Eli Cohen အလီကိုဟင် (သို့မဟုတ်) သူလျှိုထိပ်သီး (ဇာတ်သိမ်း)


"ကျွန်တော့မှာ စက်(၂)လုံးပဲရှိပါတယ်။ ကျွန်တော်အဖို့ ဒီ(၂)လုံးဟာ လုံလောက်ပါတယ်" ဟုကမီးအာမင်တားဘက်စ်က ပြန်ဖြေလိုက်ပါသည်။ကိုဟင်ဖမ်းမိသည့်ညနေက ဆီးရီးယားတို့သည် သူ့အား တဲလာဗီသို့သတင်းပို့ရန်အမိန့်ပေးခဲ့သည်။


ပစ္စတိုတစ်လက်ကို သူ၏ လည်ပင်းတွင်ထောက်ထားပြီးခိုင်းစေသည့်အတိုင်း ပြုလုပ်သည်/မလုပ်သည်ကိုကြည့်ရှုရန် ရေဒီယိုအော်ပရေတာတစ်စုက ဘေးမှထိုင်လျက်ရှိနေပါသည်။


ကိုဟင်၏ လက်ထဲတွင် ဗိုလ်မှူးကြီး ဆိုဝေဒါနီ နှုတ်တိုက်ချပေးထားသော သတင်းပို့ချက်တစ်ခုကိုင်ထားပါသည်။ ဗိုလ်မှူးကြီး၏အကြံမှာ တဲလာဗီသို့သတင်းမှားပေးပို့လိုက်ပြီး အစ္စရေးတို့အားမျက်စိလည်သွားစေမည့် သို့မဟုတ်ဆီးရီးယားတွင်ရှိသော သူလျှိုအဖွဲ့အစည်းများအကြောင်း သူတို့အသေးစိပ်ဖွင့်ပြောလာအောင် လှည့်ဖျားရန်ပင်ဖြစ်သည်။


မည်သို့ပင်ဆိုစေ ကမီးတားဘက်စ်သည် သူ့အား စေခိုင်းသည့်အတိုင်း ပြုလုပ်ခဲ့ပါသည်။


သူသည်သတင်းပို့သည့်စက်ကလေးကိုခေါက်၍ အသံလွှင့်ပေးပို့နေသောအခါ ဗိုလ်မှူးကြီးဆိုဝေဒါနီပေးထားသော စာသားအတိုင်း အတိအကျ သူပေးပို့သည်/မပို့သည်ကို သေချာစွာသိရှိရန်ဆီးရီးယား ရေဒီယိုပညာရှင်များက သူ၏ လှုပ်ရှားပုံကိုစောင့်ကြည့်နေကြလေသည်။


ကိုဟင်သည် သူတို့စိတ်ကြိုက်သတင်းပေးပို့ခဲ့ပါသည်။


မကြာမီမှာပင် မော့ဆက်ဌာနချုပ်မှ သူ၏ သတင်းပို့ချက်ကိုလက်ခံရရှိကြောင်းပြန်ကြားချက်ရောက်လာသည်။ ဆီးရီးယားတို့သည် သူတို့၏ လှည့်ကွက်အောင်မြင်သဖြင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။


သို့သော် သူတို့မသိလိုက်သည့်အချက်မှာ ကိုဟင်သည် သူသတင်းပို့သည့်အမြန်နှုန်းနှင့်အဖြတ်အတောက်ကို မသိမသာပြောင်းလဲလိုက်ခြင်းပင်ဖြစ်သည်။ ဤသို့ပြောင်းလဲလိုက်ခြင်းသည်ဆီးရီးယားတို့အဖို့ ဘာမျှအဓိပ္ပါယ်မရှိပါ။ အစ္စရေးတို့အတွက်မူ အဓိပ္ပါယ်တစ်ခုသာ ထွက်ပါသည်။သူတို့၏လူက သူတို့အား 'ကျွန်တော့်ကိုဖမ်းမိသွားပြီ' ဟုပြောလိုက်ခြင်းပင်ဖြစ်သည်။


မော့ဆက်၏ ဆက်သွယ်ရေးဌာနမှ သတင်းဖမ်းယူသူအော်ပရေတာများသည် သူတို့၏သူလျှိုထိပ်သီးထံမှပေးပို့လိုက်သောသတင်းကို ကြိုးခွေနှင့်ဖမ်းယူထားပြီး ယင်းကြိုးခွေကိုအကြိမ်ကြိမ်အခါခါ ဖွင့်ပြကြပါသည်။


 


"ခင်ဗျားတို့သတင်းယူတာများ မှားသလားဗျာ"


 


ဒါးဗစ်ခ်ျက သူတို့ကို တောင်းတောင်းပန်ပန်မေးရှာသည်။ ဤသတင်းဝင်လာသည်နှင့်ချက်ချင်းပင် သူ့အား အိမ်မှသွားရောက်ခေါ်လာခြင်း ဖြစ်လေသည်။


 


သို့သော်သတင်းဖမ်းရာ၌ ကျွမ်းကျင်သူအတတ်ပညာရှင်များသည် သူတို့၏ ဆုံးဖြတ်ချက်ကိုအခိုင်အမာတင်ပြခဲ့ခြင်းဖြစ်ပါသည်။ အလီကိုဟင်တစ်ယောက် ဆီးရီးယန်းတို့၏လက်ထဲဝယ်အကျဉ်းသား ဖြစ်ခဲ့ပေပြီ။ သူသည်သတင်းပေးပို့သည့်အမြန်နှုန်းနှင့် အဖြတ်တောက်ကိုတမင်ပြောင်းလဲပေးပို့ခဲ့သည်မှာ ထင်ရှားလှပါသည်။ သူသည် သူ၏ဌာနချုပ်သို့ "မိမိသည် ယခုသေရတော့မည်လူဖြစ်နေပြီ"ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။


 


မော့ဆက်အဖွဲ့ခေါင်းဆောင်အား အသိပေးလိုက်ပြီးနောက် ဝန်ကြီးချုပ်အဖြစ်ဘင်ဂူရီယန်အားဆက်ခံသူ လီဗီအက်ရ်ှကောထံသို့လည်း ကိုဟင်ဖမ်းဆီးခံရကြောင်း သတင်းကိုပို့ပေးခဲ့ပါသည်။နောက်တစ်နေ့မနက်တွင် ဆိုဝေဒါနီသည် ကိုဟင်အား တဲလာဗီသို့ စကားဝှက်နှင့် သတင်းတစ်ခုပို့စေပြန်သည်။ အဖြေပြန်ရောက်လာသောအခါ အစ္စရေးတို့ သူဆင်ထားသော ထောင်ချောက်ထဲတွင်မိပြီဟု သူယုံကြည်သွားတော့သည်။


 


အလီကိုဟင်က အဓိပ္ပါယ်တစ်မျိုး သိလိုက်ပါသည်။


 


တဲလာဗီက သူပေးပို့လိုက်သော သတိပေးချက်ကိုနားလည်ကြောင်း ပြန်ကြားလိုက်ခြင်းဖြစ်သည်။ သူတို့တမင်အချိန်ဆွဲနေခြင်းဖြစ်သည်။ သူ၏ သတင်းပို့သော သင်္ကေတများသည် တစ်ခါမျှ မပျက်ခဲ့ဖူးပါ။သတင်းတစ်ခုလုံး ပြန်ပို့ရန်လည်း သူ့အား မပြောခဲ့ကြဖူးပါ။


 


ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် သူ၏လှည့်ကွက်ကိုရက်သတ္တပတ်အတော်ကြာ ဆက်လက်ဆင်ထားနိုင်သဖြင့် အတော်ပင်ဝမ်းမြောက်နေသည်။ သို့သော် ဆီးရီးယားသမ္မတကြီးကသူလျှိုကိစ္စကို အမြန်ဆုံး ရှင်းလင်းပစ်လိုသည်။ ထိုကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်စစ်ဆေးလိုသည်။


 


ဆိုဝေဒါနီသည် အလွန်ကြောက်စရာကောင်းသော သူ၏ ပြိုင်ဖက်တစ်ဦး ဖြစ်သည်။ သူကကမီးတားဘက်စ်သည် အုပ်ချုပ်သူအသိုင်းအဝိုင်းနှင့်ရင်းနှီးသည်ဆိုသောအချက်ကိုထောက်ပြအသုံးချ၍ သမ္မတကြီး၏ နေရာကိုရရှိအောင်ကြိုးစားမည်မှာ သေချာနေပါသည်။ထို့ကြောင့်ပင် သမ္မတကြီးသည် ဗိုလ်မှူးကြီးကို အစ္စရေးတို့အား လှည့်ကွက်ပြုလုပ်ခြင်းကို လုံးဝမလုပ်တော့ရန် အမိန့်ပေးလိုက်သည်။


 


ဇန်နဝါရီလ(၂၄)ရက်နေ့နံနက်တွင် ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် အလီကိုဟင်အား အောက်ပါသတင်းကိုပို့ခိုင်းလိုက်လေသည်။


 


အစ္စရေးနိုင်ငံဝန်ကြီးချုပ်နှင့် တဲလာဗီမှထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်များ သိသာရန်အကြောင်းကြားလိုက်ပါသည်။


 


