့နှစ်ဦး တွေ့ကြသောအခါ ထုံးစံအတိုင်း လိုရာကိုသာ ပြောဆိုလေ့ရှိလေသည်။ ဘင်ဂူရီယန်ကအီဆာကို အရင်းမရှိအဖျားအရှိ စမေးလိုက်သည်။
"ဂျိုဆဲလ်ဘယ်ရောက်နေသလဲ"
"ကျွန်တော်မသိဘူး "
"ခင်ဗျား ဒီကလေးကိုကျုပ်ဆီခေါ်လာနိုင်မလား"
ဘင်ဂူရီယန်သည်သူ၏ ဖိုင်တွဲများကိုကြည့်နေလေသည်။ အီဆာက ပြန်ဖြေရန်မလိုတော့ပေ။ သူ၏အကြီးအကဲထံမှအမိန့်ရသွားပြီဖြစ်သဖြင့် ဝန်ကြီးချုပ်၏ ရုံးခန်းထဲမှ ဖြည်းညှင်းစွာပြန်ထွက်သွားလေသည်။
အီဆာသည် ဂျိုဆဲလ်၏အမှုကို အစမှအဆုံးထိ စတင်လေ့လာလေသည်။ ရဲအဖွဲ့၏ တင်ပြချက်များကိုတစ်ခုမကျန်အသေးစိတ်လေ့လာသောအခါ ရဲတို့သည် ဂျိုဆဲလ်ကိုပြန်တွေ့ရန် လုံးဝ မနီးစပ်ခဲ့ကြောင်းသူတွေ့ရှိလေသည်။ ဂျိုဆဲလ်ကိုတွေ့အောင်ရှာရန် သိပ်မလွယ်ကူလှပါ။ အစ္စရေးရဲအဖွဲ့သည်အလွန်ကျွမ်းကျင်ပိရိသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်လည်း ဤကိစ္စတွင်နှပ်ပစ်ခံခဲ့ရလေပြီ။ သူ၏မော့ဆက်အဖွဲ့ဝင်များလည်း နာမည်ပျက်ဦးတော့မည်ဟု အီဆာ တွေးမိသည်။
မော့ဆက်၏ လုပ်မြဲထမ်းဆောင်မြဲတာဝန်မှာ သူလျှိုလုပ်ခြင်း၊ သူလျှိုများကိုတန်ပြန်ထောက်လှမ်းခြင်းပင်ဖြစ်သည်။ တိုင်းပြည်၏ လုံခြုံမှုကို ဦးတည်ဆောက်ရွက်ရာ၌ မော့ဆက်ထောက်လှမ်းရေးအဖွဲ့ဝင်တို့သည် အန္တရာယ်အသွယ်သွယ်ကြားသွားလာလှုပ်ရှားကြသည်။ လျင်သူစားတမ်းဆိုသော စကားအတိုင်း ဦးအောင်ဖြောင်ပစ်ရသည်လည်းရှိသည်။ မည်သို့ပင်ဆိုစေ နိုင်ငံတော်၏ ရန်သူများကိုတိုက်ခိုက်ခဲ့ရခြင်းဖြစ်၏။
သို့သော်ဂျိုဆဲလ်အမည်ရှိချာတိတ်သည် အစ္စရေးနိုင်ငံ၏ ရန်သူလော။ သူ့ကိုဝှက်ထားသူဘာသာရေးအယူအဆ ပြင်းထန်သည့်ဂျူးများသည်လည်း နိုင်ငံ၏ ရန်သူလော။ ဘာသာတရားမကိုင်းရှိုင်းသော မော့ဆက်အဖွဲ့ဝင်များပင် ထိုသူများကိုလေးစားကြရသည်။ နာဇီလူသတ်ကောင်များနှင့် အခြားသူလျှိုများကို မော့ဆက်အဖွဲ့ဝင်တို့ ရှာဖွေခဲ့ဖူးသည်။ ယခုမူ ဂျူးလူမျိုးအချင်းချင်းပြန်လည်ထောက်လှမ်းစုံစမ်းပြီး (၁ဝ)နှစ်သား ချာတိတ်တစ်ယောက်ကိုရှာဖွေရတော့မည်။ သူ့လူများထိုကိစ္စကိုမလုပ်ချင်မှန်း အီဆာ သိသည်။ သို့သော် တာဝန်နှင့်အမိန့်ကို တသဝေမတိမ်းလိုက်နာသည့် မော့ဆက်အဖွဲ့ဝင်များသည် ဂျိုဆဲလ်ကိုရှာဖွေရာ၌ အိုက်ခမန်းကိုရှာဖွေသလိုလုံးပမ်းကြိုးစားကြမည်မှာ ဧကန်ဖြစ်သည်။
ဝန်ကြီးချုပ်ထံမှအမိန့်ရပြီးသည်နှင့် ရက်မကြာမီ အီဆာနှင့်အရာရှိများသည်စတင်ဆောင်ရွက်ကြသည်။ မော့ဆက်အဖွဲ့ဝင်တို့ကို အစ္စရေးနိုင်ငံ၏ မြောက်မှတောင်၊ အရှေ့မှအနောက် ဖြန့်လွှတ်ပြီး မြေလှန်ရှာကြသည်။ ဘာသာရေးကျောင်းမှန်သမျှ၊ ဘာသာရေးအဖွဲ့အစည်းနှင့် အဆောက်အအုံမှန်သမျှ စစ်ဆေးရှာဖွေကြသည်။
တခါတရံ ဂျူးဘာသာရေးဆိုင်ရာ ဝတ်ရုံကြီးများကိုခြုံ၍ ဆုတောင်းပွဲများတွင် ခပ်တည်တည် ဝင်နေကြသည်။ သို့သော် ဘာသာရေးဆိုင်ရာရွတ်ဖတ်မှုများ မလုပ်တတ်သဖြင့်ရိပ်မိသွားကြပြီး မောင်းထုတ်ခံရပြန်သည်။ ဤသို့ပိုက်စိတ်တိုက်ရှာဖွေသော်လည်းအကြောင်းထူးမလာချေ။ သို့သော် အီဆာကမူ ဂျိုဆဲလ်တစ်ယောက် အစ္စရေးနိုင်ငံအတွင်း မရှိတော့ပြီဟုရိပ်မိလာသည်။ ထို့ကြောင့်အီဆာသည် နည်းဗျူဟာတစ်မျိုး ပြောင်းလဲရတော့သည်။
သူသည် မော့ဆက်အဖွဲ့များကို ဥရောပတိုက်အနှံ့ပို့ထားသည်။ ဟောင်ကောင်၊ဂျပန်၊ တောင်အာဖရိကနှင့် တောင်အမေရိကနိုင်ငံများသို့လည်း သူ့လူများကိုပို့ထားသည်။
အစ္စရေးနိုင်ငံအတွင်းတွင် ပိုက်စိတ်တိုက်ထောက်လှမ်းရှာဖွေသလို ထိုနိုင်ငံများတွင်လည်းစုံစမ်းကြပြန်သည်။ အကြမ်းဖက်သမားတစ်ယောက်ကိုရှာဖွေသည့်ပုံစံမျိုး ကလေးတစ်ဦးကိုမြေလှန်ရှာဖွေကြရလေသည်။ လန်ဒန်ပဲရစ်နှင့်အမေရိကန်ဘရုတ်ကလင်းမြို့ကြီးများရှိဂျူးရပ်ကွက်များကို မွှေနှောက်စုံစမ်းကြသည်။
ဤသို့ရှာဖွေစုံစမ်းကြရသော မော့ဆက်အဖွဲ့ဝင်တို့ မကြာခဏနှာခေါင်းကျည်ပွေ့တွေကြရသည်။ မော်တော်ကား ဘီးပေါက်ကာ ဘီးအပိုမပါသဖြင့်နှင်းတောထဲကုန်းကြောင်းလျှောက်ကြရသည်။
