Eli Cohen အလီကိုဟင် (သို့မဟုတ်) သူလျှိုထိပ်သီး (အပိုင်း ၁)
၁၉၃၉ ခုနှစ်။
ပါလက်စတိုင်းဒေသနှင့်ပတ်သက်သော အင်္ဂလိပ်အစိုးရ၏ သဘောထားကြေညာချက်စက္ကူဖြူစာတမ်းထွက်လာချိန်ဖြစ်သည်။ ပါလက်စတိုင်းဒေသရှိဂျူးအဖွဲ့ဖြစ်သော ရီရူအဖွဲ့ကြီးနှင့်ကမ္ဘာအရပ်ရပ်ရှိဇီယွန်ဝါဒီများသည် ယင်းကြေညာချက်ကြောင့်အလွန်မကျေမနပ်ဖြစ်နေကြသည်။ ဗြိတိသျှတို့က ပါလက်စတိုင်းဒေသို့တဖြည်းဖြည်း လွတ်လပ်ရေးပေးမည်။ သို့သော်ပထမ(၅)နှစ်အတွင်းတွင် ဂျူး(၇၅ဝဝဝ)သာ လက်ခံမည်ဟုစက္ကူဖြူစာတမ်းက ဆိုထားသည်။ (၅)နှစ်ကျော်လွန်သွားလျှင်ဂျူးများကိုလက်ခံရာ၌ ပါလက်စတိုင်းဒေသခံအာရပ်များနှင့်အခြားအာရပ်နိုင်ငံများ၏ သဘောတူညီမှုရယူရမည်ဟုဆိုထားပြန်သည်။
၁၉၃၉ ခုနှစ်သြဂုတ်လတွင် ဂျီနီဗာ၌ကျင်းပသော (၂၁)ကြိမ်မြောက်ဇီယွန်ကွန်ဖရင့်သည်ယေဘုယျအားဖြင့် ဗြိတိသျှတို့၏သဘောထားကို လက်တွေ့ကျကျ ဆန့်ကျင်ကြရန်ဖြစ်လေသည်။ ဂျူးတို့၏ ဆန့်ကျင်မှုသည် သိပ်သက်ဆိုးမရှည်ရှာပါ။ ဂျူးကွန်ဖရင့်ပြီး၍ ရက်အနည်းငယ်အတွင်းမှာပင် ဟစ်တလာ၏ နာဇီတပ်များသည် ပိုလန်နိုင်ငံကိုဝင်ရောက်သိမ်းပိုက်လေသည်။ ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပေပြီ။
ထိုအခါ ဂျူးအဖွဲ့ကြီးဖြစ်သော ရီရူသည် နာဇီဝါဒကိုဆန့်ကျင်သော ဗြိတိသျှစစ်ရေးလုပ်ဆောင်ချက်များကိုအကြွင်းမဲ့ထောက်ခံကြောင်း၊ ဗြိတိသျှတို့နှင့်အတူတကွလက်တွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ကြေညာသည့်အတိုင်းလည်း ဂျူးတို့သည် အဘက်ဘက်မှ မိမိတို့၏အတတ်ပညာကိုအသုံးချပြီးကူညီကြရှာသည်။ ထောက်လှမ်းရေးကိစ္စများတွင်ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ဂျူးလက်နက်ကိုင်တပ်ဖွဲ့များ သီးခြားဖွဲ့စည်းလှုပ်ရှားခဲ့ကြသော်လည်း အောင်မြင်မှုသိပ်မရခဲ့ကြချေ။
၁၉၄၁ ခုနှစ်နွေဦးရာသီ
ဂျာမန်ဗိုလ်ချုပ်ရွမ်မဲလ်၏စစ်တပ်များသည် အီဂျစ်နိုင်ငံသို့ တဖြည်းဖြည်း ရှေးရှုချီတက်လာသည်။ ထိုအခါ ဗြိတိသျှတို့သည် ဂျူးလူမျိုးတို့ပေးသော စစ်တပ်အင်အားကိုအပြည့်အဝ အသုံးပြုခဲ့ကြသည်။ဟီးဘရူးဘာသာဖြင့် ဟာဂါနာဟုခေါ်သော ဂျူးတပ်မတော်သည် ပယ်လ်မတ်ခ်ျဟုအမည်တွင်သောအထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်း၍ အထူးတာဝန်ဖြင့်ဆင်နွှဲရသည့်တိုက်ပွဲမျာကိုတိုက်ခိုက်ရသည်။
အာရပ်အကြမ်းဖက်သမားများကိုကလဲ့စားချေရန်ဖွဲ့စည်းထားသော အာဂွန်အမည်ရှိ ဂျူးအယူသည်းသမားများ၏အဖွဲ့ကြီးပင်လျှင် ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်။
ထိုနှစ်ကုန်ခါနီးတွင်စစ်ရေးအရ အထက်စီးရကြသည်။ သို့သော် ၁၉၄၂ ခု နှစ်ဦးတွင် ရွမ်းမဲလ်သည်အီဂျစ်နယ်စပ်အထိထိုးစစ်ဆင်လာသည်။ ပါလက်စတိုင်းဒေသကိုဝင်ရောက်သိမ်းပိုက်ရန် လုံးဝသေချာနေပေပြီ။ဂျူးတပ်ဖွဲ့များသည် အချင်းချင်း သဘောထားကွဲလွဲမှုများနှင့် ဗြိတိသျှတို့အပေါ် မကျေနပ်ချက်များကိုဘေးဖယ်၍ အချင်းချင်း စည်းလုံးညီညွတ်စုစည်းကြပြီး ဂျာမန်တို့ဝင်ရောက်တိုက်ခိုက်မည့်အန္တရာယ်ကို ရင်ဆိုင်ရန်အဆင်သင့်ဖြစ်ခဲ့ကြသည်။
ပါလက်စတိုင်းဒေသကိုဂျာမန်တို့သိမ်းပိုက်မည့်အန္တရာယ်ကို ၁၉၄၂ ခုနှစ်နွေဦးတွင်အမြစ်ဖြုတ်နိုင်ခဲ့သည်။ အယ်လ်မိန်း စစ်ပွဲတွင်ဂျာမန်တို့ကိုအနိုင်တိုက်နိုင်ခြင်းက ဂျာမန်ထိုးနှက်ချက်ကို နိဂုံးချုပ်စေခဲ့သည်။ပါလက်စတိုင်းဒေသတွင် ဂျာမန်ထိုးနှက်ချက်အတွက် စိုးရိမ်စရာမရှိတော့သောအခါ ဗြိတိသျှတို့သည် ဝင်ရောက်လာသော ဂျူးလူမျိုးတို့အပေါ် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပြန်သည်။ သူတို့သည်ဂျူးတို့၏ နိုင်ငံရေးရည်မှန်းချက်များကိုအလွန်စိုးရိမ်ကြသည်။
ဗြိတိသျှတို့သည် စစ်စတင်စကပင် အတူတကွပခုံးချင်းယှဉ်တိုက်ပွဲဝင်ခဲ့သော ဟာဂါနာဂျူးတပ်မတော်တွင်ရှိသော လက်နက်များကိုပင်ပြန်လည်သိမ်းပိုက်ခဲ့သည်။ ထို့ပြင် ဂျူးတို့၏ နိုင်ငံရေးလှုပ်ရှား စွမ်းဆောင်ချက်များကို တားဆီးပိတ်ပင်ခဲ့သည်။