ကမီးနှင့် သူ၏မိတ်ဆွေများသည် ကျုပ်တို့၏ဧည့်သည်များအဖြစ် ဒမတ်စကတ်တွင်ရှိပါသည်။သူတို့၏ကံကြမ္မာကို မကြာမီတွင် ကြားကြရပါလိမ့်မည်။


 


ဤသတင်း၏အောက်တွင် ဆီးရီးယား တန်ပြန်ထောက်လှမ်းရေးအဖွဲ့ဟုလက်မှတ်ရေးထိုးထားပါသည်။


 


မိနစ်ပိုင်းအတွင်းမှာပင် မော့ဆက်သည် ဝန်ကြီးချုပ်လီဗီအက်ရ်ှကော၏စားပွဲပေါ်သို့ ဤသတင်းကိုတင်ပေးခဲ့သည်။ နောက်တစ်နာရီကြာသောအခါ ဒမတ်စကတ်ရေဒီယိုသည် အစ္စရေးနိုင်ငံမှသူလျှိုတစ်ဦးကိုဖမ်းဆီးရမိကြောင်း ကြေညာခဲ့လေသည်။


 


ယင်းသတင်းသည် မော့ဆက်အကြီးအကဲများအား စိတ်ထိခိုက်သွားစေပါသည်။ သို့သော်လည်းယင်းသတင်းကြောင့် အရေးပါသော အထက်ပိုင်းမှ ဆီးရီးယားအတော်များများသည် မိမိတို့အသက်ဘေးအတွက် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။


 


သမ္မတကြီးသည် မိမိနှင့်မိမိ၏မိတ်ဆွေများအတွက်အကာအကွယ်ယူသည့်အနေနှင့်ဆာလင်ဟာတွမ်းနှင့် ဆာလားအယ်လီ (၂)ယောက်ကို တားဘက်စ်၏ အိမ်ခန်းသို့ပို့၍ကူညီစစ်ဆေးမေးမြန်းခြင်း ပြုစေသည်။


 


အယ်လ်ဟာဖက်ဇ်က ခံစားချက်လုံးဝမပါသော လေသံနှင့် ဗိုလ်မှူးကြီး(၂)ဦးကို ဤသို့ပြောလိုက်သည်။


 


"ခင်ဗျားတို့(၂)ယောက်က ဒီအခန်းအကြောင်းကိုဒမတ်စကတ်မှာရှိတဲ့သူတွေထက် ပိုသိနိုင်ပါတယ်"


 


သမ္မတကြီးသည် သူယုံကြည်စိတ်ချရသော သူ၏ စစ်ဗိုလ်များ ကမီးအာမင်တားဘက်စ်၏ အိမ်ခန်းတွင်မိန်းမများနှင့်ချစ်ဗျူဟာခင်းခဲ့ကြသည်ကို ကောင်းကောင်းသိရှိပါသည်။


 


ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် သမ္မတကြီးထံမှအကူအညီစေလွှတ်လိုက်သဖြင့် သိပ်ဝမ်းမသာလှပါ။


 


သမ္မတကြီး၏ ဗိုလ်မှူးကြီး(၂)ဦးက အကျဉ်းသားအား ဇန်နဝါရီလ(၂၄)ရက်နေ့ညတွင် အမှတ်(၇ဝ) သံချပ်ကာတပ်မဌာနချုပ်ရှိရာ မြို့ပြင်သို့ပြောင်းရွှေ့ချုပ်နှောင်ရန်ဆုံးဖြတ်ကြသည်။ ထိုအခါမိမိသည်ထောက်လှမ်းရေးလောကတွင်သမိုင်းတွင်စေခဲ့သည်ဟု ဂုဏ်ယူဝင့်ကြွားနေသော ဆိုဝေဒါနီ၏လေသံသည် တိတ်ဆိတ်သွားပြီး တကိုယ်တည်း ကြိတ်၍ ဒေါသဖြစ်နေတော့သည်။


 


နာရီအနည်းငယ်ကြာသောအခါ သမ္မတကြီး အယ်လ်ဟာဖက်ဇ်သည် စစ်စခန်းသို့ကားနှင့်ရောက်လာသည်။ သူရောက်လာသောအခါ ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် အကျဉ်းသားအားသမ္မတကြီးထံသို့ခေါ်ထုတ်လာရန် အမိန့်ပေးလိုက်သည်။ဆီးရီးယားသမ္မတကြီးထံသို့ အကျဉ်းသားအား မိတ်ဆက်ပေးနေစရာ မလိုပါ။ သူ့ရှေ့မှောက်တွင်မတ်တပ်ရပ်နေသူမှာ ဗွေးနိုးဇာရီတွင် သူစတင်တွေ့ရှိရင်းနှီးခဲ့ပြီး ဒမတ်စကတ်တွင်သူအလွန်ယုံကြည်ခဲ့ရသည့် အာဂျင်တင်းအမျိုးသား အာရပ်ပင်ဖြစ်ပါသည်။


 


သူ၏ဇနီးသည် ကမီးတားဘက်စ် ဥရောပမှအပြန်ဝယ်လာကာ လက်ဆောင်အဖြစ်ပေးခဲ့သောသားမွှေးအင်္ကျီကို ဝတ်ဆင်နေဆဲပင်ဖြစ်သည်။ ဤသစ္စာဖောက်သည် သူ၏သမ္မတနန်းတော်သို့အကြိမ်ကြိမ်အခါခါ လာရောက်ခဲ့ပြီး ရောက်လာတိုင်း သူက ညီအစ်ကိုရင်းချာတစ်ယောက်ကဲ့သို့ပြုစုဧည့်ခံခဲ့ရသည်။


 


ထိုသူသည် အောင်မြင်တိုးတက်လွန်းသဖြင့် ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီး အစိုးရအဖွဲ့ထဲတွင်ရာထူးတစ်နေရာ ရလုနီး ဖြစ်ခဲ့သည်။ အယ်လ်ဟာဖက်ဇ်သည် မိမိကိုနောင်တစ်ချိန်တွင်ဆက်ခံသူအဖြစ်ထိုသူအား လက်သပ်မွေးရန်ပင်စဉ်းစားခဲ့ပါသည်။


 


သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေမိကြသည်။


 


သူလျှိုက စတင်၍ ပြောလိုက်ပါသည်။


 


"ကျွန်တော် တဲလာဗီက အလီကိုဟင်ဖြစ်ပါတယ်။ အစ္စရေးတပ်မတော်က စစ်သားတစ်ယောက်ပါပဲ"


 


ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် ဒမတ်စကတ်တွင်ရှိသော သူ၏ နိုင်ငံရေးရန်သူများကိုဖြုတ်ချရန်ကြိုးစားရာ၌ လက်ဘနွန်အမျိုးသားသတင်းစာတစ်စောင်နှင့်တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ပြီးမကွယ်မထောက်ဖွင့်ချခြင်း၊ မိမိ၏ အရည်အချင်းများကိုဖော်ပြခြင်းများ ပြုလုပ်လေသည်။ သမ္မတအယ်လ်ဟာဖက်ဇ်ကလည်း ထိုနည်းအတိုင်းပင် မိမိနှင့်မိမိ၏ မိတ်ဆွေများအပေါ် အပြစ်ကိုလှီးလွှဲဖယ်ရှားကာ ဖြေရှင်းခြင်းများ ပြုလုပ်လေတော့သည်။


 


သတင်းစာတစ်စောင်နှင့်သီးခြားလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ သမ္မတကြီးက အောက်ပါအတိုင်းဖွင့်ပြောခဲ့သည်။


 


"ကျုပ်အကျဉ်းသားကို ကိုယ်တိုင်မေးမြန်းကြည့်ပြီးပါပြီ။ ပထမပိုင်းမှာကျုပ်ရဲ့ထောက်လှမ်းရေးအဖွဲ့က သူဟာ အာဂျင်တီးနားမှာ ရှိတဲ့အစ္စရေးသူလျှိုတွေက ပို့ထားတဲ့ကမီးအာမင်တားဘက်စ်လို့ခေါ်တဲ့ အာရပ်အစစ်တစ်ယောက်လို့ယုံကြည်ကြတယ်လေ။ ဒါပေမယ့် ကျုပ်ကတော့ သူ့မျက်လုံးကိုကြည့်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ သူဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ပါတယ်"


 


ဗိုလ်ချုပ်အယ်လ်ဟာဖက်ဇ်က သူသည် သူလျှိုအား အလွန်အရေးကြီးသော မူဆလင်တရားစာတစ်ပုဒ်ကိုဆိုခိုင်းစေခြင်းဖြင့် ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ပုံကိုပါ ရှင်းလင်းပြောပြလေသည်။


 


"သူချက်ချင်း မဆိုနိုင်ဘူးဗျ၊ တုံ့ဆိုင်းဆိုင်း လုပ်နေတယ်၊ အဲဒီကတည်းက သူအာရပ်မဟုတ်ဘူးဆိုတာကျုပ်သိတယ်။ ဒီတော့ ကျုပ်သူ့ကိုထောက်လှမ်းရေးအရာရှိတွေနဲ့လွှဲပေးလိုက်ပြီးဘယ်လိုစုံစမ်းစစ်ဆေးရမယ်ဆိုတာ သူတို့ကိုညွှန်ကြားချက်ချပေးလိုက်ရတယ်"


 