အစ္စရေးနိုင်ငံကူးလက်မှတ်သာကိုင်ဆောင်ထားကြသော မော့ဆက်အဖွဲ့ဝင်တို့သည်ပြင်သစ်ရဲများ တွေ့ရှိသွားမည်စိုးသဖြင့် ဇောချွေးပြန်ကြရသည်။ဂျူးစာသင်ကျောင်းတစ်ခုကို စောင့်ကြည့်နေရသော မော့ဆက်အဖွဲ့ဝင်တစ်ဦးကမူ သစ်တောအုပ်ထဲပုန်းရင်း ချောင်းနေမိရာ ဇီးကွက်နှင့်လင်းနို့များ ထိုးဆိတ်မည့်ဘေးမှ သီသီလေး လွတ်သွားခဲ့ဖူးသည်။
မော့ဆက်အဖွဲ့ဝင်တစ်ဦးကမူ ဟာဆီဒစ်ဂျူးဂိုဏ်းထဲ ဟန်မပျက်ဝင်ရောက်နေပြီး ထိုဂိုဏ်းဝင်တစ်ဦးသေဆုံးသောအခါ အလောင်းကို ဂျေရုဆလင်တံတိုင်းနား မြှုပ်နှံရန် အစ္စရေးနိုင်ငံတွင်းသို့ခိုးသွင်းကြပြန်ရာ ထိုအဖွဲ့ဝင်ကိုတွေ့သွားသဖြင့် ပြဿနာတက်ရပြန်သည်။
လန်ဒန်တွင်မူဘာသာရေးကိုင်းရှိုင်းသူဂျူးများဆုတောင်းပွဲထဲမှရုပ်ဖျက်ဝင်ရောက်နေသူမော့ဆက်အဖွဲ့ဝင်များ မောင်းထုတ်ခံရသည်။ မော့ဆက်အဖွဲ့ဝင်(၁ဝ)ဦးတို့မှာ မောင်းထုတ်ရုံသာမက ရိုက်မောင်းပုတ်ခတ်ခံရပြီး ရဲသို့အတိုင်ခံရသည်။ ရဲတို့လက်ထဲမှစကော့တလန်ယာဒ်စုံထောက်အဖွဲ့ကြီးက ကယ်လိုက်ရသည်။အီဆာ၏လူများ ဂျိုဆဲလ်ရှာပုံတော်ဖွင့်ခဲ့သည်မှာ လပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်းအကြောင်းတော့မထူးချေ။ တာဝန်ပေးထားခံရသော မော့ဆက်အဖွဲ့ဝင်တို့ စိတ်ဓာတ်ကျဆင်းကုန်သည်။ မော့ဆက်အဖွဲ့ကြီး ဘတ်ဂျက်ထဲမှငွေတော်တော်များများဂျိုဆဲလ်အတွက် ကုန်နေပေပြီ။
သို့သော် အီဆာသည် သဲလွန်စတစ်ခုပေါ်လာသည်။ အစ္စရေးနိုင်ငံအတွင်းတွင် ဂျိုဆဲလ်မရှိတော့ကြောင်းရိပ်မိသူ အီဆာက စစ်ထောက်လှမ်းရေးကိုအကူအညီတောင်းလိုက်သည်။
စစ်ထောက်လှမ်းရေးအဖွဲ့သည် နိုင်ငံတွင်း စာအဝင်အထွက်များကို ဖောက်ဖတ်ရသည့်တာဝန်ရှိလေသည်။ အစ္စရေးနိုင်ငံအတွင်းတွင် အပြင်ရှိဘာသာရေးအဖွဲ့အစည်းများ၊ ကျောင်းများအချင်းချင်းဆက်သွယ်သည့်စာများကို ဂရုစိုက်ကြည့်ပေးရန််အီဆာက စစ်ထောက်လှမ်းရေးကို မေတ္တာရပ်ခံလိုက်သည်။ သံသယဖြစ်ဖွယ်ရာ တွေ့ပါက သူ့အား ချက်ချင်းပြောရန် မှာထားသည်။
တစ်နေ့တွင် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးသည် စာတစ်စောင်ကိုသွားတွေ့လေသည်။ ထိုစာကိုနီဂတ်သဲကန္တာရအတွင်း စစ်စခန်းတစ်ခု၌ တာဝန်ကျနေသော စစ်သားတစ်ယောက်က ဘယ်လ်ဂျီယံနိုင်ငံဘရာဆဲလ်မြို့တော်ရှိ မိခင်ထံသို့ ရေးလိုက်သောစာ ဖြစ်သည်။ သားအမိချင်းရေးလိုက်သော စာထဲတွင်အလယ်လောက်၌ အဆက်အစပ်မရှိသော စာတစ်ကြောင်းပါလာသည်။
ကောင်လေးလည်း ဘယ်လိုနေသေးသလဲ
ထိုစာကို အီဆာအား ပြလိုက်သောအခါ မိမိပျောက်နေသောလမ်းမှန်ကိုပြန်တွေ့ပြီဟုသူသိလိုက်လေသည်။ သူသည်သူ၏ လက်ထောက်တစ်ဦးကိုခေါ်၍ ဖိုတိုစတက်လုပ်ထားသောစာကိုပေးလိုက်သည်။
"ကောင်လေးကိုတော့တွေ့ပြီ၊ အဲဒီမိန်းမကိုတွေ့အောင်ရှာ၊ တွေ့ရင်ပြဿနာရှင်းပြီကွ"
အီဆာကိုယ်တိုင် ဥရောပသို့ထွက်ခွာရန်ပြင်ဆင်လေသည်။ဘယ်လ်ဂျီယန်နိုင်ငံသို့ မော့ဆက်အဖွဲ့ဝင်တစ်ဒါဇင်ခန့်ပို့လိုက်သည်။ ထိုမိန်းမပြင်သစ်သို့ပြောင်းသွားကြောင်း သိရသော်လည်း ဆက်၍ လိုက်သောအခါပြင်သစ်တောင်ပိုင်း အေလေဘိန်းမြို့တွင်တွေ့လေသည်။ မော့ဆက်အဖွဲ့ဝင်များသည်သူမကိုစောင့်ကြည့်နေကြသည်။
တစ်နေ့နံနက်တွင် ထိုမိန်းမသည် သူမ နေသောရပ်ကွက်စာတိုက်မှ အင်္ဂလန်သို့အဝေးဖုန်းခေါ်လေသည်။ အင်္ဂလန်မှပုဂ္ဂိုလ်၏လိပ်စာနှင့် သူမ၏ လိပ်စာကိုဖတ်ပြလေသည်။
လိပ်စာနှစ်ခုလုံးကို အမှတ်တမဲ့ထိုင်နေသော လူတစ်ယောက်က တစ်လုံးမကျန်နားထောင်မှတ်သားလိုက်သည်။ သူသည် မော့ဆက်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ တယ်လီဖုန်းလာသောအခါ အနီးရှိ တယ်လီဖုန်းရုံးများတွင်ရောက်နေသော လူနှစ်ယောက်က သူမ ပြောသမျှကို တစ်လုံးမကျန်လိုက်နားထောင်နေသည်။ ဖုန်းပြောပြီး ထွက်သွားသောအမျိုးသမီးနောက်သို့ မော့ဆက်အဖွဲဝင်တို့ နောက်ယောင်ခံလိုက်ကြသည်။ သူမကားဖြင့်မောင်းထွက်သွားသောအခါ သူတို့ကားက နောက်ခပ်လှမ်းလှမ်းမှလိုက်သွားလေသည်။
