Eli Cohen အလီကိုဟင် (သို့မဟုတ်) သူလျှိုထိပ်သီး (အပိုင်း 5)
၁၉၆၂ ခုနှစ်ဇူလိုင်လ...
ကိုဟင်ဒမတ်စကတ်သို့ရောက်ပြီး (၆)လအကြာတွင်ဖြစ်ပါသည်။ အလီကိုဟင်အား ခွင့်ရက်ခံစားရန်ဟူ၍ တဲလာဗီသို့ပြန်ခေါ်ကြလေသည်။ ရန်သူနိုင်ငံတစ်ခုတွင်အယောင်ဆောင်၍ တပင်တပန်းလုပ်ကိုင်ဆောင်ရွက်နေရသော ကိုဟင်အား မော့ဆက်အဖွဲ့အကြီးအကဲများက အနားယူစေလိုပါသည်။ ထို့ပြင် သူတို့ထံသို့သူပေးပို့နေသောသတင်းများအကြောင်း ပိုမိုသိရှိလိုသဖြင့် သူ့အား မေးမြန်းလိုကြပါသည်။
ကိုဟင်ပြန်ရောက်ပြီးနောက်ရက်အတော်ကြာ သူ၏ မိသားစုနှင့်အေးအေးလူလူနေထိုင်စေသည်။ ကိုဟင်သည် ချစ်ဇနီး နာဒီယာနှင့် သမီးလေး ဆိုဖီတို့ကိုတွေ့ရမည့်ရက်ကိုလက်ချိုးရေ၍ မျှော်လင့်နေသူဖြစ်သည်။ အခိုင်းရက်စက်သော သူ၏အကြီးအကဲများကလည်း တကယ်တမ်းကျသောအခါ သူ့အား ဤအခွင့်အရေးမပေးတော့ဟု စိုးစဉ်းမျှပင်စိတ်မကူးခဲ့ပါချေ။
အနားယူသောရက်များ ကုန်ဆုံးသွားသောအခါ ကိုဟင်သည် သူလျှိုတစ်ဦး ပြန်ဖြစ်ရပြန်သည်။ သူ၏အကြီးအကဲများက အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး သူ ဒမတ်စကတ်မှကုန်စည်လုပ်ငန်းကို အကာအကွယ်ပြု၍ ပေးပို့ခဲ့သော မိုက်ခရိုဖလင်နှင့်ကိုယ်ဖျောက်မင်စာများတွင်ပါရှိသည့်စီမံချက်များနှင့် ဆန်းစစ်ဝေဖန်ချက်များကို အသေးစိပ်မေးမြန်းလေတော့သည်။
ကိုဟင်သည် ထောက်လှမ်းရေးသတင်းကို အာသာငန်းငန်းလိုချင်နေကြသော သူတို့၏ဆန္ဒကိုကျေနပ်အောင်ဖြည့်ဆည်းပေးနိုင်ခဲ့သည်သာ ဖြစ်ပါသည်။ ကိုဟင်သည် အံ့သြဖွယ်ကောင်းသောမှတ်ဉာဏ်ကောင်းရှိသဖြင့် သူနှင့်ပြောဆိုခဲ့သော စကားဝိုင်းများမှ အချက်အလက်အားလုံးလိုလိုကိုလည်းကောင်း၊ သူစက္ကန့်ပိုင်းလောက်သာ ကြည့်ခွင့်ရခဲ့သော စီမံကိန်းများ၏ အသေးစိတ်အချက်အလက်များကိုလည်းကောင်း ပြန်လည်တင်ပြ ပြောဆိုနိုင်ခဲ့ပေသည်။
ကိုဟင်သည် သူ့အား မေးမြန်းနေသူများအား သူ၏လုပ်ငန်းသည်လွယ်ကူလှသည်ဟုအထင်ရောက်စေသည်။ သို့သော်သူတို့က တစ်မျိုးနားလည်ထားပါသည်။ ဆီးရီးယားနိုင်ငံသည်
