Eli Cohen အလီကိုဟင် (သို့မဟုတ်) သူလျှိုထိပ်သီး (အပိုင်း ၃)
၁၉၆၁ ခုနှစ်မတ်လ ၁ ရက်နေ့..
ဆွစ်လန်နိုင်ငံ၊ ဇူးရစ်မြို့မှလာသော ဆွစ်ကြောင်းပိုင်လေယာဉ်ပျံသည် အချိန်မှန်မှန်ရောက်လာပြီးအာဂျင်တီးနားနိုင်ငံ ဗွေးနိုးဇာရီမြို့တော် အဇေဇာလေဆိပ်၏ ပင်မလမ်းကြောင်းအတိုင်း တဖြည်းဖြည်းလှိမ့်ဝင်လာ၏။
လေယာဉ်ပေါ်မှ ပထမဆုံးဆင်းလာကြသော ခရီးသည်များထဲတွင် စမတ်ကျကျဝတ်ဆင်ထားသောကုန်သည်ကြီးတစ်ဦးလည်း ပါလေသည်။ သူသည်လေယာဉ်ပေါ်တွင် ပထမတန်းအခန်း၌ အေးဆေးငြိမ်သက်စွာလိုက်ပါလာရင်း ဘာသာမျိုးစုံဖြင့်ရေးသားထားသည့်သတင်းစာများနှင့်စီးပွားရေးသတင်းများကို ဖတ်ရှုလိုက်လာခဲ့သူဖြစ်သည်။
ထိုသူအား မည်သူမှလေဆိပ်တွင်လာမကြိုပါ။ လူဝင်မှုကြီးကြပ်ရေးဌာနတို့တွင် ထုံးစံအတိုင်းဖြစ်သောကိစ္စရပ်များ ပြုလုပ်ပြီးသည်နှင့် သူသည်အပြင်သို့ထွက်လိုက်ပြီး တက္ကစီတစ်စီးလှမ်းခေါ်လိုက်သည်။
ကုန်သည်ကြီးက တက္ကစီမောင်းသူအား သူဤမြို့သို့မရောက်ဖူးသဖြင့် ဟိုတစ်ခုသို့ပို့ပေးရန်ပြောလိုက်သည်။ တက္ကစီမောင်းသူသည်သူ့အား မြို့တော်ကြီး၏ နာမည်ကြီးလမ်းမကြီးဖြစ်သော အဗီနီဒါနူဗဲဒီဂျူလီယိုလမ်းမှ ကျော်ကြားသည့်ဟိုတယ်သို့ ပို့ပေးခဲ့သည်။
ဟိုတယ်၌ ကုန်သည်ကြီး တည်းခိုရန်စာရင်းသွင်းသောအခါ အမည်မှာ ကမီးအာမင်း တားဘက်စ်ဖြစ်၍အလုပ်အကိုင်မှာ ထုတ်ကုန်ရောင်းချသူကုန်သည်ဟုရေးလိုက်သည်။ သူ၏ နိုင်ငံကူးလက်မှတ်ကသူသည် ဆီးရီးယားလူမျိုးဖြစ်ကြောင်းပြသနေပေသည်။
မိနစ်ပိုင်းအတွင်းမှာပင် တားဘက်စ်သည် အဗီနီဒါနူး ဗဲဒီဂျူလီလမ်းမတွင် ဖြေးဆေးစွာလမ်းလျှောက်နေပါသည်။ အာဂျင်တီးနားသမ္မတကြီး ပီရွန်သည် ပဲရစ်တွင် ဇနီးသည်အီဗာနှင့်လည်ပတ်ပြီး အပြန်၌ ပဲရစ်မှရွန်ဇလယ်ဇီလမ်းမကြီးအတိုင်း ဤ အဗီနီဒါလမ်းမကြီးကိုပြန်လည်တည်ဆောက်ခဲ့သည်ဟု ဟိုတယ်စာရေးက ကိုဟင်အားဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်ပါသည်။
တားဘက်စ်သည် ဗွေးနိုးဇာရီးသို့ရောက်ပြီးစတွင် ရက်သတ္တပတ်အတော်ကြာမျှအလုပ်အလွန်များသွားသည်။ မနက်စောစော ဟိုတယ်မှထွက်သွားပြီး မိုးချုပ်သည့်အထိ အပြင်တွင်နေခဲ့သည်။ ရက်အတန်ကြာသောအခါ အခြားတည်းခိုစရာ အိမ်ခန်းတွေ့နေပြီဖြစ်သဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ကိုဟင်က ဟိုတယ်စာရေးကိုပြောပြလိုက်သည်။
သူသည် ဟိုတယ်မှသိပ်မဝေးသော တာကွာရာလမ်း အမှတ်(၁၄ဝ၅)ရှိစျေးကြီးသော အခန်းတစ်ခန်းကိုငှားရမ်းလိုက်လေသည်။ တားဘက်စ်သည် သူ၏ ကုန်သွယ်မှုလုပ်ငန်းမှန်သမျှကို ထိုတိုက်ခန်းမှနေ၍ကိုင်တွယ်ဆောင်ရွက်လေသည်။
နိုင်ငံခြားမြို့တစ်မြို့တွင်ရောက်သော ခရီးသည်တစ်ဦး လုပ်နေကျအတိုင်းတားဘက်စ်သည် ဗွေးနိုးဇာရီ၌ မိမိတို့ဆီးရီးယားလူမျိုးများ လာရောက်စားသောက်နေကျဖြစ်သောကာဖေးနှင့်စားသောက်ခန်းများကို အလျင်အမြန်ရှာဖွေခဲ့သည်။ သိပ်တော့မခဲယဉ်းလှပါ။
