မော့ဆက် (အပိုင်း 6)
۞ ခြောက်ရက်စစ်ပွဲ ۞
၁၉၆၇ ခုနှစ်ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းတွင်အရှေ့အလယ်ပိုင်းဒေသ၌ စစ်စတင်ဖြစ်ပွားခဲ့၏။ အီဂျစ်၊ဆီးရီးယား၊ အီရတ်နှင့်ဂျော်ဒန်နိုင်ငံများတွင်ရှိသော စစ်စခန်းများကို အစ္စရေးလေတပ်မတော်ကကြိုတင်၍ လက်ဦးအောင်တိုက်ခိုက်ခဲ့သည်။
ထိုစစ်ပွဲသည် ၆ ရက်သာ ကြာခဲ့ပါသည်။
အစ္စရေးတပ်မတော်သည် ဆိုင်းနိုင်းကျွန်းဆွယ်တွင်အီဂျစ်စစ်သား ထောင်ပေါင်းများစွာကို သုံ့ပန်းအဖြစ်ဖမ်းယူနိုင်ခဲ့ပြီး မရေမတွက်နိုင်သော သံချပ်ကာကားများကို ဖျက်ဆီးပစ်ခဲ့သည်။
အစ္စရေးတပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံ၏ မြို့တော်ဒမတ်စကတ်နှင့် မိုင်အနည်းငယ်သာ လှမ်းသောနေရာသို့ပင် ထိုးစစ်ဆင်ဝင်ရောက်လာ၏။
အစ္စရေးစစ်သည်တော်တို့သည် ဂျော်ဒန်နိုင်ငံက သိမ်းပိုက်ထားသော ဂျေရုဆလင်မြို့ဟောင်းကို ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့လေသည်။
အာရပ် နှင့် အစ္စရေး တတိယစစ်ပွဲ
(၁၉၆၇-ခုနှစ်၊ ဇွန်လ-၅ ရက်မှ ၁ဝ-ရက်ထိ)
၆-ရက်ကြာ စစ်ပွဲ (Six days War)
►►►►►►►►►►►►►►►►
1967, May 16
အစ္စရေးတပ်မတော်တွင် ယခင်က စစ်ဦးစီးချုပ်အဖြစ် ထမ်းဆောင်ဖူးခဲ့ကြသည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ အားလုံးကို လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ် (Yizhak Rabin) ယစ်ဇတ် ရာဘင်က အထူးဧည့်သည်တော်များအဖြစ် သူ၏ ဌာနချုပ်သို့ ဖိတ်ကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးရာဘင် ဖိတ်ကြားထားသော ဗိုလ်ချုပ်ကြီးများမှာ အားလုံး(၆)ယောက် ဖြစ်သည်။ ၎င်းတို့မှာ…
➀ Moshe Dayan မိုရှေဒါယန်
➁ Yaakov Dori ယားကော့ ဒိုရီ
➂ Yigal Yadin ယီဂယ် ယာဒင်
➃ Mordechai Makleff မော်ဒီချိုင်း မက္ကလပ်ဖ်
➄ Ghaim Laskov ချိုင်းမ်လာ့စ်ကော့
➅ Zvi Tzur ဇဗီတီဇူး တို့ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ရာဘင်က ထိုအငြိမ်းစား ဗိုလ်ချုပ်ကြီး(၆)ဦးကို အထူးဖိတ်ကြား ခေါ်ယူထားခြင်းမှာ အခြားကြောင့် မဟုတ်။ သူနှင့်အတူ အစ္စရေးတပ်မတော် အထူးတပ်စခန်းတစ်ခုသို့ လိုက်ပါကြဖို့ ဖြစ်သည်။ အမှန်က ဗိုလ်ချုပ်ကြီး ရာဘင်က အစ္စရေးတပ်မတော်ကို မည်သို့မည်ပုံ အသင့်ပြင်ထားကြောင်း ပြသလို၍ ဖြစ်သည်။