ထိုနေ့တစ်နေ့လုံး ထိုမိန်းမကားနောက်မှ မော့ဆက်အဖွဲ့ဝင်တို့ နောက်ယောင်ခံလိုက်နေကြသော်လည်းညနေစောင်းသောအခါ ပဲရစ်မြို့တော်၏ မြို့စွန်တစ်နေရာတွင် မျက်ခြည်ပြတ်သွားသည်။ ထိုမိန်းမဖုန်းဖြင့်ပြောသော လန်ဒန်လိပ်စာနေ ဂျူးဘုန်းကြီးထံသို့လည်းတစ်ချိန်တည်းမှာပင် မော့ဆက်အဖွဲ့ဝင်တို့ သွားကြသည်။ သို့သော် ထိုဂျူးဘုန်းကြီးကဘူးကွယ်လိုက်ပြီး သူတို့ကိုမောင်းထုတ်သည့်အပြင် ရဲကိုတိုင်မည်လုပ်သဖြင့် တပ်လန်ပြေးခဲ့ရသည်။
အီဆာဟာရယ်သည် အခြေအနေကို ကိုယ်တိုင်ကိုယ်တွယ်ရန် ပဲရစ်သို့လိုက်လာသည်။ သူ့လူများကိုပင်တပတ်ရိုက်နိုင်သော ထိုမိန်းမ၏အကြောင်းကို အီဆာသည် လေယာဉ်ပေါ်တွင်လေ့လာခဲ့သည်။
ထိုမိန်းမ၏ အမည်မှာ မဒယ်လိန်းဖရေး ဖြစ်ပြီး မင်းဆွေမင်းမျိုးထဲမှဖြစ်သည်။ ပြင်သစ်နိုင်ငံ ဆောဘွန်းတက္ကသိုလ်နှင့်ဂျူးလော့စ်တက္ကသိုလ်တို့တွင်ပညာသင်ခဲ့သော မဒယ်လိန်းမှာဉာဏ်ထက်မြက်ပြီး ရည်မှန်းချက်ကြီးသူဖြစ်သည်။ ငယ်စဉ်က ဝတ်ကောင်းစားလှများကို ဖက်ရှင်ထွင်၍ ဝတ်တတ်သည်။ ရုပ်ရှည်ချောမောသူဖြစ်သဖြင့် သူမကိုပိုးပန်းသူပေါများပြီး အထက်တန်းလွှာလောကတွင် ရေပန်းစားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက မဒယ်လိန်းသည် ပြင်သစ်မြေအောက်တော်လှန်ရေးတွင်ပါဝင်လှုပ်ရှားခဲ့သည်။ ထိုစဉ်က သူမသည် ဂျူးတို့နှင့်အဆက်အသွယ်ပြုခဲ့ပြီး စွန့်စွန့်စားစားကူညီခဲ့လေသည်။ ဂျူးကလေးများအား နာဇီအကျဉ်းစခန်းသို့မရောက်ရန် သူမ အကြိမ်ကြိမ်ကယ်တင်ခဲ့လေသည်။ စစ်ကြီးပြီးသည့်နောက် သူမသည် ဗရင်ဂျီဘာသာဝင်တစ်ဦးနှင့်လက်ထပ်ပြီးကလော့ဒ်အမည်ရှိ သားတစ်ဦး ရခဲ့သည်။
မဒယ်လိန်း၏ဘဝတွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခုဖြစ်လာရ၏။ ထိုအချက်မှာဗရင်ဂျီဘာသာကိုစွန့်လွှတ်ပြီး ဂျူးဘာသာကူးပြောင်းခြင်း ဖြစ်သည်။ သူမသည် ပထမခင်ပွန်းကိုကွာရှင်းလိုက်ပြီး သူမနှင့်မေတ္တာရှိနေသော ဂျူးဘုန်းကြီးတစ်ဦးနှင့်လက်ထပ်လိုက်လေသည်။ သားဖြစ်သူ ကလော့ဒ်သည် အစ္စရေးနိုင်ငံသို့ပြောင်းရွှေ့ခိုလှုံသွားပြီး သူမလည်း သားထံလိုက်သွားရန်စိုင်းပြင်းနေသည်။
အီဆာ ဦးနှောက်ခြောက်ရသော အချက်တစ်ချက်ကိုသွားတွေ့သည်။ ဤသည်မှာ ပြင်သစ်နိုင်ငံနှင့်မိမိတို့၏နိုင်ငံသည် အချင်းချင်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားကြသည့်အချက်ပင်ဖြစ်သည်။ လူထောင်ပေါင်းများစွာ၏ အသက်ကိုစတေးခဲ့သော နာဇီစစ်ရာဇဝတ်ကောင်များကိုလိုက်ဖမ်းသည်ဆိုလျှင်ရှိစေဦး ယခုမူ ကလေးငယ်တစ်ယောက်ကိုရှာဖွေနေခြင်းဖြစ်သဖြင့်ပြင်သစ်အာဏာပိုင်များ မိသွားလျှင် ပြဿနာပေါ်ဦးမည်။
မည်သို့ပင်ဆိုစေ အီဆာကတော့ ဂျိုဆဲလ်ကလေးကို တွေ့အောင်ရှာရန် သန္နိဋ္ဌာန်ချပြီး ဖြစ်သည်။သူ့စိတ်ထဲကလည်း ဂျိုဆဲလ်ပဲရစ်မြို့တွင်ရှိသည်ဟုယုံကြည်ထားသည်။ ပဲရစ်တွင် အီဆာသည်သင့်တင့်သော ဟိုတယ်လေးတစ်ခုတွင်နေပြီး တစ်နေရာတွင် သူ့လူများနှင့်တွေ့ဆုံ၍ဂျိုဆဲလ်အမှုတွဲကိုလေ့လာသည်။
အီဆာ ဟိုတယ်သို့ပြန်ရောက်သောအခါ သန်းခေါင်ကျော်နေပြီ။ ဟိုတယ်ကောင်တာမှစာရေးကအီဆာအား ခရီးကြိုဆိုနှုတ်ဆက်လိုက်သည်။
"ဘယ့်နှယ့်လဲမွန်ဆီယာ ပျော်ခဲ့ရဲ့လား၊ ကျွန်တော်တို့ဟိုတယ်ကို မိန်းမလည်း ခေါ်ခဲ့လို့ရပါတယ်"
ဆီဆာသည် အကျင့်သိက္ခာနှင့်ပတ်သက်၍ စံပြုရသူဖြစ်သဖြင့်အလွန်နှာကောက်သွားပြီး နောက်တစ်နေ့တွင် ချက်ချင်း ဟိုတယ်မှထွက်ခဲ့ကာအစ္စရေးသံရုံးသို့ပြောင်းရွှေ့ခဲ့လေသည်။ အစ္စရေးသံအမတ်ကြီးကလည်း သူ့အား ဂုဏ်ပြုသည့်အနေဖြင့်သူ့အိမ်တွင် အခန်းကြီးတစ်ခန်းပေးထားသော်လည်း အီဆာက မနေပါ။ သံရုံးနောက်ဘက် အခန်းလွတ်တစ်ခုတွင် သံခုတင်လေး တစ်လုံးသာချခိုင်းထားပြီး ထိုခုတင်ပေါ်တွင်သာ အိပ်စက်လေသည်။ အီဆာသည် ဟိတ်တွေဟန်တွေမလိုလားသူဖြစ်သည်။ နယ်မြေသစ်ရှာသူလူငယ်တစ်ဦးဖြစ်ခဲ့သူ အီဆာသည် ဤသို့သော ခုတင်လေးတစ်လုံးနှင့်အိပ်ခဲ့သည်မှာ မဆန်းတော့ပေ။