အာဂျင်တီးနားနိုင်ငံနှင့်အထူးသဖြင့် ဗွေးနိုးဇာရီမြို့တော်၌ အာရပ်လူမျိုး (၅)သိန်းခန့်နေထိုင်ကြလေသည်။
သူတို့သည်ဇာတိခံနိုင်ငံသားတို့၏ မကျေနပ်မှုကိုခံယူလျက် အာရပ်မဟုတ်သူများနှင့်ရောနှောရန်ကြိုးစားကြသည်။ အမှန်စင်စစ် ဤသို့ရောနှောပေါင်းသင်းခြင်းဖြင့် လူမှုရေးအားဖြင့်လွတ်လပ်သောယဉ်ကျေးမှုငယ်တစ်ခုသီးခြား တည်ထောင်ရန်စိတ်ကူးကြခြင်း ဖြစ်ပါသည်။
ဤသို့ဖြင့် ဗွေးနိုးဇာရီုမြို့တော်တွင် ဆီးရီးယား၊ လက်ဘနွန်နှင့် အခြား အရှေ့အလယ်ပိုင်းဒေသမှ လူမျိုးများ ညနေတိုင်းတွေ့ဆုံပြီး စကားပြောကြ၊ ကြွေအံပစ်ပြီး ရွှေ့ရသော ကျားကစားနည်းများကစားကြနှင့် စုစည်းမိကြလေသည်။
စုံစမ်းမေးမြန်းမှုများပြုပြီးနောက် တားဘက်စ်သည် သူအဆင်ပြေသည့်နေရာတစ်ခုကိုရွေးလိုက်သည်။
မတ်လ၏ ညတစ်ညတွင် လူတစ်ဦးသည် ညစာစားပြီး ထိုနေရာသို့ထွက်သွားခဲ့လေသည်။အာရပ်တို့သည် ပင်ကိုသဘောအရ ပျူငှာဖော်ရွေရင်းနှီးတတ်သည့်သဘောရှိပါသည်။ ထို့ကြောင့်တားဘက်စ်သည် မကြာမီတွင် အာရပ်လူမျိုး အုပ်စုတစ်ခုနှင့် စကားဝိုင်းတွင်လက်ဆုံကျလေတော့သည်။
သူက လူသစ်ဖြစ်နေသဖြင့် သူ့အကြောင်းကို လူများကဝိုင်းမေးကြသည်။ ပရိသတ်ကသိပ်ပွဲမတောင်းလိုက်ရပါ။ တားဘက်စ်သည် သူ့ဘဝ ဇာတ်ကြောင်းကိုပြန်ပြောင်း ပြောပြလေသည်။
သူ၏ ဖခင်အာမင်နှင့် မိခင်ဆိုင်ဒါးတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆီးရီးယားမှထွက်ခဲ့၍လက်ဘနွန်နိုင်ငံသို့ပြောင်းရွှေ့ကာ ဘေရွတ်မြို့တော်၌ စီးပွားရှာဖွေပြီး နှမဖြစ်သူ အီနာကိုလည်းဖွားမြင်ခဲ့သည်။ နှမလေးမှာ ကလေးဘဝမှာပင်သေဆုံးခဲ့သည်ဟုဆိုလေသည်။
လောကကြီးသည် သူတို့မိသားစုမျှော်လင့်ထားသလိုမဖြစ်လာပါ။ ထို့ကြောင့်သူတို့အီဂျစ်နိုင်ငံသို့ရွှေ့ပြောင်းသွားပြီး အလက်ဇနြ္ဒီးယားမြို့တွင် အခြေစိုက်နေထိုင်ကြသည်။ကမီးတာဘက်စ်သည် ထိုမြို့တွင်ပင်ကြီးပြင်းခဲ့သည်ဟုဆိုရပါမည်။ ဖခင်ဖြစ်သူသည် သူတို့အားလုံး ဆီးရီးယားနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ကြရန်တိုက်တွန်းပြောကြားခဲ့ပြီး သားဖြစ်သူအား ဆီးရီးယားနိုင်ငံနှင့်လူမျိုးအပေါ် ချစ်စိတ်ကိုမွေးမြူစေခဲ့သည်။ ဖခင်ကြီး သေခါနီးတွင် တားဘတ်စ်က တစ်နေ့နေ့တစ်ချိန်ချိန်တွင်ဆီးရီးယားနိုင်ငံသို့ပြန်သွားမည်ဟု ကတိပေးခဲ့ကြောင်း သူက မိတ်ဆွေများကိုပြောပြလေသည်။
၁၉၄၇ ခုနှစ်က သူအသက်၁၇ နှစ်တွင်ဦးလေးတော်သူတစ်ဦး၏ အကူအညီဖြင့် ဗွေးနိုးဇာရီမြို့တော်သို့ မည်သို့ခရီးထွက်ခဲ့ပုံကို တားဘတ်စ်က မိတ်ဆွေများအား ပြောပြပြန်သည်။ သူနှင့်သူ၏ မိသားစုသည်လီဂါဇီလမ်းတွင် အထည်အလိပ်လုပ်ငန်းတစ်ခု စတင်တည်ထောင်လုပ်ကိုင်ခဲ့သော်လည်းကံအကြောင်းမလှသဖြင့် ချွတ်ခြုံကျအောင်မွဲတေသွားခဲ့သည်ဟုဆိုသည်။