စစ်ဦးချုပ် ရာဘင်က အနာဂတ်တိုက်ပွဲများတွင် အစ္စရေးတပ်ဖွဲ့များ ကျင့်သုံးစေမည့် တိုက်ပွဲဝင်နည်းသစ်များကို အထူးတပ်ဖွဲ့ တချို့ဖြင့် သရုပ်ပြသစေခဲ့သည်။ ထိုနောက် အစ္စရေးတပ်မတော် လက်ဝယ်ရှိ စစ်လက်နက်ပစ္စည်း အသစ်အဆန်းများကို ထုတ်ပြခဲ့သည်။ သည့်နောက်မှာတော့ အစ္စရေးနိုင်ငံ နယ်နိမိတ်တလျောက် ဖြစ်ပေါ်နေသည့် တင်းမာလျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍လည်း အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့်အတူ စစ်ဦးချုပ် ရာဘင်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။ မကြာမီ ပြဿနာ အကြီးအကျယ် တက်လိမ့်မည်ဟု မျှော်လင့်ရသည့် နေရာဒေသများကိုလည်း ခန့်မှန်းကာ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြသည်။ အများစုကတော့ ဆိုင်းနိုင်းဒေသတွင် အီဂျစ်တပ်များ ဖြန့်ကျက်ချထားလာမှုသည် အင်အားပြရုံသက်သက်မျှ ဖြစ်လိမ့်မယ်ဟု ထင်ကြေးပေးကြသည်။ ယင်းသို့ အင်အားပြခြင်းခြင်းဖြင့် အီဂျစ်သမ္မတ နတ်ဆာ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ယူဆကြသည်။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကမူ ဆီးရီးယားနယ်စပ် အခြေအနေကို စိုးရိမ်မကင်း ဖြစ်မိသည်ဟု ဆိုသည်။ အခြားတစ်ဦးကတော့ ဂျော်ဒန်နှင့် ထိစပ်နေသည့် နယ်ခြားဘက်မှ ထိုးဖောက်ဝင်ရောက်လာနိုင်စရာရှိသည့် အာရပ်ပြောက်ကျားတို့၏အန္တရာယ်ကို ပို၍ စိုးရိမ်ရသည်ဟု ဆိုလေသည်။
ဘယ်သူတွေ ဘယ်လိုပဲ ထင်ကြေးပေးပေး.. မကြာမီ မီးထတောက်တော့မည့်နေရာကို တမူထူးကဲစွာ မမှားမယွင်း အထင်းသား ထောက်ပြနိုင်ခဲ့သူမှာ အခြားမဟုတ်။ ဗိုလ်ချုပ်ကြီးဟောင်း မိုရှေဒါယန်ပင် ဖြစ်သည်။
"အစ္စရေးကို တကယ် ဒုက္ခပေးမယ့် ရန်သူဟာ အီဂျစ်သမ္မတ နတ်ဆာပဲ။ ကျွန်တော်တို့ အဓိက သတိထား စိုးရိမ်ရမှာက သူရွှေ့မယ့် ကျားကွက်တွေပဲ ဖြစ်တယ်။ နတ်ဆာဟာ အာရပ်ကမ္ဘာမှာ သူရဲ့ အမျိုးသားခေါင်းဆောင်ကြီးနေရာကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် နောက်ထပ် စစ်ပွဲကြီးတစ်ပွဲ ဖန်းတီးနေတယ်။ ဒါကြောင့် သူဟာ အစ္စရေးနှင့် စီးချင်းတိုက်ဖို့ အချိန်မရွေး စိန်ခေါ်နိုင်တယ်။ နတ်ဆာရဲ့ ပထမဦးဆုံး ခြေလှမ်းကတော့ ကုလသမဂ္ဂတပ်ဖွဲ့များကို ဆိုင်းနိုင်းဒေသမှ ရုပ်သိမ်းခိုင်းစရာ ရှိတယ်။ အဲဒါပြီးရင် နောက်တက်မယ့် သူ့ခြေလှမ်းကတော့ အီလတ်မြို့သို့ ဝင်ရောက်ရာ ရေလမ်းကြောင်းကို ထပ်မံပိတ်ဆို့ဖို့ ကြိုးစားခြင်းပဲ ဖြစ်လိမ့်မယ်။"
![]() |
| မိုရှေဒါယန် |
မိုရှေဒါယန်က ဤသို့ပြောပြီး မကြာမီ ရက်ပိုင်းအတွင်းမှာပင် ဖြစ်သည်။ သူ၏ ကြိုတင်ခန့်မှန်းထားချက်အတိုင်း ကွက်တိပင် တန်း၍ ဖြစ်လာတော့သည်။ နိုင်ငံတစ်နိုင်ငံအဖြစ် (၁၉)နှစ်ကြာ တည်ရှိခဲ့သည့် ကာလအတွင်း အစ္စရေးတို့ ကြုံတွေ့ရသည့် အကြီးမားဆုံး အကျပ်အတည်းပင် ဖြစ်သည်။ အလွန်တရာ အရေးကြီးသော အချိန်တည်း။
ထိုရက်ပိုင်းများအတွင်း၌ အီဂျစ်နှင့် ဆီးရီးယားတို့မှ စစ်ဦးစီးချုပ်များသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် တွေ့ဆုံကာ တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ကြသည်။ ဘာတွေ ဆွေးနွေးကြသည်ကိုတော့ မထုတ်ဖော်။ သို့သော် ထိုသို့ဆွေးနွေးပြီး မေလအတွင်းမှာပင် အီဂျစ်နှင့် ဆီးရီးယားတပ်များသည် ဆိုင်းနိုင်းကျွန်းဆွယ်ထဲသို့ အလုံးအရင်းဖြင့် ချီတက်တပ်စွဲလေတော့သည်။ ရက်ပိုင်းအတွင်းမှာပင် အစ္စရေးနယ်စပ်အထိ ချဉ်းကပ်ရောက်ရှိလာသည်။ ဆိုင်းနိုင်းကျွန်းဆွယ်တလွှား အီဂျစ်က ဖြန်ကြက်ချထားသည့် စစ်အင်အားမှာ (၅၈ဝဝဝ)ထိ ရှိလာသည်။ တစ်ချိန်တည်းမှာပင် အာရပ်တပ်ပေါင်းစုကို အားဖြည့်ရန် စေလွှတ်လိုက်သည့် ဆီးရီးယားတပ် အင်အားကလည်း (၁၂ဝဝဝ) ရှိသည်။
![]() |
| ဆိုင်းနိုင်းကျွန်းဆွယ်၊ အီဂျစ်၊ အစ္စရေးနှင့် ပတ်လည်နိုင်ငံများ |
နတ်ဆာ၏ဆန္ဒ ဦးသန့် လိုက်လျောခဲ့ရ
-------------------------------
ထိုသို့ စစ်ရိပ်စစ်ငွေ့များ သန်းနေစဉ် ကာလမှာပင် ဂါဇာကမ်းမြောင်ဒေသနှင့် ရှမ်အယ်ရှိတ်ဒေသများ၌ တပ်စွဲထားသော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များကို ရုပ်သိမ်းပေးပါဟုဆိုကာ အီဂျသမ္မတ နတ်ဆာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို တောင်းဆိုလိုက်သည်။
![]() |
| ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဉီးသန့် |
