Eli Cohen အလီကိုဟင် (သို့မဟုတ်) သူလျှိုထိပ်သီး (အပိုင်း ၄)
လော့ဒ်လေဆိပ်သို့ရောက်သောအခါ လိုအပ်သည်အခါတိုင်း သတိပေးမြဲဖြစ်သည့် မော့ဆက်အဖွဲ့၏စည်းမျဉ်းအတိုင်း သူလျှိုဟူသည်မှာ ခမ်းခမ်းနားနား စတိုင်ကျကျ နေထိုင်ရမည်ဟူ၍ အဖွဲ့ဝင်များထင်မှတ်မှားလျှင် မော့ဆက်က လုံးဝလက်မခံပယ်ဖျက်ကြောင်း ကိုဟင်အား သတိရစေပါသည်။
သူ့အား ဥရောပသို့အသွား လေဆိပ်သို့ကားဖြင့်လိုက်ပို့သော ဂီဒီယွန်ဆိုသူရေဒီယိုအသံဖမ်းသူလူရွယ်တစ်ဦးသာ သူ့ကိုလာကြိုနေသည်။ ဂီဒီယွန်သည် ကိုဟင်အား သူ၏ ပိန်လိန်နေပြီးနံပါတ်မပါသည့် နောက်ဖွင့်ကုန်တင်ကားကလေးနှင့် ဘတ်ယမ်ရှိအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်မောင်းပို့ခဲ့ပါသည်။ ဌာနချုပ်တွင်ပြန်လှန်စစ်ဆေးမေးမြန်းချက်များမပြုလုပ်မီ ရက်အနည်းငယ်ကြာမျှ အားလပ်ရက်ရကြောင်း သူက ကိုဟင်ကို မှာကြားသွားလေသည်။
ဥရောပနိုင်ငံအသီးသီးမှဆာလင်ဂျာ ပို့ပေးခဲ့သော ပို့စ်ကတ်များသူ့အိမ်သို့ကောင်းမွန်စွာ ရောက်ရှိကြကြောင်း ကိုဟင်တွေ့ရှိလေသည်။ သူဥရောပသို့ရောက်စဇူးရစ်မြို့တွင် ဤပို့စ်ကတ်များပေါ်၌ ကြိုတင်ရေးသားပြီး ဆာလင်ဂျာအား ပေးထားခဲ့ခြင်း ဖြစ်ပါသည်။
မော့ဆက်ဌာချုပ်သို့ ကိုဟင်တင်သွင်းသော အစီရင်ခံစာများကိုကြည့်၍ သူ၏ ဆရာ ဒါးဗစ်ခ်ျသတ်မှတ်ပေးခဲ့သည့် သူလျှိုကြယ်တစ်ပွင့်ဟူသော အရည်အချင်း သတ်မှတ်ချက်သည် ကိုဟင်နှင့်လုံးဝထိုက်တန်ကြောင်း မော့ဆက်အကြီးအကဲများ သိရှိကြပါသည်။ သို့သော် သူ၏ ဒမတ်စကတ်ခရီးအတွက်ပြင်ဆင်ရန်ရထားသော ညွှန်ကြားချက်များအကြောင်း ကိုဟင်က ပြောလာသောအခါ သူတို့ အလွန်အံ့သြသွားကြပါသည်။ ကိုဟင်သည် တကယ်ပင်ကျွမ်းကျင်လှသူဖြစ်ပြီး စိတ်ထဲရှိသည့်အတိုင်းမကွယ်မထောက်ထုတ်ပြောတတ်သူဖြစ်သည်။
ကိုဟင်သည် အာဂျင်တီးနားတွင်ထမ်းရွက်ရသည့်တာဝန်ဝတ္တရားများကိုထက်ထက်မြက်မြက်ဆောင်ရွက်ခဲ့သည်မှန်သော်လည်း ထိုသို့ဆောင်ရွက်မှုသည် သူ့အတွက် မိမိကိုယ်မိမိယုံကြည်စိတ်ချရသော စိတ်ဓာတ်ရှင်သန်ပေါ်ပေါက်လာစေသည့်သဘော ဖြစ်သည်။ ယခုမူသူသည်ဆီးရီးယားသို့သွားရန်ခြေလှမ်းပြင်နေပြီဖြစ်သည်။
သို့သော် ကိုဟင်အနည်းငယ်စောင့်ဆိုင်းရပါဦးမည်။ သူသည်အထူးလေ့ကျင့်ပေးမည့်သင်တန်းကိုတက်ရန်လိုပါသည်။ ကိုဟင်သည် သူဒမတ်စကတ်မှပို့သော သတင်းများကိုလက်ခံယူကြမည့်ရေဒီယိုအသံဖမ်းသူများနှင့်ရက်သတ္တပတ်အတန်ကြာ အတူတကွလေ့ကျင့်ခဲ့သည်။