ကမီးတားဘက်စ်၏ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသောအခါ သူသည်မိဘလက်ငုတ်လုပ်ငန်းကိုဆက်လက်လုပ်ကိုင်ရင်း ထုတ်ကုန်ကုမ္ပဏီးကြီးတစ်ခုအဖြစ်အောင်မြင်လာခဲ့သည်။ သူသည်မကြာမီကဥရောပတိုက်တွင်နေထိုင်ခဲ့သော်လည်း ယခုဗွေးနိုးဇာရီတွင်ပြန်လည်အခြေစိုက်တော့မည်ဟုဆိုသည်။
သူသည်နားထောင်နေသူများအား သူအမြဲတမ်း ယူဆောင်လာလေ့ရှိသော သူ၏မိသားစုဓာတ်ပုံကလေးများကို ဂုဏ်ယူစွာဖြင့်ပြသလေသည်။ သူ၏အခန်းတွင် ဓာတ်ပုံအယ်လ်ဘမ်များရှိပါသေးသည်ဟု မိတ်ဆွေများအားပြောရင်း ရှေ့အပတ်တွင် သူ့အခန်းသို့လာရောက်လည်ပတ်ကြပါရန်မိတ်ဆွေများကိုဖိတ်ကြားခဲ့သည်။
ထိုနေ့ညတွင် ကမီးအာမင်တားဘက်စ်သည် သူ၏ အခန်းသို့ အလွန်နောက်ကျပြီး ပြန်ရောက်သော်လည်းသူကျေနပ်နှစ်သိမ့်မှုဖြစ်ခဲ့ရသည်။ ထိုနေ့ညနေအဖို့ သူ့အတွက်အောင်မြင်မှုတစ်ရပ်ဆိုရပါမည်။
သူ၏ မိတ်ဆွေသစ်များက သူတို့နှင့်စကားလက်ဆုံကျခဲ့သည့် ဤယဉ်ကျေးဖော်ရွေသော လူစိမ်းသည်မည်သူမျှမဟုတ်ဘဲဆရာကြီး ဒါးဗစ်ခ်ျ၏ တောက်ပြောင်ထူချွန်လှသည့်သင်တန်းသား အလီကိုဟင်ဖြစ်သည်ဟုစိုးစဉ်းမျှ မရိပ်မိကြပါ။
အလီကိုဟင် ဟန်ဆောင်ကရမည့်ဇာတ်ဆောင်ပုဂ္ဂိုလ်ကို ဖန်တီးရာ၌ အလွန်ပင်တိကျသေချာစွာပြင်ဆင်ကြရပါသည်။ သူ့အား ပိုက်စိပ်တိုက်စစ်ဆေးထောက်လှမ်းမည်ဟု မော့ဆက်အဖွဲ့ကြီးကသိရှိထားသည်။ ထိ့ုကြောင့်သူ၏ နောက်ကြောင်းရာဇဝင်ကိုဖန်တီးရာ၌ အပြစ်အနာအဆာ လုံးဝမရှိစင်းလုံးချော ဖြစ်နေရပါသည်။
ထို့ကြောင့်ပင် ကိုဟင်ဝင်ရမည့်ဟန်ဆောင်ပုဂ္ဂိုလ်ကို တကယ်ရှိခဲ့ဖူးသောလူတစ်ဦး၏ ဘဝတွင်အခြေတည်၍ ဖန်းတီးလိုက်သည်။ ထိုပုဂ္ဂိုလ်သည် အာဂျင်တီးနား နိုင်ငံသို့ပြောင်ရွှေ့သွားခဲ့သောလက်ဘနွန်လူမျိုး ကမီးတားဘက်စ်ပင်ဖြစ်လေသည်။ အလီကိုဟင်သည် အာဂျင်တီးနားသို့တစ်ခါမှမရောက်ဖူးသော်လည်း သူ၏ သက်တမ်းတစ်ဝက်ခန့်နေထိုင်ခဲ့သည့်အခြေအနေသဘောအရ ဗွေးနိုးဇာရီမြို့တော်ကို သူသိရှိရမည်ဖြစ်သည်။
သူသည် အစ္စရေးနိုင်ငံမှမထွက်လာမီ ရက်သတ္တပတ်အနည်းငယ်က ဗွေးနိုးဇာရီမြို့တော်၏မြေပုံများနှင့်ဓာတ်ပုံများကိုလေ့လာခဲ့ရပြီး နေရာများစွာ အလွတ်မှတ်သားမိအောင်ကြိုးစားခဲ့ရပါသည်။ထိုထက်ပိုမို၍ ခဲယဉ်းပင်ပန်းခဲ့ရသည့်အချက်မှာ သူသည်သူ၏ မိသားစုနှင့်လပေါင်းများစွာခွဲခွါနေထိုင်ခဲ့ရခြင်းကို ကျေကျေနပ်နပ်လက်ခံခဲ့ရသည့်အဖြစ်ပင်ဖြစ်လေသည်။ မိသားစုနှင့်ခွဲခွါပြီးအထီးကျန်ဘဝ၌နေရသည်မှာ ဤမျှလောက်ထိတ်လန့်ကြောက်ရွံစရာကောင်းမည်ဟုမိမိမထင်မှတ်ခဲ့ပါကြောင်း ကိုဟင်သည် ဒါးဗစ်ခ်ျအား ဖွင့်ဟ ဝန်ခံပြောခဲ့ရှာသည်။
ညနေတိုင်း ကိုဟင်အိမ်ပြန်ရောက်သွားလျှင် သူ၏ဇနီးနှင့်သမီးငယ်ကလေးကိုနှုတ်ဆက်သောအခါသူ့ကိုယ်ကိုသူ ကမီးအာမင်တားဘက်စ်လား အလီကိုဟင်လား မခွဲခြားတက်တော့သောစိတ်အခြေအနေတွင် သူရောက်နေခဲ့ရှာပေပြီ။ အာဂျင်တီးနားသို့ရောက်သောအခါ သူသည် သူ၏မိသားစုနှင့်ပိုမိုကင်းကွာလာပြီး တားဘက်စ်တည်းဟူသောဘဝ၌ လုံးဝစိတ်ရောကိုယ်ပါဇာတ်မြှုပ်နေရတော့မည်ဖြစ်ပါသည်။
အစ္စရေးနိုင်ငံမှထွက်ခွာရမည့်နေသို့ရောက်လာပါပြီ။ ကိုဟင်သည် လေဆိပ်သို့ ဂီဒီယွန်အမည်ရှိသော အရာရှိကလေးတစ်ဦးလိုက်ပါလျက် ကားဖြင့်ရောက်လာလေသည်။ ဂီဒီယွန်သည်နောင်သော် ကိုဟင်နှင့်အစ္စရေးဌာနချုပ်အကြား ဆက်သွယ်ပေးမည့် ရေဒီယိုအသံဖမ်းသူဖြစ်လာပါသည်။
အလီကိုဟင်ရထားသောအမိန့်များက ရှင်းလင်းတိကျလှပါသည်။ သူသည်ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့သို့လေယာဉ်ဖြင့်သွားပြီး ထိုမြို့တွင်ဆင်းရမည်။ ထို့နောက် သူသည် လေဆိပ်မှဘတ်စ်ကားကိုစီးလျက် ဆန်းနော့ဖ်စထရပ်စ်အရပ်အစွန်ရှိ ဗဟိုဘူတာရုံဘေးမှ လမ်းတစ်လမ်းတွင်ဆင်းရမည်။
လေယာဉ်ထွက်ခါနီးတွင် ဂီဒီယွန်သည် ကိုဟင်အား ငွေသား ဒေါ်လာ(၅ဝဝ)ပါသောစက္ကူအိတ်အဖြူတစ်လုံး ကမ်းပေးလိုက်သည်။ ဤငွေသည်သူ၏ သွားလာစရိတ်ဖြစ်ပါသည်။
နာရီပေါင်းအတော်ကြာသွားသောအခါ ကိုဟင်တစ်ယောက် ဇူးရစ်မြို့တွင် ဆွစ်လေကြောင်းပိုင်ဘတ်စ်ပေါ်မှ သူ့အား ကြိုတင်ပြောထားသည့်နေရာအတိအကျတွင် ဆင်းလိုက်လေသည်။ ထိုအခါချက်ချင်းဆိုသလို လူတစ်ယောက်သူ့အနားချဉ်းကပ်လာပြီး သူ့အား ဟီးဘရူးဘာသာဖြင့်နှုတ်ဆက်လိုက်သည်။
"ကျွန်တော် အစ္စရေး ဆာလင်ဂျာပါ။ ခင်ဗျား အလီကိုဟင်မဟုတ်လား"
သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ကြလေသည်။ ဆာလင်ဂျာသည် ကုန်သည်တစ်ဦးဟန်ဆောင်ထားသော မော့ဆက်အရာရှိတစ်ဦးဖြစ်ပြီး နောက်(၃)ရက်ကြာကို အသေးစိတ် ပြန်လှန်သုံးသပ်လေ့လာကြပြန်သည်။
ကာမီးအာမင်တာဘက်စ် အသွင်ဆောင်သောအခါ ကိုဟင်သည် တောင်အမေရိကနှင့်ဥရောပဒေသနှစ်ခုအကြာ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်သည့် ရေကြောင်းနှင့်လေကြောင်းကုန်စည်လုပ်ငန်းရှင်တစ်ဦးဖြစ်လာရပေမည်။
ထိုအချက်တွင်အမှားမရှိစေရန် အလီကိုဟင်သည် ထိုလုပ်ငန်းနှင့်ပတ်သက်သော ကုန်စည်ဖလှယ်ရေးနည်းနိသျများကို အပူတပြင်း လေ့လာသင်ကြားထားပြီးဖြစ်ပါသည်။ အထူးသဖြင့်ထိုလုပ်ငန်းလုပ်ဆောင်နေစဉ် ရေးသားသုံးစွဲပြောဆိုရမည့်စီးပွာရေးဘာသာစကား အသုံးအနှုန်းများကိုဂရုစိုက်လေ့လာထားခဲ့ပါသည်။
ဆာလင်ဂျာက သူ့အား ဆွစ်ဇာလန်ဘဏ်တစ်ခုတွင်ဖွင့်ထားသော ချက်လက်မှတ်စာအုပ်တစ်အုပ်ပေးလိုက်ပြီး ရှင်းလင်းပြောပြလိုက်သည်။
"ဘယ်တောင်အမေရိကကုန်သည်ပဲဖြစ်ဖြစ် ဒီချက်လက်မှတ်စာအုပ်မျိုး မရှိရင်မရပ်တည်နိုင်ဘူးလို့ခင်ဗျား သိထားပါ"
ဆာလင်ဂျာသည် ကိုဟင်အား ဇူးရစ်ရှိဆိုင်များသို့ခေါ်သွားပြီး အကောင်းစားအဝတ်များကိုချုပ်လုပ်စေပါသည်။ အပေါ်အောက်ဝတ်စုံများနှင့်လက်ကိုင်ပဝါများမှအစ အကောင်းစားပိတ်စများနှင့်ချည်း ချုပ်လုပ်စေပါသည်။ ကိုဟင်သည်သူဝတ်လာခဲ့သော ဟန်ဆောင်မှုလုံးဝမရှိသည့်အဝတ်အစားများနှင့် ထိုဝတ်စုံများကို လဲလှယ်ထားခဲ့ရသည်။ ထို့နောက်ကိုဟင်သည် ဆာလင်ဂျာမှတဆင့်ဇနီး နာဒီယာထံ စာရေးဆက်သွယ်ရန် ဇူးရစ်မြို့ရှိ စာတိုက်တစ်တိုက်၏ စာတိုက်ပုံးနံပါတ်တစ်ခုကိုလည်း မှတ်သားထားလိုက်သည်။ နာဒီယာသည် အခန်းသို့ရောက်လာသောအခါ စာမှန်သမျှတွင် အာဂျင်တီးနားနိုင်ငံ၏ တံဆိပ်ခေါင်းတစ်လုံးမျှ မပါလာစေလိုသော သဘောပင်ဖြစ်သည်။