သမ္မတကြီးက ထပ်လောင်း ပြောပြပြန်သည်။

"ဒီနောက်ပိုင်းမှာ ကျုပ် ကိုဟင်ကို အကြိမ်ပေါင်းများစွာ ကိုယ်တိုင်စကားပြောခဲ့ပါတယ်။ ကျုပ်တိုက်တဲ့စီးကရက်နဲ့အရက်ကို သူမသောက်ဘူး၊ ငြင်းဆန်ခဲ့တယ်။ သူဟာ ဣနြေ္ဒတစ်ချက်လေးတောင်မပျက်ခဲ့ဘူး။ သူ့အတွက် အင်မတန်ခက်ခဲတဲ့အချိန်တွေကိုတောင် သူဟာ သတ္တိရှိရှိနဲ့ရင်ဆိုင်ခဲ့ပါတယ်"

သမ္မတကြီးပြောသော အင်မတန်ခက်ခဲတဲ့အချိန်တွေဆိုသည်မှာ စစ်ဌာနချုပ်ထဲတွင် အလီကိုဟင်နေခဲ့ရသော (၄)ပတ်ကြာ ကာလပင်ဖြစ်ပါသည်။ ထိုကာလအတောအတွင်း၌ ကိုဟင်သည်စည်းစနစ်ကျကျ နှိပ်စက်ခြင်းခံရလေသည်။မည်သို့သော အခြေအနေသို့ရောက်နေပါစေ၊ ဆီးရီးယားတို့သည် အလီကိုဟင်၏ စိတ်ဓာတ်ကို မဖြိုခွဲနိုင်ပါချေ။

နှိပ်စက်ညှဉ်းပန်းခြင်းပြီးဆုံးသောအခါ သူတို့သည် ကိုဟင်ကို အရပ်သားအကျဉ်းထောင်တစ်ခုသို့ပို့လိုက်လေသည်။ ထိုအကျဉ်းထောင်မှဝါဒါများသည် ကိုဟင်အားကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံကြသော်လည်း အစ္စရေးတစ္ဆေဟု သူတို့ခေါ်သော ကိုဟင်အပေါ်၌မုန်းတီးခြင်းနှင့်ရောသော လေးစားမှုဖြစ်ပေါ်နေကြလေသည်။ သူတို့သည် ကိုဟင်ကို သတ္တိခဲဟုပင်ကွယ်ရာတွင်အမည်ပေးထားကြလေသည်။

ကိုဟင်ကိုဖမ်းမိသဖြင့် ဆီးရီးယားမိန်းမနှင့်ယောက်ျား စုစုပေါင်း(၅ဝဝ)ကျော်ခန့်လည်းအဖမ်းခံကြရသည်။ အဖမ်းခံရသူများထဲတွင်အစိုးရဌာနများမှအတွင်းရေးမှူးမိန်းကလေးများ၊ လေယာဉ်မယ်များ၊ အလီကိုဟင်၏အိမ်ခန်း၌ ချစ်ဗျူဟာခင်းကြရာတွင်ပါဝင်ခဲ့ကြသော အခြားမိန်းကလေးများလည်း ပါဝင်လေသည်။ မာရီဇာဟာအယ်လ်ဒင်၊ ဂျော့ဆေ့ဖ်နှင့် ရှိတ်အယ်လတ်ဒ်တို့လိုပုဂ္ဂိုလ်များလည်း ထောင်ထဲသုိ့အသွင်းခံကြရလေသည်။


ဆီးရီးယား တန်ပြန်ထောက်လှမ်းရေးအဖွဲ့ဝင်များက မိမိတို့သည်အစဉ်တက်ကြွနိုးကြားနေသောမျိုးချစ်များဖြစ်ကြောင်း ထင်ပေါ်စေလိုသဖြင့် သူတို့ဖမ်းဆီးခဲ့သည့်သူလျှို၏အကြောင်းကျယ်ကျယ်ပြန့်ပြန့်ပုတ်ခတ်ရေးသားကာ သတင်းဖြန့်ချီပေးကြသည်။ သို့သော်သူတို့လေသံလွှင့်နေသော သူတို့၏ အောင်မြင်မှုသည် အမှန်စင်စစ် သူလျှိုတစ်ဦးအနေနှင့် အလီကိုဟင်မည်မျှအထိအောင်မြင်ခဲ့ခြင်းကို သာဓကပြခြင်းသာ ဖြစ်နေပါသည်။

ကိစ္စနှင့်ပတ်သက်၍ အာရပ်ကမ္ဘာတွင် ထိုအချိန်က လူများ၏ စိတ်ဝယ်ခံစားရမှုကိုဘေရွတ်မြို့မှအယ်လ်ဟာဖက်သတင်းစာက အောက်ပါအတိုင်း ကောက်ချက်ချခဲ့သည်။


"ဒမတ်စကတ်အစိုးရအဖွဲ့က မနက်ပိုင်းမှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက်ချက်လိုက်တယ်။အလီကိုဟင်က အဲဒီဆုံးဖြတ်ချက်တွေကို ညနေပိုင်းမှာ တဲလာဗီကိုပို့လိုက်တော့တာပါပဲ"


လက်ဘနွန်နိုင်ငံမှလာသော အာရပ်သတင်းစာဆရာတစ်ဦးကိုသာလျှင်သူလျှိုနှင့်တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့လေရာ သူသည် ကိုဟင်က မိမိအား ပြောပြချက်ကိုအောက်ပါအတိုင်းတင်ပြခဲ့ပါသည်။


"ကျွန်တော် ဆီးရီးယားမှာလာပြီး ကျွန်တော့်တိုင်းပြည်အတွက် ကျွန်တော်အလုပ်လုပ်ခဲ့တာပါ။ကျွန်တော့်လူမျိုးရဲ့အနာဂတ်၊ ကျွန်တော့်ဇနီးနဲ့ကလေး(၃)ယောက်ရဲ့နောင်ရေးအတွက် အလုပ်လုပ်ခဲ့တာပါ။ကျွန်တော်အစ္စရေးနိုင်ငံကို ဘယ်တော့မှသစ္စာမဖောက်ခဲ့ဘူးဆိုတာသိစေချင်ပါတယ်"



အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်သည် အလီကိုဟင်၏ အသက်ကိုကြိုးစားကယ်ဆယ်လိုသဖြင့်သူ့တိုင်းပြည်အတွင်းရှိ သတင်းစာ အယ်ဒီတာများအား ကိုယ်တိုင်ခေါ်ယူတွေ့ဆုံပြီး ထိုကိစ္စကိုအရေးမကြီးသလို ခပ်အုပ်အုပ်ရေးသားကြရန် တောင်းပန်ခဲ့ရှာသည်။


အခုမျက်မှောက်ခေတ်မှာ ယဉ်ကျေးပြီး ခေတ်မီတဲ့နိုင်ငံတွေဟာ သူလျှိုကို ဘယ်တော့မှမသုတ်သင်ပစ်ပါဘူး။ အများအားဖြင့် သူလျှိုကို တခြားသူလျှိုတွေနဲ့လဲလှယ်ကြတာပါပဲ။ ဒါမှမဟုတ်ရင် ထောင်ထဲသွင်းထားလိုက်ပြီး နည်းနည်းကြာလာရင်တိတ်တဆိတ်လွှတ်ပေးလိုက်တာပါပဲ" ဟုဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့လေသည်။


အစ္စရေးနိုင်ငံသည် နိုင်ငံရေးနှင့်သံတမန်ဆိုင်ရာနည်းလမ်းများကိုအစွမ်းကုန်အသုံးပြုကာ ကိုဟင်၏အသက်ကိုကယ်တင်ရန်ကြိုးစားခဲ့ပါသည်။ ကမ္ဘာအရပ်ရပ်တွင်ရောက်နေသောအစ္စရေးသံအမတ်များသည် အခြားသော သံအမတ်များ၊ အထက်ပိုင်းမှအစိုးရအရာရှိများ၊ကုန်သည်ကြီးများနှင့်နိုင်ငံအကြီးအကဲများအား ချဉ်းကပ်၍ ဆီးရီးယားတို့အားကြိုးစားပြောဆိုပေးပါရန်တောင်းပန်ခဲ့ကြသည်။


ကိုဟင်အား အထူးစစ်ခုံရုံးနှင့် စတင်စစ်ဆေး ကြားနာမည်ရက်နီးလာလေလေ ဖော်ပြပါတွန်းအားများလည်း များလာလေလေ ဖြစ်လေတော့သည်။နိုင်ငံပေါင်းများစွာတို့မှ နာမည်ကြီး ရှေ့နေကြီးများသည် ကိုဟင်၏အကျိုးဆောင်အဖြစ်လိုက်ပါဆောင်ရွက်ရန် ဆီးရီးယားအစိုးရအား ကမ်းလှမ်းခဲ့ကြပါသည်။


ပြင်သစ်ရှေ့နေကြီး (၂)ဦးသည်ကိုဟင်၏အမှုကိုကြားနရာ၌ လေ့လာသူအဖြစ်တက်ရောက်ရန်ဒမတ်စကတ်သို့ရောက်ရှိလာကြလေသည်။