ကိုဟင်က စကားဝှက်များနှင့်သတင်းပေးပို့သောအခါ၌ သူ၏ လက်ကျလက်န ကိုယ်ပိုင်ဟန်နှင့်စကားလုံးအသုံးအနှုံး စသည်တို့ကို အသံဖမ်းသူများ ချက်ချင်းသိရှိရန်လိုအပ်ပါသည်။ ဤသို့တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွန်းတီး နားလည်နေမှသာ သူတို့၏လုပ်ငန်းသည် စင်းလုံးချော ဖြစ်လာပေမည်။
စကားဝှက်နှင့်ပေးပို့သော သတင်းကိုလက်ခံလိုက်သည်နှင့် ဤသတင်းကို သူတို့၏သူလျှိုကိုယ်တိုင်ပေးပို့နေသလား၊ တစ်စုံတစ်ယောက်က ဟန်ဆောင်တင်ပို့နေသလားဟူသောအချက်ကို
အစ္စရေးမှလူများ ချက်ချင်း သိရှိရပါသည်။
ကိုဟင်သတင်းပို့ရာ၌ အနည်းငယ်သော ပြောင်းလဲမှုများကိုကြည့်၍ သူတို့ဖမ်းမိသွားပြီး သို့မဟုတ်သူ့အား တစ်စုံတစ်ယောက်က အတင်းအကျပ်စေခိုင်း၍ သတင်းပို့ခိုင်းနေပြီစသည်တို့ကို ချက်ချင်းသိရှိရပါမည်။
ကိုဟင်၏ သတင်းပေးပို့သည့်နှုန်းကို ခါတိုင်းထက် မသိမသာ တိုးမြှင့်၍ မြန်မြန်ပေးပို့ပြီဆိုပါက သူ့အားမိသွားပြီဟူသော အဓိပ္ပါယ်ပေါက်သည့်သင်္ကေတဖြစ်ကြောင်း သူတို့အားလုံး သဘောတူမှတ်သားထားကြလေသည်။ အလီကိုဟင်သည်မော့ဆက်အဖွဲ့ကြီး၏ နောက်ဆုံးအသုံးပြုနေသောစကားဝှက်များကို အလွတ်ကျက်မှတ်ထားရပါသည်။
ထို့ပြင်ကိုဟင်သည် ထိုအချိန်က ဆီးရီးယားတွင်လူအများ သယ်ဆောင်အသုံးများနေသော ရှမိုက်ဆာအမျိုးအစား ခြောက်လုံးပြူးနှင့်စက်သေနတ်များ ကိုင်တွယ်အသုံးပြုပုံကိုအပြင်းအထန်လေ့ကျင့်သင်ယူရလေသည်။သူလျှိုမှန်လျှင် ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရမည်ဖြစ်သော မိုက်ခရိုဖလင်နှင့် အခြားကိရိယာတန်ဆာပလာများအား သိုဝှက်ထားနည်းများကို သူလေ့ကျင့်သင်ကြားရပြန်သည်။ ထိ့ုနောက်ကိုဟင်အား အသေးစားကင်မရာများ အသုံးပြုပုံကိုသင်ကြားပေးပြီး ဖူးစကတ်လျှောက်လွှာ စာရွက်တစ်ရွက် စာရွက်စာတမ်း တစ်စောင်ကိုဓာတ်ပုံရိုက်ပြီး တွယ်အပ်ခေါင်းခန့်ရှိသော နက်ဂတစ်ဖလင်အရွယ်အစားအဖြစ်သို့ ကူးယူပုံများကိုပါ လေ့ကျင့်ပေးထားသည်။
မော့ဆက်အကြီးအကဲများက ကိုဟင်ကို ဒမတ်စကတ်သို့မပို့လိုသေးသော အကြောင်းတစ်ချက်ရှိပါသည်။ ဒမတ်စကတ်တွင်အီဂျစ်အကြံပေးအရာရှိအမြောက်အမြား ရှိနေခြင်းကြောင့် သူတို့စိုးရိမ်စိတ်ဖြစ်ပေါ်ရသည်။ သူတို့၏ တန်ဖိုးရှိသော သူလျှိုကို လွယ်လွယ်ကူကူမှတ်မိတွေ့ရှိသွားမည်ကိုစိုးရိမ်နေကြပါသည်။ ဤသို့တွေ့ရှိသွားလျှင် ဒုက္ခလှလှသား ရောက်ရတော့မည်။
