Eli Cohen အလီကိုဟင် (သို့မဟုတ်) သူလျှိုထိပ်သီး (အပိုင်း ၂)



၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့။


ဝန်ကြီးချုပ်ဒေးဗစ်ဘင်ဂူရီယန်သည် တဲလာဗီပြတိုက်ထဲတွင်မတ်တတ်ရပ်ပြီး အစ္စရေးနိုင်ငံတည်ထောင်ကြောင်း ကြေညာသည့်နေ့ဖြစ်သည်။


ထို့နေ့မှာပင်အာရပ်စုပေါင်းတပ်ဖွဲ့များက အစ္စရေးနိုင်ငံကိုဝိုင်းတိုက်ခိုက်ကြလေသည်။ အီဂျစ်နိုင်ငံရှိဂျူးများ၏ဘဝသည်လည်း ပိုမိုကြမ်းတမ်း ကျဉ်းမြောင်းလာသည်။


ဂျူးရာပေါင်းများစွာမှာ အကြောင်းတစ်စုံတရာမရှိဘဲအဖမ်းခံကြရသည်။ ဂျူးပိုင်ပစ္စည်းများလည်းသိမ်းပိုက်ခံကြရသည်။ ဂျူးတို့အပေါ် အခွန်အကောက်များ ကောက်ခံကြသည်။ အလုပ်အကိုင်အတော်များများမှာ အီဂျစ်လူမျိုးများသာလျှောက်ထားနိုင်သည်ဟုဖြစ်လာသည်။ ကိုဟင်သည်လည်းတက္ကသိုလ်မှမထွက်မဖြစ်သည့်အခြေအနေကြောင့် ထွက်ပေးလိုက်ရသည်။


ဂျူးတို့မှာ လမ်းပေါ်၌ပင် လူသိရှင်ကြား သတ်ဖြတ်ခံကြရသည်။ လုယက်တိုက်ခိုက်မှုခံကြရသည်။ အီဂျစ်အာဏာပိုင်တို့က မသိချင်ယောင်ဆောင်နေကြပါသည်။ အာဏာပိုင်များက ဂျူးများသည်အီဂျစ်နိုင်ငံအပေါ်သစ္စာရှိကြောင်း ပြသရမည်ဟုပြောကြပြန်သည်။ အမှန်စင်စစ်အီဂျစ်တို့၏စစ်စရိတ်အတွက် ဂျူးတို့ထောက်ပံ့ပေးလှူခဲ့သည့်တန်ဖိုးအရပ်ရပ်ဖြင့်ပင်တွက်ကြည့်လျှင် ဂျူးတို့၏သစ္စာစောင့်မူသည် အီဂျစ်တို့ထက်ပင်သာနေပါသည်။


အစ္စရေးတို့ စစ်ပွဲကိုအောင်မြင်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဇူလိုင်လတွင်နောက်ဆုံးသဘောတူညီချက်စာချုပ်ရေးထိုးခဲ့ကြသည်။ အစ္စရေးတို့စစ်နိုင်ခြင်းကြောင့် အီဂျစ်နိုင်ငံအတွင်းရှိဂျူးများ ဒုက္ခပိုမိုတွေ့ကြုံကြရသည်။ အီဂျစ်သည် အပစ်အခတ်ရပ်စဲရေးကို ပထမဆုံး စတင်လက်မှတ်ရေးထိုးသောနိုင်ငံဖြစ်သည်။ ဝိုင်းဝန်းပိတ်ဆို့ခံနေရသော အီဂျစ်တပ်ဖွဲ့များကို အစ္စရေးတို့က ဖွင့်ပေးပြီး တပ်ဆုတ်သွားစေခဲ့သည်။ ထိုသို့တပ်ရုပ်သည့်အထဲတွင် (နောင်တွင်အီဂျစ်သမ္မတဖြစ်လာမည့်သူ) အဗ္ဗဒူနတ်ဆာ အမည်ရှိ တပ်မှူးတစ်ဦးလည်း ပါဝင်ခဲ့လေသည်။


အီဂျစ်တို့စစ်ရှုံးသဖြင့် ၎င်းတို့၏ နိုင်ငံအတွင်းရှိဂျူးလူထုအပေါ် အကြမ်းဖက်မှုအမျိုးမျိုး ပြုလုပ်ခဲ့သည်။ ဂျူးထောင်ပေါင်းများစွာ အသတ်ခံရပြီး ၎င်းတို့၏အိုးအိမ်ပစ္စည်းများ ဖျက်ဆီးခံကြရသည်။ ကြိုးပမ်းချက်များ ခါတိုင်းထက်တိုးပွားများပြားလာပြန်သည်။ ထို့ကြောင့်ဂျူးများ အီဂျစ်နိုင်ငံအတွင်းမှခိုးထွက်ရန်များပြားလာသည်။


၁၉၅ဝ ခုနှစ်တွင် ကိုဟင်၏မိသားစုသည်ပါလက်စတိုင်းဒေသသို့ထွက်ခဲ့သည်။ သူသည် မိသားစုအတွက်ခရီးသွားရန်ကိစ္စအဝဝနှင့် လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပေးခဲ့သည်။ သူမလိုက်လိုကြောင်း မိဘများအား ငြင်းဆန်လိုက်သော်လည်း ကိုဟင်သည် မကြာမီပါလက်စတိုင်းသို့လိုက်ခဲ့ပါမည်ဟု ကတိပေးလိုက်သည်။ ထိုနေ့မှစ၍ ကိုဟင်တစ်ယောက်မိသားစုနှင့်မတွေ့ရဘဲ (၆)နှစ်ကြာ ကွဲကွားသွားခဲ့ရသည်။


တက္ကသိုလ်အာဏာပိုင်များက ဆန့်ကျင်ကန့်ကွက်မှုများလုပ်နေသည့်ကြားက ကိုဟင်သည် ဖာရောက်ဘုရင့်တက္ကသိုလ်ဝင်ရန် စာရင်းသွားသွင်းပြန်သည်။ ပညာဆုံးခန်းတိုင်လိုက်ရန်လည်း သူသန္နိဋ္ဌာန်ချထားပြီး ဖြစ်သည်။ ကိုဟင်ဝင်ခွင့်ရသော်လည်း သိပ်မကြာမီအထုတ်ခံရပြန်သည်။ပြန်လမ်းမရှိသောပုံစံဖြင့်ကျောင်းထုတ်ခံရပြီးသောအခါ ကိုဟင်သည် ရရာအလုပ်မျိုးမျိုးကို လုပ်ခဲ့ရှာသည်။ တချိန်တည်းမှာပင် သူသည်ဂျူးတို့ပါလက်စတိုင်းဒေသသို့ပြောင်းရွှေ့နေထိုင်ရန် စိတ်ရောကိုယ်ပါ ကူညီလုပ်ဆောင်ပေးခဲ့သည်။ ၁၉၄၈ ခုနှစ် စစ်ကြီးဖြစ်သည့်ကာလအထိ အီဂျစ်တွင်နေထိုင်ခဲ့ကြသော ဂျူး(၃)သိန်းမှာ ၁၉၅၁ ခုနှစ်၌ သုံးပုံတစ်ပုံသာ ကျန်ရစ်လေတော့သည်။