သားသားနားနား ဟိုတယ်ခန်းများ ငှားနေကြသော သူ့လူများသည် သူ့တို့ဆရာ၏လုပ်ရပ်ကိုကြားရသောအခါ စျေးပေါပေါအခန်းများသို့ ပြောင်းရွှေ့ကြလေတော့သည်။
လူဦးရေ (၄ဝ)ပင်ကျော်နေပြီဖြစ်သော မော့ဆက်အဖွဲ့ဝင်တို့သည် ပဲရစ်တွင် မဒယ်လိန်းဖရေးကိုခြေရာခံလိုက်၍ လိုက်ကြပြန်သည်။ မော့ဆက်အဖွဲ့ဝင်တို့ခြေရာဖျောက်ထားခဲ့သော အမျိုးသမီးကိုသိပ်မစောင့်ရ။ တနေ့တွင် မဒယ်လိန်းက ပြင်သစ်မြို့စွန်ရှိ သူမ၏အိမ်ကလေးကို ရောင်းမည်ဟုသတင်းစာတစ်စောင်တွင်ကြော်ငြာလိုက်သည်။ ပြင်သစ်သတင်းစာများကို နေ့စဉ်လှန်လှောရှာဖွေရသော မော့ဆက်အဖွဲ့ဝင်တစ်ဦးက ထိုကြော်ငြာကိုတွေ့သွားသည်။
မကြာမီ ဂျာမန်အမျိုးသား(၂)ဦးက အိမ်ကြည့်လိုကြောင်း ဖုန်းဆက်ကာ ချိန်းလိုက်သည်။ ချိန်းထားသောနေရာသို့ မဒယ်လိန်းကိုယ်တိုင်ကားဖြင့်လာခေါ်လေသည်။ အိမ်သို့ရောက်သည်နှင့် တံခါးကိုပိတ်လိုက်ပြီး မော့ဆက်အဖွဲ့ဝင်(၂)ဦးသည် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပြောလိုက်သည်။တပတ်ရိုက်ခံလိုက်ရသော မဒယ်လိန်းသည်ဒေါသတကြီး အော်ဟစ်ပြီး ထိုသူ(၂)ဦးကိုထုရိုက်လေသည်။ မော့ဆက်(၂)ဦးက သူမကို ဆူဆူညံညံမလုပ်ဘဲ ထိန်းချုပ်ထားလိုက်သည်။
မော့ဆက်အဖွဲ့ဝင်တစ်ဦးက ချိုချိုသာသာ ပြောလိုက်သည်။
" ကျွန်တော်တို့ ခင်ဗျားကိုအန္တရာယ်မပြုပါဘူး။ လက်ဖျားနဲ့တောင်မထိပါဘူးဗျာ။ ထိုင်ပါ ထိုင်ပါ ဒါခင်ဗျားရဲ့ အိမ်ပါပဲ။ စိတ်ချမ်းချမ်းသာသာ နေပါ။ ကျွန်တော်တို့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံခွင့်ပြုပါ။ ဒါပေမယ့် ကျွန်တော်တို့သိချင်တာ မသိရမချင်း ခင်ဗျားကိုတော့မလွှတ်ပေးနိုင်ဘူး"
အီဆာထံသို့ ဖုန်းဖြင့် ချက်ချင်းအကြောင်းကြားလိုက်သောအခါ အီဆာသည် မော့ဆက်အဖွဲ့တွင်စစ်ဆေးမေးမြန်းရာ၌ အထူးကျွမ်းကျင်သူတစ်ဦးကို လွှတ်လိုက်သည်။ ထိုသူသည် နာဇီအိုက်ခမန်းကိုဖမ်းမိစဉ်က ပထမဦးဆုံး စတင်စစ်ဆေးမေးမြန်းခဲ့သူဖြစ်သည်။ လူကောင်ကြီးကြီးကိုယ်လုံးကိုယ်ထည်တောင့်တောင့်ဖြစ်သော ထိုသူကို မော့ဆက်အဖွဲ့ဝင်များကစပိန်စစ်ဆေးသူဟုပြောင်ခေါ်ကြသည်။ အင်္ဂလိပ်နှင့်စပိန်စစ်အတွင်း အင်္ဂလိပ်ထောက်ခံသူများကိုပိုက်စိတ်တိုက်ဖမ်းဆီးစစ်ဆေးခဲ့သော စပိန်လူမျိုး စုံစမ်းစစ်ဆေးရေးသမားများကိုရည်ညွှန်း၍ခေါ်ခြင်းဖြစ်သည်။ သူ့ကိုယ်လုံးကိုယ်ထည်ကြီးနှင့် သူ၏ လေးတွဲ့တွဲ့အသံကိုသုံး၍လူအတော်များများ၏ဘူးကွယ်လိုစိတ်ကို ချိုးဖျက်ခဲ့ပေါင်းများလှပြီ။
သူသည် မဒယ်လိမ်းဖရေး၏ မျက်လုံးပြာများကိုစူးစိုက်ကြည့်ရှုပြီး မေးခွန်းများကိုတစ်ခုပြီးတစ်ခုမေးမြန်းသည်။ မဒယ်လိန်းကလည်း လျင်လှပေသည်။ မေးခွန်းများကို အမှားမပါပြန်ဖြေသည်။ နာရီအတော်ကြာ မေးမြန်းပြီးသည်အထိ ဂျိုဆဲလ်နှင့်သူမဘာမှမဆိုင်ကြောင်း ပြောနိုင်သည်။ ဤသို့နှင့် (၄)ရက်ကြာသွားပေပြီ။ နောက်ဆုံး စပိန်စစ်ဆေးရေးကြီးလက်လျှော့သွားရပြီး အီဆာထံသို့ ဖုန်းဆက်၍ လူမှားပြီး ဖမ်းမိသည်ဟုထင်ကြောင်း၊ အကြောင်းကြားလိုက်သည်။ လူမှားပြီး ပြင်သစ်အမျိုးသမီးတစ်ဦးကို ၎င်း၏ အိမ်ခန်းထဲတွင်ဖမ်းချုပ်ထားသည်မှာမှန်လျှင် ပြင်သစ်ရဲတို့သိသွားပါက ပြဿနာအကြီးအကျယ်ဝင်ပေတော့မည်။
အီဆာသည် ထိုအိမ်သို့လိုက်လာသည်။ သူ့လူအများပြောတာကို သူလက်မခံချေ။ ထိုအမျိုးသမီးကိုသူကိုယ်တိုင်ရင်ဆိုင်မေးချင်သေးသည်။ အီဆာ ရောက်သွားပြီးနောက် မဒယ်လိန်းသည်ခေါင်းမာမြဲမာနေသည်။ အီဆာကိုလည်း သူမကိုစိတ်ဆင်းရဲအောင်ပြုလုပ်ဦးမည့်လူတစ်ယောက်ဟုပင် သူမထင်လိုက်မိသည်။
ဂျိုဆဲလ်ပျောက်သည့်ကိစ္စကို သူမ ဘာမျှမသိကြောင်း မဒယ်လိန်းက ထပ်တလဲလဲပြောသည်။အီဆာဟာရယ်သည် မိမိသိချင်သည့်အချက်ကို မည်သူ့ထံမှမဆို ညှစ်ထုတ်နိုင်မည်ဟုယုံကြည်ခဲ့သည်။