ထို့ကြောင့် အလီကိုဟင်အား အစ္စရေးနိုင်ငံမှာပင်အလုပ်ရှုပ်နေစေပြီး စိတ်ချရသောအချိန်အခါကိုစောင့်ဆိုင်းနေခြင်းက ပိုမိုကောင်းမွန်ကြောင်း မော့ဆက်ခေါင်းဆောင်များက ဆုံးဖြတ်ကြသည်။
၁၉၆၁ ခုနှစ်စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဤသို့သော အာဏာသိမ်းပွဲတစ်ခုဖြစ်ပေါ်ခဲ့သည်။ထိုအာဏာသိမ်းပွဲမှထွက်လာသော အကျိုးတရား တစ်ခုမှာ ဆီးရီးယားအတော်များများက သူတို့၏အစိုးရပိုင်းတွင် အတော်ပင်ဝင်၍ သြဇာညောင်းနေသည်ဟုစွပ်စွဲခဲ့သည့် အီဂျစ်အကြံပေးအရာရှိများကိုနှင်ထုတ်ခြင်းပင်ဖြစ်သည်။
ယခုမူလမ်းရှင်းသွားပါပြီ။ မော့ဆက်အဖွဲ့ကြီးက အလီကိုဟင်အား ဒမတ်စကတ်သို့ပို့ရန်ဆုံးဖြတ်လိုက်သည်။
သူသည် လှုပ်ရှားရန်လမ်းခင်းပေးသည့်အနေနှင့်ကမီးအာမင်တားဘက်စ်နှင့် ဗွေးနိုးဇာရီတွင်သိကျွမ်းရင်းနှီးခဲ့သော မိတ်ဆွေအပေါင်းအသင်းများထံသို့ ဥရောပနိုင်ငံအသီးသီးမှပို့စ်ကတ်များပေးပို့ရန်မော့ဆက်အဖွဲ့ဝင်များက စီစဉ်လေတော့သည်။ ဗိုလ်မှူး ဟာဖက်ဇ်ထံသို့ပို့သောပို့စ်ကတ်တွင်မူ ဘတ်သ်ပါတီအဓွန့်ရှည်ပါစေဟူသော စာကြောင်းကလေး ထည့်ပေးလိုက်လေသည်။
ကိုဟင် ဒမတ်စကတ်သို့မထွက်ခွာမီ သူတာဝန်ထမ်းဆောင်ရမည့်လုပ်ငန်းကိုလက်ခံယူရာ၌ သူ၏အမူအရာသည်တည်ငြိမ်အေးဆေးလှသဖြင့်သူ၏ သင်တန်းဆရာများကပင်အလွန်အံ့သြသွားကြပါသည်။
“သူဟာ အားလပ်ရက်ခရီးထွက်တဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်များလားလို့တောင်ကျွန်တော်တို့တွေးတောမိကြတယ်။ သူ့ရဲ့အသက်ဟာ အမြဲတမ်း အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ရန်သူနိုင်ငံတစ်ခုကိုသူသွားရမှာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့က ထပ်တလဲလဲသတိပေးကြပေမယ့်သူ့မျက်နှာက နည်းနည်းလေးတောင်ကြောက်တဲ့လက္ခဏာ မပြဘူးဗျာ”ဟုဆရာတစ်ဦးက ပြောပြခဲ့ပါသည်။
ဒီဇင်ဘာလကုန်တွင် အလီကိုဟင်သည် မြူးနစ်သို့ရောက်လာလေသည်။ မြူးနစ်တွင်သူသည်ဆာလင်ဂျာနှင့်တဖန်ပြန်တွေ့ပြီး ဘဝပြောင်းသည့်လုပ်ငန်းကိုတိတိကျကျ ဆောင်ရွက်လေတော့သည်။ ဤတစ်ကြိမ်တွင်မူ ကိုဟင်သည် တန်ဖိုးကြီးသည့်ဆွစ်လုပ်အဝတ်အစားများအပြင် အခြားပစ္စည်း အမြောက်အမြားကိုပါ ယူငင်ရလေသည်။ သူသည် ကမ္ဘာပေါ်တွင်ခေတ်အမီဆုံးဖြစ်သော အင်အားကောင်းသည့်အသံလွှင့်စက်အသေးစားလေးတစ်လုံးကို လျှပ်စစ်ဖျော်ရည်စက်၏ အောက်ဖက်တွင်ဝှက်ထားသော အံဖုံးထဲတွင်ထည့်ယူလာခဲ့သည်။
ကိုဟင်၏ လျှပ်စစ်မုတ်ဆိတ်ရိတ်စက်မှကြိုးသည် အမှန်စင်စစ် အသံလွှင့်စက်၏ ကောင်းကင်ကြိုးပင်ဖြစ်သည်။