၁၉၄၂ ခုနှစ်နှင့်၁၉၄၃ ခုနှစ်များတွင်ဥရောပရှိဂျူးများကိုသုတ်သင်သတ်ဖြတ်နေကြကြောင်းသတင်းများ မကြာခဏ ထွက်ပေါ်လာခဲ့သော်လည်း ဗြိတိသျှတို့က မိမိတို့နှင့်မဆိုင်သလိုလုပ်နေခဲ့ကြသဖြင့် ဂျူးတို့သည် ဗြိတိသျှတို့အပေါ် မုန်းတီးစိတ်များ ပိုမိုဖြစ်ပေါ်လာကြသည်။ဤသို့သော အခြေအနေတွင် ဂျူးအယူသည်းသမားများသည် ဗြိတိသျှတို့ကိုအကြမ်းဖက်၍ဆန့်ကျင်တိုက်ခိုက်ကြလေသည်။ ထိုအဖွဲ့များထဲတွင် လက်အသွက်ဆုံးသောအဖွဲ့ကို လေချီဟုတွင်ပြီးစာပေပညာရှင်တစ်ဦးဖြစ်သူ အေဘရာဟင်စတန်းက ဦးဆောင်လေသည်။
လေချီအဖွဲ့သည် ၁၉၄ဝ ခုနှစ်တွင်အာဂွန်အဖွဲ့ကြီးမှခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ လေချီသည် ဒုတိယကမ္ဘာစစ်ကြီးတလျှောက် ဗြိတိသျှတို့ကိုဆန့်ကျင်ခဲ့လေသည်။ ၁၉၄၂ ခုနှစ်ဖေဖော်ဝါရီလတွင်ဗြိတိသျှတို့သည် အေဘရာဟင်စတန်းကိုဖမ်းမိသွားပြီး ချက်ချင်းပင်ကွပ်မျက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ လေချီအဖွဲ့သည် ပြိုကွဲခဲ့ရသည်။ သို့ရာတွင် သူ၏အဖွဲ့သားများသည် ဗြိတိသျှတို့အား ဆက်လက်တိုက်ခိုက်ခဲ့ပြီး ၁၉၄၄ ခုနှစ်ဇန်နဝါရီလတွင် အာဂွန်နှင့်ပူးပေါင်းလိုက်ကြသည်။အာဂွန်အဖွဲ့ကြီးသည် ၁၉၄၃ ခုနှစ်ခေါင်းဆောင်အပြောင်းအလဲဖြစ်ပြီးစကပင် ဗြိတိသျှတို့နှင့်မပူးပေါင်းတော့ဘဲ ပြန်လည်ဆန်ကျင်တိုက်ခိုက်ခဲ့လေသည်။
၁၉၄၄ ခုနှစ်နိုင်ဝင်ဘာလ(၅)ရက်နေ့တွင် ဗြိတိသျှတော်လှန်ရေးသည် အမြင့်ဆုံးသောဒီဂရီသို့ရောက်ရှိခဲ့သည်။ ထိုနေ့တွင် လေချီအဖွဲ့ဝင်များဖြစ်သော အီလီယားဟူဘိတ်ဇူရီနှင့်အီလီယားဟူဖာကင်အမည်ရှိလူငယ်(၂)ဦးသည် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာဗြိတိသျှအတွင်းဝန်လော့ဒ်မွိုင်းအား ကိုင်ရိုမြို့တော်ရှိ သူ၏အိမ်တော်အပြင်ဘက်တွင် သတ်ဖြတ်လုပ်ကြံခဲ့သည်။ဤလုပ်ကြံမှုကြီးကို တကမ္ဘာလုံးက ရှုတ်ချခဲ့ကြသည်။ ဗြိတိသျှလူမျိုးများနှင့် ကမ္ဘာသူကမ္ဘာသားတို့က ဤအပြုအမူကိုပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ပါလက်စတိုင်းနှင့် အီဂျစ်နိုင်ငံတို့တွင်ရှိသော ဂျူးများ၊ ခရစ်ယာန်ဘာသာဝင်များနှင့်မူဆလင်တို့သည် ဤလုပ်ကြံသတ်ဖြတ်မှုကို အပြစ်တင်ရှုတ်ချခဲ့ကြသည်။ ပါလက်စတိုင်းဒေသရှိ ဂျူးအဖွဲ့ကြီးဖြစ်သော ရီရှုနှင့်အာဂွန်အဖွဲ့ကြီးသည် ဗြိတိသျှပုလိပ်များနှင့်ပေါင်း၍ လေချီအဖွဲ့နှင့်ပူးပေါင်းသူများကို ကူညီဖမ်းဆီးပေးခဲ့သည်။အီဂျစ်နိုင်ငံတွင်ရှိသော ဂျူးလူမျိုး(၃)သိန်းကျော်တို့ကလည်း ဤလုပ်ကြံမှုကြောင့် မူလကမကောင်းခဲ့သောအခြေအနေသည် ပိုမိုဆိုးရွားလာမည်ကိုစိုးရိမ်ကြသည်။
၁၉၃ဝ ခုနှစ်မှ ၁၉၄၉ ခုနှစ်များအတွင်းတွင် ပါလက်စတိုင်းဒေသ၌ ဂျူးတို့နှင့်မူဆလင်ဘာသာဝင်တို့ မကြာခဏ တိုက်ပွဲများ သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အီဂျစ်နိုင်ငံအတွင်းတွင်ဂျူးလူမျိုးတို့အား မုန်းတီးမှုများ ပိုမိုကြီးမားလာရသည်။ ထို့ကြောင့် ဇီယွန်ဝါဒီတို့သည်အီဂျစ်နိုင်ငံအတွင်းရှိဂျူးတို့ထံမှ အကူအညီတောင်းခံလာသောအခါ မရဘဲ ခါးခါးသီးသီးငြင်းခဲ့ကြလေသည်။ဂျူးသူလျှိုတစ်ဦးဖြစ်သူ ဂုဒ်ကလီဂါ အမည်ရှိအမျိုးသမီးသည် ဂျူးကုန်သည်ကြီးတစ်ဦးကိုသွားရောက်တွေ့ဆုံသောအခါ ကုန်သည်ကြီးက "ဂျူးတွေဟာ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မထင်မရှား နေထိုင်ကြဖို့ကောင်းတယ်”ဟုဆုံးမလွှတ်လိုက်သည်။ ဂျူးတို့၏ အကူအညီကိုနောက်ထပ်တောင်းခံမည်ဆိုပါက “ခွေးများဖြင့်ရှူးတိုက်ကိုက်ခိုင်းဦးမည်”ဟုပင် ပြောလိုက်လေသည်။
လော့ဒ်မွိုင်းကိုလုပ်ကြံသတ်ဖြတ်ခဲ့သော လေချီအဖွဲ့ဝင်လူငယ်(၂)ဦးကို ခုံရုံးတင်သောအခါသူတို့နှစ်ဦး၏ အမူအရာများသည် သူတို့အား ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသူများ၏ အသည်းနှလုံးကိုလှုပ်ကိုင်နိုင်ခဲ့သည်။ နိုင်ငံခြားသတင်းထောက်များသည် ထိုလူငယ်(၂)ယောက်၏ တိကျပြတ်သားသောစိတ်ဓာတ်နှင့်ရဲစွမ်းသတ္တိတို့ကို အံ့သြချီးမွမ်း၍ ကမ္ဘာသို့သတင်းပို့ခဲ့သည်။
ထိုလူငယ်(၂)ဦးသည်တရားခွင်၌ စစ်ဆေးမေးမြန်ခံနေရစဉ် မကြာခဏဆိုသလို နိုင်ငံရေးမိန့်ခွန်းများ ပြောကြားကြလေသည်။ သူတို့က သူတို့၏ အပြုအမူသည် တာဝန်အရလုပ်ဆောင်ချက်ဖြစ်ကြောင်း သူတို့၏ နိုင်ငံလွတ်လပ်ရေးရရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အကြမ်းဖက်မှုကိုသုံးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေချီအဖွဲ့ဝင်(၂)ဦးက ဗြိတိသျှအစိုးရသည် ဂျူးထောင်ပေါင်းများစွာတို့အား နာဇီအကျဉ်းစခန်းများတွင် ခွေးသေဝက်သေ သေကြရန် စွန့်ပစ်ထားသည်ဟု စွပ်စွဲပြောဆိုသည်။ ဂျူးတို့အား ပါလက်စတိုင်းဒေသသို့ပြောင်းရွှေ့နေထိုင်ခွင့်ပိတ်ပင်ခြင်းသည် နာဇီအကျဉ်းစခန်းများထဲသို့ပို့ပေးခြင်းပင်ဖြစ်သည်ဟုဆိုလေသည်။