သို့သော် အီဆာ ပစ်လွှတ်လိုက်သောမေးခွန်းများကို မဒယ်လိန်းက အီဆာ၏မျက်နှာပေါ်သို့ပြန်ပေါက်ထုတ်နိုင်ခဲ့သည်။ သူ၏ကြိုးပမ်းချက်များ မအောင်မြင်ကြောင်းသိရသဖြင့် အီဆာသည်အခန်းထဲမှထွက်ခဲ့သည်။ သူတို့အမျိုးသမီးအားအချိန်အတော်ကြာ မေးမြန်းပြီးပေပြီ။ သူ့လူများကလည်း သူမတွင်အပြစ်မရှိကြောင်းဝိုင်းပြောနေပြန်သည်။ သူ့စိတ်ထဲကမူ ထိုအမျိုးသမီး လိမ်ပြောနေကြောင်း သိနေသည်။ ဂျိုဆဲလ်ရှိသောနေရာကို သူမ သိသည်။ ဂျိုဆဲလ်ကို အစ္စရေးနိုင်ငံပြင်ပသို့ခိုးထုတ်သူမှာ သူမပင်ဖြစ်ကြောင်း အီဆာကတထစ်ချ ယုံကြည်ထားသည်။
သူ့လူများက ထိုအမျိုးသမီးကို.ဆက်လက်မေးမြန်နေစဉ် အီဆာသည် သူမ၏ စာရွက်စာတမ်းများကိုလှန်လှောကြည့်ရှုနေသည်။ တစ်နေရာတွင် သူဗြုန်းကနဲရပ်လိုက်လေသည်။ သူ့လူတစ်ယောက်ကိုခေါ်၍ ဂျိုဆဲလ်ဓာတ်ပုံကိုတောင်းလိုက်သည်။ သူသည် ဂျိုဆဲလ်ဓာတ်ပုံနှင့် မဒယ်လိန်း၏သမီးကိုင်ဆောင်သော ပတ်စ်ပို့ထဲမှပုံကိုယှဉ်ကြည့်လိုက်သည်။
“ခင်ဗျားတို့ သူ့သမီးဆိုတာကိုတွေ့ပြီးပြီလား၊ ကျုပ်တော့သူ့မှာ သမီးရှိတယ်လို့မကြားမိဘူး၊ ကဲ.. ဒီကောင်မလေးရဲ့ ဓာတ်ပုံထဲက ကောက်နေတဲ့ရွှေရောင်ဆံပင်တွေကိုဖယ်ကြည့်လိုက်ကြစမ်း၊ ပြီးတော့ ဂျိုဆဲလ်ရဲ့ဓာတ်ပုံထဲက သူ့မျက်နှာကိုသေချာကြည့်ကြစမ်းချွတ်စွပ်ပဲမဟုတ်လား”
အီဆာ၏ လူများ ကြက်သေသေသွားကြသည်။ ဓာတ်ပုံ(၂)ပုံစလုံး ဂျိုဆဲလ်၏ ပုံများပင်ဖြစ်နေပါသည်။
အီဆာက ဤမိန်းမပင်ဖြစ်သဖြင့် အမှန်ကိုဝန်ခံသည်အထိ ဆက်လက်ဆောင်ရွက်ကြရန်ညွှန်ကြားလိုက်သည်။
မော့ဆက်အဖွဲ့ဝင်တို့ပြသော ဓာတ်ပုံ(၂)ပုံကိုမြင်လိုက်သောအခါ မဒယ်လိန်းမျက်နှာသည်ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ သူမ၏ လံကြုတ်ဇာတ်လမ်းကြီး ဘွားကနဲပေါ်ခဲ့ပြီဖြစ်သော်လည်း သူမ ခေါင်းမာမာ ငြင်းဆန်နေသေးသည်။
“ရှင်တို့ကြိုက်သလိုလုပ်၊ သတ်ချင်ရင်သတ်၊ ကျွန်မ ခံရဲတယ်၊ ရှင်တို့ ကောင်ကလေးကိုရှာတွေ့မှာမဟုတ်ဘူး သိလား"
မော့ဆက်အဖွဲ့ဝင်တစ်ဦးတည်းသာ အခန်းထဲတွင်နေခဲ့ပြီး သူမ၏ နောက်ကြောင်းရာဇဝင်များကိုစုံစုံစေ့စေ့ဖော်ပြထားသော စာရွက်စာတမ်းများကိုဖတ်ပြလိုက်သည်။ ပဲရစ်တွင်ကျောင်းသူဘဝ ချစ်သူပေါင်းစုံနှင့်တချစ်ထဲချစ်ခဲ့သော သူမ၏ အတိတ်ဇာတ်လမ်းတွေလည်း ပါသည်။
အချို့အချက်တွေမှာ ကာယကံရှင်ပင် မမှတ်မိတော့။
"ခင်ဗျားရဲ့ နောက်ကြောင်း ရာဇဝင်တွေကို ကျုပ်တို့ရထားပြီးပြီ၊ ဒါတွေဟာ ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေပါပဲ၊ ဒါပေမယ့် ခင်ဗျားရဲ့ နေတူရောကာတာ ဆိုတဲ့ဘာသာရေးဂိုဏ်းကတော့ဒီကိစ္စတွေကိုလက်ခံမှာ မဟုတ်ဘူး၊ အထူးသဖြင့်သူတို့ဟာ ဗရင်ဂျီဘာသာဝင်ဟောင်း တစ်ဦးဖြစ်တဲ့ခင်ဗျားကို သံသယရှိမှာ အမှန်ပဲ"
မော့ဆက်အဖွဲ့ဝင်သည် ဖိုင်တွဲကိုလက်ညှိုးနှင့်ခေါက်ပြလိုက်ပြီး ဆက်ပြောသည်။
" ဒီဖိုင်တွဲကြောင့် ခင်ဗျားကို နေတူရေကာတာက တစ်သက်လုံး လက်ခံမှာ မဟုတ်ဘူး သိလား၊ ဂျိုဆဲလ်ကိုခင်ဗျား ဂျေရုဆလင်က ခေါ်ထုတ်သွားတာ ကျုပ်တို့သိတယ်။ ကလေးရဲ့ဆံပင်ကို ဆေးဆိုးပြီးခင်ဗျားသမီးလုပ်ပြီး ခေါ်ထုတ်သွားတယ်ဟုတ်လား၊ သူ့ကိုဘယ်ခေါ်သွားတယ် ဘယ်မှာထားတယ်ဆိုတာ ဖွင့်ပြောပါ။ ဒီဖိုင်တွဲကိုချက်ချင်း ဖျောက်ဖျက်ပစ်လိုက်မယ်
မဒယ်လိန်းသည်စိတ်ဆိုးမာန်ဆိုး အော်ပြောလိုက်သေးသည်။
" ရှင်တို့ရဲ့လုပ်ရပ်ဟာ သိပ်ရှက်စရာကောင်းတဲ့လုပ်ရပ်သိလား၊ ဒါ အကြပ်ကိုင်တာပဲသိလား"
" ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီကလေးကိုရှာမတွေ့ရင် ကျုပ်တို့ရဲ့နိုင်ငံဟာ ဘေးဒုက္ခရောက်သွားနိုင်တယ်။အစ္စရေးလူမျိုးအချင်းချင်း ထချကုန်လိမ့်မယ်ဗျ၊ နောက်ပြီး ကျွန်တော်တစ်ခုပြောချင်တာက ခင်ဗျားလည်း မိခင်တစ်ယောက်ပဲဗျာ၊ ဒီကလေးမှာ မိခင်ရင်းရှိပါတယ်၊ ခင်ဗျား ခင်ဗျားရဲ့သားကိုချစ်သလို သူ့မိခင်ဟာသူ့ကိုချစ်ရှာပေမပေါ့၊ ခင်ဗျားတို့လုပ်ထားလို့ ဒီကလေးနဲ့သူ့မိခင်ကွဲကွာနေတာ (၃)နှစ်နီးပါး ရှိတော့မယ်သိလား၊ ဒီတော့ ခင်ဗျားရဲ့လုပ်ရပ်ဟာ မကောင်းမှုဖြစ်တယ်ဆိုတာလည်း ထည့်တွက်ဦးဗျာ.."