ကိုဟင်သည် ရန်သူအားတိုက်ကြွေးရန်နှင့်သေရေးရှင်ရေးဖြစ်လာပါက လိုအပ်လျှင်မိမိကိုယ်တိုင်သောက်ရန်ဖြစ်သော စယင်နိုက်အဆိပ်ပြားလေးများကို အက်စ်ပရင်ဆေးပြားများအဖြစ်ယူဆောင်လာသည်။ အင်အားကောင်းသည့်ဗုံးများ ပြုလုပ်ရန်ဓာတုပစ္စည်းများကိုသွားတိုက်ဆေးများအဖြစ်လည်းကောင်း၊ မုတ်ဆိတ်မရိတ်မီသုတ်လူးသည့်ဆေးရည်အဖြစ်လည်းကောင်း ယူဆောင်ခဲ့သည်။ ဂျပန်လုပ်ကင်မရာ အကောင်းစားနှင့်ကင်မရာအပိုပစ္စည်းများထဲတွင် မိုခရိုဖလင်နက်ဂတစ်ကူးသည့် ကိရိယာများလည်း ရောထည့်ယူလာပါသည်။ လက်နက်ကိရိယာတန်ဆာပလာ အစုံအလင်ပါပြီဖြစ်သော အလီကိုဟင်တစ်ယောက်သူ၏ တကိုယ်တော်သူလျှိုခရီးကိုစတင်ပေပြီ။ သူနှင့်ဆာလင်ဂျာတို့နှစ်ဦးသား တစ်ဦးကိုတစ်ဦး စကားတစ်ခွန်းနှစ်ခွန်းသာ ပြောကြပြီး လမ်းခွဲကြတော့သည်။
အလီကိုဟင်သည် မြူးနစ်မြို့မှ အီတလီနိုင်ငံ ဂျီနိုးဝါသို့သွားရောက်ခဲ့သည်။ ထိုမှတဆင့်ဇန်နဝါရီလ(၁)ရက်နေ့တွင် ကမီးအာမင်တားဘတ်စ်သည် အီတလီလူစီးသင်္ဘောကြီး အော်ဆိုနီးယား၏ပထမတန်းတွင်စီးနင်းလိုက်ပါလျက် ဘေရွတ်သို့ထွက်ခွာခဲ့လေတော့သည်။
အံ့ဖွယ်သရဲထူးဆန်းလှသော သူလျှိုခရီး၏ အစပင်ဖြစ်ပါသည်။
ကိုဟင်သည် ဂျီနိုးဝါမှထွက်လာသော သင်္ဘောပေါ်၌ပင် သူသည်အဆင့်အတန်းမြင့်ဆီးရီးယန်း အလွှာမှဆင်းသက်လာသူဖြစ်ကြောင်း လူအများအား ယုံကြည်လက်ခံလာအောင်ပြုလုပ်နိုင်ခဲ့ပါသည်။
သင်္ဘော စထွက်သည်နှင့် ကိုဟင်သည် သြဇာတိက္ကမရှိသည့်လူများ ဆီးရီးယန်းတစ်ဦးဖြစ်သူရှိက်မာ့အယ်လတ်ဒ်ဆိုသူနှင့် စကားလက်ဆုံကျလေတော့သည်။ အယ်လတ်ဒ်သည် တန်ဖိုးရှိသောအဆက်အသွယ်ကောင်း တစ်ဦးဖြစ်ပါသည်။ သူသည် ကိုဟင်အား သြဇာအာဏာရှိသောဆီးရီးယန်းများနှင့်မိတ်ဆက်ပေးခဲ့ပါသည်။
သင်္ဘောက ဒမတ်စကတ်သို့ဆိုက်သည်နှင့် အယ်လတ်ဒ်က ကိုဟင်အား သင်္ဘောဆိပ်မှကားဖြင့်ခေါ်သွားခြင်းဖြင့် အလိုလိုကူညီပြီးသားဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကိုဟင်သည်အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်နှင့်အတူတကွလာသူဖြစ်သဖြင့် အကောက်ဌာနက မရှာဖွေဘဲလွှတ်လိုက်လေသည်။
ကိုဟင်လုပ်ငန်းစတင်ရန် ပထမဦးဆုံးရရှိထားသည့်အမိန့်မှာ ဒမတ်စကတ်သို့ရောက်ရောက်ချင်းနေစရာ အိမ်ခန်းတစ်ခန်း ရှာဖွေရန်ဖြစ်သည်။ သူသည် လူချမ်းသာများနေသော အဘူရူမာနာ ရပ်ကွက်၌ခေတ်မီအဆောက်အအုံကြီး တစ်ခု၏ လေးထပ်တွင်ရှိသော အခန်းကျယ်ကြီးတစ်ခုတွင်ငှားရမ်းနေထိုင်လေသည်။