လေချီအဖွဲ့ဝင်(၂)ဦးကို အာရပ်မျိုးချစ်များကပင် သနားခဲ့ကြလေသည်။ ထိုကြောင့် “လော့ဒ်မွိုင်းကိုသတ်သူများ လွှတ်ပေး”ဟူသော ပိုစတာများကိုဆွဲကိုင်၍ ကိုင်ရိုလမ်းမများကို လှည့်လည်ဆန္ဒပြ တောင်းဆိုကြသည်။ ထိုစဉ်က ကိုင်ရိုမှ ဗြိတိသျှလုံခြုံရေးတာဝန်ခံသည် ထိုလူငယ်နှစ်ဦးနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ဖမ်းမိခဲ့တဲ့လူတွေထဲမှာ ဒီ(၂)ယောက်လောက်ထူးခြားတာ ကျုပ်မတွေ့ဖူးဘူး။ သူတို့ဟာ ရဲရင့်တယ်၊ မာနရှိတယ်၊ ကြမ်းတမ်းတယ်။ ပြီးတော့ခံစားချက်လုံးဝမရှိတဲ့ တယူသန်သမားကလေးတွေပါပဲ…”
မည်သို့ပင်ဆိုစေ လူသတ်သမား (၂)ဦးကို မသေမချင်း ကြိုးပေးသတ်ရန် ဗြိတိသျှတို့ကစီရင်ချက်ချခဲ့သည်။ ထိုစီရင်ချက်အတိုင်း ၁၉၄၅ ခုနှစ်မတ်လ(၂၂)ရက်နေ့တွင် ကြိုးပေးလိုက်လေသည်။ ကြိုးပေးခံရသူနှစ်ဦးသည် သူတို့၏ ရဲစွမ်းသတ္တိကို နောက်ဆုံးအချိန်အထိ ပြသသွားကြသည်။
လူငယ်(၂)ဦးသည် ကြိုးစင်ပေါ်တွင် ဟီးဘရူးဘာသာဖြင့် “မျှော်လင့်ချက်”ဟုအဓိပ္ပါယ်ရှိသော Hatikva “ဟာတိကဗာ” အမည်ရှိသီချင်းကို သီဆိုကြလေသည်။ ထိုသီချင်းသည် ယခုအခါတွင် အစ္စရေးနိုင်ငံ၏နိုင်ငံတော်သီချင်းဖြစ်လာသည်။သူတို့၏လည်ပင်းတွင် ကြိုးကွင်းများစွပ်လိုက်ပြီးနောက်မျက်နှာဖုံးများစွပ်ပေးခြင်းကို လက်မခံကြချေ။ သူတို့သည်မျက်နှာဖုံးမစွပ်ဘဲ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ကြသည်။
ထိုလူငယ်(၂)ဦးကိုကြိုးပေးလိုက်ခြင်းသည် အီဂျစ်တွင်ရှိသော ဂျူးလူမျိုးများ၏ စိတ်နှလုံးကိုလှုပ်ရှားထိခိုက်စေသည်။ အချို့သော ဂျူးများအတွက်မူ ပါလက်စတိုင်းဒေသနှင့်ဇီယွန်ဝါဒအပေါ်ထားရှိသော သူတို့၏ သဘောထားကိုပြောင်းလဲစေခဲ့လေသည်။
ဤသို့သဘောထား ပြောင်းလဲလာခဲ့ကြသည့်ဂျူးများထဲတွင် အသက်(၂ဝ)သာ ရှိသေးသောအလက်ဇနြ္ဒီယားမြို့သား အလီယားဟူကိုဟင်လည်း ပါဝင်သည်။
အလီကိုဟင်ကို ၁၉၂၄ ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့တွင် အလက်ဇနြ္ဒီးယားမြို့၏ ဂျူးရပ်ကွက်တွင်မွေးဖွားခဲ့သည်။ သူ၏ဖခင်သည်ရှောကိုဟင်ဖြစ်ပြီး မိခင်သည် ဆိုဖီကိုဟင်ဖြစ်သည်။ ကိုဟင်၏မိဘများသည် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ အီဂျစ်နိုင်ငံသို့ပြောင်းရွှေ့လာသူများဖြစ်သည်။
ဖခင်ဖြစ်သူရှောကိုဟင်သည် ပဲရစ်မြို့မှတင်သွင်းသော ပိုးသားလည်စည်းများကို လူကုံထံများထံ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းရသည်။ အလီကိုဟင်တို့မိသားစုသည် စားနိုင်သောက်နိုင်ရှိကြပါသည်။ သို့သော်ကလေး(၈)ယောက်၏ စားဝတ်နေရေးသည် အဓိကဖြစ်သဖြင့် ဖောဖောသီသီမသုံးစွဲနိုင်ကြပါ။
ကိုဟင်သည်သူ၏ ညီအစ်ကိုမောင်နှမများကဲ့သို့ပင် ဘာသာတရားကိုင်းရှိုင်းသော ဂျူးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် ကိုဟင်သည် သူ၏ညီအစ်ကိုမောင်နှမများကဲ့သို့မဟုတ်ဘဲ ဘာသာရေးစည်းကမ်းများကို တိကျစွာလိုက်နာခဲ့သည်။
သူ၏ညီအစ်ကိုများသည် ဆုတောင်းဝတ်ပြုခြင်းကို ရှောင်ရှားနေစဉ်၌လည်းကောင်း၊ စနေနေ့ဥပုသ်စောင့်ရမည့်အချိန်တွင် မိတ်ဆွေအပေါင်းအသင်းများနှင့်အချိန်ဖြုန်းနေစဉ်လည်းကောင်း၊ကိုဟင်တစ်ယောက် ဂျူးဘုရားရှိခိုးကျောင်းထဲတွင်ရှိနေပါသည်။ ဘာသာရေးဆိုင်ရာနေ့ထူးနေ့မြတ်များနှင့်ပွဲတော်များတွင် ကိုဟင်သည် လူကြီးများနှင့် အတူတကွလိုက်ပါ၍ဆုတောင်းဝတ်ပြုခြင်း ပြုလုပ်ခဲ့သည်။
ကိုဟင်သည် ကျောင်းတွင်အထူးချွန်ဆုံးဖြစ်ပြီး ကျောင်းသားတိုင်း တန်ဖိုးထားလိုချင်ကြသည့်ပြင်သစ်နိုင်ငံ လိုင်စီတက္ကသိုလ်၏ ပညာသင်ဆုကိုရရှိခဲ့သည်။ ကိုဟင်သည် ဉာဏ်ပညာထက်မြက်သော ကျောင်းသားတစ်ဦးဖြစ်၍ အထူးသဖြင့်သင်္ချာနှင့် နိုင်ငံခြားဘာသာစကားများတွင် ထူးချွန်ခဲ့သည်။ ထိုကြောင့်သူသည်ငယ်ရွယ်စဉ်ကပင် ဟီးဘရူးဘာသာနှင့် ပြင်သစ်ဘာသာစကားတို့ကို သွက်လက်စွာ ပြောဆိုနိုင်ခဲ့သည်။