အာရပ်နိုင်ငံများထဲတွင် အစ္စရေးကိုအလွန်အမင်း ဆန့်ကျင်ခဲ့သော နိုင်ငံဖြစ်သည်။ ဆီးရီးယားတို့သည် မည်သည့်နိုင်ငံခြားသာကိုမဆို မယုံကြည်ကြပါ။ ရုရှားအကြံပေးအရာရှိများကိုပင် ဆီးရီးယားလူထုနှင့်မရောနှောစေဘဲ မသိမသာ ခွဲခြားထားကြပါသည်။ ဆီးရီးယား အစိုးရသည် လူထုအား အတွင်းကရန်သူကို မျက်ခြည်မပြတ်စေနှင့်ဟုအမြဲတမ်း သတိပေးထားလေ့ရှိသည်။
ကိုဟင် ဒမတ်စကတ်သို့ပြန်လည်မထွက်ခွာမီ သူ၏ အကြီးအကဲများက သူ့အား မလိုအပ်ဘဲစွန့်စားမှုများ မလုပ်ရန်သတိပေးလိုက်ကြသည်။ ကိုဟင်အဖို့ မည်သည့်သတင်းပို့ရန်တောင်ခံချက်မျိုးကိုမဆို မိမိ၏အန္တရာယ်ဖြစ်ပေါ်စေမည်ဟုယူဆပါက မပေးဘဲနေနိုင်သည့်အခွင့်အရေးရှိပါသည်။
မော့ဆက်ခေါင်းဆောင်များ၏ သတိပေးချက်ကို ကိုဟင်က သူ၏ ခါတိုင်းကဲ့သို့ မိမိကိုယ်မိမိယုံကြည်မှုရှိသော အလေ့အတိုင်း တုံ့ပြန်ပြောကြားခဲ့လေသည်။
"ကျွန်တော်ဘယ်သူဆိုတာ ဘယ်သူမှသိမှာမဟုတ်ပါဘူးဗျာ.."
မော့ဆက်အကြီးအကဲတို့က သူတို့၏ သူလျှိုထိပ်သီး၏ ဆန္ဒလွန်မှုကြောင့် သူတစ်နေ့နေ့ဒုက္ခတွေ့နိုင်သည်ဟု စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်လာကြသည်။ ဆီးရီးယားသို့ ကိုဟင်ပြန်ရောက်လာပြီးမကြာမီမှာပင် သူတို့၏ စိုးရိမ်စိတ်ကို ကိုဟင်က ထပ်ဆင့်ခိုင်မာစေခဲ့လေသည်။
တစ်နေ့တွင် သူ၏မိတ်ဆွေ ရှိက်မာဂ်အယ်လတ်ဒ်သည် သူ့အား သြဇာတိက္ကမရှိသောနာဇီခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဖရန့်ဇ်ရတ်ဒ်မာချားထံသို့ခေါ်သွားလေသည်။ ရတ်ဒ်မာချားသည် အိုက်ခမန်း၏ အရေးပါသောလက်ထောက်တစ်ဦးပင်ဖြစ်သည်။ အထူးသဖြင့်ဘယ်ဂျီယန်နှင့်ယူဂိုလားဗီယား ဂျူးပေါင်း ထောင်ပေါင်းများစွာကိုသုတ်သင်ရှင်းလင်းသည့်လုပ်ငန်းကို ရတ်ဒ်မာချား ကြီးကြပ်ဆောင်ရွက်ရကြောင်း အိုက်ခမန်း ကိုယ်တိုင်က တရားခွင်တွင်သက်သေခံသွားခဲ့လေသည်။