ထို(၂)ယောက်ထဲမှ ဂျက်ကွက်စ်မာစီရေး ဆိုသူသည် အယ်လ်ဂျီးရီးယားနိုင်ငံလွတ်လပ်ရေးစစ်ပွဲဆင်နွှဲနေစဉ်က မြောက်မြားလှစွာသော အယ်လ်ဂျီးရီးယန်း မျိုးချစ်များအား ပြင်သစ်တွင်ခုံရုံးတင်စဉ်ခုခံကာကွယ်ကယ်ဆယ်ခဲ့သူဖြစ်သည်။ သူသည် ဆီးရီးယားတို့က အာရပ်မလိုလားသော စိတ်ဓာတ်ရှိသူဖြစ်သည်ဟု မစွပ်စွဲနိုင်သော ပုဂ္ဂိုလ်ပင်ဖြစ်သည်။

သို့ရာတွင် ခုံရုံးစတင်စစ်ဆေးသောအခါ အစ္စရေးတို့က သူတို့၏ သူလျှို သေရလိမ့်မည်ဖြစ်ကြောင်းမြင်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ခုံရုံးသည် ကိုဟင်၏ဘက်မှ မည်သူမျှအကျိုးဆောင်လိုက်ပါခွင့်မပေးသောကြောင့်ဖြစ်သည်။ ဥရောပအစိုးရများက တောင်းပန်မှုများပြုကြသော်လည်း မာစီရေးနှင့်အပေါင်းပါများအား တရားခွင်သို့တက်ရောက်ခွင့်မပြုခဲ့ကြချေ။


အခြေအနေ ပိုဆိုးရပြန်သည်။ ဗိုလ်မှူးကြီး ဒယ်လီသည် ခုံရုံးဥက္ကဋ္ဌဖြစ်ပြီး ဗိုလ်မှူးကြီး ဟာတွမ်းသည်ခုံရုံးအဖွဲ့ဝင်(၅)ဦးတွင် တစ်ဦးအဖြစ်ပါဝင်မည် ဟူသော ကြေညာချက်ထွက်လာလေသည်။ထိုပုဂ္ဂိုလ်(၂)ဦးက မိမိတို့နာမည်ဂုဏ်သတင်းသည် ခုံရုံးဆုံးဖြတ်ပေါ်တွင်မူတည်နေကြောင်း သိရှိကြလေသည်။ သမ္မတကြီး၏ ဂုဏ်သတင်းသည်လည်း ဤနည်းနှင်နှင် ဖြစ်ပါသည်။


ဗိုလ်မှူးကြီး(၂)ဦးသည် သူတို့ကိုပြတ်ပြတ်သားသား လိမ်လည်လှည့်ဖျားပြီး သူတို့ကိုအသုံးပြုလျက်ထိပ်တန်းလျှို့ဝှက်သတင်းများကိုအရယူခဲ့သော လူတစ်ယောက်ကို သက်ညှာမှုမပြုနိုင်ပါချေ။


အလီကိုဟင်သေရတော့မည်မှာ ထင်ရှားနေပါပြီ။

အမှုစစ်ဆေးကြားနာခြင်းကို တံခါးပိတ်၍ ပြုလုပ်ပါသည်။ တရားခွင်၌ စစ်ဆေးနေခြင်းများကိုသေချာစွာ စိစစ်ရွေးချယ်ရိုက်ကူးပြီးမှသာ ရုပ်မြင်သံကြားတွင်ပြသလေသည်။


အလီကိုဟင်သည် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကိုခံရသော်ငြားလည်း မိမိစိတ်ဓာတ်ကိုခိုင်မြဲကြောင်းပြသနိုင်ခဲ့သည်။ သူသည် တချိန်လုံး တည်ငြိမ်အေးဆေးစွာဖြင့် ရှင်းလင်းပီသစွာဖြေရှင်းပြောကြားခဲ့ပါသည်။


ဗိုလ်မှူးကြီး ဒယ်လီနှင့်ဗိုလ်မှူးကြီး ဟာတွမ်းတို့အားသိရှိပါသလောဟူသောမေးခွန်းကိုမေးမြန်းသောအခါ ကိုဟင်သည် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းလောက်အောင် "မသိပါ "ဟုသာ ဖြေကြားခဲ့လေသည်။ သို့သော်လည်း သူသည်သူနှင့်မိတ်ဆွေဖြစ်ခဲ့သည်ဟု သူအမှန်ဝန်ခံခဲ့သော ဆီးရီးယားအတော်များများ၏ နာမည်များကိုထုတ်ဖော်ပြောခဲ့ပါသည်။


တဲလာဗီ၌ မျှော်လင့်ချက်ရောင်ခြည်တန်းလေးတစ်ခုပေါ်လာပါသည်။ အလီကိုဟင်သည်ထိုဗိုလ်မှူးကြီး(၂)ဦးနှင့်အဆက်အသွယ်ရှိခဲ့သည်ကို မော့ဆက်အကြီးအကဲများက သိရှိကြပါသည်။


သူသည် ထိုပုဂ္ဂိုလ်(၂)ဦးနှင့်အပေးအယူများ လုပ်ထားပြီးလေပြီလော။ သူတို့ကိုမိမိမသိခဲ့ပါဟုဖြေခဲ့သဖြင့်သူ၏ အသက်ကိုသက်ညှာမည်လော။ ဤအယူအဆကို ကိုဟင်အားကူညီနိုင်မည်ဟူသော မျှော်လင့်ချက်နှင့် ဒမတ်စကတ်သို့သွားရောက်ခဲ့သည့်ပြင်သစ်ရှေ့နေ(၂)ဦးကလည်း ထောက်ခံခဲ့ကြပါသည်။


ကိုဟင်အား သေဒဏ်ချမှတ်သည့်တိုင်အောင် သူ့အား တကယ်သတ်ပစ်မည်မဟုတ်ဟု ပြင်သစ်နှစ်ဦးယုံကြည်လာအောင် ဆီးရီးယာအရာရှိများက ပြောဆိုခဲ့ကြလေသည်။


အလီကိုဟင်၏ အိမ်ခန်းသို့မကြာခဏ သွားရောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဂျော့ဆေ့ဖ်ကိုစစ်ဆေးမေးမြန်းသောအခါ ခုံရုံးအဖွဲ့ဝင်ဗိုလ်မှူးကြီးများသည်လည်း မည်မျှလောက်ကြောက်စရာကောင်းအောင်နေထိုင်ခဲ့ကြောင်း သိသာထင်ရှားလာလေသည်။


"မိန်းမတွေခေါ်လာဖို့သူ့အခန်းသော့ကိုကျုပ်ငှါးခဲ့ပါတယ်။ ဒါပေမယ့် ကျုပ်သူ့အတွက် သူလျှိုမလုပ်ပေးခဲ့ပါဘူး"ဟု ဂျော့ဆေ့ဖ်က ပြောခဲ့သည်။


ထိုနောက် သူသည် ခုံရုံးဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဒယ်လီအား တည့်တည့်စိုက်ကြည့်ပြီးထပ်ပြောလိုက်လေသည်။


"ဒီအခန်းကို အဲ့ဒီကိစ္စအတွက်သုံးခဲ့တာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးဗျ"


မေလ(၈)ရက်နေ့တွင် အလီကိုဟင်အား သေဒဏ်ချမှတ်ကြောင်း ကြေညာခဲ့လေသည်။ သူ့အားကြိုးစင်တင်၍ သတ်မည်ဖြစ်သည်။ အယ်လ်ဒင်ကဲ့သို့သော သူ၏ကြံရာပါဆိုသူမျာအားအလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့လေသည်။


အယ်လ်ဒင်ဆိုသည်မှာ လက်ဖတင်နင်မာလီဇဟား အယ်လ်ဒင်ဖြစ်၍ စစ်ဦးစီးချုပ် အပ္ပဒူကရင်ဇဟားအယ်လ်ဒင်၏ တူဖြစ်သည်။


အလီကိုဟင်ကို ကယ်တင်ရန်အစွမ်းကုန်ကြိုးစားကြတော့သည်။ အလီကိုဟင်၏ဇနီး (Nadia)နာဒီယာသည် ပြင်သစ်နိုင်ငံဆိုင်ရာ ဆီးရီးယား သံအမတ်ကြီးနှင့်တွေ့ဆုံ၍ အသနားခံရန်ပဲရစ်မြို့သို့သွားခဲ့သည်။ သံအမတ်ကြီးက သူနှင့်တွေ့ရန်ငြင်းဆန်ခဲ့လေသည်။ ဆဋ္ဌမမြောက်ပုပ်ရဟန်းမင်းကြီး ပေါလ်၊ ဘယ်လ်ဂျီယန်ဘုရင်မ၏ မယ်တော်ဖြစ်သော ဖိဖုရားကြီး အယ်လီဇဘက်၊ကနေဒါ ဝန်ကြီးချုပ် ဒိုင်ဖင်ဘေကာ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးနှင့်အခြားလူပုဂ္ဂိုလ်များ၊အသင်းအဖွဲ့ကြီးများသည် ဆီးရီးယား အာဏာပိုင်တို့အား သက်ညှာမှုပေးရန်တောင်းပန်ခဲ့ကြလေသည်။