ထို့ပြင်ကိုဟင်သည် တဲလ်မွဒ်ခေါ်သော ရှေးဂျူးဘာသာရေးစာပေများကို လေ့လာခဲ့သည်။ ခက်ခဲသောစာပိုဒ်ကြီးများကို သူသည်အလွတ်ကျက်ဖြင့်အာဂုံဆောင်နိုင်ခဲ့သည်။ ကိုဟင်၌ အလွန်အံ့သြဖွယ်ရာဖြစ်သော မှတ်ဉာဏ်ကောင်း ရှိနေသည်။ သူသည်သူ၏ မှတ်ဉာဏ်ကောင်းခြင်းကိုလည်း ကိုယ်တိုင်စမ်းသပ်နေရမှ ပျော်တတ်သူဖြစ်သည်။
သူသည် သူတို့အိမ်ခန်းကလေး၏ ဆင်ဝင်မှထွက်၍ လမ်းများတွင်ဖြတ်မောင်းသော ကားများ၏နံပါတ်များကို ရေးမှတ်ထားသည်။ နောက်မကြာမီသူသည် ထိုကားနံပါတ်စာရင်းကို မိဘတစ်ဦးဦးကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ ပေးပြီးမှ လုံးဝမမှားဘဲ အလွတ်ရွတ်ပြနိုင်လေသည်။
“ကိုဟင်ဟာ ဘာသာတိုင်းမှာ ပထမချည်းရပါတယ်”ဟု သူ၏ ကျောင်းနေဘက်သူငယ်ချင်းတစ်ဦးက ဆိုသည်။ ကိုဟင်သည် သူ့ထက်အမှတ်သာခဲ့သူများကို မနာလိုလည်းမဖြစ်တတ်။ မိမိမရသဖြင့်လည်း ဝမ်းနည်းခြင်းမဖြစ်တတ်ကြောင်း သိရလေသည်။
သူသည်အားကစားထူးချွန်သူတစ်ဦးဖြစ်ပြီး နေ့စဉ်နေ့တိုင်း မြေထဲပင်လယ်ထဲတွင် ရေကူးခဲ့လေသည်။ ရေကူးပြီးလျှင် ကမ်းခြေတွင်အဝေးပြေးလေ့ရှိ၏။ သူသည် သူများထက်ဝေးဝေးပြေးနိုင်သူ
ဖြစ်သည်။ စာသင်ခန်းထဲတွင် ကိုဟင်သည် ကျောင်းသားသူငယ်ချင်းများကို အမြဲကူညီခဲ့သူဖြစ်သည်။ သူ၏မှတ်စုစာအုပ်များကို သူများအား အလှည့်ကျ ပေးငှားပြီး ဖတ်စေသည်။ တစ်ခါတရံ သူ၏စာမေးပွဲတွင်ဖြေဆိုချက်များကို ဖတ်စေသည်။
ကိုဟင်အသက်(၁၃)နှစ်ပြည့်သောနေ့၌ မိဘနှစ်ပါးက သူ့အား ကိုဒတ်ဘောက်စ်ကင်မရာတစ်လုံးဝယ်ပေးသည်။ ထိုနေ့မှစ၍ ကိုဟင်သည်ဓာတ်ပုံပညာကို တန်းတန်းစွဲလိုက်စားလေတော့သည်။ သူသည် မြို့ထဲလျှောက်သွားပြီး ဓာတ်ပုံများ ရိုက်သည်။ ထိုဓာတ်ပုံများကို စာအုပ်အလွတ်တစ်ခုထဲတွင် တယုတယ သိမ်းထားတတ်လေသည်။ ကိုဟင်သည် ဓာတ်ပုံပညာနှင့်ပတ်သက်သော စာအုပ်များကိုလေ့လာဖတ်ရှုခဲ့ပြီး မကြာမီမှာပင် ဓာတ်ပုံကူးခြင်း၊ ဖလင်ဆေးခြင်းတွင် အထူးကျွမ်းကျင်လာလေသည်။ သူသည်အားလပ်သည့်အခါတိုင်း ဓာတ်ပုံအမှောင်ခန်းထဲတွင် အချိန်ဖြုန်းလေ့ရှိသည်။
ကိုဟင်သည် စာပေအနုပညာကိုဝါသနာပါသူဖြစ်ပြီး ဂျူးဘာသာရေးကိုလည်း စိတ်ဝင်စားသဖြင့်သူ့အား ကိုင်ရိုရှိ မိုင်မိုနိုက်ဒ်ကျောင်းသို့ပို့လိုက်သည်။ ထိုမှတဆင့်အလက်ဇနြ္ဒီးယား ဂျူးဂိုဏ်းချုပ်ကြီး ထောင်ထားသည့် မီဒရပ်ခ်ျရမ်ဘမ်ကျောင်းတွင် ရှေးဂျူးဘာသာရေးစာပေများ သင်ကြားစေသည်။ ကိုဟင်သည် ထိုကျောင်းတွင် အလွန်ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လာသည်။
ထို့ပြင်ကိုဟင်သည် ဂျူးဘာသာဝင်အီဂျစ်များနှင့်ဂျူးမဟုတ်သော အီဂျစ်တို့၏ဘဝကို အလွန်စိတ်ဝင်စားခဲ့သူဖြစ်သည်။ သူသည်ကင်မရာကိုလွယ်ပြီး မူဆလင်ရပ်ကွက်များတွင်လျှောက်သွားနေကာ လူများနှင့်စကားစမြည်ပြောခြင်း၊ ဓာတ်ပုံရိုက်ခြင်း ပြုလုပ်လေ့ရှိသည်။ သူ့အဖို့ မည်သူနှင့်မဆို ခင်မင်ရင်းနှီးပြီး မိတ်ဆွေဖြစ်ရန်မခက်ခဲလှချေ။ မည်သို့ပင်ဆိုစေ ကိုဟင်သည် အပေါင်းအသင်း သိပ်မထားဘဲ တစ်ကိုယ်တည်းနေတတ်သည်။
သူသည်ကျောင်းတွင်ခင်မင်ရင်းနှီးသော သူငယ်ချင်း အနည်းငယ်သာထားပြီး မိမိဘာသာနေတတ်သူဖြစ်သည်။ အိမ်၌မူ မိဘ ညီအစ်ကိုမောင်နှမများနှင့် ပျော်ပျော်ပါးပါး နေတတ်သူဖြစ်သည်။ဤသို့အပေါင်းအသင်းနည်းရခြင်းမှာ သူ့မိသားစု၏ ငွေရေးကြေးရေး သိပ်မချောင်လည်ခြင်းကြောင်းလည်းတစ်ကြောင်းပါသည်။ သူ့မိဘများသည် ကိုဟင်အား မုန့်ဖိုးပင် မှန်အောင်မပေးနိုင်ကြပါ။ ထိ့ုကြောင့်ကိုဟင်သည် ကျောင်းပိတ်ရက်များတွင်ရရာ အလုပ်ကလေးများလုပ်၍ မိသားစုဝင်ငွေတိုးမြှင့်ပေးတတ်သည်။ သူ့လုပ်အားခရသော ငွေစများကို မိဘနှစ်ပါးအား တစ်ပြားမကျန်ပြန်ပေးလေ့ရှိသည်။
ကိုဟင်အသက်(၁၃)နှစ်ပြည့်ပြီးနောက် သူ၏ ဝါသနာနှင့် စိတ်ဝင်စားမှုများသည် ဘာသာရေးဆိုင်ရာဘာသာရပ်များမှ သင်္ချာနှင့် ရူပဗေဒဘာသာရပ်များဆီသို့ ပြောင်းရွှေ့သွားလေတော့သည်။ ထို့ကြောင့်ပင် ကိုဟင်သည် ဂျူးဘုန်းကြီးဖြစ်ရန်ဟူသော ရည်မှန်းချက်များကိုစွန့်လွှတ်၍ သိပ္ပံပညာကိုလေ့လာလိုက်စားရန် သန္နိဋ္ဌာန်ချခဲ့သည်။ ကိုဟင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူ့အား သင်ကြားပေးနေသော ဂျူးဘုန်းကြီးက အောက်ပါအတိုင်း ဝမ်းနည်းစကား ဆိုခဲ့လေသည်။