ရှိတ်မာဂ်အယ်လတ်ဒ်သည် အမှန်စင်စစ် ကိုဟင်အား မိမိတွင် နာဇီခေါင်းဆောင်ဟောင်းများနှင့်အလွန်အရေးပါသော ဆက်သွယ်မှုရှိကြောင်းသာ ပြသလိုက်ခြင်း ဖြစ်သည်။ ကိုဟင်သည် ရတ်ဒ်မာချားနှင့်တွေ့ဆုံရခြင်းကို အလွန်ဂုဏ်ယူလိမ့်မည်ဟုလည်း သူတွေးထင်မိလေသည်။ သူသည်အလီကိုဟင်၏ပါးစပ်မှ ဟစ်တလာကိုအလွန်ကြည်ညိုလေးစားကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်ကိုကြားခဲ့ရပါသည်။
ဤသို့ဖြင့်အလီကိုဟင်သည် တစ်နေ့တွင် ဂျူးထောင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့သော လူသတ်သမား ရတ်ဒ်မာချားနှင့်လက်ဆွဲနှုတ်ဆက်မိရက်သား ဖြစ်လေတော့သည်။ သူသည် အိုက်ခမန်းကိုပြန်ပေးဆွဲလာကြသည့် မော့ဆက်သူလျှိုများကိုဘယ်တော့မှမမေ့ခဲ့ပါ။ သူဗွေးနိုးဇာရီတွင်နေခဲ့စဉ်က အိုက်ခမန်း နေသွားသည့်အိမ်ကလေးရှိသော ဂယ်ရီဘော်ဒီလမ်းကိုပင် ကားနှင့်ဖြတ်မောင်းကာကြည့်ခဲ့ဖူးပါသည်။
ယခုမူ သူသည် အိုက်ခမန်း၏ အရေးပါဆုံးသော လက်ထောက်တစ်ဦးအပေါ် လှလှကြီးလက်စားချေရန် အခွင့်အရေးရရှိနေပြီဖြစ်လေသည်။ ကိုဟင်သည် ရတ်မားချားကိုသတ်ပစ်ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုည၌ သူသည် တဲလာဗီသို့သတင်းပို့လိုက်လေသည်။
"နာဇီလက်ဟောင်း ဖရန့်ဇ်ရတ်ဒ်မာချားကိုတွေ့ရှိသည်။ ဒမတ်စကတ် ဒိုးဇီးယမ်ဗြူရိုထောက်လှမ်းရေးတွင်အလုပ်လုပ်နေသည်။ ရှာဟန်ဘန်ဒါ လမ်းတွင်နေထိုင်သည်။
သုတ်သင်ပစ်လိုပါသည်။"
ရတ်ဒ်မားချားကိုတွေ့ရှိပြီဆိုသည့်သတင်းသည် မော့ဆက်အဖွဲ့ကြီးကို တုန်လှုပ်သွားစေပါသည်။ရတ်ဒ်မာချားသည် ဒုတိယကမ္ဘာစ်ကြီး ပြီးခါနီးတွင်မဟာမိတ်နိုင်ငံများနှင့် သူတို့၏သူလျှိုများကြိုးစားရှာဖွေသည့်ကြားမှ လွတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုမူသူရောက်နေသည့်နေရာကို သူတို့အတိအကျ သိရပါပြီ။