ဆာလင်ဂျာသည် အလီကိုဟင်၏ ဟန်ဆောင်ဘဝကို လူအများ ယုံကြည်သည်ထက်ယုံကြည်လာစေရန်အထောက်အကူဖြစ်စေမည့်ဓာတ်ပုံများကို သူ၏အခန်းထဲရှိ ခရီးဆောင်သေတ္တာတစ်လုံးထဲမှထုတ်ယူပေးလိုက်သည်။ ထိုဓာတ်ပုံအတော်များများမှာ နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးခြင်းကိုပင်လှည့်ဖျားကျော်လွှာနိုင်သော ဓာတ်ပုံအတုများ ဖြစ်ကြပါသည်။
နောက်ဆုံး၌ ဗွေးနိုးဇာရီမြို့တော်သို့သွားရန်လေယာဉ်ကွင်းသို့အသွာလမ်းမှာပင် အလီကိုဟင်သည်ကာမီးအာမင်တာဘက်စ်အမည်နှင့် အပြစ်မရှိအောင်အတုလုပ်ထားသော ပတ်စ်ပို့နိုင်ငံကူးလက်မှတ်ကိုလဲလှယ်ယူလိုက်လေသည်။ အလီကိုဟင်၏ ဘဝတဖြစ်လဲခြင်းလုပ်ငန်းပြီးစီးသွားပေပြီ။
အာဂျင်တီးနားသို့ရောက်ပြီး မကြာမီမှာပင် အလီကိုဟင်သည် မိမိက အေဘရာဟင်ဟုသိထားသောသူလျှိုတစ်ဦးနှင့်ဆက်သွယ်ခဲ့လေသည်။ သူတို့နှစ်ဦးသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ကိုဟင်၏ဟိုတယ်မှသိပ်မဝေးသည့် ကော်တီနှာ့စ်ကာဖေးတွင်တွေ့ဆုံကြသည်။
အေဘရာဟင်သည် ကိုဟင်အားငှားထားသော ရုံးခန်းအဆောက်အအုံများ၊ကိရိယာတန်ဆာပလာများနှင့် သူ၏အိမ်ခန်းအသစ်ကို လွှဲပြောင်ပေးအပ်သည်။ သူသည်ကိုဟင်အား ငွေများလည်း ပေးပြီး ဤမြို့တော်တွင်နေသော သြဇာတိက္ကမရှိသည့်အာရပ်လူမျိုးအချို့၏ နာမည်စာရင်းကိုလည်း ပေလေသည်။ ထို့နောက် ထိုအာရပ်များကိုတွေ့ဆုံနိုင်သည့်နေရာများကိုပါ ပြောပြခဲ့ပါသည်။
အလိကိုဟင်အား အေဘရာဟင်ကမကြိုက်သည့် အရည်အသွေးတစ်ခုသာ တွေ့ခဲ့ပါသည်။အေဘရာဟင်က ကိုဟင်၏ စကားသံသည်သိပ်မမှန်သေးသဖြင့် ဇာတိခံဆရာတစ်ဦးနှင့်
မွမ်းမံသင်ယူသင့်ကြောင်း အကြံပြုခဲ့သည်။ ကိုဟင်သည် အာဂျင်တင်းလူမျိုးတို့ပြောသောစပိန်ဘာသာစကားကို အသံနေအသံထားမှန်ကန်စွာပြောနိုင်မှသာ တစ်စုံတစ်ယောက်နှင့်ဆက်သွယ်ရမည်ဟုမှာခဲ့လေသည်။
ထိုနောက်ပိုင်းတော့ သူတို့နှစ်ဦးသား တွေ့ဆုံသည့်အကြိမ်အတော်ကျဲသွားလေသည်။
ဗွေးနိုးဇာရီသို့ရောက်သည့်ညကစ၍ ကိုဟင်သည် ကြီးမားသော ဆီးရီးယန်း လူ့အဖွဲ့အစည်းကြီးထဲတွင်တဖြည်းဖြည်း လူသိများ ကျော်ကြားလာလေသည်။ သူ၏အခန်းသို့ မိတ်ဆွေများကိုမကြာခဏဆိုသလိုဖိတ်ကြားပြီး အရက်နှင့်အဖျော်ယမကာများ ဖောဖောသီသီတိုက်ကျွေးဧည့်ခံသည်။သူတို့အားလုံး လွမ်းကြရသော ဇာတိချက်ကြွေမွေးရပ်မြေအကြောင်း စိတ်ပါလက်ပါ ပြောဆိုကြသည်။ကိုဟင်၏ အခန်းသို့ရောက်လာသူတိုင်း သူစုဆောင်း သိမ်းဆည်းထားသောဓာတ်ပုံစာအုပ်များကို သေသေချာချာ ကြည့်ရှုခွင့်ရသည်။ ထိုဓာတ်ပုံများမှာ သူနှင့်သူ၏မိဘများအလက်ဇနြ္ဒီးယား၊ ဘေရွတ်နှင့် ဗွေးနိုးဇာရီတို့တွင်ရိုက်ယူထားခဲ့သော ပုံများဖြစ်သည်။
ဤဓာတ်ပုံများသည် မော့ဆက်အဖွဲ့ကြီးက ဖန်တီး စုဆောင်းပေးထားသော ဓာတ်ပုံအတုများ ဖြစ်ကြောင်းအလီကိုဟင်ကလွဲပြီး မည်သူမျှ မသိကြပါ။