1956 ခုနှစ်က ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေး စစ်ပွဲတွင် ဂါဇာကမ်းမြောင်ဒေသနှင့် ရှမ်အယ်ရှိတ်ဒေသများကို အစ္စရေးက သိမ်းပိုက်ခဲ့သည်။ သို့ရာတွင် ထိုစစ်ပွဲအပြီး၌ ကုလသမဂ္ဂညီလာခံကြီးက တောင်းဆိုမှုကြောင့် အစ္စရေးတပ်များသည် ၎င်းတို့ သိမ်းပိုက်သော နယ်မြေများမှ 1957 ခုနှစ်တွင် တပ်ရုပ်သိမ်းပေးခဲ့ရသည်။ အစ္စရေးတပ်များ ရုပ်သိမ်းသွားသဖြင့် လစ်ဟာသွားသည့် ဒေသများတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များက အစားထိုး ဝင်ရောက် နေရာယူကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပ်မတ်ပေးခဲ့ရသည်။
ကုလသမဂ္ဂတပ်များ ယင်းသို့ အစားထိုးဝင်ရောက် နေရာယူခဲ့ရာ၌ အီဂျစ်နှင့် ကုလသမဂ္ဂတို့အကြား သဘောတူညီချက်တစ်ရပ် ထားရှိခဲ့ရသည်။ ထိုသဘောတူညီချက်ကား အခြားမဟုတ်၊ ကုလသမဂ္ဂတပ်များကို ဆက်လက်ထားရှိရန် မလိုအပ်တော့ဟု အီဂျစ်အစိုးရက ယူဆ၍ တပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုတင်ပြလာသည့်အခါတွင် ကုလသမဂ္ဂက ရုပ်သိမ်းပေးမည်ဟူသည့် အချက်ပင်ဖြစ်ပါသည်။
ယင်းသဘောတူညီချက်အရ အဆိုပါဒေသများကို အချုပ်အခြာပိုင်သည့် အီဂျစ်အစိုးရက ကုလသမဂ္ဂတပ်များ ဆက်လက်ထားရှိရန် မလိုအပ်တော့ဟု ပြောဆိုကာ ကုလသမဂ္ဂတပ်များ ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုလာသောအခါ ထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်အနေဖြင့် အီဂျစ်၏ ဆန္ဒကို လိုက်လျောရန်ကလွဲ၍ ဘာများ တတ်နိုင်ပါဦးမည်နည်း။
ရှမ်အယ်ရှိတ်တွင် တပ်စွဲထားသော ကုလသမဂ္ဂတပ်ဖွဲ့များကို ချက်ချင်း ဆုတ်ခွာရုပ်သိမ်းပေးရန် အီဂျစ်က မေလ(၁၈)ရက်နေ့ နေလယ်တွင် တရားဝင် တောင်းဆိုလိုက်သည်။ အီဂျစ်၏ တောင်းဆိုချက်ကို ဦးသန့်ထံရောက်လာတော့ ညနေ(၄)နာရီ ရှိပြီ။
"အီဂျစ်နိုင်ငံပိုင် နယ်မြေများနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ချထားသော ကုလသမဂ္ဂ အရေးပေါ်တပ်များ အားလုံး ပြန်ရုပ်သိမ်းပေးရန် အချိန်ကျရောက်ပြီဟု အီဂျစ်အစိုးရက ဆုံးဖြတ်လိုက်ကြောင်း လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ အီဂျစ်နိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့တို့အကြား ထားရှိခဲ့သည့် သဘောတူညီချက်အရ အမြန်ဆုံး ရုပ်သိမ်းပေးရေးကို လိုအပ်သလို အလျင်အမြန် အရေးယူဆောင်ရွက်ပေးရန် အထွေထွေအတွင်းရေးမှူးချုပ်အား မေတ္တာရပ်ခံအပ်ပါသည်။"