မဒယ်လိန်းတစ်ယောက် ငိုင်ကျသွားပေပြီ။ မော့ဆက်အဖွဲ့ဝင်သည် သူ၏မိခင်စိတ်ကိုထောက်ပြလိုက်သည်နှင့် သူမသည်အမှန်အတိုင်း ဖွင့်ဟဝန်ခံလိုက်တော့သည်။
နေတူရေကာတာ အဖွဲ့ဝင်များ၏ တောင်းပန်မှုကြောင့် ဂျိုဆဲလ်ကိုပြည်ပခိုးထုတ်ရန် မိမိဘာသာမိမိ ကြံစည်ခဲ့ကြောင်း ပြောပြလေသည်။ ပထမဦးဆုံး သူမသည်ဟိုင်ဖာသို့ရေကြောင်းခရီးဖြင့်ရောက်လာခဲ့သည်။ သင်္ဘောပေါ်တွင်အစ္စရေးနိုင်ငံသို့အပြီးပြောင်းရွှေ့နေထိုင်သည့်မိသားစုနှင့်မိတ်ဆွေဖွဲ့သည်။
ထိုမိသားစုတွင် (၈)နှစ်အရွယ် သမီးလေးတစ်ဦး ပါလာသည်။ သင်္ဘောအဆင်းတွင် ထိုကလေးမကို မယ်ဒလိန်းက တွဲထားပြီးသမီးအဖြစ်ခပ်တည်တည်ဖြီးခဲ့လေရာ လူဝင်မှုကြီးကြပ်ရေးအရာရှိက သမီးဟုပင်ထင်ခဲ့သည်။
တစ်ပတ်ကြာပြီးနောက် ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့သို့လေယာဉ်ဖြင့်လာကြသောအခါ မဒယ်လိန်းသည်ဂျိုဆဲလ်ကို ဆံပင်ဆေးဆိုးထားပြီး သူမ၏ သမီးအဖြစ် ချောချောမောမော ခေါ်ထုတ်သွားနိုင်ခြင်းဖြစ်လေသည်။
ဂျိုဆဲလ်သည် ဆွစ်ဇာလန်နိုင်ငံရှိ ဘာသာရေးကျောင်တစ်ကျောင်းတွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး မော့ဆက်အဖွဲ့ကြီးက လိုက်နေပြီဟူသော သတင်းရသောအခါ မဒယ်လိန်းနှင့်ကလော့ဒ်၊ဂျိုဆဲလ်တို့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ထိုမှတစ်ဆင့် ပြင်သစ်သို့တိမ်းရှောင်ခဲ့လေသည်။ အီဆာ၏ လူများပဲရစ်တွင်ခြေရှုပ်လာသောအခါ မဒယ်လိန်းသည် ကလေးကိုတွေ့သွားမည်စိုးရိမ်သဖြင့် နယူယောက်သို့ခေါ်သွားပြီး ဘရွက်ကလင်းရပ်ကွက်ရှိဟာဆီဒစ်ဂျူးဂိုဏ်းဝင်ဇနီးမောင်နှံအိမ်တွင်အပ်နှံထားခဲ့လေသည်။
" ကလေးရှိတဲ့အိမ်လိပ်စာကို ကျွန်မ ပေးပါ့မယ်"
မဒယ်လိန်းသည် နောက်ဆုံးတွင် ဂျိုဆဲလ်ရှိသည့်နယူယောက်မြို့အိမ်လိပ်စာကို မော့ဆက်အဖွဲ့ဝင်တို့အား ပေးလိုက်သည်။
၁၉၆၂ ခုနှစ်စက်တင်ဘာလ
ဂျိုဆဲလ်ပျောက်သွားပြီး (၂)နှစ်၊ (၁ဝ)လအကြာ။
အမေရိကန်အစိုးရ၏ ရှေ့နေချုပ် (တရားရေးဝန်ကြီး) ရောဘတ်ကနေဒီထံသို့ အရေးတကြီးတယ်လီဖုန်းခေါ်နေသူမှာ အီဆာပင်ဖြစ်သည်။ အီဆာသည် မော့ဆက်ဌာနချုပ်မှ ရောဘတ်ကနေဒီထံသို့လှမ်း၍ တိုတိုနှင့်လိုရင်းကိုသာ ပြောပြလိုက်သည်။
"ကျွန်တော့်လူတွေ နယူးယောက်ကိုလာနေပါပြီ။ ဂျိုဆဲလ်ဆိုတဲ့ကလေးတစ်ယောက်ကိုပြန်ခေါ်မလို့ပါ။ ခင်ဗျားရဲ့ အကူအညီကိုဝမ်းမြောက်စွာ ရယူလိုပါတယ်ခင်ဗျား"
စကားဆုံးသည်နှင့် အီဆာသည် တယ်လီဖုန်းချသွားသည်။ ကနေဒီသည် မှင်သက်မိကာ အတော်ကြာငိုင်နေမိသည်။ အီဆာဟာရယ်ဟူသော အမည်ကို သူသိသည်။ လေးလည်း လေးစားခဲ့သည်။သို့သော် မော့ဆက်အဖွဲ့ဝင်တွေ နယူးယောက်သို့လာနေကြပြီဟုပြောသွားသည်။ မည်သူ၏ခွင့်ပြုချက်ဖြင့် လာရောက်ကြသနည်း။ သူ မသိပါ။ ဂျိုဆဲလ်ဆိုတာ ဘယ်သူဘယ်ဝါနည်း။ သူ မသိပါ။ရောဘတ်ကနေဒီသည် ချက်ချင်း အစ္စရေးနိုင်ငံတွင်ရှိသော အမေရိကန်သံအမတ်ကိုဆက်သွယ်ပြီးဝန်ကြီးချုပ်ဘင်ဂူရီယန်ထံလွှတ်၍ တွေ့ခိုင်းလိုက်သည်။ ဝါရှင်တန်တွင်ရှိသော အစ္စရေးသံအမတ် အေဘီဟာမန်ထံသို့လည်း စုံစမ်းမေးမြန်းခဲ့သည်။ ဟာမန်က သူ ဂျိုဆဲလ်ကိုတော့သိကြောင်း၊ သို့သော်အီဆာ ဘာလုပ်မည်ကို သူမသိကြောင်း ဖြေကြားလိုက်သည်။ အီဆာ၏ လုပ်ရပ်ကြောင့်နှစ်နိုင်ငံထားရှိသော သံတမန်စည်းကမ်းများ ထိခိုက်မည်စိုးရိမ်သဖြင့် ဟာမန်သည် အစ္စရေးအစိုးရထံအကျိုးအကြောင်း သံကြိုးရိုက်ထားလိုက်သည်။
ဝန်ကြီးချုပ်ဘင်ဂူရီယန်ကို ဤပြဿနာထဲတွင်မပါဝင်စေချင်သဖြင့် အမေရိကန်သံအမတ်ကြီး ရောက်လာသောအခါ ဝန်ကြီးချုပ်စစ်ဘက်အတွင်းရေးဝန် ဗိုလ်မှူးကြီး ဘင်ဒေးဗစ်ကကြိုဆိုတွေ့ဆုံပြီး ဆွေးနွေးလေသည်။ ဝန်ကြီးချုပ်သည်အရေးကြီးသော ကက်ဘိနက်အစည်းအဝေးတစ်ခုရှိနေပါသည်ဟုဘင်ဒေးဗစ်က ပြောထားနှင့်သည်။ ထိုကိစ္စကို ဝန်ကြီးချုပ်ထံသို့တင်ပြပေးပါမည်ဟုလည်း ချွေးသိပ်လွှတ်လိုက်သည်။
ထိုအချိန်၌ အီဆာကို ဖမ်း၍ မမိနိုင်တော့ချေ။ အီဆာ၏အတွင်းရေးမှူးက အီဆာနှင့်တွေ့ရန်ဆက်သွယ်လာကြသော တဒါဇင်ခန့်မျှသော တာဝန်ရှိပုဂ္ဂိုလ်များကို မိမိကိုယ်တိုင်လည်း အီဆာဘယ်ရောက်နေသည်မသိပါကြောင်း စိတ်ရှည်လက်ရှည်ပြန်ဖြေကြားနေပေသည်။