အလီကိုဟင်သည် မကြာမီတွင်စားသောက်ခန်းနှင့်ဆိုရှယ်သဟာယဌာနတစ်ခုဖြစ်သောအစ္စလာမ်ကလပ်သည် အာရပ်နိုင်ငံများမှ သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်ကြီးများအားတွေ့ဆုံနိုင်သည့်အကောင်းဆုံးနေရာဖြစ်ကြောင်း တစတစ သိရှိလာလေသည်။
သူသည် ထိုနေရာသို့သွားပြီး ကိုင်ရိုနှင့်ဒမတ်စကတ်မြို့များတွင်ထုတ်သည့် သတင်းစာများကိုဖတ်ရှုရင်း အချိန်းဖြုန်းနေလေတော့သည်။ တစ်နေ့တွင် သူသည် အာဂျင်တီးနားတွင်ထုတ်ဝေသည့် အကြီးဆုံးသော အာရပ်သတင်းစာကြီး၏ အယ်ဒီတာ အယ်ဟီရှန်နှင့်တွေ့လေသည်။ အယ်ဟီရှန်သည်လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး သူ၏ ဦးခေါင်းမှာ ပြောင်စပင်ပြုနေပေပြီ။
အယ်ဟီရှန်သည် အလွန်မျိုးချစ်စိတ်ရင့်သန်သူဖြစ်သည်။ သူ့ထက်ငယ်သူအမျိုးသားချင်းလည်းဖြစ်သည့် ကိုဟင်က သူ့ရင်ထဲရှိသမျှကိုဖွင့်ပြောလိုက်လေသည်။
"ကျွန်တော်လေ ကျွန်တော့်ဖခင်မွေးပေးခဲ့တဲ့ဇာတိနိုင်ငံကိုသိပ်ပြန်ချင်တယ်။ တစ်နည်းနည်းနဲ့ကျွန်တော်ပြန်နိုင်တယ်ဆိုတာသိပေမယ့် ဟိုမှာ အသိအကျွမ်းလည်း မရှိဘူး။ အဲဒီကိစ္စကြောင့် ကျွန်တော်အခက်အခဲတွေ့နေရတယ်ဗျာ"ဟု သူက ယုံယုံကြည်ကြည်ပြောပြခဲ့သည်။
အယ်ဟီရှန်ကလည်း ဗွေးနိုးဇာရီတွင် မျိုးချစ်စိတ်ရှိသူတစ်ဦး လာတွေ့နေသဖြင့် ဝမ်းမြောက်ခဲ့ပါသည်။
ကိုဟင်ဘယ်လောက်အသိပညာဉာဏ်ရင့်သန်ပြီး တိုင်းပြည်ကိုလည်း ချစ်၊ တိုင်းပြည်၏အရေးအရာပြဿနာများကို ဤမျှလောက်စိတ်ဝင်စားသော ပုဂ္ဂိုလ်မျိုး သူတွေ့ရခဲပါသည်။ ထို့ကြောင့်သူသည် ဗွေးနိုးဇာရီရှိ အာရပ်အကြီးအကဲပုဂ္ဂိုလ်အများအပြင် လူချမ်းသာများနှင့်သံတမန်များကိုပါကိုဟင်နှင့်တွေ့ဆုံမိတ်ဆက်ပေးလိုက်သည်။
အလီကိုဟင်သည် အာရပ်နိုင်ငံအရေးအခင်းနှင့်ပြဿနာမျာကို နှံ့စပ်သိမြင်ကျွမ်းလှသဖြင့် သံရုံးများ၏အရက်မျိုးစုံဧည့်ခံပွဲများနှင့် ညစာစားပွဲများတွင် အစဉ်ဖိတ်ကြားခံရသော ဧည့်သည်တော်တစ်ဦးဖြစ်လာလေသည်။
တစ်နေ့တွင် ဤသို့သောဧည့်ခံပွဲတစ်ခု၌ သူသည်ဆီးရီးယား သံရုံးမှစစ်သံမှူးဖြစ်သူ ဗိုလ်မှူးအာမင်အယ်လ်ဟာဖက်ဇ်ကိုတွေ့ရှိခဲ့သည်။ ဟာဖက်ဇ်သည်လည်း အခြားလူများနည်းတူအလီကိုဟင်၏ မျိုးချစ်စိတ်ရင့်သန်ပုံကိုသဘောကျသွားပြီး စိတ်အားထက်သန်နေသော လူရွယ်အားယုံယုံကြည်ကြည်ဆက်ဆံပြောဆိုလေတော့သည်။
သူက သံရုံးညစာစားပွဲတစ်ခု၌ ကိုဟင်အား ဤသို့ပြောကြားခဲ့ပါသည်။
"ကျုပ်နိုင်ငံရေးအကြောင်း မပြောချင်ပါဘူး၊ ဒါပေမယ့် ခင်ဗျားကိုကောင်းတဲ့အကြံပေးချင်တာက ခင်ဗျားဘတ်သ်ပါတီပေါ်မှာ ယုံယုံကြည်ကြည်သစ္စာနှံထားရမယ်သိလား။ ဒီနှစ်ကုန်ရင်ကျုပ်ဒီမှာ ယူနေရတဲ့တာဝန်ပိုင်း ပြီးတော့မယ်။ ဒီက လုပ်ငန်ပိုင်းတွေလက်စသတ်ပြီး ကျုပ်ဒမတ်စကတ်ကိုပြန်မယ်လို့စိတ်ကူးထားတယ်။ ခင်ဗျား လိုက်ပါလား။ ကျုပ်တို့တတွေ ခင်ဗျားလိုပညာလည်းတတ်၊မျိုးချစ်စိတ်လည်းရှိတဲ့လူမျိုး လိုချင်ပါတယ်.."