ထိုနှစ်တွင် အစ္စရေးမှထိပ်တန်းသူလျှိုတစ်ဦးသည် သူလျှိုလုပ်ငန်းနှင့်ဂျူးခိုးထုတ်ရေးကိစ္စများကူညီလုပ်ဆောင်ရန်အီဂျစ်သို့ရောက်လာသည်။ ထိုသူ၏ နာမည်မှာ အဗရာဟမ်ဒါ ဖြစ်ပြီး သူသည် ဂျွန်ဒါလင်အမည်ဖြင့်လှုပ်ရှားခဲ့သည်။ သူ၏ ပထမဦးဆုံးအလုပ်မှာ အရေးကြီးသောသူလျှိုလုပ်ငန်းများပြုလုပ်ရန် ဒေါင်ဒေါင်မြည်အီဂျစ်ဂျူးလူငယ်များ စုဆောင်းရန်ဖြစ်သည်။ သဘာဝအတိုင်းပင် ပထမဆုံးစုဆောင်းရမိသည့်လူငယ်များထဲတွင် ကိုဟင်တစ်ယောက်ပါလာသည်။ နောက်တစ်ယောက်မှာ အသက်(၂၄)နှစ်သာ ရှိသေးသော မာဆလီနီနီရိုအမည်ရှိ အိုလံပစ်အားကစားမယ်တစ်ဦး ဖြစ်သည်။ မာဆလီသည် အီဂျစ်လူချမ်းသာများကပေးသော ပါတီပွဲများ၌ သူမနှင့်တွေ့ဆုံသည့် အီဂျစ်အရာရှိကြီးများနှင့် အကျွမ်းတဝင်ရှိသည်။ မာဆလီနှင့် အဗရာဟမ်ဒါးတို့ ချစ်ကျွမ်းဝင်သွားကြပြီး မာဆလီသည် သူမချစ်သူ၏ တာဝန်ဖြစ်သော သူလျှိုစုဆောင်းရေးလုပ်ငန်းတွင် အကူအညီပေးခဲ့လေသည်။


သူတို့သည် ကိုဟင်အပါအဝင် အီဂျစ်ဂျူးလူငယ် (၅)ယောက်ကို အစ္စရေးသို့ပို့လိုက်ပြီး ထောက်လှမ်းရေးနှင့်ဖျက်ဆီးရေး အခြေခံပညာများ အပူတပြင်း သင်ကြားခိုင်းလိုက်သည်။ ကိုဟင်တို့ကို ထိုနေရာတွင် (၃)လ အပြင်လူနှင့်တွေ့ခွင့်မပေးခဲ့ပါ။ သင်တန်းဆရာများနှင့်သာ ပို့ချသင်ကြားပြီးသည်နှင့် သူတို့ကိုအီဂျစ်သို့ပြန်ပို့လိုက်လေသည်။ အီဂျစ်သို့ပြန်ရောက်သောအခါ သူတို့သည်အတွေ့အကြုံကြွယ်ဝသော ကပ္ပတိန်မတ်က်ဘင်းနက်ဆိုသူ သူလျှို၏လက်အောက်တွင် လုပ်ကိုင်ရသည်။ ဘင်းနက်သည် ဂျာမဏီနိုင်ငံ ကိုလုံးတွင်ဖွားမြင်ပြီး သူ၏ဥပဓိရုပ်မှာ အားယန်းမျိုးနွယ်ဖြစ်သော ဂျာမန်မျက်နှာပေါက်အတိုင်း ဖြစ်သည်။ ဘင်းနက်သည် ဂျူးတစ်ယောက်လို ငယ်စဉ်ကပင် ရွှေပန်းထိပ်အရေခွံခွာခြင်းမပြုလုပ်ရသေးပါ။ သူ၏မိဘများ ပါလက်စတိုင်းသို့ပြောင်းရွှေ့လာသောအခါ လူပျိုပေါက်သာရှိသေးသော ဘင်းနက်သည် ဂျူးတပ်မတော် ဟာဂါနာထဲသို့ဝင်လိုက်သည်။ ဘင်းနက်သည် ပါလက်စတိုင်းတွင်သူလျှိုလုပ်ငန်းများ အခြေခံသင်တန်းများ သင်ကြားပြီး အီရတ်နိုင်ငံသို့သွားရောက်၍ ဂျူးများခိုးထုတ်ရေးတွင် ကူညီဆောင်ရွက်ခဲ့သည်။


အီရတ်တန်ပြန်ထောက်လှမ်းရေးသမားများက သူ၏ ဇာတိရုပ်အမှန်ကိုသိရှိသွားကြသောအခါဘင်းနက်တစ်ယောက် အသက်ဘေးမှသီသီကလေး ထွက်ပြေးလွတ်မြောက်သွားခဲ့ရလေသည်။ဘင်းနက်သည် ဂျာမဏီတွင် နာမည်တစ်ခုနှင့်ပေါ်ပေါက်ခဲ့ပြီး အီဂျစ်သို့ရောက်လာခဲ့ပြန်သည်။ ထိုစဉ်က သူ၏ နာမည်မှာ အီပီလ်ဝဒ်ဘိန်း ဖြစ်လေသည်။ သူသည်ခြေတုလက်တုရောင်းသူတစ်ဦးဖြစ်လာသည်။ သူသည်အီဂျစ်စစ်တပ်အတွက် ခြေတုလက်တုအမြောက်အမြား ရောင်းချပေးခဲ့သည်။ထိခိုက်ဒဏ်ရာရကြသော စစ်သားများအပေါ် ကြင်နာမှုထားသော ဘင်းနက်အား အီဂျစ်စစ်ဘက်အာဏာပိုင်များက လေးစားခင်မင်လာကြသည်။ သူတို့၏ ဘင်းနက်သည်သူတို့ပြောသမျှ အိတ်သွန်ဖာမှောက် မော့ဆက်ဌာချုပ်သို့သတင်းပေးပို့နေကြောင်း သူတို့မသိရှာကြပါ။


ဘင်းနက်သည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းပြောင်းလိုက်ရပြီး အီဂျစ်လူငယ်များ အစ္စရေးသင်တန်းမှပြန်ရောက်လာချိန်တွင် သူသည် အီဂျစ်ရှိ ဖိုဒ့်မော်တော်ကားကုမ္ပဏီတွင် အတိုင်ပင်ခံတစ်ဦး ဖြစ်နေပေသည်။


ပထမပိုင်းတွင် ဇီဇာကြောင်သော ဘင်းနက်သည် ဤလက်သင်တပည့်များနှင့် ခက်ခဲပြီးအန္တရာယ်ပြွမ်းသောကိစ္စရပ်များလုပ်ရသည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ငြင်းဆန်ခဲ့သည်။ သို့သော်လူငယ်(၅)ဦးကလည်း အကောင်းဆုံး အလုပ်လုပ်သွားကြသည်။ မော့ဆက်ဌာနချုပ်သို့ ပြန်လည်ပေးပို့နေသော စစ်သတင်းထောက်လှမ်းချက်များသည်မပြတ်ဝင်နေပြီး မျှော်လင့်ထားသည်ထက်ကောင်းမွန်နေပါသည်။ ဂိုရှင်စီမံချက်တည်းဟူသော ဂျူးခိုးထုတ်ရေးလုပ်ငန်းသည် ပါလက်စတိုင်းဒေသသို့ ဂျူးထောင်ပေါင်းများစွာ ပို့ပေးနိုင်ခဲ့ပါသည်။


ကိုဟင်သည် အဖွဲ့တွင်ရေဒီယိုအသံဖမ်းသူအဖြစ် လေ့ကျင့်သင်ကြားခဲ့ရပြီး သူ၏တာဝန်ကိုသေသေသပ်သပ်ဆောင်ရွက်ခဲ့လေသည်။ သူသတင်းဖမ်း သတင်းပို့လုပ်ပြီဆိုလျှင် မည်သည့်အခါမျှ နှစ်ခါပြန်မလုပ်ရပါ။ မော့ဆက်ဌာနချုပ်က သူနှင့်သူ့အဖွဲ့သားများအား ချီးကျူးစကား မကြာခဏပြောကြရသည်။