ဗွေးနိုးဇာရီ၏ သာသနာပိုင်ဖြစ်သူ အယ်လ်ဖရက်ဒိုဖဲလ်စီးရပ်သည် သေအံ့ဆဲဆဲမှာပင် ဗိုလ်ချုပ်ကြီးအယ်လ်ဟာဖက်ဇ်ထံသို့ စာရေးပေးပို့ကာ သေခါနီးလူတစ်ယောက်၏ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးသည့်အနေဖြင့် ကိုဟင်၏ အသက်ကိုချမ်းသာပေးပါရန် တောင်းပန်ခဲ့ရှာသည်။


အစ္စရေး ရေဒီယိုသည် ဖမ်းမိထားသော ဆီးရီးယန်း သူလျှိုများ၏အမည်များကိုကြေညာခဲ့သည်။ အလီကိုဟင်နှင့် ထိုသူလျှိုများအားလုံးကို လဲလှယ်ရန် သူတို့အဆင်သင့်ရှိပါသည်ဟုဆိုလေသည်။


ဒေါက်တာ မောရစ်ကတ်ခ်ဆိုသူပြင်သစ်ဆရာဝန်ကြီးတစ်ဦးသည် လွန်ခဲ့သော လပေါင်းအနည်းငယ်ကပြင်သစ်နိုင်ငံမြောက်ပိုင်းရိ ှနွေလီတွင်ရှိသော အမေရိကန်ဆေးရုံတွင် သမ္မတ အယ်လ်ဟာဖက်ဇ်အားအလွန်ခက်ခဲသော ကျောက်ကပ်ခွဲစိပ်ကုသမှုပြုလုပ်ပေးခဲ့ပါသည်။ သူသည် ဆီးရီးယားသမ္မတကြီးထံသို့ အောက်ပါအတိုင်း စာရေးခဲ့လေသည်။

"သမ္မတကြီး၏အသက်ကို ကျွန်တော်ကယ်ခဲ့ခြင်းကိုထောက်ထား၍ အလီကိုဟင်၏ အသက်ကိုသက်ညှာပါရန် ကျွန်တော်တောင်းပန်ပါသည်။"

အရှေ့အုပ်စုနိုင်ငံများမှလည်း ဒမတ်စကတ်သို့ တိုးတိုးတိတ်တိတ်ချဉ်းကပ်ပြီး ဆင်ဆင်ခြင်ခြင်လုပ်ပါရန် တောင်းပန်ခဲ့လေသည်။

သို့သော်လည်း ဒမတ်စကတ်သည် တစ်ကမ္ဘာလုံး၏တောင်းပန်မှုကို နားမထောင်တော့ပါ။ဗိုလ်ချုပ်အယ်လ်ဟာဖက်ဇ်သည် ကိုဟင်အား သေဒဏ်ချရန် နောက်ဆုံးအမိန့်ပေးခါနီးတွင် ချီတုံချတုံဖြစ်နေခဲ့ကြောင်း သာဓကများ ရှိခဲ့ပါသည်။ ယဉ်ကျေးသော လူသားကမ္ဘာ၏အမြင်တွင် သူ့တိုင်းပြည်၏ဂုဏ်သတင်းညှိုးနွမ်းစေအောင် သူလုပ်နေကြောင်း ကောင်းစွာ သိရှိပါသည်။ သို့ရာတွင် သူသည် သူ၏ပတ်ဝန်းကျင်တွင်အားပြိုင်နေကြသော နိုင်ငံရေးအားစမ်းပွဲဂယက်၏ ရိုက်ခတ်သောဒဏ်ကို ခံနေရပါသည်။

ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် သမ္မတကြီးဘက်က အားနည်းသည့်ပျော့ကွက်အရိပ်အယောင်ပေါ်ပေါက်လာပါက ထိုပျော့ကွက်ကိုနင်းလျက် အာဏာသိမ်းပွဲတစ်ရပ်ဆင်နွှဲရန်စောင့်ဆိုင်းနေသည်မှာထင်ရှားပါသည်။


ဆီးရီးယားတို့၏စိတ်ထဲဝယ် သူလျှိုအား ကလဲ့စားချေလိုသည့်စိတ်ပြင်းထန်နေသည်မှာလည်းအရေးကြီးသော အကြောင်းတစ်ရပ်ဖြစ်နေလေသည်။ ထိုအချက်ဖြစ်ပေါ်ရသောအကြောင်းကိုလည်းနားလည်နိုင်ပါသည်။ အလီကိုဟင်သည် ဆီးရီးယားနိုင်ငံအား ကြောက်မက်ဖွယ်ကောင်းလောက်အောင်နစ်နာဆုံးရှုံးမှုကြီးကိုပြုလုပ်ခဲ့သည်။ ဆီးရီးယားအစိုးရ၏ အစ္စရေး ချေမှုန်းရေးစီမံကိန်းများကိုအင်တိုက်အားတိုက် ဖျက်ဆီးဖြိုခွင်းခဲ့သည်။

ဥပမာပြရသော် ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ၊ လွန်ခဲ့သော ခြောက်လခန့်က ဖြစ်သည်။ အစ္စရေးတို့၏အမြောက်လက်နက်ကြီးများနှင့်မော်တာများသည် ဂျော်ဒန်မြစ်ရေလွှဲပြောင်းရေး စီမံကိန်း၏လုပ်ငန်းနေရာကို တရစပ်ပစ်ခတ်ကြ၏။ အချိန်အနည်းငယ်မျှသာ ပစ်ခတ်ပြီး ရပ်သွားလေသည်။


ကမီးအာမင်တားဘက်စ်ပေးခဲ့သော အချက်အလက်များမှာ ပြည့်စုံတိကျလှသဖြင့် ဘူဒိုဇာအားလုံး၊ရေစုပ်စက်များထားသည့်စခန်းများနှင့် အခြားအဆောက်အအုံအားလုံး မိနစ်ပိုင်းအတွင်းမှာပင်တစ်စမကျန်ပြုတ်ပြုတ်ပြုန်းသွားလေသည်။ ရေလွှဲပြောင်းရေးလုပ်ငန်းတစ်ခုလုံးကိုစွန့်လွှတ်ခဲ့ရပြီးယူဂိုဆလပ်အင်ဂျင်နီယာများလည်း ပြန်သွားကြရသည်။

ယခုမူ ဤဆုံးရှုံးမှုကြီးတစ်ခုလုံးအတွက် တာဝန်ရှိသူမှာ အလီကိုဟင်ဖြစ်ကြောင်း ဒမတ်စကတ်မှအာဏာပိုင်များက ထင်ထင်ရှားရှား သိလာကြပါသည်။

မည်သို့ပင်ဆိုစေ အစ္စရေးတို့သည် သူတို့၏ သူလျှိုထိပ်သီးအား သေဘေးမှကယ်တင်ရန်နောက်ဆုံးကြိုးပမ်းချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသေးသည်။ သမ္မတ အယ်လ်ဟာဖက်ဇ်နှင့်ရင်းနှီးသော


မိတ်ဆွေလည်းဖြစ်ပြီး ဆီးရီးယားအမျိုးသမီးတစ်ဦးကိုလက်ထပ်ထားသည့် ပြင်သစ်တပ်မတော်မှအရာရှိကြီးတစ်ဦးသည် ဒမတ်ကစတ်သို့ရောက်လာခဲ့သည်။ သူသည် အလီကိုဟင်၏အသက်ကို ငွေကြေးဖြင့်ဝယ်ယူရန်ဖြစ်ပါသည်။သူတို့အိပ်ထဲတွင် ဒေါ်လာ တစ်သန်းတန်ချက်လက်မှတ်တစ်စောင်နှင့် ဆီးရီးယား လူထုအတွက်လယ်ထွန်စက်များ၊ ဘူဒိုဇာများ၊ ဆေးပစ္စည်းအသုံးအဆောင်များ၊လူနာတင်ကားများ ပေးကမ်းတင်ပို့ပေးပါမည်ဟု ဝန်ခံကတိပြုထားသော စာတစ်စောင်လည်းပါလာသည်။ လိုအပ်ပါက သူသည် သာမန်ဆီးရီယားပြည်သူလူထုအတွက်အသုံးဝင်မည့် စစ်လက်နက်ပစ္စည်းမဟုတ်သော ပစ္စည်းများကို တိုးမြှင့်ပေးကမ်းဦးမည်ဖြစ်သည်။

ဤသို့ကမ်းလှမ်းချက်ကို မော့ဆက်အဖွဲ့ကြီးက နောက်ပိုင်းမှပြုလုပ်ခဲ့ခြင်းမှာထင်ရှားပါသည်။ မော့ဆက်ထောက်လှမ်းရေးအဖွဲ့သည်၎င်း၏ 'သူလျှိုများအား အသုံးပြုပြီးနောက် အစတေးမခံ'ဟူသော ယုံကြည်ချက်အတိုင်း ပြုမူဆောင်ရွက်ခဲ့ပါသည်။ သမ္မတ အယ်လ်ဟာဖက်ဇ်သည် ပြင်သစ်တပ်မတော်မှအရာရှိကြီးအား လက်ခံ၍ မတွေ့ဆုံခဲ့ချေ။

ဤသို့ကြိုးပမ်းချက်များ မအောင်မြင်သောအခါ အစ္စရေးနိုင်ငံအတွင်းတွင် သြဇာတိက္ကမရှိသူများကစစ်ရေးအရဖြေရှင်းရန် အကြံပြုလာကြလေသည်။စစ်လိုလားသူသိန်းငှက်များက သံတမန်နည်းအရ ကြိုးပမ်းဖြေရှင်းချက်များသည် အောင်မြင်မည်