ဗိုလ်မှူး ဟာဖက်ဇ်၏ အမေးကို အလီကိုဟင်က ကျေးဇူးတင်စွာဖြင့် တုံ့ပြန်လက်ခံခဲ့ပါသည်။ပါးနပ်လိမ္မာသော ကိုဟင်သည်ထိုအချိန်မှစ၍ ဟာဖက်ဇ်အား ပြောဆိုနှုတ်ဆက်သောအခါတိုင်းဗိုလ်ချုပ်ဟု ရိုရိုသေသေ ခေါ်ဆိုလေတော့သည်။
ထိုပါတီပွဲနောက်ပိုင်းတွင် သူတို့နှစ်ဦးသားတွေ့တိုင်း ဗိုလ်မှူး ဟာဖက်ဇ်က ကိုဟင်ကိုထပ်တလဲလဲဤသို့မေးတတ်ပါသည်။
"ကိုင်း ကိုယ့်သူငယ်ချင်းရေ.. ကျုပ်တို့ကိုကူညီဖို့ဒမတ်စကတ်သို့သွားတော့မယ်လို့ခင်ဗျားပါးစပ်ကဘယ်တော့ပြောမှာလဲ"
ဗွေးနိုးဇာရီတွင်ရှိသော အာရပ်ထောက်လှမ်းရေးအဖွဲ့များက ကမီးအာမင်း တားဘက်စ်၏မျိုးချစ်စိတ်ကို အလျင်အမြန်ယုံကြည်လက်ခံခြင်း မပြုခဲ့ပါ။ သူတို့မျက်စိရှေ့မှာပင် အဒေါ့ဖ်
အိုက်ခမန်း ပြန်ပေးဆွဲခံရပြီးကတည်းက ဗိုလ်မှူး ဟာဖက်ဇ်လို အရေးကြီးသည့်ပုဂ္ဂိုလ်များနှင့်ထိတွေ့ဆက်ဆံလာသူတိုင်းကို မျက်ခြေမပြတ်ထောက်လှမ်းကြည့်ရှုကြပါသည်။
ထို့ကြောင့်ပင် ဒိုးဇီးယန်းဗြူရိုဟုခေါ်သော ဆီးရီးယား ထောက်လှမ်းရေးအဖွဲ့သည်တားဘက်စ်၏ နောက်ကြောင်းရာဇဝင်ကို လျှို့ဝှက်ထောက်လှမ်းခြင်းများ စတင်ပြုလုပ်လေသည်။
အလီကိုဟင်က သူ၏ မိတ်ဆွေများအား ပြောပြချက်များသည် သူတို့တွေ့ရှိသော အချက်အလက်များနှင့်ကိုက်ညီနေသည်ကို သူတို့တွေ့ရှိရသည်။ လက်ဘနွန်တွင်မွေးဖွားပြီးအလက်ဇနြ္ဒီးယားနှင့် ဗွေးနိုးဇာရီသို့ပြောင်ရွှေ့သွားသော တားဘက်စ်အမည်ရှိ ဆီးရီးယားမူဆလင်တစ်ယောက်အမှန်တကယ်ရှိခဲ့ပါသည်။ထိုပုဂ္ဂိုလ်သည် အလီကိုဟင်က သူလုပ်ကိုင်ခဲ့သည်ဟုပြောသော လုပ်ငန်းများတွင်တကယ်လုပ်ကိုင်ခဲ့ဖူးပါသည်။ သူ့အသက်သည် ကိုဟင်၏ ယခုအသက်နှင့်ထပ်တူထပ်မျှဖြစ်နေပါသည်။
စုံစမ်းထောက်လှမ်းခြင်းများ ဤနေရာတွင်မရပ်သွားပါ။
တစ်နေ့.. ကိုဟင်အိမ်ပြန်သွားသောအခါ သူ၏ လူသိများသော ဓာတ်ပုံအယ်လ်ဘမ်စာအုပ်တွင်ဓာတ်ပုံများ ဖရိုဖရဲဖြစ်နေသည်ကိုတွေ့ရသည်။ တစ်စုံတစ်ယောက်အခန်းတွင်းသို့ဝင်ရောက်ပြီးထိုဓာတ်ပုံများကိုကူးယူသွားသည့်အချက်မှာ ရှင်းလင်းနေပေပြီ။
ဤသို့ဖြစ်လာမည်ကို အလီကိုဟင်သိထားပြီး ဖြစ်သည်။ သူသည်သူ၏ လိပ်စာများနှင့်တယ်လီဖုန်းနံပါတ်များကို တမင်တကာ လျှိုဝှက်မထားဘဲ သူနှင့်သိသည့်လူတိုင်းအား ပေးခဲ့သည်။
သူသည် ဓာတ်ပုံအယ်လ်ဘမ်စာအုပ်ကိုသူ၏ အိမ်ရှေ့ခန်း စားပွဲပေါ်တွင် အမှတ်မထင်တင်ထားခဲ့လေ့ရှိသည်။
စုံစမ်းထောက်လှမ်းခြင်းများ ပြီးဆုံးသွားသောအခါ ဒိုးဇီးယမ်းဗြူရိုသည် အလီကိုဟင်အား တားဘက်စ်အစစ်အမှန်ဖြစ်ကြောင်း လက်ခံယုံကြည်လေတော့သည်။ တဲလာဗီမြို့တော်မှ ကိုဟင်၏ လုပ်ဖော်ကိုင်ဖက်များ ဖန်းတီးပေးခဲ့သော သူ၏ဟန်ဆောင်ဘဝသည် ပြောင်မြောက်ကောင်းမွန်လှသဖြင့်သူလျှိုတစ်ယောက်ဖြစ်လေမလားဟု မည်သို့မျှ တွေးမရအောင်ပိရိနေပေသည်။
သူ၏ ဇာစ်မြစ်ကိုစစ်မှန်သည်ဟုလက်ခံသွားသည်နှင့်တပြိုင်နက် ကိုဟင်သည် ဗွေးနိုးဇာရီတွင်ရှိသောသြဇာတိက္ကမရှိသည့် ဆီးရီးယားများအကြားတွင် သူ၏အပေါင်းအသင်း မိတ်ဆွေအသိုက်အဝန်းကိုချဲ့ထွင်လာတော့သည်။ သူသည်ညထိုမိတ်ဆွေများအား ရက်ရက်ရောရော ဧည့်ခံပြုစုကျွေးမွေးသည်။လက်ဆောင်ကောင်းများလည်း ပေးကမ်းမိတ်ဆက်လေသည်။မိတ်ဆွေများ၏အိမ် သို့မဟုတ်သံရုံးဧည့်ခံပွဲများသို့သူတက်သောအခါ ကိုဟင်သည် အစဉ်အမြဲသေသပ်သားနားစွာ ဝတ်စားဆင်ယင်၍ ဆွဲဆောင်မှုရှိအောင်နေသည်။ ယဉ်ကျေးပျူငှာ ချိုသာသောစကားလုံးများနှင့် လူတိုင်းကိုခပ်မြှောက်မြှောက်ပြောဆိုဆက်ဆံသည်။ သူတို့၏အိမ်သူသက်ထားများကိုဆက်ဆံရာတွင် ကိုဟင်သည် သန့်သန့်ရှင်းရှင်း မူမှန်မှန်ဆက်ဆံလေသည်။လူတိုင်းသည် ကိုဟင်အား ချစ်ခင်နှစ်သက်၏။ ယုံကြည်လေးစား၏။ ထို့ပြင်သူအစဉ်သဖြင့်မွေးမြူထားသော မျိုးချစ်စိတ်ဓာတ်ကို အလွန်ပင်လေးစားကြလေသည်။