ထိုအချိန်၌ အီဂျစ်နိုင်ငံအတွင်းတွင် နိုင်ငံရေးအခြအနေများ ပြောင်းလဲခဲ့သည်။ ထိုအခြေအနေကြောင့် သူတို့လူစုအောင်မြင်စွာ လုပ်ဆောင်နေသော သူလျှိုလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရလေသည်။


၁၉၅၂ ခုနှစ်ဇူလိုင်လတွင် ဗိုလ်ချုပ်မိုဟာမက်နီဂွဒ်ဘ်ဦးဆောင်ပြီး စစ်တပ်အာဏာသိမ်းပိုက်ခဲ့သည်။ ဖာရောက်ဘုရင်ကိုဖြုတ်ချပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ပယ်ဖျက်လိုက်ပြီး အီဂျစ်သမ္မတနိုင်ငံတည်ထောင်လိုက်လေသည်။ အစိုးရသစ်သည် အစ္စရေးဆန့်ကျင်ရေးဝါဒများကို ဆက်လက်အကောင်အထည်ဖော်လုပ်ကိုင်ခဲ့သည်။ အီဂျစ်နိုင်ငံသည် အစ္စရေးနိုင်ငံသို့သွားသော (သို့မဟုတ်) အီဂျစ်နိုင်ငံမှလာသော သင်္ဘောများကိုလည်း စူးအက်တူးမြောင်းမှနေ၍ တားမြစ်ပိတ်ဆို့လိုက်သည်။ အစ္စရေးလူမျိုးများအပေါ်ပြုလုပ်သော အကြမ်းဖက်တိုက်ခိုက်ခြင်းများကိုလည်း လုပ်ကိုင်ခဲ့သည်။


ထိုအချိန်၌ ဖြစ်ပေါ်နေသော နိုင်ငံတကာအရေးအခင်းများသည်လည်း အစ္စရေးတို့ကိုစိုးရိမ်စေသည်။ ၁၉၅၄ ခုနှစ်ဆောင်းရာသီတွင်ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒူနတ်ဆာသည် ဗိုလ်ချုပ်နီဂွဒ်ဘ်ထံမှ အာဏာတဆင့်ပြန်သိမ်းသည်။ ထိုနောက်တွင်အမေရိကန်နှင့် ဗြိတိသျှတို့သည် အီဂျစ်နိုင်ငံနှင့်ချစ်ကြည်ရေး ပိုမိုရရှိလာပြန်သည်။


ဗြိတိသျှတို့က စူးအက်တူးမြောင်းဒေသတွင်ချထားသော ၎င်းတို့၏တပ်များကို ရုပ်သိမ်းပေးရန် သဘောတူသည်။ ထို့ကြောင့် အစ္စရေးသင်္ဘောများ သွားလာရေး ရေကြောင်းပိတ်ဆို့မှုမှာ အဘက်ဘက်မှပြည့်စုံသွားတော့သည်။ ထို့ပြင်ဗြိတိသျှတို့သည် အီဂျစ်လေတပ်မတော်အတွက် လေယာဉ်အသစ်များပေးရန်သဘောတူခဲ့သည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး ဒါးလက်စ်ကလည်း သမ္မတ အိုက်ဆင်ဟောင်ဝါအား အာရပ်တို့ကိုထောက်ခံသော ဝါဒကိုလိုက်နာရန် တိုက်တွန်းနေပြန်သည်။


ထိုအချိန်က အစ္စရေး စစ်ဘက်ထောက်လှမ်းရေး တာဝန်ခံသည် ဗိုလ်မှူးကြီး ဘင်ဂျမင်ဂီဘလီဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်က မီယာ တိုဘီယန်းစကီးအား စစ်ဆေးသည့်စစ်ခုံရုံးအဖွဲ့ဝင်တရားသူကြီးဖြစ်ခဲ့သည်။ အီဂျစ်နှင့်အနောက်နိုင်ငံများ၏ ဆက်ဆံရေးပြောင်းလဲလာမှုများသည်အစ္စရေးနိုင်ငံအား ခြိမ်းခြောက်နေသည်ဟု ဂီဘလီယုံကြည်ခဲ့သည်။ အစ္စရေးနိုင်ငံရင်ဆိုင်နေရသည့်ခြိမ်းခြောက်မှုကိုတွန်းလှန်ရာ၌ သာမန်သံတမန်နည်းပရိယာယ်များနှင့်မလုံလောက်ဟု ဂီဘလီကတထစ်ချမှတ်ယူထားသဖြင့် လက်တွေ့ဆောင်ရွက်ရန်စီမံကိန်းကို ကိုယ်တိုင်ရေးဆွဲခဲ့လေသည်။


ဂီဘလီ၏ စီမံကိန်းသည်ရိုးရိုးကလေးပင်ဖြစ်သည်။ သို့သော်ရက်စက်ကြမ်းတမ်းပြီး တရားဥပဒေနှင့်လုံးဝမကိုက်ညီသော စီမံကိန်း ဖြစ်သည်။ အီဂျစ်တွင်ရှိနေသော မော့ဆက်အဖွဲ့ဝင်များကိုတာဝန်ပေးပြီး ကိုင်ရိုနှင့်အလက်ဇနြ္ဒီးယားမြို့များရှိ အမေရိကန်နှင့်ဗြိတိသျှပိုင်အဆောက်အအုံနှင့် စခန်းများကိုဖောက်ခွဲပစ်မည်ဖြစ်သည်။ ထိုနောက်ဤသို့သော အကြမ်းဖက်မှုများသည် ကွန်မြူနစ်များနှင့်မူဆလင်အစွန်းထွက်သမားများ၏လက်ချက်များဟုထင်မှတ်စေပြီး ဝါရှင်တန်နှင့်လန်ဒန်အစိုးရပိုင်းတွင် အီဂျစ်ဆန့်ကျင်ရေးဝါဒများ ပေါ်ပေါက်လာစေမည်ဖြစ်သည်။


ထိုစီမံကိန်းကိုဦးဆောင်ညွှန်ကြားမည့်သူနှစ်ဦးမှာ မော်ဒီချိုင်း ဘင်ဇား နှင့် ပေါလ်ဖရန့်ခ်အမည်တွင်သူဖြစ်ကြသည်။


ဖရန့်ခ်သည် နာဇီစစ်ပုလိပ်အဖွဲ့ S.S အရာရှိဟောင်း ဟန်ဆောင်၍ အီဂျစ်တွင် အလုပ်လုပ်နေခဲ့သည်။ သူ၏လုပ်ရပ်များသည်အောင်မြင်သည်ဟုဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် သူသည် အီဂျစ်ရေတပ်ဗိုလ်ချုပ်နှင့်ပြည်ထဲရေးဝန်ကြီးကဲ့သို့သောပုဂ္ဂိုလ်ကြီးများနှင့်အလွန်ခင်မင်ရင်းနှီလာသောကြောင့်ဖြစ်သည်။ အီဂျစ်တွင်နေထိုင်ပြီး အစိုးရအကြံပေးအရာရှိများ ဖြစ်နေကြသော နာဇီအရာရှိဟောင်းများကလည်း သူ့ကို လုံးဝယုံကြည်ကြလေသည်။