မဟုတ်ကြောင်း ပြောဆိုကြသည်။ ဆီးရီးယားတို့၏ စစ်စခန်းများကို စစ်ရေးအရ ထိထိရောက်ရောက်ထိုးနှက်တိုက်ခိုက်သင့်ကြောင်း၊ ဆီးရီးယား ခေါင်းဆောင်ပိုင်းအချို့ကိုပြန်ပေးဆွဲ၍ ကိုဟင်၏အသက်နှင့်ပြန်လဲလှယ်လျှင်ရနိုင်ကြောင်း တင်ပြကြသည်။

အစ္စရေးအစိုးရက ဤသို့တင်ပြချက်များကိုပယ်ချခဲ့ပါသည်။

မေလ(၁၇)ရက်နေ့ည(၁ဝ)နာရီတွင် ဒမတ်စကတ်ရေဒီယိုက သေဒဏ်ပေးထားသော ကိုဟင်အားအယ်လ်မာဂါရင်ပြင်အတွင်းတွင် မကြာမီကြိုးပေးသတ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


အယ်လ်မာဂါကို အာဇာနည်ရင်ပြင်ဟုခေါ်ပြီး ရှေးအခါကပင် ကြိုးစင်တင်လေ့ရှိသောနေရာဖြစ်လေသည်။

နောက်ဆုံးအနေနှင့်ကြိုးပမ်းအားထုတ်မှုများ ပဲရစ်မြို့တော်တွင်မနားမနေ ပြုလုပ်ခဲ့ကြပါသည်။ပုပ်ရဟန်းမင်းကြီးနေထိုင်ရာ ဗာတီကန်သို့ တယ်လီဖုန်းဖြင့်လှမ်းအကြောင်းကြားလိုက်ရာဂိုဏ်းအုပ်ကြီးတစ်ဦးက ပုပ်ရဟန်းမင်းကြီးအား အိပ်ရာမှနှိုး၍ အစီအရင်ခံပြီး ဒမတ်စကတ်သို့မေတ္တာရပ်ခံစေမည်ဟု ကတိပေးလေသည်။ပြင်သစ်ဝန်ကြီးချုပ် ဂျော့ပွန်ပီဒူသည်လည်း သမ္မတကြီး ဒီဂေါလ်အားနှိုး၍ ပြောရန် နောက်မတွန့်ခဲ့ရှာချေ။

မည်သို့ပင်ဆိုစေ ကြိုးပမ်းချက်များအားလုံး အချည်းနှီး ဖြစ်ကြလေသည်။


မေလ(၁၈)ရက်နေ့နံနက်(၂)နာရီထိုးပြီးသည်နှင့် ဒမတ်စကတ်ရှိ အယ်လ်မာဇာ အကျဉ်းထောင်ကြီး၏ခိုင်ခံ့သောတံခါးမကြီး(၂)ချပ်သည် ရုတ်တရက်ပွင့်လာကာ ခြံထဲရှိစစ်ကားကြီးနှစ်စင်းသည်အကျဉ်းသားတစ်ဦးကိုဝန်းရံထားသော လက်နက်ကိုင်အစောင့်စစ်သား(၄)ဦးအား ရှေ့မီးများနှင့်ထိုးပြထားသည်။

အလီကိုဟင်သည် သူ့အားစောင့်နေသော အလုံပိတ်ကားဆီသို့ လျှောက်လှမ်း၍လာလေရာ ဒယိမ်းဒယိုင်ဖြစ်သွားပြီး လဲကျသွားရှာသည်။ သူ၏အစောင့်များက သူ့ကိုတွန်း၍တစ်မျိုး ဆွဲ၍တစ်ဖုံ ကားဆီသို့ပို့ကြလေသည်။

အလီကိုဟင်သည် အဆက်မပြတ်နှိပ်စက်ညှင်းပန်းမှုဒဏ်ကိုခံစားခဲ့ရသဖြင့် အားအင်ကုန်ခန်းကာလမ်းကောင်းကောင်း မလျှောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။


သေဒဏ်ကျခံထားရသောသူ့အား သူ့ဘဝ၏ နောက်ဆုံးမိနစ်ပိုင်းများတွင်နှစ်သိမ့်မှုပေးရန်ဆီးရီးယားနိုင်ငံ၏ ဂျူးဘာသာရေး ဂိုဏ်းချုပ်ကြီးဖြစ်သော အသက်(၈ဝ) ရှိနေပြီဖြစ်သည့်မီဆင်အင်ဒါဘိုသည် အလီကိုဟင်ကိုလာရောက်တွေ့ဆုံသည်။ မုတ်ဆိတ်မွှေးပင်ဖြူနေပြီဖြစ်သောဂိုဏ်းချုပ်ကြီးသည်သူ၏ ဝမ်းနည်းမှုကိုမချုပ်တည်းနိုင်သဖြင့် လူအများရှေ့မှာပင်ငိုကြွေးခဲ့ရှာသည်။

အလီကိုဟင်သည် သူ့အား ဝမ်းနည်းကြေကွဲမှုကိုချုပ်တီးရန် ပြန်လည်ဖြေသိမ့်သွားရှာပါသည်။

ထိုအဖြစ်ပျက်မတိုင်မီက အကျဉ်းသားသည် ဂျူးဘာသာရေးထုံးစံအရ သေအံ့မူးမူးလူများရွတ်ဆိုရသော ဆုတောင်းစာကိုရွတ်ဆိုခဲ့လေသည်။

"အဖဘုရားသခင်၊ သားတော်၏အပြစ်များနှင့်ကျူးလွန်ဖောက်ဖျက်ခဲ့မှုများအတွက် သားတော်အားခွင့်လွှတ်ပါ"


ကိုဟင်နှင့်ဂိုဏ်းချုပ်ကြီး(၂)ဦးသည် အတူတကွဆုတောင်း ပတ္ထနာပြုကြပါသည်။


ဗိုလ်မှူးကြီး ဆိုဝေဒါနီကိုယ်တိုင်ကြီးကြပ်အုပ်ချုပ်လိုက်ပါလျက် စစ်ကားများ ရှေ့နောက်ဝန်းရံလာသော အလုံပိတ်ကားကလေးသည် အယ်လ်မာဂါရင်ပြင်သို့ အပြင်းမောင်းထွက်ခဲ့ပါသည်။


အလီကိုဟင်က သူတို့၏ ကားတန်းသည်မည်သည့်နေရာသို့ ရှေ့ရှုသွားနေသည်ကို သိရှိပါသည်။ သူ့အား ကြိုးပေးသတ်ဖြတ်ခြင်းကို ဆီးရီးယား လူထုအမြောက်အမြား ကြည့်ရှုကြရမည်ဖြစ်ပြီး သူ၏အလောင်းကို လူတကာကြည့်နိုင်ရန် တွဲလောင်း ဆွဲထားဦးမည်ဖြစ်ကြောင်း ကိုဟင်နားလည်ပါသည်။


အလီကိုဟင်မသိခဲ့သော အချက်တစ်ချက်မှာ သူ၏အသက်ကိုကယ်တင်ရန် တစ်ကမ္ဘာလုံးကဝိုင်းဝန်းကြိုးစားခဲ့သည်ဆိုသော အချက်ဖြစ်လေသည်။ ဤကိစ္စကိုသူ့အားပြောပြရန် မည်သူ့ကိုမျှခွင့်မပြုခဲ့ကြပါ။ ပြင်သစ်ရှေ့နေကြီး ဂျက်ကွက်စ်မာစီရေးက နောင်သော်ဤသို့ပြောကြားခဲ့ပါသည်။


"ကြိုးစင်ပေါ်ကိုသူတက်သွားတော့ သူ့မျက်နှာကိုကြည့်ရတာ ဘယ်သူမှ သူ့ကိုမကယ်ဘဲစွန့်ပစ်ထားကြတယ်လို့ သူထင်မှတ်နေတာ သိသာနေပါတယ်။"


သို့ရာတွင် သူသေရမည့်နေရာသို့ ကားဖြင့်မောင်းလာကြစဉ် အလီကိုဟင်သည် မုန်းတီးစိတ်ကိုလုံးဝ ပြသခဲ့ခြင်း မရှိပါ။ သူသည် ဂျူးဂိုဏ်းချုပ်ကြီးအား " ကျွန်တော်ဘယ်သူ့ကိုမှ အာဃာတ မထားခဲ့ပါဘူး " ဟုပြောသွားရှာလေသည်။


ထိုနေ့ညနေပိုင်းတွင် အလီကိုဟင်၏ နောက်ဆုံး မေတ္တာရပ်ခံချက်ကို သက်ဆိုင်ရာတို့ကခွင့်ပြုခဲ့ကြပါသည်။ သူတို့က အလီကိုဟင်အား သူ၏ ချစ်ဇနီး နာဒီယာထံသို့နှုတ်ဆက်စာ ရေးခွင့်ပေးခဲ့ခြင်း ဖြစ်သည်။


အယ်လ်မာဂါရင်ပြင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော အမြင်အားဖြင့် တိတ်ဆိတ်ကြောက်မက်ဖွယ်ကောင်းသည့်ရဲဌာနထဲမှအခန်းကျဉ်းကလေးထဲသို့ ကိုဟင်အား ဆွဲခေါ်သွားကြပြီးစားပွဲလေးတစ်လုံးတွင်ထိုင်ခိုင်းပါသည်။ ထိုစားပွဲတွင် ကိုဟင်သည်သူ၏စာကလေးကို ရေးသားခဲ့ရှာသည်။ သက်ဆိုင်ရာတို့က သူ့အား ဟီးဘရူးဘာသာဖြင့်မရေးရဟုတားမြစ်သဖြင့် အာရပ်ဘာသာဖြင့်သာ စာကိုရေးသားခဲ့ပါသည်။

 

📃🖋....