ကိုဟင်၏နေရာသည် ဇိမ်ကျသော နေရာဖြစ်သည်။ သို့သော်ကိုဟင်အဖို့ ဤသို့ဇိမ်ကျမှုသည်ပဓာနမဟုတ်ပါ။ သူနေသော အဆောက်အအုံသည် ဆီးရီးယား တပ်မတော်ဌာနချုပ်နှင့် မျက်နှာချင်းဆိုင်တည်ရှိနေသောအချက်သည် သူ့အတွက်အရေးကြီးသော အချက်ဖြစ်ပါသည်။
အလီကိုဟင်အတွက် ဒုတိယအမိန့်မှာ သူ၏ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီကို စတင်တည်ထောင်ရန်ဖြစ်သည်။ အမိန့်အတိုင်း သူကလည်း စတင်တည်ထောင်ပြီးနှင့် ချက်ချင်းပင်အောင်မြင်သောလုပ်ငန်းတစ်ရပ်ဖြစ်လာအောင် သူစွမ်းဆောင်ခဲ့လေသည်။
ကိုဟင်သည်သူ၏ လုပ်ငန်းကိုကျွမ်းကျင်လှစွာ ဆောင်ရွက်လုပ်ကိုင်သဖြင့် မော့ဆက်အဖွဲ့ကြီးအပါအဝင်သက်ဆိုင်သူများအတွက် အကျိုးအမြတ်အတော်ပင်ရရှိခဲ့လေသည်။
ဆီးရီးယား ရှေးဟောင်းအိမ်ထောင်ပရိဘောဂများ၊ ကြွေပစ်ပြီး ကျားရွှေ့ရသော ကစားခုံများ၊ အဖိုးတန်ရတနာများနှင့် အနုပညာပစ္စည်းများကို ဥရောပသို့အမြောက်အမြား မည်မျှပင်တင်ပို့သည်ဖြစ်စေဝယ်ယူသူများက လက်မလည်အောင်ဝယ်ယူကြသည်သာ ဖြစ်သည်။
သူ့ထံသို့ရောင်းချသူများကလည်း ကိုဟင်ကိုသဘောကျကြသည်။ အဘယ့်ကြောင့်ဆိုသော်သူသည် ငွေကိုအလျင်အမြန်ပေးချေလေ့ရှိသောကြောင့်ဖြစ်သည်။ သူတို့၏ချက်လက်မှတ်များကိုလည်း ကိုဟင်က ဆွစ်ဇာလန်ဘဏ်များတွင်လိုလိုလားလား ငွေစာရင်းဖွင့်ထားသဖြင့် သူ့အား ပို၍ သဘောကျကြသည်။
သူတို့သည် ဒမတ်စကတ်မြို့ကြီး၏ အရောင်းအဝယ်အချက်အခြာကျသည့်စျေးနေရာဖြစ်သောကာဖီကို အတူတကွထိုင်သောက်ခြင်းကိုလည်း အလွန်နှစ်သက်လေ့ရှိသည်။
အလီကိုဟင်နှင့်ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ပြောဆိုခြင်းများသည် သူ့အား စီးပွားရေးအခြေအနေသတင်းများ ပေးခြင်းဖြစ်ပြီး တဲလာဗီရှိယေ မော့ဆက်ဌာနချုပ်သို့ သူနေ့စဉ်သတင်းပြန်ပို့ရာ၌ပါဝင်သွားကြောင်း သူတို့မရိပ်မိကြပါ။ ထိုမှတပါး ကိုဟင်ထံသို့ သူတို့ရောင်းလိုက်သော စားပွဲနှင့်ကစားခုံများထဲတွင်လျှို့ဝှက်အံပုန်းများ ပြုလုပ်၍ မိုက်ခရိုဖလင်များ သူထည့်လွှတ်လိုက်သည်ကို သူတို့သံသယမဖြစ်ခဲ့ကြပါ။
ကမီးအာမင်တားဘက်စ်တစ်ယောက် ညမိုးချုပ်၍ အိမ်ပြန်ရောက်သောအခါ သူသည်ချမ်းသာကြွယ်ဝသော ထုတ်ကုန်သူဌေးကြီး မဟုတ်တော့ပါ။ အလီကိုဟင်တည်းဟူသော သူလျှိုပြန်ဖြစ်လေတော့သည်။ သူသည်တံခါးများကို မင်းတုံးနှစ်ထပ်ထိုးလိုက်ပြီး ကန့်လန့်ကာများကိုဆွဲပိတ်လိုက်သည်။ ထို့နောက်ကြီးမားလှသော ဖန်မီးပန်းဆိုင်းကြီးကိုဆွဲထားသောအခြေမှကြေးနီခွက်ကြီးအတွင်းတွင်ဝှက်ထားသော သူ၏ အသံလွှင့်စက်အသေးစားလေးကိုထုတ်ယူလေသည်။