ထိုမေတ္တာရပ်ခံချက် ရရှိပြီး နောက်တစ်နေ့ မေလ(၁၉)ရက်နေ့တွင် ဖြစ်သည်။ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် အထွေထွေညီလာခံ၌ အီဂျစ်အစိုးရ၏ မေတ္တာရပ်ခံချက်ကို ရရှိကြောင်း၊ အီဂျစ်နှင့် ကုလသမဂ္ဂတို့အကြား ထားရှိခဲ့သည့် သဘောတူညီချက်အရ ကုလသမဂ္ဂတပ်များကို အီဂျစ်နယ်မြေများပေါ်မှ အမြန်ဆုံး ဆုတ်ခွာပေးနေပြီဖြစ်ကြောင်း ဦးသန့်က ထုတ်ဖော်ကြေညာသည်။
ကုလသမဂ္ဂတပ်များ ရုပ်သိမ်းပေးခြင်းကို အာရပ်ကမ္ဘာနှင့် လက်ဝဲကမ္ဘာက ကြိုဆိုထောက်ခံကြသည်။ အနောက်ကမ္ဘာကမူ နတ်ဆာ၏ အလိုသို့ ဦးသန့်၏ အဆော့တလျင် လိုက်လျောမှုကို ဝိုင်းဝန်းပြစ်တင်ချင်သည့် လေသံထွက်လာခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂတပ်ဖွဲ့တွင် စစ်သည်(၈ဝဝ) ပါဝင်ခွင့်ပြုထားသော ကနေဒါနိုင်ငံက မကျေနပ်သံ အထွက်ဆုံး။
ဦးသန့်ကမူ သူ၏ ဆောင်ရွက်ချက်သည် တရားနည်းလမ်းကျပြီး မှန်ကန်ကြောင်း ခုခံချေပသည်။ အမေရိကန်ကတော့ ဦးသန့်အနေဖြင့် ကုလသမဂ္ဂတပ်များ ရုပ်သိမ်းမှုကို မလိုက်လျောသေးဘဲ ထောင့်ခံထားသင့်သည်ဟု ဆိုသည်။ ယခုကဲ့သို့ အီဂျစ်၏ တောင်းဆိုမှုကို အလျင်စလို လိုက်လျောမှုကြောင့် အတွင်းရေးမှူးချုပ်၏ သိက္ခာကို ကျဆင်းစေသည်ဟု ထောက်ပြလိုက်သည်။
ကုလသမဂ္ဂတပ်များ အထုပ်အပိုးပြင်၍ ဆိုင်းနိုင်းကျွန်းဆွယ်နှင့် ဂါဇာကမ်းမြောင်ဒေသတို့မှ ရုပ်သိမ်းသွားကြပြီး (၄၈)နာရီအတွင်းမှာပင် ယင်းဒေသများသို့ အီဂျစ်နှင့် ဆီးရီယားတပ်များ ချက်ချင်း ဝင်ရောက် နေရာယူလိုက်ကြတော့သည်။ ထို့အပြင် ဆိုင်းနိုင်းသဲကန္တာရသို့ အစ္စရေးတိုက်လေယာဉ်များ ဝင်ရောက်လာပါက ပစ်ချရန် ဆိုဗီယက်လုပ် မြေပြင်မှဝေဟင်ပစ် (SAM)ဆမ်ဒုံးကျည်များ၊ ရေဒါများ ချထားလိုက်သေးသည်။
