သူမက လက်ဖက်ရည် ကြိုက်တယ်



သူမက လက်ဖက်ရည် ကြိုက်တယ်




လက်ဖက်မှုန့်ထုပ်ဖောက်ထည့်

နို့ဆီအနည်းငယ်ဆမ်းပြီး

ရေနွေးစပ်

သူမ မနက်တိုင်း အိပ်ချင်ပြေ သောက်တဲ့ လက်ဖက်ရည်




ဒီနေ့က နှစ်ပတ်လည်နေ့




သူမရေချိုး

ခေါင်းလျှော်

မိတ်ကပ်ပြင်

အင်္ကျီရွေးနေပြန်ပြီ

နောက်‌တော့ လက်ဆောင်ပေးဖို့ ဘူးလေးယူပြီးထွက်သွားတယ်




ကောင်လေးက စိတ်ကောက်နေတယ်




နောက်ကျလိုက်တာ

အင်္ကျီအရွေးလွန်သွားတာပါ မောင်ရယ်

ဒီက စိတ်ပူနေတာ

မမက ကလေးမှမဟုတ်တာ ဘာစိတ်ပူရမလဲ

ခေတ်မှမကောင်းတာ

ဒါများချိန်းနေသေး

တွေ့ချင်လို့လေ စိတ်ပူ‌ပေမယ့်

ကဲပါ ရော့ မောင့်အတွက် လက်ဆောင်

ဘူးထဲမှာ နာရီလေးက သစ်လွင်နေ

ကောင်လေး ပြုံး၏

“ဗိုက်ဆာပြီလား”




စာဖိုးမှူးက ဟင်းချက်တော်တယ်




မိသားစုစားသောက်ဆိုင်ထဲမယ်

စားကြသောက်ကြရင်း ရယ်မောကြည်နူးနေ

အလုပ်လုပ်တဲ့ကောင်လေးတွေကတောင် တိုးတိုးပြောတယ်

“နတ်ဖက်တဲ့အတွဲလေးလိုပဲ”

ထမင်းကြော်ပွဲက အသည်းပုံလေး ပြင်ထားတယ်

လက်မှာ ‌ကောင်မလေးပေးတဲ့ နာရီလေးပတ်လို့

ကောင်လေး နှလုံးသားက နွေးထွေးလို့ပေါ့




ပန်းခြံလေးမှာ အနမ်းပန်းပွင့်နေသည်




လက်လျှောက်ကြရင်း

လက်‌ကလေးကို ညင်သာစွာကိုင်ထားရင်း

စကားသိပ်များတာပဲ မ က

မ က ပြုံးပြုံးနဲ့ကြည့်နေပါရဲ့

စကားနဲ့မပြည့်စုံတဲ့ အကြင်အနာ

အနမ်းပန်းလေး ပါးမှာပန်ပေး

သူမကတော့ ရှက်လျက်ပါလေ




တစ်ယောက်ထဲ မပြန်နဲ့ လိုက်ပို့မယ်




မ က ကလေးမှမဟုတ်တာ ကိုယ်အိမ်ကိုယ်ပြန်နိုင်ပါတယ်

ခေတ်ကာလ မကောင်းလို့ပါ မ ရယ်

သူမ မငြင်းနိုင်ရှာ

မျက်နှာလေး ကြာကြာမြင်ရတာပဲ

စိတ်လျှော့ပေးရင်း အပြန် လမ်းလျှောက်လာခဲ့

လက်လေးတင်းတင်းဆုပ်လျက်




သေနတ်နဲ့ လိုက်လာတယ်




ခပ်လှမ်းလှမ်းမှာ စစ်ကားကြီးထဲ

မရေရာ အင်အားများလျက်နဲ့

ဝံပုလွေ မျက်လုံးနဲ့ ချောင်းနေကြ

ကားစက်နှိုးသံက မိစ္ဆာအော်မြည်သံလို

ရှေ့က ပိတ်ရပ်ပြီးပြောတယ်

“ရပ်စမ်း”