ဖရန့်သည် အီဂျစ်အမျိုးသား ဂျူးလူငယ်များအား သူတို့ဆောင်ရွက်ရမည့်တာဝန်ကိုပြောပြလိုက်သောအခါ သူတို့တော်တော်လေးငြင်းဆန်ကြသည်။ သူတို့သည် အီဂျစ်လူမျိုးများဖြစ်ကြသည့်အပြင် ဂျူးဘာသာဝင်များလည်း ဖြစ်ကြပါသည်။ ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်ကြမည်ဆိုသောအခါ လူငယ်များသည်အလွန်မကျေနပ်ဖြစ်သွားကြလေသည်။ ဤသို့သောလုပ်ရပ်ကြောင့် နိုင်ငံရေးလှိုင်းဂယက်များ အစ္စရေးနိုင်ငံအားရိုက်ခတ်လာမည်ကိုစိုးရိမ်မိကြသည်။


သို့သော်တဲလာဗီတွင်မူ ဗိုလ်မှူးကြီး ဂီဘလီက သူ၏အမိန့်များကို တသဝေမတိမ်းလိုက်နာကြရန် တိုက်တွန်းပြောကြားပြီးဖြစ်ပါသည်။ ပြောသည့်အတိုင်းလည်း သူတို့အမိန့်များကိုလိုက်နာခဲ့ကြရလေသည်။ အီဂျစ်ဂျူးလူငယ်များသည် အလက်ဇနြ္ဒီးယားနှင့် ကိုင်ရိုမြို့များရှိ အမေရိကန်ပြည်ကြားရေးဌာနပိုင်စာကြည့်တိုက်များတွင် ဗုံးဖောက်ခွဲကြသည်။ ဗဟိုစာတိုက်ကြီး၏စာပို့ခန်းမကိုလည်း ဗုံးခွဲသည်။ မြို့လယ်ခေါင်ရှိစားသောက်ခန်းမများလည်း ဗုံးဒဏ်ခံကြရလေသည်။



မိမိတို့၏ လုပ်ရပ်မှန်ကန်မှုကိုသံသယဖြစ်ခဲ့၍လော၊ သို့တည်းမဟုတ်အဖျက်လုပ်ငန်းတွင် အတွေ့အကြုံနည်းသေး၍လောမသိ။ အီဂျစ်ဂျူးလူငယ်များသည်အမှားအယွင်းလုပ်မိခဲ့သဖြင့် သူတို့အုပ်စုပြိုကွဲရတော့သည်။


သူတို့အုပ်စုထဲမှ ဖီးလစ်နာသန်ဆန်ဆိုသူသည် ကိုင်ရိုရဲတပ်ဖွဲ့ လက်တွင်းကျရောက်လေသည်။ကိုင်ရိုရဲတို့က ဗုံးဖောက်ခွဲသူများအား ဖော်ထုတ်ရန်စစ်မေးသော်လည်း အချည်းနှီးဖြစ်ခဲ့သည်။


နာသန်ဆန်သည် ရုပ်ရှင်ရုံတစ်ခုထဲမှထွက်ပြေးလာသောအခါ သူ၏ဂျာကင်မှာ မီးလောင်လျက်ရှိသည်။ သူ့ကိုရဲများက လက်ရဖမ်းမိပြီး မီးကိုငြိမ်းသတ်ပေးရလေသည်။ သူ၏ဂျာကင်အိတ်ထဲတွင်မျက်မှန်အိတ်တစ်ခုကိုတွေ့ရှိရပြီး ထိုအိတ်ကလေးထဲတွင် ဗုံးအငယ်စားများ အပြည့်ထည့်ထားကြောင်း တွေ့ရလေသည်။ ကိုင်ရိုရဲအဖွဲ့က နာသန်ဆန်အား အကျဉ်းချထားပြီး သူ၏အခန်းကိုရှာဖွေသောအခါ စာရွက်စာတမ်းများ လက်လုပ်ဗုံးများ တွေ့ကြရသည်။ ဓာတ်ပုံအမှောင်ခန်းကလေးအတွင်း၌မူ တံတားများ၊ စစ်တပ်အဆောက်အအုံများနှင့် ဖောက်ခွဲရန်ရည်စူးထားသည့်ပစ်မှတ်များ၏ဓာတ်ပုံများနှင့် နက်ဂတစ်ဖလင်ပြားများ တွေ့ရသည်။


အီဂျစ်နှင့်တန်ပြန်ထောက်လှမ်းရေးအရာရှိများ၏ လက်ဝယ် ဖီးလစ်နာသန်ဆန်သည် ရက်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရရှာသည်။ သူသည်ဖွင့်မပြောဘဲရက်အတော်ကြာ တင်းခံခဲ့သည်။ သူသည်မော်စကိုက လေ့ကျင့်ပေးထားသော လျှို့ဝှက်သူလျှိုအဖွဲ့တစ်ဖွဲ့၏ ညွှန်ကြားချက်ကိုရယူသောကွန်မြူနစ်တစ်ယောက်ဖြစ်သည်ဟူသော လံကြုပ်ဇာတ်လမ်းကိုသာ တသမတ်တည်းပြောနေလေသည်။ နာသန်ဆန်အား သူ၏အမေကိုဖမ်းထားကြောင်း မကြာမီပစ်သတ်မည်ဖြစ်ကြောင်း ပြောလိုက်သောအခါ သူမခံနိုင်တော့ဘဲ ခရေစေ့တွင်းကျဝန်ခံပြောပြရှာတော့သည်။ အီဂျစ်အာဏာပိုင်တို့သည် နာသန်ဆန်နှင့်ပူးပေါင်းကြံစည်သူများ၏ စာရင်းအတိအကျကိုကိုင်လျက် သူလျှိုအဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလေသည်။


မာစလီနီနီယိုအမျိုးသမီးကလေးသည် အဆက်အသွယ်အလွယ်ကောင်းသူဖြစ်သဖြင့် အဖမ်းမခံရဘဲ အချိန်အတော်ကြာ ရှောင်တိမ်းနိုင်ခဲ့သည်။ သို့ရာတွင်သူမသည် အတွေ့အကြုံနုသေးသဖြင့် အီဂျစ်တန်ပြန်ထောက်လှမ်းရေးသမားများ၏ နောက်ယောင်ခံခြင်းကိုခံရလေသည်။ သူမသည် စိုးရိမ်ပူပန်ဇဝေဇဝါဖြစ်ကာ အီဂျစ်တွင်လှုပ်ရှားနေသော အစ္စရေးထောက်လှမ်းရေး လုပ်ငန်းများ၏တာဝန်ခံမတ်ခ်ဘင်းနက်နေသောအခန်းသို့ နောက်ဆုံး ရောက်ခဲ့တော့သည်။


အီဂျစ်တို့သည် ဘင်းနက်၏အခန်းကိုရှောင်တခင်ဝင်စီးလိုက်သောအခါ ဘင်းနက်ကိုယ်တိုင် ရေဒီယိုအသံလွှင့်စက်တစ်ခုနှင့် တဲလာဗီသို့သတင်းပို့ရန်ပြင်ဆင်နေသည်ကို ပက်ပင်းတွေ့ရှိလေသည်။ မကျွမ်းကျင်သေးသော လက်သင်ကလေးများနှင့်အလုပ်လုပ်ရမည်ကိုကြောက်ရွံ့ခဲ့ခြင်းမှာ ဘင်းနက်အဖို့ မှန်ကန်နေပါသည်။