သူသည် သူ၏ သတင်းပို့ချက်များ ထိုင်ရေးသည်။ စကားဝှက်များအဖြစ် ဘာသာပြန်ပေးသည်။ထို့နောက် တဲလာဗီသို့လျင်မြန်စွာနှင့် မှန်ကန်စွာ စတင်ပေးပို့လေတော့သည်။ သူ့အိမ်ခန်း အမိုးပေါ်တွင်တပ်ဆင်ထားသော ရုပ်မြင်သံကြားကောင်းကင်ကြိုးများအကြားတွင် သူ၏အသံလွှင့်စက်ကောင်းကင်ကြိုးတို့ရော၍ တပ်ထားလိုက်သည်။ သူသည်သတင်းပေးပို့ခြင်းကို မည်သို့သောအခါမျှ နှစ်ခါပြန်၍ မလုပ်ပါ။
အလီကိုဟင်သည်နေ့အခါ၌ ဓာတ်ပုံများရိုက်လာပြီဆိုလျှင်သူသည်သူ၏ ရေချိုးခန်းကို ဓာတ်ပုံအမှောင်ခန်း ပြုလုပ်လိုက်သည်။ နက်ဂတစ်ဖလင်ဆေးခြင်း၊ မိုက်ခရိုဖလင်အဖြစ်သို့ပြန်ကူးခြင်းများ ပြုလုပ်လေသည်။ နောက်တစ်နေ့တွင် သူသည် ကိုက်ခရိုဖလင်များကို သူ၏ကုန်ပစ္စည်းတစ်ခုခု၏ အံဝှက်ထဲတွင်ဖြစ်စေ အခေါင်းလုပ်ထားသော စားပွဲခြေထောက်ထဲတွင်ဖြစ်စေ ဝှက်၍ထည့်ပေးလိုက်သည်။
ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်သို့ရောက်သောအခါ ယင်း မိုက်ခရိုဖလင်များကိုဂရုတစိုက်ထုတ်ယူပြီးတဲလာဗီသို့လျှို့ဝှက်သော နည်းလမ်းများနှင့်ပေးပို့လေသည်။ ကိုဟင်၏ ကုန်ပစ္စည်းများကိုလက်ခံသူ သို့မဟုတ်လက်မလည်အောင်ဝယ်ယူချင်ကြသော ဆွစ်ကုန်သည်များမှာ အခြားသူများမဟုတ်ပါ။ မော့ဆက်သူလျှိုတစ်ဦးဖြစ်သူ အစ္စရေး ဆာလင်ဂျာပင်ဖြစ်ပါသည်။
အလီကိုဟင်ပေးပို့သော သတင်းများနှင့်မိုက်ခရိုဖလင်များတွင် တဲလာဗီရှိမော့ဆက်အကြီးအကဲများစိတ်ဝင်စားသည့်အချက်အလက်များ အမြဲပါရှိလေသည်။ ကိုဟင်၏မိတ်ဆွေအပေါင်းအသင်းများထဲတွင် ဆီးရီးယားစစ်ဘက်နှင့် အစိုးရပိုင်းမှပုဂ္ဂိုလ်များ အများအပြားပါဝင်သည်။
ကိုဟင်နှင့်အရင်းနှီးဆုံးဖြစ်သော မိတ်ဆွေများမှာ စစ်ဦးစီးချုပ်အမ္ဗဒူကာ ရင်ဇာဟာဟယ်လ်ဒင်၏တူဖြစ်သူ မာဇီဇာဟာ အယ်လ်ဒင်၊ ဒမတ်စကတ်ရေဒီယိုမှအစိုးရ၏ ဝါဒဖြန့်ချီရေးတာဝန်ခံနှင့်အသံလွှင့်သူ ဂျော့ဆေ့ဖ်၊ ဆီးရီးယား လေထီးတပ်မ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး ဆာလင်ဟာတွမ်းတို့ပါဝင်လေသည်။