သို့ရာတွင် အလီကိုဟင်တင်ပြလာသော ရတ်ဒ်မားချားအား သတ်ပစ်ရန်စီမံကိန်းကြောင့် မော့ဆက်အကြီးအကဲများ အထိတ်တလန့်ဖြစ်သွားရလေသည်။ ကိုဟင်သည် အလွန်အရေးကြီးလှသည့်စစ်ရေးနှင့်နိုင်ငံရေး ထောက်လှမ်းချက်များ ပေးပို့နေသူဖြစ်လေရာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော နာဇီများကိုသတ်ဖြတ်ခြင်းတည်းဟူသော မလိုလားအပ်သည့်စွန့်စားမှုများ မလုပ်စေချင်ပါ။
ကိုဟင်ကလည်း လွယ်လွယ်နှင့်ဤအကြံကိုမစွန့်လွှတ်သေးချေ။ ရတ်ဒ်မားချားထံသို့ စာအိတ်ဗုံးတစ်လုံးပို့လိုက်ရုံနှင့်ကိစ္စပြီးနိုင်ကြောင်း တဲလာဗီသို့ သူပြန်လည်အကြံပြုပြန်သည်။ တဲလာဗီကလည်း သူ့အား ရတ်ဒ်မားချားအား လွှတ်ထားလိုက်ရန်နှင့် ထောက်လှမ်းရေးသတင်းများကိုသာ ဂရုစိုက်စုဆောင်းပေးရန် ပြန်လည်ညွှန်ကြားလိုက်သည်။
သို့သော်အစ္စရေး သံအမတ်များမှတဆင့် ဤသတင်းသည် ဂျာမန်အစိုးရထံသို့ရောက်သွားလေရာဂျာမန်အစိုးရက တောင်းဆိုသဖြင့် ဆီးရီးယားနိုင်ငံသည် ရတ်ဒ်မားချားကိုပြန်ပို့ပေးရပြီး တရားခွင်သို့တက်ရောက်စေရတော့သည်။
တစ်ခါတရံ၌ အလီကိုဟင်၏ ဆန္ဒလွန်မှုသည် အလုပ်နှင့်မဆိုင်သောကိစ္စရပ်များ ပါလာတတ်သည်။သူသည်မူလကပင်ဘောလုံးဝါသနာအိုး တစ်ယောက်ဖြစ်သဖြင့်သူ၏ အခန်းထဲရှိအသံဖမ်းစက်ဖြင့်အစ္စရေးရေဒီယို၏ အာရပ်အစီအစဉ်ကိုဖွင့်နားထောင်တတ်သည်။ တစ်နေ့ ဧည့်သည်နိုင်ငံအသင်းတစ်ခုက အိမ်ရှင်အစ္စရေးအသင်းကိုအနိုင်ကန်လိုက်သောအခါ သူသည် အသံလွှင့်စက်ကိုအလုပ်ကိစ္စအတွက်သာ သုံးရမည်ဟူသော စည်ကမ်းကိုချိုးဖောက်ရန်ဆုံးဖြတ်လေသည်။တဲလာဗီတွင်ရှိသော သူ၏ ရေဒီယိုသတင်းဖမ်းယူသူသည်သူ့ထံမှ အောက်ပါသတင်းကိုလက်ခံရရှိသဖြင့်အထိတ်တလန့်ဖြစ်သွားရလေသည်။
"ကျွန်တော်တို့တတွေဘောလုံးကွင်းထဲမှာဘယ်လိုအနိုင်ကန်ရမယ်ဆိုတာလေ့လာဖို့ကောင်းပြီဗျာ..ရှုံးသွားတဲ့ဘောလုံးအသင်းကိုပြောပြပါဗျာ ကျုပ်တို့ကတော့သိပ်ရှက်တာပဲလို့..."
တစ်ခါတရံ ကိုဟင်သည် "ကျေးဇူးပြုပြီး ကျုပ်တို့လက်ထပ်တဲ့နှစ်ပတ်လည်အတွက်ဆုမွန်ကောင်း တောင်းပါတယ်လို့ကျုပ်မိန်းမကိုပြောပြပါဗျာ"ဟူသော သတင်းအတိုကလေးမျိုး...