ဘင်းနက်သည် နာသန်ဆန်ကဲ့သို့ပင် ရက်ပေါင်းများစွာကြာသည်အထိ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရရှာသည်။ သို့သော် သူသည်နာသန်ဆန်ကဲ့သို့မဟုတ်ပါ။ ဘင်းနက်သည် ထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် သူထုတ်ပြောမိမည်စိုးသဖြင့် ထောင်အစောင့်တစ်ဦးအား လာဘ်ထိုးပြီး သင်ဓုန်းဓားတစ်ချောင်း တောင်းယူခဲ့လေသည်။ ထိုးရသည့်လာဘ်မှာလည်း သိပ်မများပါ။ ဇနီးသည်ကပို့ပေးသော ပြုတ်ထားသည့်ကြက်တစ်ခြမ်းသာ ဖြစ်ပါသည်။


သူသည်ဇနီးသည်ထံမှာစရာကို စာရွက်တစ်ရွက်ပေါ်တွင် ကမန်းကတန်းရေးခြစ်လိုက်သည်။ သူသည် ဇနီးသည်အား သူမရှိသည့်နောက် အိမ်ထောင်ထပ်ပြုရန်နှင့် အစ္စရေးနိုင်ငံတွင် သူ၏နာမည်နှင့် သစ်ပင်တစ်ပင်စိုက်ပျိုးပေးရန် မှာကြားခဲ့သည်။ သူသည် သူ၏ လက်ကောက်ဝတ်များကိုသင်ဓုန်းဓားနှင့်လှီးဖြတ်ပြီးနောက် ထောင်ကြမ်းပြင်ပေါ်မှာပင် လဲကျသေဆုံးခဲ့လေသည်။

 

ကိုဟင်သည် မာစီလီကဲ့သို့ပင် အဖမ်းမခံရဘဲရှောင်တိမ်းနေနိုင်ခဲ့သည်။ သို့သော်နောက်ဆုံး၌ ကိုဟင်အဖမ်းခံရလေသည်။ သူသည် ၁၉၅၂ ခုနှစ်က အဖမ်းခံခဲ့ဖူးသူဖြစ်သဖြင့် စစ်မေးခြင်းကိုရှောင်တိမ်းသည့်နေရာတွင် ကျွမ်းကျင်လှပေသည်။ အမှန်စင်စစ် ကိုဟင် အလွန်တော်လွန်းသဖြင့်သာ သူသည်သူလျှိုဂိုဏ်းအကြောင်း လုံးဝမသိကြောင်း အီဂျစ်တို့အားယုံကြည်စေနိုင်ခြင်းဖြစ်သည်။ နောက်ဆုံး သူတို့သည် ကိုဟင်အား လွှတ်ခဲ့လေသည်။


အဗရာဟမ်းဒါး ခေါ် ရွန်ဒါလင်နှင့် ပေါလ်ဖရန့်ခ်တို့နှစ်ယောက်သည် အဖမ်းအဆီးသတင်းကိုအနံ့ရသွားသည်နှင့် ခြေရာဖျောက်လိုက်ကြလေရာ အဖမ်းမခံရတော့ဘဲ အီဂျစ်နိုင်ငံပြင်ပသို့လျှို့ဝှက်စွာထွက်ပြေးလွတ်မြောက်သွားကြလေသည်။ စုစုပေါင်း (၁၁)ယောက်ရှိသည့် ကျန်ဂိုဏ်းသားများ၏အခြေအနေမှာ သိပ်မကောင်းလှပါ။


၁၉၄၅ ခုနှစ် နွေရာသီအတောအတွင်း အီဂျစ်တို့သည် သူတို့ကို ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းကာ စစ်မေးကြတော့သည်။ မာစီလီနီနီယိုသည် မိမိကိုယ်ကိုမိမိသတ်သေရန် နှစ်ကြိမ်တိုင်ကြိုးစားခဲ့သည်။ နောက်ဆုံးအကြိမ်တွင်အထမြောက်ခဲ့ပါသည်။ သူမသည် စစ်မေးနေသူများအလစ်တွင်ပြတင်းပေါက်မှခုန်ချလိုက်လေသည်။ သို့သော် အီဂျစ်ဆရာဝန်များက သူ့ကိုပြုစုကုသသဖြင့်အသက်ရှင်ခဲ့ပြီး နှိပ်စက်မှုကို ထပ်မံခံရရှာသည်။ နောက်ဆုံး၌ သူလျှိုအဖွဲ့ဝင်များသည် စိတ်ရောကိုယ်ပါ ထောင်းထောင်းကြေကြရပြီး သူတို့လုပ်ကိုင်ခဲ့သမျှကို ဖွင့်ဟဝန်ခံခဲ့ကြရလေသည်။ အစ္စရေးထောက်လှမ်းအဖွဲ့ဝင်များက သူတို့အား စတင်သိမ်းသွင်း စုဆောင်းခဲ့ပုံနှင့်လေ့ကျင့်သင်ကြားပေးခဲ့ပုံများ၊ သူတို့၏ အမိနိုင်ငံအကြောင်း (၂)နှစ်ကျော်ကျော်လျှို့ဝှက်ထောက်လှမ်းခဲ့ကြပုံများ၊ ထို့နောက် အနောက်ဒီမိုကရေစီနိုင်ငံများ မျက်မှောက်တွင် အီဂျစ်နိုင်ငံကိုသိက္ခာကျစေသည့်အကြမ်းဖက်လုပ်ရပ်များတွင်ပါဝင်ခဲ့ကြပုံများကို ထုတ်ဖော်ပြောဆိုကြလေသည်။


မာစီလီနီနီယိုမိန်းကလေးတစ်ဦးတည်းသာ အများနှင့်မတူထူးခြားခဲ့သည်။ သူမသည်တရားခွင်တွင်စစ်ဆေးနေစဉ်အတောအတွင်း ကြက်ခေါင်းဆိတ်မခံပြန်လည်ပြောဆိုခဲ့ပြီး ကြီးလေးသော ပြစ်ဒဏ်ကိုစီရင်မည်ကိုသိသော်လည်း ဂုဏ်ယူလျက်ရှိလေသည်။ မာစီလီနှင့်ရောဘတ်ဒက်ဆာ အမည်ရှိကျောင်းသားတစ်ဦးကို ထောင်ဒဏ်(၁၅)နှစ်စီအပြစ်ပေးခဲ့သည်။ ဖီးလစ်နာသန်ဆန်နှင့်အခြားလူငယ်တစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး ကျန်လူများမှာ ထောင်ဒဏ်အနည်းငယ်စီရရှိသွားကြသည်။


သို့သော်လည်း ကိုဟင်၏ ကျောင်းနေဘက်သူငယ်ချင်း ဆင်မြူရယ်အက်ဇားနှင့် ဒေါက်တာမိုရှိမားဇွက်တို့ကို ကြိုးပေးသတ်ရန် စီရင်ချက်ချခဲ့လေသည်။ ၁၉၅၅ ခုနှစ်ဇန်နဝါရီလ(၁)ရက်နေ့တွင် ဘတ်အယ်လ်ဟာလက်အကျဉ်းထောင်အပြင်ဘက်တွင် ကြိုးပေးခြင်းကိစ္စကိုဆောင်ရွက်ခဲ့ကြလေသည်။


ထိုနေ့က ဝမ်းနည်းကြေကွဲစွာ ရပ်ကြည့်နေကြသော လူ(၂ဝဝ)ထဲတွင် ကိုဟင်တစ်ယောက်လည်းပါဝင်သည်။ ထုံးစံအတိုင်း ကြိုးပေးခံရသူများ ဝတ်ရသည့်ဝတ်စုံဖြစ်သော ရှပ်အင်္ကျီအနက် ဘောင်းဘီအနီနှင့် ခရမ်းရောင်ဦးထုပ်များ ဝတ်ဆင်ထားသော မာဇွတ်နှင့်အက်ဇားတို့ကို ကိုဟင်ငြိမ်သက်စွာ ကြည့်နေမိသည်။ ဦးထုတ်များကိုသူ၏ မိတ်ဆွေများ၏ ခေါင်းပေါ်တွင် စွပ်ပေးလိုက်သောအခါ ကိုဟင်သည် ဆုတောင်းစာတစ်ခုကိုရွတ်နေလေတော့သည်။