ထို့ကြောင့်ပင်၁၉၆၁ ခုနှစ် မေလကုန်ခါနီးတွင် ကိုဟင်သည် မိတ်ဆွေသူငယ်ချင်းများထံသွားရောက်ပြီးသူ ဒမတ်စကတ်သို့သွားတော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာပြောဆိုအသိပေးသောအခါသူတို့အဖို့ဘာမျှ အံ့သြစရာ မဖြစ်တော့ပေ။ မိတ်ဆွေများက ကိုဟင်အား သူတို့၏ ကုန်သည်ပိုင်းမှပုဂ္ဂိုလ်များ၊ အစိုးရပိုင်းမှအရာရှိကြီးများနှင့်ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများ၏ အမည်နှင့်လိပ်စာများ တပုံတပင်ကြီး ပေးလိုက်ကြပါသည်။ ထို့နောက်လူတိုင်းကလည်း ဇာတိမွေးရပ်မြေသို့လူစိမ်းကလေးတစ်ဦးအား သူ၏ တက်လမ်းရှာဖွေရာ၌တတ်နိုင်သောအကူအညီမှန်သမျှ ပေးပါရန် ဒမတ်စကတ်သို့စာရေးထားမည်ဟုကတိပြုလိုက်ကြပြန်သည်။
အမှန်စင်စစ်မော့ဆက်ဌာချုပ်ကြီးက အာဂျင်တီနားမှ ကိုဟင်ထွက်ခွာရန်အမိန့်ပေးလိုက်ခြင်းဖြစ်ပါသည်။ မော့ဆက်သူလျှို အေဘရာဟင်သည် ဗွေးနိုးဇာရီမြို့၌ကိုဟင်၏ အောင်မြင်မှုများအကြောင်း မပြတ်သတင်းပို့နေလေရာ ကိုဟင်ရောက်ပြီး (၃)လအကြာဖြစ်သည်။ မေလတွင် မော့ဆက်အကြီးအကဲများက ကိုဟင်သည်သူတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဆုံးဖြတ်လိုက်လေသည်။
ကိုဟင်သည်ဌာနချုပ်မှပေးလိုက်သည့်သိပ်အကျယ်ချဲ့မထားသော လုပ်ဆောင်ရန်ညွှန်ကြားချက်များလက်ခံရရှိပြီးသည်နှင့် တဲလာဗီသို့ပြန်လာရန်အမိန့်လည်း လက်ခံရရှိလေသည်။
သူ့အတွက်လိုအပ်သောဗီဇာများကို အာရပ်ပြည်ထောင်စုသမ္မတနိုင်ငံ (UAR)နှင့်လက်ဘနွန်ကောင်စစ်ဝန်ရုံးများမှ ရယူထားပြီး ဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်သြဂုတ်လ(၁)ရက်နေ့ သူအာဂျင်တီးနားမှမထွက်ခွာမီညတွင် သူ့မိတ်ဆွေများက သူ့အား ကြိုတင်မပြောဘဲနှုတ်ဆက်ပွဲကလေးတစ်ခု တည်ခင်းခြင်းဖြင့်အံ့သြသွားစေခဲ့ပါသည်။
နောက်တစ်နေ့တွင်မြူးနစ်သို့သွားရန် လေဆိပ်သို့ ကိုဟင်ဆင်းလာသောအခါ မိတ်ဆွေသူငယ်ချင်းများအမြောက်အမြား လိုက်လံပို့ကြသည်။ သူသည် မြူးနစ်မှတဆင့် ဘေရွတ်မြို့သို့ခရီးဆက်မည်ဖြစ်ပါသည်။
အလီကိုဟင်သည် မြူးနစ်သို့ရောက်သောအခါ လေယာဉ်ပေါ်မှဆင်း၍ နောက်လေယာဉ်တစ်စီးကိုစီးပြီးဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့သို့သွားခဲ့သည်။ မော့ဆက်သူလျှို ဆာလင်ဂျာသည် ထိုမြို့၌ သူ့အား စောင့်ကြိုနေလေသည်။
မြို့လယ်ရှိလွတ်လပ်သော ဟိုတယ်အခန်းတစ်ခုထဲသို့ရောက်သောအခါ ကမီးအာမင်တားဘက်စ်သည် အလီကိုဟင်တဖန်ပြန်ဖြစ်လာရပြန်သည်။ သူသည်စာရွက်စာတမ်းများကိုပြန်လည်ပေးအပ်လိုက်ပြီး သူ၏ သက်သေခံအထောက်အထားအစစ်များကိုပြန်ယူသည်။သူသည်ဆွစ်ဇာလန်နှင့် အာဂျင်တီးနား အဝတ်အစားမှန်သမျှ တစ်ခုမကျန်ချွတ်လဲပြီး သူ၏အစ္စရေးအဝတ်အစားများကိုပြန်ဝတ်လိုက်သည်။ ဆာလင်ဂျာသည်ပစ္စည်းပစ္စယ မှန်သမျှကိုအဝတ်သေတ္တာတစ်ခုထဲသို့ ဂရုတစိုက်ထည့်သွင်း သိမ်းဆည်းလိုက်သည်။
ကိုဟင်က သူဗွေးနိုးဇာရီတွင်နေထိုင်စဉ်ကာလအကြောင်း ဆာလင်ဂျာအား ပြည့်ပြည့်စုံစုံတင်ပြပြီးနောက် သူတို့နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြကာ ထိုဟိုတယ်အခန်းမှ (၅)မိနစ်စီခြား၍ထွက်ခွာခဲ့ကြသည်။ အလီကိုဟင်သည် သူ၏ ဇနီးနှင့်ကလေးများအတွက် လက်ဆောင်ပစ္စည်းများဝယ်ယူရုံလောက်သာ အချိန်လေးရလိုက်ပြီး ချက်ချင်း လေဆိပ်သို့ပြန်ရောက်လာကာ တဲလာဗီသို့ပျံသန်းမည့်လေယာဉ်ကို လိုက်ပါစီးနင်းခဲ့ရလေသည်။
Done🍯
ReplyDelete