အီဂျစ်နှင့် အစ္စရေးအကြား နယ်ခြားဒေသသို့ အီဂျစ် (Division) ဒီဝိဇံတပ်မကြီး (၇)ခုကို စေလွှတ်ချထားလိုက်သည်။ အစ္စရေးတပ်များကလည်း တင့်ကားတပ်များနှင့် သံချပ်ကာကားတပ်များ အားဖြည့်ကာ အီဂျစ်နှင့် ထိစပ်လျက်ရှိသည့် ဆိုင်းနိုင်းနယ်စပ်အထိ ချီတက် တပ်စွဲထားလိုက်ပြီ ဖြစ်သည်။ အာရပ်တပ်များနှင့် အစ္စရေးတပ်များကတော့ ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့ကြသလို့ ဆိုင်းနိုင်းသဲကန္တာရလွင်ပြင်ထဲ ထိပ်တိုက်တွေ့ကြတော့မည်။
ထိုစဉ်က အစ္စရေးနိုင်ငံ၏ လူဦးရေသည် (၂)သန်း(၇)သိန်းသာ ရှိသည်။ အစ္စရေးကို ဝိုင်းရံထားသော အာရပ်နိုင်ငံများ၏ လူဦးရေသည် သန်း(၁ဝဝ)ကျော်သည်။
အစ္စရေးတပ်များလည်း အီဂျစ်နယ်စပ်ထိ ချီတက် တပ်စွဲရလေတော့သည်။ အာရပ်တပ်နှင့် အစ္စရေးတပ်များကြားတွင် လူသူမရှိ (No Man's Land) ဗလာနယ်မြေသာလျှင် ကြားခံလျက် ရှိနေလေတော့သည်။ စစ်ပွဲကို မရှောင်သာတော့ပြီ။ နေ့လား ညလား နီးကပ်လာချေပြီ။
မေလ(၂ဝ)တွင် အစ္စရေးထောက်လှမ်းရေး မော့ဆက်သည် အစ္စရေးဝန်ကြီးချုပ် လီဗီအက်(ရှ်)က တိုက်ရိုက်ရေးသားသော စာတစ်စောင်ကို အရေးပေါ် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုမှ အီဂျစ်သမ္မတ နတ်ဆာထံ ပေးပို့လိုက်သည်။
အစ္စရေးဝန်ကြီးချုပ်။…..။"ကျုပ်တို့ဘက်မှ စ၍ မတိုက်လိုပါ၊ ခင်ဗျားတို့တပ်တွေ ဆိုင်းနိုင်သဲကန္တာရမှ မူလနေရာသို့ ပြန်ဆုတ်ပေးရင် ကျုပ်တို့တပ်တွေကို နယ်စပ်ကနေ ပြန်ဆုတ်ပေးပါမယ်။"
အီဂျစ်သမ္မတ နတ်ဆာ။…..။"ကျုပ်တို့ရဲ့ အဖြေကို ခင်ဗျားတို့ မကြာမီ သိရမယ်"ဟု တိုတိုနှင့်ပြတ်ပြတ် စာပြန်လိုက်လေသည်။
![]() |
| အီဂျစ်သမ္မတနက်ဆာ |
မေလ(၂၂)တွင် အီဂျစ်သမ္မတ နတ်ဆာက (Aqaba)အက္ကဘာပင်လယ်ကွေ့ရှိ (Tiran)တိုင်ရန် ရေလက်ကြားကို ပိတ်လိုက်သည်။ (Red Sea)ပင်လယ်နီကို ဖြတ်၍ အာဖရိကနှင့် အာရှသို့ သွားရသော အစ္စရေးသင်္ဘောများ၏ ရေလမ်းကြောင်း ပိတ်သွားရလေသည်။ အစ္စရေးသင်္ဘောများကို ပစ်ခတ်ရန် လက်နက်ကြီးများ တပ်ဆင်ထားလိုက်သည်။ ဆည်ဝကနေ ဗျိုင်းစောင့်နေသည့်ပုံစံ အီဂျစ်က အစ္စရေးအပေါ် ကျင့်သုံးနေသည်။





Done 🍀
ReplyDeleteDone!
ReplyDeleteနောက်အပိုင်းမှာ မော့ဆက်တို့ဘယ်လိုနည်းဗျုဟာတွေနဲ့ ပါဝင်မလဲ စိတ်ဝင်စားနေပြီး။
ReplyDeleteDone 💪
ReplyDeletegood
ReplyDeleteDone
ReplyDelete🌟🌟🌟
ReplyDeleteClicked 🌸
ReplyDeleteDone
ReplyDeleteGood
ReplyDeleteDone
ReplyDelete