သူတို့နှစ်ဦးသား မကြာမီဇီဝိန်ကြွေခဲ့တော့သည်။ အစ္စရေးနိုင်ငံအတွက်တိုက်ခိုက်ခြင်းတည်းဟူသော ပြစ်မှုအတွက် ကြိုးပေးခံရသည့် ဂျူးလူငယ်များအတွက် ကိုဟင်ကြေကွဲဝမ်းနည်းမှုဖြစ်ရသည်မှာ ယခုအကြိမ်သည်ဒုတိယအကြိမ်ဖြစ်လေသည်။


အီဂျစ်ဂျူးလူငယ်များ ဆောင်ရွက်ခဲ့သည့်အဖျက်လုပ်ငန်းနှင့် ထိုမှပေါက်ပွားလာသည့်ဆိုးကျိုးများကြောင့် အစ္စရေးနိုင်ငံတွင်လူပြောစရာ ပြဿနာကြီးပေါ်ပေါက်လာသည်။ ယင်းပြဿနာကိုလာဗွန်ပြဿနာဟုခေါ်ပြီး တာဝန်ရှိသူအစ္စရေးကာကွယ်ရေးဝန်ကြီး ပင်ချားလာဗွန်၏ အမည်ဖြင့်မှည့်ခေါ်ထားသော ပြဿနာပင်ဖြစ်သည်။


ထိုပြဿနာကြောင့် လူအတော်များများ၏အလုပ်အကိုင်နှင့် ဘဝရည်မှန်းချက်များ ပျက်စီးခဲ့ရသည်။ ဝန်ကြီးချုပ်ဘင်ဂူရီယန်သည်လည်း အလွန်အမင်း ဝေဖန်ခံရလေသည်။ ဥပဒေဘောင်ကိုကျော်၍ လုပ်မိခြင်းတည်းဟူသောတစ္ဆေသည် မော့ဆက်အဖွဲ့ကြီးကိုချောက်လှန့်လေတော့သည်။ သူလျှိုလုပ်ငန်းများ မအောင်မြင်ခြင်းမှာ မော့ဆက်ကြောင့်ဟု ဝိုင်းအပြစ်ဖို့ကြပြန်သည်။


အခြေအနေ ပိုဆိုးလာပြန်သည်။ အဘယ့်ကြောင့်ဆိုသော်သူလျှိုခေါင်းဆောင်ပေါလ်ဖရန်ခ်သည်သူလျှိုလုပ်ငန်းကိုဦးဆောင်ညွှန်ကြားသူဖြစ်သော်လည်း တန်ပြန်သူလျှိုလုပ်နေသူဖြစ်နေပြန်သည်။ သူသည်အီဂျစ်နိုင်ငံမှထွက်လာသောအခါ သူ့ကိုရာထူးတိုးပေးပြီး ဂျာမဏီသို့ပို့လိုက်လေသည်။ ဂျာမဏီတွင်သိရှိလာသောအချက်မှာ သူသည် ကိုင်ရိုရှိ မိတ်ဆွေဟောင်းတစ်ဦးနှင့် အမြဲအဆက်အသွယ်ပြုနေသည့်အချက်ဖြစ်လေသည်။ ထိုသူသည်ရေတပ်ဗိုလ်ချုပ်ဆူလေမန်ဖြစ်သည်။ အမှန်စင်စစ် ဖရန့်ခ်အား အီဂျစ်တွင်သိကျွမ်းခဲ့ဖူးသူမည်သူနှင့်မျှ မတွေ့ဆုံရန်အမိန့်ပေးထားပြီး ဖြစ်လေသည်။ ဖရန့်ခ်အား ထုံစံအတိုင်း ညွှန်ကြားစရာ ရှိသည်ဟု အကြောင်းပြ ပြန်ခေါ်လိုက်ပြီး ရောက်သော်ဖမ်းချုပ်၍ နိုင်ငံတော်သစ္စာဖောက်မှုဖြင့်တရားစွဲလေသည်။ တရားခွင်တွင် ဖရန့်ခ်က အီဂျစ်၌ ပြုလုပ်ခဲ့သည့်သူလျှိုလုပ်ငန်းတွင် ဂျာမန်မတ်ငွေ(၄ဝဝဝဝ)ယူ၍ မိမိသစ္စာဖောက်ခဲ့ကြောင်းဝန်ခံလေသည်။ လာဗွန်ပြဿနာကိုစုံစမ်းစစ်ဆေးစဉ်က ဖရန့်ခ်သည် စုံစမ်းရေးကော်မရှင်ကို သတင်းများပေး၍ ထွက်ဆိုခဲ့သဖြင့် အပြစ်မှန်သမျှ ကာကွယ်ရေးဝန်ကြီး လာဗွန်အပေါ်သို့ကျရောက်သွားပြီး လာဗွန်နှုတ်ထွက်သွားရလေသည်။ ပေါလ်ဖရန့်ခ်ကို ထောင်ဒဏ်(၁၂)နှစ်အပြစ်ပေးလိုက်သည်။


ဤအဖြစ်အပျက်သည် မော့ဆက်အဖွဲ့ကြီးအတွက်အမှောင်ဆုံးသောနေ့တစ်နေ့ပင်ဖြစ်ပါသည်။အီဂျစ်နိုင်ငံတွင်မူ ဤသူလျှိုလုပ်ငန်းကြီးကြောင့်ဂျူးဆန့်ကျင်ရေးစီမံချက်ကြီး ပေါ်လာပြန်သည်။ခါတိုင်းထက်ပို၍ ကြမ်းတမ်းရက်စက်ခဲ့လေသည်။ သမ္မတ နတ်ဆာ၏ အာဘော်သတင်းစာဖြစ်သော အယ်လ်ဂူအမ်းရီးယား သတင်းစာက နာဇီတို့အပြီးသတ်လုနီးပြုလုပ်ခဲ့သော ဂျူးသုတ်သင်ရေးကိုဆက်လက်ဆောင်ရွက်ရန်တောင်းဆိုရေးသားခဲ့သည်။


အီဂျစ်နိုင်ငံထဲတွင် ဂျူး(၄၅ဝဝဝ)နီးပါးသာ ရှိတော့သည်။ ထိုဂျူးတို့သည် ဂိုရှင်မြေအောက်အဖွဲ့၏အကူအညီဖြင့် တိုင်းပြည်မှထွက်ပြေးကြလေသည်။ ဗရင်ဂျီဘာသာဝင်များ၊ အာမေးနီးယန်းများနှင့် ကော့ပ်တစ်ဂိုဏ်းဝင်များအပါအဝင် အခြားဘာသာဝင်များသည်လည်း ရှိသမျှရောင်းချပြီး ဂိုရှင်အဖွဲ့အကူအညီဖြင့်ထွက်ပြေးကြသည်။



အလီကိုဟင်သည် အလက်ဇနြ္ဒီးယားမြို့တွင်သူလျှိုလုပ်ငန်း ဆက်လုပ်နေခဲ့သည်။ သူ့ထံတွင်အစ္စရေးတို့ပေးထားသော ရေဒီယိုကိရိယာရှိနေသဖြင့်သူရသမျှသတင်းကို တဲလာဗီသို့ပို့ပေးခဲ့သည်။ကိုဟင်ပေးပို့သော သတင်းများထဲတွင် စိုးရိမ်စရာ အခြေအနေတစ်ရပ်ပါခဲ့သည်။ ယင်းသည်ကားနတ်ဆာ၏ အစိုးရအဖွဲ့အပေါ်တွင် အီဂျစ်နိုင်ငံ၌ ခိုလှုံခွင့်ပေးထားသော နာဇီအရာရှိဟောင်းများသြဇာလွှမ်းလာသည့်အချက်ပင်ဖြစ်သည်။