ကျော်ဟိန်းရဲ့ ခန့်ညားတဲ့အသံလည်းမဟုတ်ခဲ့

သေနတ်တစ်လက်လွယ်လို့

“မင်းတို့ကို မသင်္ကာဘူး စစ်ဆေးမယ်”

သရေတမြားမြား ဝံပုလွေတွေအစာချောင်းနေကြတာ

သေနတ်ကိုထောက်လို့ ပျောက်ကွယ်သွားခဲ့ကြ ထိုတစ်ခဏလေး




အဆုံးသတ်ကို မသိချင်ဘူး




စစ်ကြောရေးမှာ သေဆုံး

အလောင်းစစ်ဆေးရာ သုတ်ပိုးရှာတွေ့

မနက်တိုင်း လက်ဖက်ရည်ခွက်နဲ့ ဇွန်းသံမကြားရတော့ဘူး




ဂျုးတွေကို ကယ်သူက ငို နာဇီတွေက နောင်တမရှိ




သူမကို မတားခဲ့မိလို့လား

ကောင်လေးက ပေါ့ဆလို့လား

ဘုရားမကယ်ပေးလို့လား

နိုင်ငံကိုကမကောင်းလို့လား

အပြစ်တင်စရာ လူရှာရခက်

ရန်သူကို မမြင်နိုင်ကြ

ဝမ်းနည်းစိတ်ဖုံးလို့

အလောင်းတောင်မမြင်ရ

မိဘနှစ်ပါးက အပြစ်တင်စိတ်ကိုယ်စီနဲ့




သံသရာ




ငါတို့မိခင်တွေကို မုဒိန်းကျင့်ကြတယ်

နောက်တော့ ငါ့တို့အစ်မ‌တွေ၊ညီမတွေ

ငါတို့ချစ်ရသူတွေ

တရားမျှတမှုက မြောင်းထဲမှာ

ဝံပုလွေတွေကတော့ အစာရှာဆဲ

နှစ်တွေရှည်ကြာအောင် မရှိခဲ့တဲ့ လုံခြုံမှုတွေကို

သေနတ်နဲ့ ဖယ်ခွာပစ်ကြတာ

သေနတ်ပြောင်းဝကနေပဲပြန်ရှာရမယ်

အချင်းချင်းတောင် မကူညီမစောင့်ရှောက်ချင်တဲ့ ကမ္ဘာမှာတော့

ရွှေပြည်တော် မျှော်တိုင်းဝေးပေဦးတော့

လုံခြုံမှု၊တရားမျှတမှု၊တိုးတက်သော နိုင်ငံတော်ဆို‌တာတွေ




လက်ဖက်‌ရည်တွေကတော့ အေးသွားဆဲ

ဇွန်းနဲ့ ခွက်တွေကတော့ ချောင်ထဲမှာ ဖုန်တက်ကုန်ကြဆဲ




#Tommy

(လူတိုင်း လုံခြုံစိတ်အေးရသည့် ဘဝမျိုး ပြန်ရနိုင်ပါစေဟုသာ မျှော်လင့်ကြည့်ရင်း…)




ဝမ်းနည်းစွာဖြင့်)

Comments

  1. မိန်းကလေးရော ယောကျ်ားလေးရော ဘယ်သူမှ ဘာမှကို မလုံခြုံနေတာ။ မြို့အနှံ့ရှိနေတဲ့ မအလတွေရော ဒုက္ခရောက်နေတဲ့အချိန် အခွင့်ကောင်းယူဖို့ စောင့်နေတဲ့ တောကြောင်တွေရော...Shit!
    ရင်တထိတ်ထိတ်နဲ့ သွားလာနေရတဲ့ ဘဝတွေ...😟

    ReplyDelete
  2. မလုံခြုံတော့တဲ့ဘဝတွေ...

    ReplyDelete

Post a Comment