"ကျုပ်သမီးလေး မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ" ဟူသော ဆုတောင်းခြင်းမျိုး ဖြတ်၍ပို့တတ်လေသည်။
ကိုဟင်ဤသို့ပေးပိုခြင်းကို မော့ဆက်အဖွဲ့ကြီးက သိပ်စိတ်မဆိုးနိုင်ပါ။ ကိုဟင်ပေးပို့လိုက်သောသတင်းများ၏ တန်ဖိုးမှာ ကြီးမားလှသဖြင့် ကိုဟင်သည်ချမှတ်ထားသော စည်းကမ်းများကိုအနည်းငယ်ဖောက်ဖျက်ခြင်း ပြုနိုင်ပါသည်ဟုသူတို့ခွင့်ပြုထားကြပါသည်။
အလီကိုဟင်တစ်ယောက် ဒမတ်စကတ်တွင် မာ့ဂ်အယ်လတ်ဒ်နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စပြဿနာ ကြုံတွေ့ရလေသည်။ အယ်လတ်ဒ်က သူ၏ သူငယ်ချင်း ကိုဟင်က အိမ်ထောင်ပြုရန်ငြင်းဆန်နေခြင်းကို စိတ်အတော်ဆိုးနေသည်။ လူချမ်းသာဖြစ်သော အယ်လတ်ဒ်သည် ကိုဟင်အား လှပျိုယမင်းနုနုထွတ်ထွတ် တစ်ဒါဇင်ကျော်မျှနှင့်မိတ်ဆက်ပေးထားသည်။ ထိုနောက်မြေပိုင်ရှင်ကြီးတစ်ဦးဖြစ်သူ အဘူမာမြတ်ဆိုသူ၏သမီး ဆယ်လီယာနှင့်လက်ထပ်ရန် အကြီးအကျယ်လှော်ပေးနေလေသည်။
ဆယ်လီယာကလည်း ကိုဟင်ကိုချစ်ခင်စုံမက်မိလေသည်။ ကိုဟင်သည် အယဉ်ကျေးဆုံးစကားလုံးလေးများ သုံးလျက် ဆယ်လီယာအား တတ်နိုင်သမျှ ရှောင်ရှားခဲ့လေသည်။ သို့သော်သူ့အပေါ်အတင်းအကျပ်တိုက်တွန်းမှုများ ပေါ်ပေါက်လာသောအခါ သူသည်မော့ဆက်အကြီးအကဲတို့ထံအကြံဉာဏ်တောင်းခံရလေတော့သည်။ သူတို့က တတ်နိုင်သလောက်အချိန်ဆွဲပြီးထားပါဟုသာအကြံပေးနိုင်ခဲ့သည်။ နောက်ဆုံး၌ ဆယ်လီယာနှင့်သူမ၏မိသားစုသည် ကိုဟင်ကို မုန်းတီးသွားကြလေသည်။
ကိုဟင်၏ အခြားသောမိတ်ဆွေများမှာမူ သူ၏အိမ်ထောင်ရေးကိစ္စကိုအနည်းငယ်သာစိတ်ဝင်စားကြပါသည်။ အမှန်စင်စစ် သူလူပျိုကြီး ဖြစ်နေသည်ကိုပင် သူတို့က ပိုနှစ်သက်ပါသည်။
ကိုဟင်အိမ်ထောင်ကျလျှင် သူ၏ဇနီးက သူ၏အခန်းသို့ သူတို့အား ရက်ရက်ရောရောဖိတ်ခေါ်ကျွေးမွေနေခြင်းကို ရပ်တန်းက ရပ်စေတော့မည်ဖြစ်ပါသည်။
သြဇာအာဏာရှိကြသော ကိုဟင်၏သူငယ်ချင်းများသည်သူ၏ အိမ်ခန်းကိုအတွင်းအပြင် ဝင်ထွက်သွားလာနိုင်ကြသူများ ဖြစ်သည်။ ကိုဟင်၏ အခန်းတွင် မကြာခဏ ပါတီများပေးနေလေ့ရှိပြီးယင်းပါတီများတွင် အဖိုးတန်အစားအစာများ၊ အရက်များနှင့်ဆေးခြောက်များ တိုက်ကျွေးပြုစုလေ့ရှိပါသည်။