အီဂျစ်နိုင်ငံတွင်းသို့ ဂျာမန်တို့ဝင်ရောက်လာမှုသည် အမှန်စင်စစ်မဆန်းလှပါ။ ဂျာမန်စစ်ဗိုလ်ချုပ်ရွမ်းမဲလ်၏ “အာဖရိကကိုး” တပ်မဟာကြီးမှတပ်သားများသည် စစ်ကြီးပြီးသောအခါ အီဂျစ်နိုင်ငံတွင်နေထိုင်ကြတော့သည်။ ဥရောပမှထွက်ပြေးလာသော ဂျာမန်တို့သည်အီဂျစ်နိုင်ငံတွင် ဗြိတိသျှမုန်းတီးရေးအခြေအနေပေါ်လာသဖြင့် သူတို့ကိုခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ သူတို့သည် သူတို့၏ ဇာစ်မြစ်အမှန်ကိုဖုံးကွယ်လိုသဖြင့် အာရပ်နာမည်များ ခံယူပြီး တစ်ခါတရံတွင် မူဆလင်ဘာသာသို့ပင်ကူးပြောင်းသွားကြလေသည်။


မကြာမီနာဇီတို့သည် အာဏာနှင့်သြဇာလွှမ်းမိုးမှုရှိသော ရာထူးဌာနန္တရများရအောင် တဖြည်းဖြည်း ကြိုးစားကြံစည်ကြသည်။ ဂတ်စတာပိုနာဇီစစ်ပုလိပ်အဖွဲ့ကြီးမှအရာရှိဟောင်းများသည် နတ်ဆာ၏ “နိုင်ငံတော်လုံခြုံရေး ကေဒါအဖွဲ့” အမည်ရှိသော ထောက်လှမ်းရေးနှင့်ပြည်တွင်းလုံခြုံရေးဌာနကို ဦးစီးဖွဲ့စည်းပေးခဲ့လေသည်။ ဟစ်တလာ၏ ကိုယ်ရံတော်တပ်ဖွဲ့မှူးလည်းဖြစ်ပြီး ဝါဆော ဂက်စတာပိုစစ်ပုလိပ်အဖွဲ့ခေါင်းဆောင်ဖြစ်သော လီယိုပိုဂလိန်းသည် အလီနာချာ အမည်ကိုခံယူခဲ့သည်။ သူသည် ၁၉၅၄ ခုနှစ်တွင် ဖမ်းဆီးခံရသော အလီကိုဟင်၏မိတ်ဆွေများအား နှိပ်စက်ညှဉ်းပန်းမှုကို ဦးဆောင်ပြုမူခဲ့လေသည်။ သူသည် ဤကိစ္စမျိုးတွင်ကျွမ်းကျင်သည်ဟု နာမည်ကြီးခဲ့သည်။


ဗိုလ်မှူးကြီး အီဘာဆာလင်အမည်ခံယူသော ဘားနက်ဆင်ဒါသည် ဂလိန်း၏ အထက်အရာရှိဖြစ်နေသည်။ သူသည် စစ်အတွင်းက ဂက်စတာပိုဗိုလ်ချုပ်ဟိန်းနရစ်ခ်ျဟင်းမလား၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သည်။ အီဂျစ်နိုင်ငံအတွင်းတွင် အကျဉ်းစခန်းများ ပေါ်ပေါက်လာလေရာ S.S ခေါ် နာဇီလုံခြုံရေးတပ်ဖွဲ့ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ဒပ်ဆဲလ်ဒေါ့ဖ်မြို့၏ ဂတ်စတာပိုစစ်ပုလိပ်အဖွဲ့ ခေါင်းဆောင် ဂျိုချင်ဒမ်မလင်သည် ထိုအကျဉ်းစခန်းများကို နာဇီတို့၏ သုံ့ပန်းအကျဉ်းစခန်းများ ပုံစံယူ၍ ဦးစီးတည်ဆောက်ခဲ့သည်။ အလီကိုဟင်သည် ၁၉၅၄ ခုနှစ်အဖျက်လုပ်ငန်းများအတွက် စစ်မေးခံရန် ဤအကျဉ်းစခန်းတစ်ခုသို့ လာရောက်ခဲ့ဖူးပါသည်။ ထို့ကြောင့်ပင် အနောက်ဂျာမဏီအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက နတ်ဆာရဲ့ အီဂျစ်နိုင်ငံဟာ တကယ်တော့ နာဇီလက်သစ်တွေမွေးထုတ်ပေးတဲ့နေရာပါပဲဟု ဝေဖန်ခဲ့ခြင်းကိုမည်သူမျှမအံ့သြနိုင်တော့ချေ။

အခြေအနေ အဆိုးရွားဆုံးအချိန်ရောက်လာသည်။ ယင်းအချိန်သည်စူးအက်စစ်ပွဲဖြစ်သည့် ၁၉၅၆ခုနှစ် အောက်တိုဘာလဖြစ်သည်။ အစ္စရေးနိုင်ငံသည် ဗြိတိန်၊ ပြင်သစ်တို့နှင့်ပူးပေါင်းပြီး အီဂျစ်နိုင်ငံကို တိုက်ခိုက်ခဲ့သည်။ နတ်ဆာ၏ ကလဲ့စားချေလိုသောစိတ်ဓာတ်သည် ပိုမိုပြင်းထန်လာပြီးအီဂျစ်နိုင်ငံအတွင်း ကျန်ရစ်သောဂျူး(၄၅ဝဝဝ) တို့၏ ဘဝသည်လည်း စိတ်မချမ်းမြေ့စရာဖြစ်လာလေသည်။


ဂျူးတို့သည်သူတို့၏ သီးသန့်ရပ်ကွက်များတွင်သာ နေထိုင်ခွင့်ရပြီး အထီးကျန်ဘဝသို့ရောက်ကြရရှာသည်။ ဂျူးများကိုဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ ထောင်ထဲတွင် အကျဉ်းချထားခြင်း၊ စုပေါင်း၍ ဒဏ်ငွေများ ပေးဆောင်စေခြင်းများ ပြုလုပ်ကြသည်။ ဂျူးဘာသာရေးဌာနများ၊ ကျောင်းများနှင့်ဆေးရုံများကိုပိတ်ပင်ကြသည်။ ဟီးဘရှုးဘာသာစကားကိုမသုံးရန်လည်း တားမြစ်လိုက်သည်။ ဂျူးဆရာဝန်များနှင့်အခြားအသက်မွေးဝမ်းကြောင်းပညာရှင်များကိုလည်း အလုပ်လုပ်ခွင့်မပေးတော့ချေ။ ဂျူးများပိုင်သော ပစ္စည်းပစ္စယများကိုမကြာခဏသိမ်းယူကြသည်။ လက်ဖက်ရည်ဆိုင်များ စားသောက်ခန်းများတွင် “ဂျူးနှင့်ခွေးများ မဝင်ရ”ဟူသောစာတမ်းများ ချိတ်ဆွဲလာကြသည်။ ဂျူးအားလုံးသည် အဝါရောင်မှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ကြရသည်။ ဤအပြုအမူသည် အလယ်ခေတ်နှင့်နာဇီဂျာမဏီကာလများကို ပြန်လည်သတိရစေသည်။ စူးအက်စစ်ပွဲပြီးသောအခါ ဂိုရှင်စီမံချက်သည် ဂျူးများ အစ္စရေးသို့ပြောင်းရွှေ့ရေးအတွက် မီးကုန်ယမ်းကုန်ကြိုးစားခဲ့သည်။ ထိုကြောင့်ဂျူး(၁ဝဝဝဝ)ခန့်ထွက်ခွာနိုင်ခဲ့လေသည်။ ပြောင်းရွှေ့ရန်ငြင်းဆန်ကြသူများမှာ မိမိတို့မွေးရာဌာနေကိုမစွန့်လိုကြသော အိုမင်းသည့်ဂျူးများသာဖြစ်သည်။