ဟာတွမ်းသည် အထူးသဖြင့်စိတ်ဓာတ်ပြင်းထန်လှသော ဇီယွန်ဝါဒီဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်သည်။ သူ၏ မိတ်ဆွေများကိုရှည်လျားစွာသော တရားများဟောလျက်ဆီးရီးယား နိုင်ငံရေးသမားများသည် အစ္စရေးနှင့်စစ်ဖက်ပြိုင်ဆိုင်တိုက်ခိုက်ရန်မဝံ့ရဲသော သူရဲဘောနည်းသူများဖြစ်ကြောင်း ပြောပြတတ်သည်။ ကိုဟင်သည် သူပြောသမျှကိုထောက်ခံသည့်အနေနှင့်နားထောင်နေတတ်ပြီး ဟာတွမ်းအား သူ၏ ပြင်းထန်သောမျိုးချစ်စိတ်အတွက် ချီးကျူးထောပနာ ပြုလေတော့သည်။
အလီကိုဟင်အပါအဝင် မည်သူမျှမသိသော အချက်တစ်ရပ်ရှိပါသည်။ ယင်းမှာ ဟာတွမ်း၏အစ်ကိုဖြစ်သူဂါးရစ်သည်အလွန်ပင်ရှေးဆန်၍ ဘာသာတရား ကိုင်းရှိုင်းသော ဂျူးတစ်ယောက်အနေနှင့် အစ္စရေးနိုင်ငံတွင်နေထိုင်သည့်အချက်ဖြစ်သည်။ သူ၏မိသားစုသည်သဲကန္တာရထဲတွင်သွားလာကျက်စားသော ဒရုဇ်အာရပ်မျိုးနွယ်မှဆင်းသက်လာပြီး ဆီးရီးယားနှင့်အစ္စရေးနယ်စပ်တွင်နေထိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင်ညီအစ်ကို(၂)ယောက်တွင်တစ်ယောက်က ဆီးရီးယန်း ဖြစ်လာပြီး တစ်ယောက်က အစ္စရေး ဖြစ်လာခြင်း ဖြစ်သည်။ ဆီးရီးယားတွင်နာမည်ကြီးနေသော သူ၏ညီအစ်ကိုတော်သူအကြောင်း ဂါးရစ်အား ပြောပြသောအခါ သူက ဤသို့မှတ်ချက်ချလေသည်။
"ကျွန်တော်တို့ဒီတစ်ခါ စစ်ဖြစ်ရင်ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရင်ဆိုင်တွေ့ပြီးမတိုက်ပါရစေနဲ့လို့ကျွန်တော်ဆုတောင်းပါတယ်ဗျာ.."
အလီကိုဟင်သည် သူ၏ အခန်းကို ဂရုတစိုက်ရှာဖွေရွေးချယ်ငှားရမ်းခဲ့သလို သူ၏ သူငယ်ချင်းမိတ်ဆွေများကိုလည်း ဂရုတစိုက်ရွေးချယ်ပေါင်းသင်းခဲ့သည်။ သူ့အိမ်နှင့်မျက်နှာချင်းဆိုင်ရှိ တပ်မတော်ဌာနချုပ်ထဲတွင်ထွန်းထားသော မီးများ အလင်းအမှောင်ကိုကြည့်၍ စစ်ရေးအခြေအနေအပြောင်းအလဲကို သူဝေဖန်အကဲဖြတ်နိုင်လေသည်။ ဇိမ်ခံကားကြီးများနှင့်စစ်ဘက်အကြီးအကဲများ၏ကားများ ခါတိုင်းနှင့်မတူဘဲ ဥဒဟိုဝင်လိုက်ထွက်လိုက်လုပ်လျှင် အစ္စရေးနိုင်ငံကိုထိုးစစ်ဆင်နွှဲရန်ကြံစည်နေပြီဖြစ်ကြောင်း ကိုဟင်အား သတိပေးသလိုဖြစ်သည်။
ထိုမှတပါး ကိုဟင်၏ပတ်ဝန်းကျင်တွင် သံရုံးများ တစ်ဒါဇင်ခန့်တည်ရှိနေပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့၏ ဌာနချုပ်လည်း ရှိသည်။ ထို့ကြောင့် ဤဒေသတဝိုက်တွင် ရေဒီယိုသတင်းလွှင့်ခြင်းနှင့်ဖမ်းခြင်းများ အလွန်လုပ်ကြလေရာ လေးထပ်တိုက်ပေါ်မှ တကိုယ်တော် သတင်းပို့နေသော ကိုဟင်ကို မည်သူမျှ ဂရုမပြုမိကြပါ။ ကိုဟင်သည်သတင်းကိုတိုတိုနှင့် ပြတ်တောင်းပြတ်တောင်းပို့သဖြင့် မည်သူမျှ သတိမပြုမိကြချေ။
အလီကိုဟင်ရောက်ပြီး (၂)လခန့်ကြာသောအခါ သူလူမှန်နေရာမှန်ရောက်မည်ဟူသောယုံကြည်ချက်သည် မှန်ကန်လာလေသည်။