“ကိုဟင်ဟာ ဉာဏ်ပညာ ထက်မြက်လှတဲ့ပါရမီရှင်တစ်ဦးပါပဲ… သူဟာ တစ်ချိန်မှာ အတော်ဆုံးဂျူးဘာသာရေး စာပေပညာရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်”
၁၉၄ဝ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီးကြီး အီဂျစ်သို့ကူးစက်လာသောအခါ ကိုဟင်အတွက် ဝါသနာတစ်ရပ်ပေါ်ပေါက်လာလေသည်။ ယင်းဝါသနာမှာ စစ်လက်နက်များကိုလေ့လာခြင်းပင်ဖြစ်သည်။ သူသည် အမျိုးမျိုးသော စစ်လေယာဉ်များကိုစိတ်ဝင်စားပြီး ထိုလေယာဉ်ပုံစံများကိုဖြတ်ညှပ်၍ စာအုပ်လွတ်တစ်ခုတွင်ကပ်ကာ သိမ်းထားတတ်သည်။
စစ်လက်နက်ရိက္ခာများ ထောက်ပို့နေသော ဗြိတိသျှ နောက်တန်းများကို ဂျာမန်လေယာဉ်များက ဗုံးကြဲရန် ပျံသန်းလာပြီဆိုပါက ကိုဟင်ကို ဗုံးခိုကျင်းထဲဝင်ရန် မည်သူကမျှ ပြောမရပါ။ သူသည် မတ်တတ်ကြီးရပ်ပြီး ပျံသန်းလာသော လေယာဉ်ပျံအမျိုးအစားများကို ခွဲခြားရွေးချယ်နေလေတော့သည်။ လေယာဉ်များ ကောင်းကင်ယံတွင်တိုက်ပွဲဆင်နွှဲကြလျှင် ကိုဟင်သည် ဓာတ်ပုံရိုက်ယူရန်ကြိုးပမ်းလေသည်။ သို့သော်မအောင်မြင်သဖြင့် သူစိတ်မကောင်းဖြစ်ရလေသည်။ ကိုဟင်၏ ကိုဒတ်ကင်မရာလေးသည် ဤမျှလောက်မစွမ်းပါချေ။
ကိုဟင်ကျောင်းသားဘဝတွင်လေကြောင်းစစ်ပွဲများ ဖြစ်နေစဉ် ကိုဟင်၏အကြောင်းကို သူ၏ ကျောင်းသားသူငယ်ချင်းတစ်ဦးက အောက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့သည်။
“ကိုဟင်ဟာ အမြဲတည်ငြိမ်အေးဆေးတဲ့အမူအရာ ရှိပါတယ်။ သိပ်ကြောက်နေတဲ့ကျောင်းသားအငယ်တွေကို သူလိုက်ပြီး အားပေးနှစ်သိမ့်တယ်။ ကျောင်းသားတွေကို ဗုံးခိုကျင်းထဲလိုက်ပို့ပေးတယ်။ ပြီးတော့သူပြန်ထွက်သွားပြီး အန္တရာယ်တွေကြားမှာ လေကြောင်းတိုက်ပွဲတွေကို သေသေချာချာ ရပ်ကြည့်နေတတ်တယ်။ ကိုဟင်ဟာ သူ့အပေါ်ကျလာမယ့်အန္တရာယ်ကို လုံးဝကြောက်တဲ့ပုံမပေါ်ဘူး။ ကျွန်တော်တို့အဖို့ သူဟာ တော်တော်ထူးဆန်းတဲ့လူပါပဲ”
အမှန်စင်စစ် စစ်ကြီးသည် ကိုဟင်၏ စိတ်အာရုံ၌ လေ့လာစရာကောင်းသော ထူးထွေဆန်းပြားသည့်ဘာသာရပ်များကိုပေးခဲ့လေသည်။
၁၉၄၂ ခုနှစ် နွေဦးရာသီနှင့်နွေရာသီကာလ
ရွမ်းမဲလ်၏ ဒီဝီဇံတပ်မကြီးသည် ကိုင်ရိုသို့ရှေးရှုချီတက်လာသည်။ မဟာမိတ်တပ်များ နောက်ဆုတ်ပေးရလေသည်။ ထိုစဉ်အီဂျစ်နိုင်ငံအတွင်းတွင် နာဇီလိုလားသောစိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးကိုတော်လှန်လိုသောစိတ်ဓာတ်နှင့်ရောယှက်မိသောအခါ အကြမ်းဖက်မှုများနှင့်နိုင်ငံရေး မငြိမ်သက်မှုများပေါ်ပေါက်လာလေသည်။
ကိုဟင်သည်ဘာသာတရားကိုင်းရှိုင်းသော ဂျူးတစ်ဦးဖြစ်သော်လည်း မိမိသည် အီဂျစ်လူမျိုးစစ်စစ်တစ်ဦးဖြစ်ကြောင်း ခံယူထားသည်။ ထို့ကြောင့်ဗြိတိသျှတို့ကိုဆန့်ကျင်သော အီဂျစ်အမျိုးသားလှုပ်ရှားမှုကိုထောက်ခံခဲ့လေသည်။ သူတို့ကိုယ်တိုင်သူတို့သခင်ဟုထင်နေကြသော နိုင်ငံခြားသားများအားဆန့်ကျင်ဆန္ဒပြပွဲများတွင် ကိုဟင်တစ်ယောက်ပါဝင်ခဲ့သဖြင့် မိဘများက ကိုဟင်ကို ပြင်းပြင်းထန်ထန်သတိပေးခဲ့ကြရသည်။
ကိုဟင်၏ မိဘများသည်အီဂျစ်လူမျိုး ဂျူးဘာသာဝင်ရှေးလူကြီးများကဲ့သို့ပင် ထင်ပေါ်ကျော်ကြားခြင်းကိုမလိုလားကြချေ။ အတိုချုံးပြောရလျှင် သူတို့သည် အိမ်နီးချင်းပါလက်စတိုင်းဒေသတွင်ဆင်နွှဲနေသော လွတ်လပ်ရေးကြိုးပမ်းချက်၌ မပါဝင်လိုကြဟု အဓိပ္ပါယ်ထွက်နေပေသည်။
ကိုဟင်သည် ဤလွတ်လပ်ရေး ကြိုးပမ်းချက်ကိုသိရှိသဘောပေါက်ပါသည်။ သို့သော် သူနှင့်ဘာမှမပတ်သက်ဟုထင်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် အီဂျစ်လူမျိုးတစ်ဦးဖြစ်ပြီး အလက်ဇနြ္ဒီးယားသည်သူ၏ ဇာတိဌာနေ မွေးရပ်မြေဖြစ်သည်။ ပါလက်စတိုင်းဒေသတွင် ဘာဖြစ်နေနေသူနှင့်ဘာမှမဆိုင်ပါ။
အရှေ့အလယ်ပိုင်းဆိုင်ရာ ဗြိတိသျှအတွင်းဝန်လော့ဒ်မွိုင်းကိုသတ်ဖြတ်ခဲ့သူနှစ်ဦးအား ခုံရုံးတင်၍ကြိုးပေးသတ်လိုက်ခြင်းသည် အထက်ပါအခြေအနေများကို လုံးဝပြောင်းလဲလိုက်လေသည်။
ကိုဟင်သည် အသတ်ခံရသူလူငယ်(၂)ဦးအကြားတွင် သံယောဇဉ်ကြိုးတစ်ချောင်း ရှိနေသည်ဟုထင်မှတ်ခဲ့သည်။ သူတို့နှစ်ဦးသည် သူနှင့်အသက်အရွယ်ချင်းလည်း တူသည်။ သူတို့(၃)ဦးစလုံးသည် ဂျူးတမန်တော်တစ်ဦးဖြစ်သူ အီလီယားဂျာ၏ အမည်ကိုယူထားကြသည်။