ကိုဟင်သည်ထိုအရာများကိုသောက်စားမူးယစ်ဟန်ဆောင်၍ အရေးပါ အရာရောက်သော သူ၏မိတ်ဆွေများ ပြောသမျှစကားတို့ကို အာရုံစိုက်၍ လိုက်နားထောင်ထားလေသည်။
သူ၏ ဧည့်သည်များထဲတွင် ဆီးရီးယားတပ်မတော်ထဲ၌ အရှိန်အဝါတက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ဆာလားဒယ်လီကဲ့သို့သော နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်လာပါက ကိုဟင်သည် ထိုပုဂ္ဂိုလ်ပြောသမျှကိုနားစွင့်နေနိုင်ရန် မလှမ်းမကမ်းတွင်နေထိုင်တတ်ပါသည်။
သူသည် သူ၏မိတ်ဆွေများကို ဧည့်ဝတ်ကျေစွာ ဧည့်ခံရုံသာမက သူတို့၏ မိန်းမလိုက်စားခြင်းကိုလည် သည်းခံပြီးလိုက်လျောခဲ့သဖြင့်သူ့အား ပို၍ ချစ်ခင်ကြလေသည်။ ဆီးရီးယားနိုင်ငံတွင်အထူးသဖြင့် တင်းကျပ်သောဘာသာရေးစည်းကမ်းများကိုလိုက်နာကြသည်။ အိမ်ထောင်ရှိသော ယောက်ျားသည် အခြားမိန်းမတစ်ဦးနှင့်ဖောက်ပြားပါက သူသည် ကြီးလေးသော လူမှုရေးပြစ်မှုတစ်ခုကျူးလွန်ခြင်းဖြစ်ပြီး အလုပ်ပြုတ်ရုံသာမက လူ့အသိုင်းအဝိုင်းမှဝိုင်းပယ်ခြင်း ခံရလေသည်။
ကိုဟင်သည် သူ့မိတ်ဆွေများ၏ အမြှောင်မယားများကို ဧည့်ခံပွဲများတွင် လျှို့ဝှက်စွာအသိအမှတ်ပြု၍ဧည့်ခံကြိုဆိုခဲ့သည်။ သို့သော်သူတို့အထဲက စုံတွဲလွတ်လွတ်လပ်လပ်တွေဆုံလိုသည်ဆိုလျှင် သူသည် သူ၏ အိပ်ခန်းတံခါးသော့ကို အောက်ထပ်စာတိုက်ပုံးထဲတွင် အမှတ်တမဲ့ထည့်ပေးထားလေသည်။
သူသည်သူ၏ သူငယ်ချင်းများအား သူတို့ဝါသနာပါသည့် မိန်းမလိုက်စားခြင်းများ ပြုလုပ်ရန် သူ၏အခန်းကို ကြိုက်သလိုအသုံးပြုပါဟုကျေကျေနပ်နပ်ခွင့်ပြုထားသည်။ သူတို့ကလည်း
သဘောကောင်းသော အိမ်ရှင်ကြီးအတွက် မကြာခဏဆိုသလို စမူအနိပ်ကလေးတစ်ယောက်ခေါ်လာတတ်ပါသည်။ သို့သော်ကိုဟင်သည် မည်သည့်မိန်းမနှင့်မျှ ရှုပ်ရှုပ်ထွေးထွေး မလုပ်ခဲ့ပေ။သူသည်မမြင်နိုင်သည့်နေရာတွင်နေပြီး သူ၏မိတ်ဆွေများ အပျော်ကျူးနေစဉ်ရရှိနိုင်သည့်သတင်းအတိုအထွာကလေးများကိုသာ နားစွင့်နေတတ်ပေသည်။
တစ်ခါက ကိုဟင်ဥရောပသို့အလုပ်ကိစ္စနှင့်သွားရန်ပြင်ဆင်နေစဉ် ဗိုလ်မှူးကြီး ဆားလားဒယ်လီကသူ၏ အခန်းသော့တွေထားခဲ့ပါဟုတောင်းလာလေသည်။ ကိုဟင်က ချက်ချင်း သဘောတူလိုက်လျောလိုက်ပါသည်။
Done🌸
ReplyDeleteDone ✅ good 👍
ReplyDeleteDone
ReplyDelete