ကိုယ်ချစ်သော ဇနီး နာဒီယာနဲ့ကိုယ်ချစ်သော သားသမီးများ သိသာရန်စာရေးခဲ့ပါတယ်။

မင်းတို့အားလုံး စည်းစည်းလုံးလုံး နေကြပါလို့ ဖေဖေ မှာခဲ့ချင်တယ်။ ကိုယ့်ကိုနာဒီယာခွင့်လွှတ်ပါလို့လည်း ကိုယ်တောင်းပန်ပါတယ်။ နာဒီယာရေ မင်းကိုယ်မင်းလည်း ဂရုစိုက်ပါ။ ပြီးတော့ကလေးတွေကိုလည်း လိမ်လိမ်မာမာနဲ့ကြီးပြင်းလာအောင်ဆုံးမပေးပါကွယ်။ မင်းကျန်းမာရေးကိုဂရုစိုက်ပါ။ ပြီးတော့ ကိုယ့်သားသမီးတွေမျက်နှာ မငယ်ရအောင်လည်း ထားပါနော်။ ကိုယ့်မိဘညီအစ်ကိုမောင်နှမတွေနဲ့လည်း မင်း ချစ်ချစ်ခင်ခင်နေပါ။ ကိုယ်မင်းကို နောက်အိမ်ထောင်ပြုစေချင်ပါတယ်။ ဒါမှကိုယ့်သားသမီးတွေ ဖတဆိုးဘဝကကင်းဝေးကြမှာပါကွယ်။ အဲဒီကိစ္စအတွက် ကိုယ်မင်းကို လုံးဝခွင့်လွှတ်ပါတယ်။ ကိုယ့်အတွက်မင်းတစ်ချိန်လုံး ငိုကြွေးပြီး အချိန်ကုန်မခံဖို့ ကိုယ်မှာချင်တယ်။ မင်းအတွက်ရယ်၊ ဆိုဖီ၊ အိရစ်၊ ရှောနဲ့ကိုယ့်မိသားစုအတွက် ကိုယ်ရဲ့ နောက်ဆုံး နှုတ်ဆက်အနမ်းတွေပေးပို့လိုက်ပါတယ်။

သွားလေသူကိုယ့်ဖခင်ကြီးနဲ့ ကိုယ့်ရဲ့ ဝိဉာဉ်အတွက် ဆုတောင်းပေးဖို့လည်း မင်းတို့မမေ့ပါနဲ့နော်။

မင်းတို့အားလုံးအတွက် ကိုယ့်ရဲ့ နောက်ဆုံး အနမ်းတွေထားခဲ့ပါတယ်။

   ......🖋


(အလီကိုဟင်)


18-5-1965


အနီးတွင်ရှိသော ဆီးရီးယားများက သူ့အား မတုန်မလှုပ်စောင့်ကြည့်နေစဉ်မှာပင် အလီကိုဟင်သည်သူ၏စာလေးကို ဂရုတစိုက်ပြန်ဖတ်လိုက်ပြီး သူ၏ အစောင့်များအား ပြလိုက်ပါသည်။


ထို့နောက် နောက်ထပ်စက္ကူတစ်ရွက်ယူပြီး ထိုစာအတိုင်း ပြန်ရေးပြန်သည်။ ဤအကြိမ်တွင်မူ သူသည် ပြင်သစ်ဘာသာဖြင့်ရေးသားလေသည်။ သူ၏ ဇနီးသည် သူ၏ နောက်ဆုံးအမှာစကားကိုအာရပ်ဘာသာဖြင့်ဖတ်ရှုရလျှင်ဟူသောအတွေးကို သူ့ခမျာ မတွေးရဲရှာခဲ့ချေ။


သူတို့သည် အယ်လ်မာဂါ ရင်ပြင်ထဲသို့လျှောက်လာကြသောအခါ ဂျူးဂိုဏ်းချုပ်ကြီးအန်ဒါတို့က နောက်ဆုံးဖြစ်သော ဆုတောင်းစာများကိုရွတ်ဆိုလိုက်ပါလေသည်။


သူ၏ အသံသည်တိမ်ဝင်သွားပြီး တဖြည်းဖြည်း ဝေး၍ ကျန်ခဲ့ပါသည်။ ဆီးရီးယားတို့သည်စိတ်မရှည်နိုင်တော့သဖြင့် အလီကိုဟင်အား တွန်းထုတ်လိုက်ကြသည်။


အယ်လ်မာဂါ ရင်ပြင်၏ အလယ်ဗဟိုနေရာကိုအလွန်ကြီးမားသော မီးလုံးကြီးများ ဖောင်ဖွဲ့၍ထွန်းညှိထိုးပြထားပါသည်။ ယောက်ျား၊ မိန်းမနှင့်ကလေး ထောင်ပေါင်းများစွာသည်ကြိုးပေးသတ်ဖြတ်ခြင်းကို မျက်မြင်ကြည့်ရှုရန် စုဝေးရောက်ရှိနေကြပါသည်။


လွန်ခဲ့သော နာရီအနည်းငယ်က ဒမတ်စကတ်ရေဒီယိုမှကြေညာသွာခဲ့သဖြင့် မြို့၏ နေရာအသီးသီးမှလူထုသည် ဤနေရာသို့ တဖွဲဖွဲရောက်ရှိလာခြင်း ဖြစ်လေသည်။ မြို့ဟောင်းကြီးတွင်နေထိုင်ကြသောဆီးရီးယားလူဆင်းရဲများသည်လည်းကောင်း၊ ခေတ်မီသော လူနေရပ်ကွက်များမှဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့်မြို့သူမြို့သားများသည်လည်းကောင်း၊ အတူတကွစုဝေးရောက်ရှိနေကြပေပြီ။ မိန်းမအတော်များများမှာ အဖိုးတန်လက်ဝတ်ရတနာများနှင့် စျေးကြီးလှသော သားမွှေးကုတ်အင်္ကျီများ ဝတ်ဆင်ထားကြပါသည်။


ဘာသံမျှ မကြားရဘဲ ရင်ပြင်တစ်ခုလုံးတွင်ခြေထောက်ရှပ်တိုက်သံများမှလွဲလျှင်တိတ်ဆိတ်ငြိမ်သက်နေပါသည်။ လူထုကြီး၏ ရှေ့တွင်ရဲနှင့်စစ်တပ်အစောင့်များကတားဆီးထားလေသည်။ ထိုအစောင့်များသည် သံဆူးကြိုးများကို မျက်နှာမူကာ သတိအနေအထားဖြင့်ရပ်နေကြလေသည်။


မြောက်မြားလှစွာသော ထောက်လှမ်းရေးအဖွဲ့ဝင်အရာရှိများနှင့် အရပ်အရပ်စား ဝတ်ဆင်ထားသည့်စုံထောက်များကလည်း ထိုနေရာကိုဝိုင်းထားကြသည်။ စစ်သားများကလည်း နေရာတကာတွင်အဆင်သင့်စောင့်ကြပ်နေကြပါသည်။ အိမ်ခေါင်မိုးများ၊ ဟိုတယ်အပေါက်ဝများနှင့် မြေအောက်ရေမြောင်းများ၌ပင် စစ်သားများ စောင့်နေကြလေသည်။


ဆီးရီးယားတို့သည် အစ္စရေးတို့က လျှပ်တပြက်ကလဲ့စားချေ တိုက်ခိုက်မည်ကို စိုးရိမ်ကြပါသည်။


ကိုဟင်သည် သူ့ဘေးတွင်ညှပ်၍လိုက်ပါလာသည့်စစ်ဗိုလ်များ၏ ဖေးမမှုကိုမခံယူဘဲ သူသေရတော့မည့်နေရာဖြစ်သော ကြိုးစင်၏ သစ်သားလှေခါးထစ်များကိုလှမ်းတက်ခဲ့လေသည်။


အထူးတန်းနေရာတွင်နေရာချထားပေးခြင်းခံရသော သတင်းစာဆရာများနှင့် ရုပ်မြင်သံကြားရိုက်ကူးသူများက ကိုဟင်သည် ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်းတည်ငြိမ်အေးဆေးလှကြောင်း ရေးသားဖော်ပြကြသည်။