သေခြင်းတရားကိုရင်ဆိုင်စဉ် လူငယ်(၂)ဦး ပြသွားသော ရဲစွမ်းသတ္တိသည် ကိုဟင်အား မျက်စိဖွင့်ပေးခဲ့ပြီး သူတို့၏ မွန်မြတ်သောရည်ရွယ်ချက်ကို သိရှိလာစေသည်။ ထို့ပြင် ပါလက်စတိုင်းဒေသ ဂျူးနိုင်ငံတည်ထောင်ရေးဟူသော ဇီယွန်ဝါဒအား ကိုဟင်တစ်ယောက် စိတ်ရောကိုယ်ပါ ထောက်ခံမှုပြသရန် အလျင်အမြန်ပြုလုပ်ခဲ့လေသည်။ ကိုဟင်သည် မိမိ၏ ထောက်ခံမှုကိုပြသရန်သိပ်ကြာကြာ မစောင့်ရပါချေ။
မော့ဆက်အလီယားဘတ်အဖွဲ့ကြီး၏ အဖွဲ့ငယ်တစ်ခုသည် အီဂျစ်နိုင်ငံတွင် နှစ်ပေါင်းများစွာကပင် လှုပ်ရှားနေခဲ့ပါသည်။ ထိုအဖွဲ့ကြီးကို ပါလက်စတိုင်းဒေသတွင်ဖွဲ့စည်းခဲ့ပြီး အဓိကလုပ်ငန်းမှာကမ္ဘာရပ်ရပ်မှဂျူးများကို ဗြိတိသျှအာဏာပိုင်များ မသိစေဘဲခိုးသွင်းကြခြင်းပင်ဖြစ်သည်။
အီဂျစ်တွင်ရှိသော မော့ဆက်အလီယားဘတ်အဖွဲ့ငယ်ကို ရုသ်ကလီပါ ဆိုသူ အမျိုးသမီးတစ်ဦးက စတင်စည်းရုံးဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့သည် သင်္ဘောများ ထရပ်ကားများနှင့် ကုလားအုပ်များကိုအဆင်သင့်သလိုသုံးပြီး ဂျူးများကိုခိုးသွင်းကြလေသည်။ ကိုဟင်သည် ထိုအဖွဲ့အတွက် အလုပ်လုပ်ခဲ့ပြီး မကြာခဏဆိုသလို သတင်းပေးပို့သူအဖြစ်ဆောက်ရွက်ရလေသည်။ ကိုဟင် ဤသို့လုပ်ဆောင်ခြင်းသည် ဟာချာရွတ်ဟုခေါ်သော အီဂျစ်အမျိုးသား ဂျူးလူငယ်အဖွဲ့ကြီး၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လှုပ်ရှားခဲ့သော ကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။
၁၉၄၄ ခုနှစ်တွင် ဟာဂါနာ ဂျူးတပ်မတော်၏ ထောက်လှမ်းရေးဌာန အကြီးအကဲများသည်အီဂျစ်တွင်ရှိသော သူတို့၏ဌာနခွဲကို တိုးချဲ့ရန်ဆုံးဖြတ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့မည့် အရိပ်အရောင်ကိုတွေ့လာသောအခါ သီးခြားနိုင်ငံတစ်ခုထူထောင်ရန် အချိန်ပြည့်ကြိုးပမ်းခဲ့သော လွတ်လပ်ရေးတိုက်ပွဲကို ပြန်စရန်မျှော်လင့်ကြလေတော့သည်။
အီဂျစ်နိုင်ငံအတွင်းတွင် ဂျူးမုန်းတီရေးဝါဒများ တိုးပွားလာခြင်းကြောင့် ဂျူးတို့ကို ထိုနိုင်ငံပြင်ပသို့ခိုးထုတ်ခြင်းအရှိန်ကို တိုးမြှင့်လုပ်ဆောင်ရန်လိုအပ်လာလေသည်။ ဂျူးတို့သည် မဟာမိတ်တပ်များအီဂျစ်နိုင်ငံတွင် စုဆောင်းထားခဲ့သော လက်နက်အမြောက်အမြားထဲမှ အချို့ကိုလည်း လိုချင်ကြသည်။
ယေဘုယျအားဖြင့် ဂျူးတို့ပိုမိုလိုလားသောအရာမှာ ထောက်လှမ်းရေးသတင်းများ ဖြစ်သည်။ ကိုင်ရိုသည် အရှေ့အလယ်ပိုင်းဒေသတွင် ဗြိတိသျှဌာနချုပ်ဖြစ်သဖြင့် ထိုဒေသနှင့်ပတ်သက်သော ဗြိတိသျှတို့၏ ဝါဒနှင့်စီမံကိန်းများကို ထောက်လှမ်းရန်အကောင်းဆုံးနေရာဖြစ်နေသည်။
ထောက်လှမ်းရာ၌ အာရပ်ခေါင်းဆောင်များ၏သဘောထားကိုလည်း ထောက်လှမ်းစုံစမ်းလေ့လာရပေမည်။ ပါလက်စတိုင်းဒေသတွင် ဂျူးနိုင်ငံတည်ထောင်ခြင်းကို သူတို့မည်သို့မြင်သနည်း။ ဂျူးနိုင်ငံတည်ထောင်ပြီးပါက သူတို့ဘာများလုပ်ကြပါမည်နည်းဟူသော အာရပ်တို့၏ သဘောထားများကိုထောက်လှမ်းရပါမည်။
အီဂျစ်နိုင်ငံအတွင်းတွင် တိုးချဲ့လှုပ်ရှားမည့်သူလျှိုလုပ်ငန်းအား ဦးစီးလုပ်ကိုင်ရန် ဂျူးတို့သည်ထိပ်တန်းသူလျှိုတစ်ဦးဖြစ်သော လီဗီအဗရာဟာမီကိုရွေးချယ်ခဲ့သည်။ လီဗီအဗရာဟာမီသည် ပါလက်စတိုင်းတွင်မွေးဖွားသူဂျူးတစ်ဦးဖြစ်ပြီး သူ့အား ၁၉၄၄ ခုနှစ်နွေဦးရာသီတွင် အီဂျစ်နိုင်ငံသို့ ဗြိတိသျှအရာရှိတစ်ဦးအဖြစ် ပို့ထားလိုက်လေသည်။ အဗရာဟာမီအီဂျစ်သို့ရောက်ရောက်ချင်း သွားရောက်တွေ့ဆုံသူမှာ ယိုလန်ဒီဂါဘေး အမည်ရှိ အီဂျစ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည်အထက်တန်းလွှာ လူကုံထံလောကတွင်ဝင်ဆံ့သူဖြစ်လေသည်။ ယိုလန်ဒီသည် ချမ်းသာသော အလက်ဇနြ္ဒီးယား ဂျူးမိသားစုမှ ဆင်းသက်လာသည်။ သူမသည် ပဲရစ်မြို့တော်တွင်နေထိုင်ခဲ့ဖူးသဖြင့် အနောက်တိုင်းယဉ်ကျေးမှုကိုမုန်းတီးလေသည်။ သူမသည် ပါလက်စတိုင်းဒေသကို ဂျူးတို့ပိုင်ဆိုင်ရမည်ဟူသော ဇီယွန်ဝါဒီတစ်ဦးမဟုတ်ပါ။ သို့သော် သူမသည် သူလျှိုလုပ်ငန်းလုပ်ခြင်းကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အဗရာဟာမီအတွက် သူမသည် အရေးကြီးဆုံးဖြစ်လာရသည့်အချက်မှာ သူမသည် အီဂျစ်စစ်ဘက်ခေါင်းဆောင်များ၊ ထိပ်တန်းနိုင်ငံရေးသမားများနှင့် အဆက်အသွယ်ရှိခြင်းပင်ဖြစ်သည်။