ထိစဉ်ဝါရှင်တန်ရှိ ရောဘတ်ကနေဒီသည် ဂျိုဆဲလ်ပြဿနာ အစီရင်ခံစာကိုရရှိလေသည်။ CIAအရာရှိတစ်ဦးအား ရောဘတ်က မိမိဤအစီရင်ခံစာဖတ်ပြီးအလွန်အံ့သြသွားရကြောင်း ပြောပြခဲ့သည်ဟုဆိုသည်။ သူအံသြရသည့်အချက်မှာ မော့ဆက်အဖွဲ့ကြီးသည် (၁ဝ)နှစ်သား ကလေးငယ်တစ်ဦးကိုခေါ်ရန် သူ၏ စုံထောက်များလွှတ်လိုက်သည်ဆိုသော အချက်ပင်ဖြစ်သည်။ ရောဘတ်အဖို့ ဘာလုပ်ရမည်နည်း
ရောဘတ်ကနေဒီက မော့ဆက်အဖွဲ့ဝင်များ မိမိတို့ကိစ္စကို မိမိတို့ဘာသာ ပိပိရိရိလုပ်ကိုင်သွားစေလိုသည်။ ပြဿနာ လုံးဝမပေါ်စေလိုပေ။ အီဆာဟာရယ်သည် ခိုင်လုံသောအကြောင်းတစ်စုံတရာ မရှိဘဲလျက် ဤကလေးကိုခေါ်ရန် သူ့လူများကိုလွှတ်မည်မဟုတ်ဟုသူတွေးမိသည်။ အစ္စရေးလူမျိုးတို့သည် အမေရိကန်တရားရေးနှင့်ထောက်လှမ်းရေးအဖွဲ့အစည်းများကို အကူအညီပေးခဲ့သည်လည်း ရှိခဲ့သည်။ ထိုမှတပါးယခုအချိန်တွင် မော့ဆက်အဖွဲ့ဝင်တို့အား တားမြစ်ရန်နည်းလမ်းမရှိတော့ချေ။ သူတို့စီးလာသောလေယာဉ်ပျံကိုသာ ပစ်ချရုံသာ ရှိပါတော့သည်။
အချိန်မှာ အမေရိကန်နိုင်ငံတွင် လွှတ်တော်အမတ်ရွေးကောက်ပွဲနှင့် ပြည်နယ်ဘုရင်ခံရွေးကောက်ပွဲများနီးနေသော အချိန်ကာလဖြစ်သည်။ ဂျူး မဲအရေအတွက်ကို အားကိုးနေသောဒီမိုကရက်တစ်ပါတီဝင်တို့က ဂျိုဆဲလ်ကိစ္စကူညီခြင်းကို လိုလားမည်ဖြစ်သည်။ ဂျိုဆဲလ်ကိုခေါ်ယူစဉ်တစ်ယောက်ယောက်အဖိတ်အစင်ရှိပါက ပြဿနာအကြီးအကျယ်တက်နိုင်သည်။ ထို့ကြောင့်ထပ်ပြီး ထောက်လှမ်းခိုင်းလိုက်သည်။
ရောဘတ်ကနေဒီသည် ဆုံးဖြတ်ချက်ချက်လိုက်သည်။ အစ္စရေးနိုငံ၏လုပ်ရပ်ကို အသိမ်မွေ့ဆုံးသောကန့်ကွက်ချက်ပို့မည်။ ထိုနောက်တချိန်တည်းမှာပင် FBI အဖွဲ့ကြီးက မော့ဆက်အဖွဲ့ကို.ကူညီရမည်ဖြစ်လေသည်။
ထိုနေ့ညနေခင်းတွင် အစ္စရေးလေကြောင်းပိုင်လေယာဉ်ကြီး နယူးရောက်မြို့လေဆိပ်သို့ဆိုက်ရောက်လာစဉ် ခရီးသည်များအဖြစ်လိုက်ပါလာသော မော့ဆက်အဖွဲ့ဝင်တို့ကိုအသင့်စောင့်နေသော FBI အဖွဲ့များက ဘရွတ်ကလင်းမြို့ စီလီယမ်စဘတ်ရပ်ကွက်မှပင်းလမ်းရှိ အမှတ်၁၂၆ အိမ်ရှေ့တွင်ထိုးရပ်လိုက်သည်။
အိမ်ရှင် မစ္စစ်ဖန်ဝီဂါတနာသည် မှုန်တေတေ မျက်နှာထားနှင့်လူများကိုတွေ့သောအခါအံသြငေးမောသွားသည်။ သူမ၏ခင်ပွန်း မစ္စတာ ဂါတနာသည် ဂျူးဘာသာထုံးစံအတိုင်းဆုတောင်းဝတ်ပြုနေ၏။ သူ၏ အနီးတွင်ဂျူးဆုတောင်း စာအုပ်ကိုကိုင်လျက် (၁ဝ)နှစ်သားအရွယ်ချာတိတ်တစ်ယောက်ရပ်နေ၏။ နက်မှောင်သော ဆံပင်များမှာ ရှည်၍ ကောက်တက်နေပြီးမျက်နှာလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ မော့ဆက်အဖွဲ့ဝင်တစ်ဦးက ဟီးဘရူးဘာသာဖြင့်ချာတိတ်ကိုပြောလိုက်သည်။
" ကဲဟေ့ ဂျိုဆဲလ်... မင်းအထုပ်တွေပြင်ပေတော့၊ အိမ်ပြန်ရတော့မယ်ဟေ့"
ဂျိုဆဲလ်၏မိခင် အီဒါရှုမားချားကို တဲလာဗီမှ နယူးယောက်သို့ လေယာဉ်ဖြင့် ချက်ချင်းလိုက်လာစေပြီးသူမ၏သား ဟုတ်/မဟုတ်ကြည့်ရှုခိုင်းခဲ့သည်။ သားအမိနှစ်ယောက်ပြန်တွေ့ကြသောအခါ မိခင်သည်သား၏ မွေးရာပါ အမှတ်သညာ စသည်တို့ကိုကြည့်နေစရာ မလိုတော့ချေ။ အီဒါသည်ဂျိုဆဲလ်၏ကိုယ်လုံးကို သိုင်းဖက်လိုက်ပြီး သားကိုမည်မျှ သတိရ လွမ်းဆွတ်ကြောင်း ပြောဆိုနေလေတော့သည်။
ရက်များမကြာမီ သားအမိ(၂)ယောက် တဲလာဗီမြို့တော်လော့ဒ်လေဆိပ်လေယာဉ်ပေါ်မှဆင်းလာသောအခါ လူအုပ်ကြီးက အုတ်အော်သောင်းနင်း အော်ဟစ်ကြိုဆိုကြလေသည်။
လူအုပ်ကြီးထံမှ ခပ်လှမ်းလှမ်းတွင် လူတစ်ယောက်ကားထဲ၌ မထင်မရှားထိုင်လျက် ကြည့်နေသည်။
သူသည် ခပ်ပုပုပျပ်ပျပ်ဖြစ်ပြီး မျက်လုံးပြာနှစ်လုံးပိုင်ရှင် အီဆာဟာရယ်ပင်ဖြစ်သည်။ အီဆာကိုယ်တိုင်ဂျိုဆဲလ်ကို လာကြိုခြင်းပင်ဖြစ်သည်။ သူ၏ ကြိုးပမ်းချက်အောင်မြင်မှုကို သူလာရောက်ကြည့်ရှုပီတိဖြစ်နေခြင်း ဖြစ်ပါသည်။
ဂျိုဆဲလ်အမှုအတွက် အီဆာ၏ မော့ဆက်အဖွဲ့ဝင် (၄ဝ)ကျော်တို့သည် (၈)လကြာအလုပ်လုပ်ခဲ့ကြရသည်။ လူ(၁ဝဝ)ကျော်ပါဝင်လှုပ်ရှားခဲ့ရ၏။ မော့ဆက်အဖွဲ့ကြီးအတွက် ၁၉၆၂ ခုနှစ် ဘတ်ဂျက်လျာထားငွေအားလုံး ဤချာတိတ်အတွက်သုံးလိုက်ရတော့သည်။
