ကျွန်တော် ငိုတယ် အမေ


ကဗျာဆရာတစ်ယောက်က ရီဝေဝေနဲ့ထပြောတယ်

“ကဗျာတွေလည်း ဆန်မနေတော့ပါဘူးကွာ”တဲ့


…………………………….

………………………………

……………………………………


မမွှေးတော့တဲ့ သနပ်ခါးတို့ရဲ့ မြေ

ကျက်သရေကင်းမဲ့နေတဲ့ ဝင်းဝင်းဝါဝါ ဘုရားတွေ

ဒါတွေက ငါတို့နိုင်ငံရဲ့ အမှတ်အသားတွေဆိုပြီး…

ကြွားရတာ အဟုတ်ထင်နေကြသေးသလား

ကျွန်တော်မြန်မာလူမျိုးပါ


ရှက်စရာကောင်းလှပါဘိ…


တချို့က…ဝတ်စုံပြည့်ကြီးဝတ်လို့…

တချို့က…ဝတ်စုံအပြဲအစုတ်နဲ့ လှည်းစုတ်ကို တွန်းနေတုန်း…

တချို့က…ဘာကိုမှ မဝတ်တော့ဘူး…


ဆွဲဖြတ်ခံလိုက်ရတဲ့ လျှာဖျားလျှာစကို အတင်းပြန်လိုက်ရှာနေတာ တစ်ဘဝလုံး

အသံထွက်နိုင်စွမ်းကင်းမဲ့သွားတဲ့သူတွေအတွက်

အသံတစ်ခုအဖြစ် ရေးခဲ့တဲ့ ကလောင်တံ

လိပ်ပြာလုံတယ်

သေချာလား မိတ်ဆွေ

သေချာလား…

ငါတော့ မလုံဘူး

ဘယ်စိတ်နဲ့မှ မလုံတတ်တော့ဘူး

ဘာမှလုပ်လို့မရတော့ပါဘူးဆိုပြီး 

တယောကို ဆက်ထိုးနေရတာကို မလုံဘူး


အနည်းဆုံးတော့…


ဒီတယောနဲ့…


ဒီကောင်တွေကို ရိုက်လိုက်ဖို့ကောင်းနေပြီ


ငါတို့ဖန်တီးတဲ့ ပန်းချီကား

စာအုပ်

ကဗျာ

ဂီတ

အားလုံးက တစ်မနက်နိုးလို့ စားစရာမရှိတဲ့အခါ

တန်ဖိုးမရှိတော့တဲ့အရာတွေသက်သက်ပဲ


တစ်ယောက်ထဲ မြင်ယောင်နေတဲ့ သီအိုရီတွေကြားမှာ

လူသားဆန်မှုပျောက်ဆုံးသွားတဲ့ ကဗျာဆရာတစ်ယောက်…


အာဏာက နံပါတ်(၁)

ငွေရှာနိုင်စွမ်းက လူ့တန်ဖိုး

အနုပညာဆိုတာ အနုကြမ်းစီးဝင်ရောက်လာမှုကို ချီးမြှောက်သော လှုပ်ရှားမှု


ဒီလိုနိုင်ငံကမွေးတဲ့သူပါဆိုတာကို ဘာကိုဂုဏ်ယူသလဲ မအေလိုးတွေ

မရယ်ရတဲ့ အမှားကြီးကို လက်ခံတတ်ဖို့ပဲ စိတ်ကိုတွန်းပို့နေကြတယ်

အဆက်ဆက်သော

လက်ထိပ်တွေ စွပ်ထားရတဲ့ ကလောင်ကိုင်လက်တွေကို အားမနာဘူးလား


………………..

……………………..

…………………………….