မကြာမီတွင် ယိုလန်ဒီနှင့်အဗရာဟာမီတို့သည် အလက်ဇနြ္ဒီးယား မြို့စွန်တွင် အိမ်ကောင်းကောင်းလေးတစ်လုံး ငှားလိုက်ပြီး မဟာမိတ်စစ်သားများအတွက် နာလန်ထ အပန်းဖြေစခန်းအဖြစ် ဟန်ပြဖွင့်ထားလိုက်သည်။ အမှန်စင်စစ်ဤနေရာသည်ဂျူးများ ခိုးထုတ်ရေးလုပ်ငန်းအတွက် ဌာနချုပ်ဖြစ်လေသည်။
လော့ဒ်မွိုင်းကိုသတ်ဖြတ်ခဲ့သူ (၂)ဦးကို အင်္ဂလိပ်တို့က ကြိုးပေးကွပ်မျက်ပြီးနောက် ကိုဟင်သည် အဗရာဟာမီနှင့်ယိုလန်ဒီတို့၏ မြေအောက်အဖွဲ့ကို ရည်မှန်းချက်အသစ်တစ်ခုဖြင့် ဝင်ရောက်လာသည်။ သူ၏ ရည်မှန်းချက်သည်ကား သတင်းပို့သူတာဝန်ထက် ပို၍ အရေးပါသော၊ ပို၍ အန္တရာယ်ပြွမ်းသောလုပ်ငန်းများကို တာဝန်ခံလုပ်ကိုင်ရန်ဖြစ်လေသည်။
ဂျူးများ ပါလက်စတိုင်းဒေသသို့ပြောင်းရွှေ့နေထိုင်ခြင်းကိုဆောင်ရွက်လုပ်ကိုင်ပေးရန် ဂရွန်းဘတ်ခရီးသွားကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီ၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ဂျူးများအတွက် ဗီဇာများ၊ တိုင်းပြည်မှထွက်ခွင့်လက်မှတ်များ၊ ပုလိပ်ဌာနမှပေးသောပါမစ်များ၊ အမြတ်ခွန်ကင်းလွတ်မှုပုံစံများ ရယူပေးခြင်း ဖြစ်သည်။ တရားဝင်အားဖြင့် ဂျူးတို့မှာ ဤအခွင့်အရေးများ မရရှိနိုင်ပါ။
ကိုဟင်သည် အီဂျစ်အစိုးရအရာရှိများက ရှောရှောရှူရှူလုပ်ပေးရန် ၎င်းတို့၏ လက်ထဲသို့အမဲဆီလေးထိုးပေးရသည့်တာဝန်ကိုယူရသည်။ ကိုဟင်သည် ထိုအချိန်က အီတလီ၊ ဂျာမန်၊ ပြင်သစ်နှင့် အာရပ်ဘာသာစကားများကို သွက်လက်စွာ ပြောတတ်နေပြီဖြစ်သဖြင့် ပိုအဆင်ပြေလာရသည်။ သူသည် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးအမှုထမ်းများနှင့် အီဂျစ်အာဏာပိုင်များကို ငွေကြေးပေး၍ ဆောင်ရွက်ခဲ့လေသည်။ ဖော်ပြပါ နိုင်ငံခြားသံရုံးအမှုထမ်းများနှင့် အီဂျစ်အရာရှိများသည် လက်ထဲပိုက်ဆံရောက်လာသည်နှင့် ဂျူးတို့လိုအပ်သော စာရွက်စာတမ်းများကို လိုလိုလားလားပေးကြသည်။ ဂျူးများခိုးထုတ်ရေးလုပ်ငန်းများကိုလည်း မမြင်ချင်ယောင်ဆောင်နေကြသည်။
အီဂျစ်အတော်များများသည် ကိုဟင်နှင့်ခင်မင်ရင်းနှီးလာကြသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဟင်သည် ကိုင်ရိုနှင့်အလက်ဇနြ္ဒီးယားမြို့များရှိ ညကလပ်များတွင် အီဂျစ်မိတ်ဆွေများအား ဖော်ဖော်ရွေရွေ ဖောဖောသီသီပေါင်းသင်းခဲ့သောကြောင့်ဖြစ်သည်။ အီဂျစ်မိတ်ဆွေများက ကိုဟင်သည်ဂျူးတစ်ယောက်ဖြစ်သော်လည်း အီဂျစ်အမျိုးသားကောင်းတစ်ဦးဖြစ်သည်ဟု မြင်ကြသည်။
“ဂိုရှင်စစ်ဆင်ရေး”ဟုစကားဝှက်ဖြင့်ခေါ်သော ဂျူးများခိုးထုတ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဟင်သည် ထောင်ပေါင်းများစွာသော ဂျူးများအား ပါလက်စတိုင်းဒေသသို့ ကူညီပို့ဆောင်ပေးခဲ့သည်။ ၁၉၄၅ ခုနှစ်မှ၁၉၄၈ ခုနှစ်အတွင်းတွင် ကိုဟင်သည် အထက်ပါတာဝန်ကို အပတ်တကုတ်ထမ်းဆောင်ခဲ့လေသည်။ သို့သော်တချိန်တည်းမှာပင် ကိုဟင်သည် အီဂျစ်လူမျိုး ဂျူးဘာသာဝင်များနည်းတူ ဖိနှိပ်မှုခံစားရလေသည်။
၁၉၄၆ ခုနှစ်တွင် သူသည်ကိုင်ရိုမြို့တော်ရှိဖာရောက်ဘုရင့်တက္ကသိုလ်တွင်တက်ရောက်၍ လျှပ်စစ်အင်ဂျင်နီယာပညာကိုလေ့လာဆည်းပူးသည်။ အမှန်စင်စစ် ကိုဟင်ကျောင်းဝင်ခွင့်ရခြင်းသည် ကြုံတောင့်ကြုံခဲကိစ္စတစ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က အီဂျစ်နိုင်ငံအတွင်းတွင်တက္ကသိုလ်နယ်မြေ အပါအဝင်နေရာတိုင်း၌ ဂျူးမုန်းတီးရေးစိတ်ဓာတ်ကြီးမားလာသောကြောင့်ဖြစ်ပါသည်။
ကိုဟင်သည် တက္ကသိုလ်သို့တက်ပြီး သစ်ကုမ္ပဏီတစ်ခုတွင်လည်း စာရင်းကိုင်စာရေးအလုပ်လည်းလုပ်နေသည်။ သူ၏မိသားစုသည် ဂျူးဘာသာဝင်အီဂျစ်များနည်းတူ ဂျူးမုန်းတီးရေး ဂယက်ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးကျပ်တည်းမှုဒဏ်ကိုခံကြရလေသည်။
၁၉၄၇ ခုနှစ်နှစ်ဦးတွင် အခြေအနေ ပိုမိုဆိုးလာပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှတို့သည်ပါလက်စတိုင်းပြဿနာကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးကို ဖြေရှင်းစဉ်းစားပေးရန် လွှဲပြောင်းပေးလိုက်သည်။ ထိုနှစ်မေလတွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးသည် ထိုပြဿနာကို စဉ်းစားဆွေးနွေးရန်တွေ့ဆုံကြပြီး နိုဝင်ဘာလတွင် မဲခွဲဆုံးဖြတ်ချက်တစ်ရပ်ပြုလုပ်လေသည်။
ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းဒေသကို ဒေသခံပါလက်စတိုင်းသားများအတွက်တစ်ပိုင်း၊ ဂျူးတို့အတွက်တစ်ပိုင်း နှစ်ပိုင်းခွဲပစ်ရန် မဲခွဲဆုံးဖြတ်ချက်ဖြစ်သည်။
ကုလသမဂ္ဂဆုံးဖြတ်ချက်ကြောင့် ဂျူးမုန်းတီးရေး လှိုင်းဂယက်များ ပိုမိုများပြားလာလေသည်။အီဂျစ်နိုင်ငံ၌လည်း အခြားနိုင်ငံများတွင်မှာကဲ့သို့ ဂျူးနိုင်ငံဟုပေါ်ပေါက်လာလျှင်လာချင်း ဝိုင်းဝန်းတိုက်ခိုက်မည်ဟူသော လေသံများ ပေါ်ထွက်လာသည်။ အီဂျစ်လူထုကလည်း ဂျူးတို့အပေါ် အကြမ်းဖက်တိုက်ခိုက်မှု ပိုလုပ်လာကြသည်။ ဖာရောက် ဘုရင့်တက္ကသိုလ်တွင် ကျောင်းသားများနှင့်ဆရာများသည်ပင်လျှင် ဂျူးမုန်းတီးရေးဝါဒကို ပြောင်ပြောင်တင်းတင်း ထုတ်ပြောလာကြသည်။
ကိုဟင်၏ မိတ်ဆွေအပေါင်းအသင်းများက သူ့အား တစ်နေရာသို့ရှောင်နေရန်အကြံပေးကြသည်။ သို့သော်ကိုဟင်သည် ဤရှောင်ပေးရမည်ဟူသော အချက်ကိုကြားရတိုင်း ဒေါသဖြစ်ခဲ့လေသည်။ သူက “ကျုပ် အီဂျစ်အမျိုးသားကောင်းတစ်ယောက်ပါဗျာ၊ ကျုပ် ဗြိတိသျှတွေကို တော်လှန်ခဲ့တဲ့လူပါ”ဟု ပြန်ပြောတတ်သည်။
ကိုဟင်သည် သူ၏တိုင်းရင်းသား အီဂျစ်တို့က သူ့အား ရုတ်တရက်ဆန့်ကျင်လာခြင်းကို လက်မခံနိုင်ချေ။ တစ်ကြိမ်တွင် ကိုဟင်သည် ဆန္ဒပြကြသော မူဆလင်ကျောင်းသားများအား ရင်ဆိုင်ရန်ကြိုးစားလေရာ သူ၏သူငယ်ချင်းများက သူ့အား ဝိုင်းချုပ်ကာ ထိန်းသိမ်းထားလိုက်ရသည်။ ဤသို့မထိန်းပါက ဆန္ဒပြသူများက သူ့အား တစစီဆုတ်ဖြဲလိုက်မည်မှာ ဖြစ်ပါသည်။
တစ်ကြိမ်တွင် ကိုဟင်တစ်ယောက် ကံမကောင်းရှာချေ။ သူ့အား မူဆလင်ညီအစ်ကိုများ အဖွဲ့ဝင်များက ခပ်နာနာ ဝိုင်းဘေလွှတ်ကြသည်။ ထို့အဖွဲ့သည် ဂျူးမုန်းတီးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်ရန် ကြိုးစားလှုံ့ဆော်သောအဖွဲ့တစ်ခုပင်ဖြစ်သည်။
မိမိ၏ အမျိုးသားချင်းဖြစ်သော အီဂျစ်တို့၏ အကြမ်းဖက်မှုသည် ဤမျှလောက်ကြောက်မက်ဖွယ်ကောင်းလာပြီး ပျံ့နှံ့လာသော်လည်း ကိုဟင်သည် အီဂျစ်လူမျိုးတစ်ယောက်အဖြစ် ရှိအပ်သည့်မျိုးချစ်စိတ်ကို ဆက်လက်ထားရှိခဲ့သည်။
၁၉၄၇ ခုနှစ်နွေရာသီတွင် ကိုဟင်သည် အီဂျစ်အာဏာပိုင်များအား မိမိတွင်ရှိသော မျိုးချစ်စိတ်ကို အလွန်ထူးခြားပြောင်မြောက်စွာ ပြသခဲ့သည်။
ထိုအချိန်က အီဂျစ်နိုင်ငံအတွင်းတွင် လူငယ်များ စစ်မှုမထမ်းမနေရဟူသော ဥပဒေရှိခဲ့လေသည်။သာမန်အားဖြင့် ဂျူးလူငယ်တစ်ယောက်ကို စစ်မှုထမ်းရန်ဆင့်ခေါ်ပါက အီဂျစ်အစိုးရအရာရှိတစ်ဦးအား လာဘ်ထိုးလိုက်လျှင် လွတ်ကင်းမှုရစမြဲဖြစ်သည်။ စစ်သားစုဆောင်းရေးအရာရှိများကလည်း ဂျူးလူငယ်များကိုကြိုးစားစုဆောင်းကြသည်။ သို့မှသာ သူတို့တတွေလည်း ငွေယားမြက်မြက်ကလေးရမည်ဖြစ်သည်။
ကိုဟင်က သူတို့၏မျှော်လင့်ချက်ကို ဖျက်လိုက်သည်။ သူသည် စစ်မှုထမ်းရန်နာမည်ပေးခဲ့လေသည်။ သူ၏ အပြုအမူကြောင့် အီဂျစ်စစ်ဘက်အရာရှိကြီးများ ဇဝေဇဝါ ဖြစ်သွားသည်။ ဂျူးတစ်ယောက်က အီဂျစ်တပ်မတော်တွင် ပါဝင်စစ်မှုထမ်းရန် ဗော်လံတီယာလုပ်ခြင်းကို မည်သူကြားဖူးပါသနည်း။ နောက်ဆုံး ကိုဟင်ကိုလက်မခံရန် သူတို့ဆုံးဖြတ်လိုက်သည်။ သူသည် စစ်တပ်၏စည်းလုံးညီညွတ်မှုကိုဖြိုခွဲနိုင်သည်ဟုအကြောင်းပြလေသည်။
ကိုဟင်တာဝန်ထမ်းဆောင်နေသော ဂရွန်းဘတ်ခရီးသွားလုပ်ငန်းဌာနသည် ဆက်လက်လှုပ်ရှားနေခဲ့လေရာ နေ့စဉ်ဆိုသလို ဂျူးရာပေါင်းများစွာကို အီဂျစ်နိုင်ငံအပြင်သို့ ခိုးထုတ်ခဲ့လေသည်။ ကိုဟင်ကိုယ်တိုင်ကမူ အီဂျစ်နိုင်ငံအတွင်းတွင် ကြံ့ကြံ့ခံပြီး ဆက်လက်နေထိုင်ခဲ့သည်။
သူသည် အီဂျစ်နိုင်ငံအတွင်းတွင် ဂျူးများနေထိုင်နိုင်သည့်အခြေအနေ၌ သူ၏ဘဝကိုဖန်တီးနေထိုင်ခဲ့သည်။ သူသည် တက္ကသိုလ်စာပေဆက်လက်သင်ကြားခဲ့သည်။ သို့သော် ကာယကံမြောက်အကြမ်းဖက်မှုများ များပြားလာသဖြင့် သူသည် အိမ်တွင်သာ စာပေလေ့လာရတော့သည်။
၁၉၄၈ ခုနှစ်နွေဦးတွင် ကိုဟင်နှင့်ဂျူးကျောင်းသားအချို့တို့သည် သီးခြားအခန်းတစ်ခုထဲတွင် စာမေးပွဲဖြေရသည်။ လက်နက်ကိုင်ရဲများက အပြင်က စောင့်ပေးခဲ့ရသည်။ ထိုစာမေးပွဲတွင် ကိုဟင် ပထမရခဲ့ပါသည်။

Thanks for sharing.❤️
ReplyDeleteDone🌸
ReplyDeleteDone 💪
ReplyDeleteDone🍄
ReplyDeleteThanks (◍•ᴗ•◍)
ReplyDeleteThank
ReplyDelete