အီဆာသည် လေဆိပ်မှ ဝန်ကြီးချုပ်ဘင်ဂူရီယန်ထံသို့ တန်း၍မောင်းခဲ့၏။ ဂျိုဆဲလ် နယူးယောက်တွင်ရောက်နေပြီဖြစကြောင်း သူသတင်းပို့ထားပြီး ဖြစ်ပေသည်။ ဝန်ကြီးချုပ်၏ရုံးခန်းထဲသို့ဝင်သွားပြီး ခပ်ရိုးရိုးပင် ဤသို့ပြောလိုက်သည်။
" ဂျိုဆဲလ် ပြန်လည်ရောက်ရှိပါပြီ"
ဘင်ဂူရီယန်သည်ဘာမျှ ပြန်မပြောချေ။ အဖိုးကြီး တစ်ခုခုပြန်ပြောမည်ဟု အီဆာ တွေးမိရှာသည်။ ဘယ်လိုတွေ့ခဲ့တယ်စသည်ဖြင့်သူ့ကိုမေးမည်ဟုထင်မိခဲ့သည်။ ချီးမွမ်းစကားတစ်ခွန်းနှစ်ခွန်း ပြောဦးမည်ဟုပင် သူထင်မှတ်ခဲ့သည်။ ဘင်ဂူရီယန်သည်ဂျိုဆဲလ်အကြောင်း ဘာမှမမေးချေ။ သို့သော် ဂျိုဆဲလ်ကိုဝှက်ထားခဲ့သော မဒယ်လိန်းအကြောင်း မေးမြန်းသောအခါ အဖိုးကြီး၏မျက်လုံးများသည် စိတ်ဝင်စားလွန်းသဖြင့် အရောင်များ တဖျတ်ဖျတ်တောက်နေသည်ဟု အီဆာကမှတ်သားခဲ့ရသည်။
မဒယ်လိန်းသည် ယခုအခါတွင် ရုသ်ဘင်ဒေးဗစ်ဖြစ်နေပေပြီ။ဂျိုဆဲလ်ပြဿနာပြီးသည်နောက် မော့ဆက်အဖွဲ့ကြီးသည် မဒယ်လိန်းကို အဖွဲ့ထဲဝင်ပြီး အလုပ်လုပ်ရန်ကမ်းလှမ်းခဲ့သည်။ မော့ဆက်အဖွဲ့ကြီးကို (၃)နှစ်နီးပါး ခြေရာဖျောက်ထားနိုင်သော ဤအမျိုးသမီး၌ပထမတန်းစား သူလျှိုအရည်အချင်းများရှိသည်ဟု ယုံကြည်ခဲ့ကြလေသည်။
သို့သော် မဒယ်လိန်းတဖြစ်လဲ ရုသ်ဘင်ဒေးဗစ်က ကမ်းလှမ်းချက်ကိုပယ်ချခဲ့သည်။
သူမသည်ဂျေရုဆလင်သို့ပြောင်းရွှေ့နေထိုင်ပြီး သူမထက် အသက်(၂၇)နှစ်ကြီးသော အမ်ရမ်ဘလောအမည်ရှိ နေတူရေကာတာ ဂိုဏ်းခေါင်းဆောင်ဂျူးဘုန်းကြီးနှင့် လက်ထပ်ခဲ့သည်။ အမ်ရမ်လောသည်မုဆိုးဖိုဖြစ်လေသည်။
ယနေ့မူ ဂျူးဘုန်းကြီး အမ်ဒမ်ဘလောသည် ကွယ်လွန်ခဲ့ပြီဖြစသည်။
ရုသ်ဘင်ဒေးဗစ်သည် မြေး(၅ဝ)တို့၏ အဖွားဖြစ်နေပေပြီ။ အဖွားအိုရုသ်ဘင်ဒေးဗစ်သည် ကျောက်တုံးအိမ်ငယ်လေးတစ်လုံးတွင် တစ်ယောက်တည်းနေထိုင်ပြီး မြေးတွေလာလည်လျှင် ပျော်တပြုံးပြုံး ရှိနေတတ်သည်။ ဂျေရုဆလင်မြို့၏ မီယာရှိယာရင်ရပ်ကွက်ရှိအိမ်များမှာကဲ့သို့ အဖွားကြီး၏အိမ်ရှေ့တွင် စာတမ်းတစ်ခုချိတ်ဆွဲထားသည်
" ကျွန်ုပ်သည်ဂျူးဖြစ်၏၊ ဇီယွန်ဝါဒီမဟုတ်"
ဤဘာသာတရား ကိုင်းရှိုင်းသောရပ်ကွက်တွင် ရုသ်ဘင်ဒေးဗစ်ကို ပိုမို၍ဘာသာတရားကိုင်းရှိုင်းသူတစ်ဦးအဖြစ် အိမ်နီးချင်းများက လေးစားကြသည်။ သူမသည် အနက်ရောင်အမြဲဝတ်ဆင်ပြီး နွေရာသီလမ်းထွက်လျှင်ပင် အနက်ရောင်ခြေအိတ်ရှည်ဝတ်ဆင်ပြီးမှထွက်လေ့ရှိသည်။ ရုသ်ဘင်ဒေးဗစ်သည် သူမ သက်ဝင်ယုံကြည်ခဲ့ပြီဖြစ်သော ဂျူးဘာသာရေးဆိုင်ရာစည်းကမ်းနည်းနာများကို တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့လေသည်။
ရုသ်ဘင်ဒေးဗစ်ထံသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသူများအထဲတွင် ကိုယ်လုံးကိုယ်ထည်ခပ်တောင့်တောင့်နှင့်လူငယ်တစ်ဦးလည်း ပါလေသည်။ သူသည် တခါတရံ တပ်မတော်တာဝန်ဖြင့်လာလျှင် အူဇီဆပ်မရှင်းဂန်းကိုကိုင်ဆောင်လာတတ်သည်။ ဂျိုဆဲလ်သည် အဝတ်နက်များနှင့်နားသယ်ဆံပင်ရှည်များကိုစွန့်ပယ်ထားပြီးဖြစ်သော်လည်း တချိန်က အမေတော်ခဲ့သော မယ်ဒယ်လိန်းတဖြစ်လဲ ရုသ်ဘင်ဒေးဗစ်ကို သံယောဇဉ်ရှိရှာသေးသည်။
ရုသ်ဘင်ဒေးဗစ်ကလည်း တချိန်က သားတော်ခဲ့သော ဂျိုဆဲလ်ကို ဝမ်းသာအယ်လဲ ကြိုဆိုဧည့်ခံကျွေးမွေးမြဲပင်ဖြစ်သည်။ သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြသောအခါ တချိန်က ဥရောပတိုက်တွင် တိမ်းရှောင်ခဲ့စဉ် မော့ဆက်အဖွဲ့၏ လူစွမ်းကောင်းကြီးဖြစ်သော အီဆာအားတပတ်ရိုက်ထားခဲ့ကြသည့်အဖြစ်ကို ပြန်လည်တွေးတော သတိရနေမည်ဖြစ်ပါသတည်း။

Done 🍀
ReplyDeleteဝါး...ဖတ်ရတာ အရသာရှိလိုက်တာ။ ဂျိုဆဲလ်ကိုရှာရင်း မော့ဆက်အဖွဲ့ဝင်တွေကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဖတ်ရတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းသားကြီး အီဆာဟာရယ်ရောက်လာတော့ ပွဲပြီးပဲ။😁
ReplyDeleteDone 💪
ReplyDeleteDone❤️
ReplyDeleteThis comment has been removed by the author.
ReplyDelete😁
ReplyDeleteDone
ReplyDelete🌟🌟
ReplyDeleteDone
ReplyDelete