တဲလာဗီသို့သူပေးပို့သော တကယ်တမ်းအရေးကြီးသည့် ပထမအစီရင်ခံချက်တွင် ကိုဟင်က အောက်ပါအတိုင်း တင်ပြလိုက်သည်။
"၃ ရက်ဆက်တိုက် ညတိုင်းမှာ စစ်ဌာချုပ်ထဲ မီးတွေမနက်မိုးလင်းတဲ့အထိထွန်းထားပါတယ်။အာဏာသိမ်းပွဲတွေဘာတွေဖြစ်တဲ့အရိပ်အယောင်မဟုတ်ပါ။ စစ်ပြင်ဆင်တဲ့လက္ခဏာ
လှုပ်ရှားချက်တွေပါပဲ။ အထူးသဖြင့် လွန်ခဲ့သော ရက်သတ္တပတ်များကစပြီး ရေဒီယိုသတင်းစာနဲ့ရုပ်မြင်သံကြားတွေဟာ ဂျူးဆန့်ကျင့်ရေးတွေဖော်ပြနေပါတယ်။ လမ်းမတွေထဲမှာ စစ်တပ်လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်"
အလီကိုဟင်ပေးပို့လိုက်သောသတင်းကို ချက်ချင်းပင် ဆီးရီးယားနယ်စပ်ရှိ ဂယ်လိလီပင်လယ်ကမ်းခြေပေါ်တွင်ရှိသော စစ်စခန်းများသို့တဆင့်ပို့လိုက်သည်။ စစ်စခန်းများက ထိုသတင်းမှန်ကန်ကြောင်း (၂၄)နာရီအတွင်း အတည်ပြုလိုက်သည်။ ကြီးမားသော တင့်ကားတန်းကြီးများသည် ဒမတ်စကတ်မှထွက်ခွာလာနေပါပြီ။အစ္စရေးတို့သည် ဆီးရီးယားတို့ကိုတန့်သွားစေလိုသဖြင့် ဒူးဆေ့ဘ်တွင်ရှိသည့် ဆီးရီးယားစစ်စခန်းကိုအမှတ်မဲ့ဝင်တိုက်လေသည်။ စခန်းရှိအမြောက်ကြီးများနှင့် လေယာဉ်ပျံများကို ဖျက်ဆီးပစ်လိုက်လေသည်။
ဆီးရီးယား တင့်ကားများသည် ရန်သူ၏ အဆင်သင့်ရှိနေပုံနှင့် တပ်လှန့်ထားခြင်းကိုသိရှိသဖြင့် မိမိတို့၏စခန်းသို့ နောက်ကြောင်း ပြန်လှည့်လေတော့သည်။ အလီကိုဟင်က သူလျှိုတစ်ယောက်သည်တပ်မကြီးတစ်ခုလောက်စွမ်းဆောင်သည်ဟူသော အချက်ကိုသက်သေပြလိုက်လေသည်။
အလီကိုဟင်သည် တဲလာဗီဌာနချုပ်သို့ နိုင်ငံရေးနှင့်စစ်ရေးအရ တန်ဖိုးရှိလှသောသတင်းထောက်လှမ်းပေးပို့ခဲ့ပါသည်။ ဒမတ်စကတ်တွင်နိုင်ငံရေးအပြောင်းအလဲဖြစ်ခြင်းကို သူ၏ထင်မြင်ယူဆချက်ပေးခဲ့လေရာ တိကျမှန်ကန်ပြီး တကယ်ဖြစ်ပေါ်လာသောအခါ ယင်းသတင်းများကို ဝန်ကြီးချုပ်ဘင်ဂူရီယန်ထံသို့ မော့ဆက်က မဆိုင်းမတွပေးပို့ခဲ့သော်လည်း ကိုဟင်၏ ဟောကိန်းများက အရင်ရောက်နှင့်သည်သာ ဖြစ်သည်။
ဝန်ကြီးချုပ်ဘင်ဂူရီယန်သည် အရေးကြီးသော ဝါဒသဘောတရားနှင့်ဆိုင်သည့်ဆုံးဖြတ်ချက်များကို မကြာခဏ ပြုလုပ်ရလေသည်။ စစ်တိုက်မည်လော၊ ငြိမ်းချမ်းရေးယူမည်လောဟူသော လမ်း(၂)သွယ်တွင် တစ်ခုရွေးရသည့်ဆုံးဖြတ်ချက်များကိုချရာ၌ အလီကိုဟင်၏ ယုံကြည်စိတ်ချရသော ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံ၍ သူဆုံးဖြတ်ခဲ့ရပါသည်။
Done🌸
ReplyDeleteDone☃️
ReplyDeleteDone
ReplyDelete