ဒမတ်စကတ်ဒေါက်ဖြုတ်သမားကြီး အဘူဆာလင်သည် လူ့ဘီလူးကြီးတစ်ယောက်နှင့်တူပြီးဝမ်းဗိုက်ကြီးမှာ ရွှဲနေ၍ ထူထပ်များပြားလှသော မုတ်ဆိတ်မွှေးကိုလည်း ပိုင်ဆိုင်လေသည်။ သူသည် ထုံးစံအတိုင်းဝတ်ရသည့် ဖျင်ကြမ်းပိတ်ဖြူကို အကျဉ်းသား၏ ကိုယ်ပေါ်တွင်ဝတ်ဆင်ပေးလိုက်သည်။သူသည် ရဲဌာနမှအထွက်တွင်ပြန်လည်တုတ်နှောင်ထားသော ကိုဟင်၏လက်မှကြိုးကို မဖြုတ်ပေးခဲ့ပါ။

ဒေါက်ဖြုတ်သမားကို ဆီးရီးယားလို မော်လင်မ်ဟူသော ဘွဲ့ပေးထားပြီး ကျွမ်းကျင်သူဆရာကြီးဟုအဓိပ္ပါယ်ရလေသည်။ မော်လင်မ်သည် သူဒေါက်ဖြုတ်ရမည့်သူ၏မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့်ဖုံးအုပ်ပေးလေသည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀)ခန့်က သူမြင်တွေ့ခဲ့ရသော အင်္ဂလိပ်ကိုလိုနီအရာရှိလော့ဒ်မွိုင်းသတ်မှုဖြင့် ကြိုးပေးခံရသည့်လူသတ်သမားနှစ်ဦးကဲ့သို့ကိုဟင်သည် ခေါင်းတစ်ချက်ခါပြလိုက်ကာ မျက်နှာဖုံးစွပ်ရန်ငြင်းဆန်ခဲ့ပါသည်။

သတင်းစာဆရာများက ကိုဟင် ဟီးဘရူးဘာသာဖြင့် ဆုတောင်းစာတစ်ခုရွတ်ဆိုသည်ကိုကြားလိုက်ရသည်။

ကြိုးစင်၏ တံခါးရွက်သည် ဒိုင်းကနဲ ပွင့်ကျသွားသည်။ အလီကိုဟင်၏ အသက်ဇီဝိန်သည်ချုပ်ငြိမ်းသွားလေသည်။


နံနက်၃ နာရီ၃၅ မိနစ်ရှိပေပြီ။

သေဒဏ်အမိန့်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အာရပ်ဘာသာဖြင့် ပုံနှိပ်ထားသောစာရွက်ကြီးတစ်ရွက်အား ကိုဟင်၏ ရုပ်အလောင်းပေါ်သို့ ဝတ်ရုံဖြူပေါ်၌ တွယ်အပ်နှင့်ချိတ်တွယ်ထားပါသည်။


နောက် (၆)နာရီကာလအတွင်းတွင် ဆီးရီးယားလူထုထောင်ပေါင်းများစွာသည် ကြိုးစင်တွင်တန်းလန်းဖြစ်နေသော ကိုဟင်၏ ရုပ်အလောင်းအား ကြည့်ရှုဖြတ်ကျော်ကာ ချီတက်သွားကြလေသည်။

ဒမတ်စကတ်ရုပ်မြင်သံကြားဌာနသည် ကြိုးပေးသည့်ရုပ်ရှင်သတင်းကားကို ထပ်တလဲလဲပြန်၍ပြသပေးပြီး နောက်ခံတေးအဖြစ် စစ်ချီသံများ တီးမှုတ်ပေးလေသည်။ နိုင်ငံအနှံ့အပြားတွင်လည်းအသံချဲ့စက်များနှင့် ကြိုးပေးသည့်အဖြစ်အပျက်ကို အသေးစိတ်ဖော်ပြကြေညာပေးလေသည်။


ထို့နောက် အာဏာပိုင်များသည် ကြိုးကိုဖြတ်၍ ကိုဟင်၏ရုပ်လောင်းကို ဒမတ်စကတ်ဂျူးသင်္ချိုင်းတွင်မြှုပ်နှံရန် တိတ်တဆိတ်သယ်ဆောင်သွားကြလေတော့သည်။


အစ္စရေးနိုင်ငံတွင်မူ ဂျူးဘာသာရေးအဆောက်အအုံအသီးသီး၌ ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်အဖြစ် ဆုတောင်းပွဲများ ပြုလုပ်ကြပါသည်။ အစ္စရေးတပ်မတော်၏ဂျူးဂိုဏ်းချုပ်ကြီးသည် နာဒီယာ၏ အိမ်ခန်းတွင် ဆုတောင်းပွဲတစ်ခုဦးဆောင်ပြုလုပ်ပေးရှာသည်။


ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ဘင်ဂူရီယန်သည် တဲလာဗီတွင်ပြုလုပ်သောကန့်ကွက်ချီတက်ပွဲ၌ ရှေ့ဆုံးတန်းမှလိုက်ပါ ဆန္ဒပြခဲ့ပါသည်။


အစ္စရေးနိုင်ငံ၏ မြို့အသီးသီးနှင့်လူနေရပ်ကွက်အသီးသီးတို့တွင် လမ်းများကို အလီကိုဟင်၏နာမည်ဖြင့် ပြန်လည်မှည့်ခေါ်ကြလေသည်။ တောအုပ်များနှင့်ပန်းခြံများကိုလည်း သူ့အားဂုဏ်ပြု၍နာမည်ပေးကြလေသည်။


ဒေါက်ဖြုတ်သမားက ခင်ပွန်း၏လည်ပင်းတွင် ကြိုးကွင်းစွပ်လိုက်ပုံကို နာဒီယာကိုဟင်သည်ရုပ်မြင်သံကြားမှတွေ့မြင်လိုက်ရသည်။ နာဒီယာသည် မိမိကိုယ်မိမိသတ်သေရန်ကြိုးစားခဲ့သည်။သို့သော် သူမအား ဆေးရုံသို့အချိန်မီတင်ပို့ပြီး အသက်ကိုကယ်တင်နိုင်ခဲ့ပါသည်။


နိုင်ငံခြားသတင်းထောက်များက နာဒီယာကိုဖြစ်ပျက်ခဲ့သမျှကိစ္စများအတွက်အစိုးရအပေါ် ကျေနပ်ပါသလားဟုမေးမြန်းကြလေရာ သူမက အောက်ပါအတိုင်း ခပ်တင်းတင်းပြန်ဖြေခဲ့လေသည်။


"ကျွန်မတို့အစိုးရဟာ သူလျှိုတွေလွှတ်ဖို့ဆိုရင် ဒီကမ္ဘာရှိတဲ့ ဘယ်အစိုးရနဲ့မှမတူအောင် အဘက်ဘက်ကကြိုးစားဆောင်ရွက်ခဲ့ပါတယ်ရှင်"


နာဒီယာသည် ကိုဟင်သူမထံသို့ရေးခဲ့သော နောက်ဆုံး စာကလေးကိုလက်ခံရရှိပြီးနောက်သူမှာကြားခဲ့သမျှအားလုံးကို လိုက်နာဆောင်ရွက်ခဲ့လေသည်။


သူမသည် နောက်အိမ်ထောင်ပြုပါဟူသောမှာကြားချက်ကိုမူ မလိုက်နာခဲ့ရှာချေ။ နာဒီယာသည် ကိုဟင်၏စာလေးကို ယနေ့တိုင်သိမ်းဆည်းထားပါသည်။


မော့ဆက်ထောက်လှမ်းရေးအဖွဲ့ဝင်များက သွားလေသူ သူတို့၏ရောင်းရင်းအတွက်သတိရလွမ်းဆွတ်သည့်အထိမ်းအမှတ်အဖြစ် အခမ်းအနားတစ်ခုပြုလုပ်ကြပါသည်။


ယင်းအခမ်းအနားတွင် အီဆာဟာရယ်၏ နေရာတွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် မကြာမီကမှခန့်အပ်ခံခဲ့ရသော မီယာအာမစ်သည် မိန့်ခွန်းတိုလေး တစ်ခုပြောကြားခဲ့လေသည်။


"ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးလုပ်ငန်းထဲက လူတွေမှာ သံယောဇဉ်တို့ အတွယ်အတာတို့ဖြစ်ပေါ်မိတဲ့အချိန်တွေရှိပါတယ်။ ကိုဟင်ကတော့သူ့မှာ သံယောဇဉ်တွေအတွယ်အတာတွေ

ရှိတယ်ဆိုတာ ဘယ်တော့မှလက်ခံတဲ့လူစားမဟုတ်ဘူး။ သူဟာ ဘာမဆိုအပြစ်ကင်းရမယ်။အကောင်းဆုံး ဖြစ်ရမယ်လို့ယုံကြည်တဲ့လူစားမျိုး အမှန်ဖြစ်ပါတယ်။ သူဟာအမြဲတမ်း ကောင်းသည်ထက်ကောင်းအောင် အလုပ်ကိုပိုမိုပြီး ကြိုးစားနေတဲ့လူပါပဲ။ သူဟာ သူများမလုပ်တဲ့အလုပ်ကို ရဲရဲဝံ့ဝံ့ လမ်းဆုံးရောက်အောင် လုပ်ကိုင်တတ်တဲ့ပုဂ္ဂိုလ်ပါပဲ...

"ကိုဟင်ဟာ ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်ရောင်းရင်းတွေထဲမှာ စွမ်းအားအရှိဆုံးနဲ့ အရည်အချင်းအရှိဆုံးသော လူသားတစ်ယောက်ဖြစ်ပါတယ်။ ။

Comments

Post a Comment