ကဗျာက ငတ်နေတဲ့သူပါးစပ်ထဲလည်း အစာမဖြစ်

အေးနေတဲ့သူကိုလည်း စောင်မခြုံပေး

နေမကောင်းနေတဲ့သူအတွက်လည်း ဆေးမဖြစ်

ဘာလုပ်ဖို့ အဲ့တာဆို ငါက ရေးနေရတာလဲ


စံချိန်ပေတံက နိမ့်ကျသထက် ကျသွားတာပေါ့လေ


ဆရာဝန်တောင် ကုမပေးနိုင်တဲ့ ငါ့စိတ်ထဲက မကောင်းဆိုးဝါးဟာ ငါ့ညတွေမှာ စကားအများကြီးပြောတယ်

ဝတ္ထုတွေရေးတယ်

ကဗျာတွေရေးတယ်

သီချင်းတွေ ဆိုပြတီးပြတယ်

အတ္တကို မီးမြိုက်ပေးနေလျက်ပေါ့


တစ်ရက်ကျ ဒီကောင်ထပြောပါရဲ့


သူ့မကျေနပ်ချက်တွေ

မနာလိုမှုတွေ

ကမ္ဘာက ဘယ်နှဒီဂရီစောင်းလို့


အကြောင်းမဆုံလိုက်ရသော ဘဝတစ်ကွေ့က အချစ်ဟောင်းတွေဆီသို့တဲ့…

အစပျိုးပြီး ငါ့ဆီထားသွားတယ် ဒီကဗျာကို


သေလိုက်ပါတော့

သေလိုက်ပါတော့ကွာ…


…………………….

…………………………….

………………………………………


မာန

ပညာ

အသိ

နောင်တ

အချစ်

ဝမ်းနည်းမှု

မုန်းတီးမှု

မနာလိုမှု

ယစ်မူးခြင်း


တံစက်မြိတ်ထဲမဝင်ခင် ပစ်ချခဲ့

အမေ့ပေါင်ပေါ် အိပ်ပါ ငါ့သားငယ်

ငါ့သားလေး အတွေးအရမ်းများတတ်တာ အရင်အတိုင်းပဲနော်

အမေ့ကို ယုံပါသားငယ်

အဆင်ပြေသွားမှာပါ

အဆင်ပြေသွားမှာပါကွယ်…

တစ်နေ့နေ့ပေါ့ သားရယ်…


………………………

…………………………….

…………………………………


#Tommy

(ကဗျာအပုဒ် ၅၀ ပြည့် အမှတ်တရ)

Comments

  1. ကဗျာတွေက နေမကောင်းတဲ့သူတွေအတွက် ဆေးမဖြစ်ပေးနိုင်ပေမယ့် clickerတွေအတွက်တော့ စိတ်ခွန်အားဆေး ဖြစ်ပေးတယ်လေ။ အားတင်းထားပါ ကဗျာဆရာရေ။ စိတ်တွေမလုံပေမယ့် တတ်နိုင်သမျှ ကြိုးစားပြီး ထောက်ပို့ကြရအောင်။ 💪

    ReplyDelete
  2. ကဗျာတွေဖတ်ရင်း
    ကျနော်တို့ရဲ့ နာကျင်မှု ဝမ်းနည်းမှုတွေဟာ ကျနော်တို့ တဦးတယောက်တည်း ခံစားနေကြရတာမဟုတ်ဘူးဆိုတာကို နားလည်စေတယ်၊ ကဗျာတွေကမျှဝေခံစားပေးတယ် ..... ။ ရင်နှင့်ရင်းပြီးခံစား၊ စကားလုံးတွေနှင့်ဖန်တီးမျှဝေပေးသူ ကဗျာရေးသူတွေကို အားကျတယ် ကျေးဇူလည်းတင်မိပါတယ်...။

    ReplyDelete
    Replies
    1. ကဗျာတပုဒ်ဖြစ်ဖို့မလွယ်ဘူး...။
      ခု ပုဒ်ရေ ၅၀အတွက် Congratulations 👏🎉

      Delete
  3. ကဗျာဖတ်ရင်း ရင်ထဲနင့်နေတာပဲ😢

    ReplyDelete
  4. အဆင်​ပြေမှာပါ သားရယ်

    ReplyDelete

Post a Comment