နိုဝင်ဘာလတွင် အလီကိုဟင် တစ်ကြိမ်အဖမ်းခံရပြန်သည်။ ကိုဟင်သည် အကျဉ်းခန်းထဲတွင်နေထိုင်ရင်း ဤတစ်ကြိမ်တွင် မိမိအသတ်ခံရတော့မည်ဟု အတပ်တွေးနေမိတော့သည်။ သူသည် ဇီယွန်ဝါဒအတွက် နှစ်ပေါင်းမြောက်မြားစွာ လှုပ်ရှားလုပ်ကိုင်ခဲ့သူဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များ ဗူးပေါ်သလိုပေါ်လာပေတော့မည်။


သို့ရာတွင် အကျဉ်းခန်းထဲတွင် (၃)ပတ်ကြာ နေထိုင်နေစဉ်အတွင်း ကိုဟင်သည် ယခင်နှစ်ကြိမ်စစ်မေးခံရစဉ်က သူရယူခဲ့သည့် စိတ်တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့ကြောင့်ကိုဟင်က မိမိသည်ဘာသာရေးအရသာ ဇီယွန်ဝါဒယုံကြည်သူဖြစ်ကြောင်း စစ်ဆေးသူများလက်ခံအောင်ပြုလုပ်နိုင်ခဲ့သည်။ ကိုဟင်သည်ဇီယွန်ဝါဒီတစ်ယောက်အဖြစ် ကာယကံမြောက်လှုပ်ရှားခဲ့သည့် မည်သည့်သာဓကမျှ သူတို့ရှာမတွေ့ကြချေ။ သို့ရာတွင် သူတို့က ကိုဟင်အား ပြည်နှင်ဒဏ်ခတ်မည်ဟုပြောခဲ့လေသည်။ အခြားသော အီဂျစ်လူမျိုးဂျူးဘာသာဝင်များ လက်ခံသလို ကိုဟင်သည် ပြည်နှင်ဒဏ်ကိုလက်မခံသဖြင့် အီဂျစ်အာဏာပိုင်များ ဇဝေဇဝါ ဖြစ်သွားရသည်။ ကိုဟင်က သူ့အား အီဂျစ်တွင်နေထိုင်ခွင့်တိုးမြှင့်ပေးရန်တောင်းဆိုလေသည်။


အီဂျစ်အာဏာပိုင်များသည်အလွန်ဒေါသဖြစ်သွားပြီး သူ၏တောင်းဆိုချက်ကိုပယ်ချလိုက်သည်။သူ့ကို နောက်သင်္ဘောပတ်တွင်တင်ပေးမည်ဖြစ်သည်။


၁၉၅၆ ခုနှစ်ဒီဇင်ဘာလ(၂ဝ)ရက်နေ့တွင် အလီကိုဟင်တစ်ယောက် အလက်ဇနြ္ဒီးယားမြို့တွင်ဆိုက်ကပ်ထားသော ကြက်ခြေနီအဖွဲ့၏ “မဆာ” အမည်ရှိ စစ်ပြေးသင်္ဘောပေါ်တွင်ရောက်နေပေပြီ။


သူသည်သေတ္တာလေးတစ်လုံးနှင့်နှင်ထုတ်ခံရသူများ ကိုင်ဆောင်ခွင့်ရှိသော အီဂျစ်ငွေကြေး ပေါင်အနည်းငယ်ကိုသာ ကိုင်ဆောင်ထားလေသည်။ သူ၏ နိုင်ငံကူးလက်မှတ်တွင် “အီဂျစ်သို့ပြန်လာခွင့်မရှိ”ဟူသော စာတမ်း ရိုက်နှိပ်ထားပါသည်။ ကိုဟင်၏ သင်္ဘောသည် အီတလီပြည်နေပယ်လ်သို့ရောက်ပြီး ဂျူးများသည် ထိုမြို့တွင်အစ္စရေးနိုင်ငံမှလွှတ်ပေးမည့်သင်္ဘောများကို စောင့်ဆိုင်းနေကြသည်။ ပြောင်းရွှေ့ကြသူများမှာ အလွန်များပြားလှသဖြင့် သင်္ဘောပေါ်တက်ရန်အချိန်အလွန်ကြာ စောင့်ဆိုင်းကြရသည်။


ကိုဟင်သည် ဂျီနိုးဝါမြို့ရှိ ဟော်တယ်ခန်း ခပ်နုပ်နုပ်လေးထဲတွင် ရက်သတ္တပတ်အတော်ကြာနေခဲ့သည်။ သို့သော်သူသည် စောင့်ဆိုင်းနေရသော်လည်း သူ၏ စိတ်ထဲတွင်ပေါ့ပါးလွတ်လပ်နေသည်ဟုဆိုလေသည်။


နောက်ဆုံး၌ ဖီးလစ်ဂရီမိုနီအမည်ရှိသော အီတလီကုန်တင်သင်္ဘောတစ်ခုတွင် ကိုဟင်သည် နေရာတစ်နေရာ ရရှိခဲ့သည်။ သင်္ဘောသည် ဖေဖော်ဝါရီလဆန်းတွင်စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလ(၁၂)ရက်တွင် ဟိုင်ဖာဆိပ်ကမ်းမြို့သို့ရောက်ရှိခဲ့လေသည်။


အလီကိုဟင်သည် အီဂျစ်နိုင်ငံအတွင်းတွင်စွမ်းဆောင်လှုပ်ရှားခဲ့သဖြင့် ဂျူးထောင်ပေါင်းများစွာတို့သည် အစ္စရေးနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ဝင်ရောက်လာနိုင်ခဲ့ပါသည်။ ယခုကိုဟင်တစ်ယောက် ထိုဂျူးတို့နှင့်ပြန်တွေ့ဆုံရပေပြီ။


သူ့အတွက်ကြီးမားသောတာဝန်များ မကြာမီပေါ်လာတော့မည်ဖြစ်ပါသည်။

.................


ဟိုင်ဖာဆိပ်ကမ်းသို့ရောက်လာကြသော ဂျူးများကဲ့သို့ပင် ကိုဟင်သည်လည်း အစ္စရေးနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသည့်စာရွက်စာတမ်းများ ရရှိပါသည်။ အစ္စရေးနိုင်ငံသားဖြစ်သော်လည်း ကိုဟင်၏စိတ်ထဲတွင် လွတ်လွတ်လပ်လပ်မရှိရှာချေ။ အသက်(၃၂)နှစ်ရှိပြီဖြစ်သော ကိုဟင်သည် မိမိကိုယ်မိမိနိုင်ငံသစ်တစ်ခုတွင်ရောက်နေသော နိုင်ငံခြားသားတစ်ဦးကဲ့သို့ ခံစားမိရှာသည်။


အီဂျစ်နိုင်ငံတွင် ထိုစဉ်က အစ္စရေးနိုင်ငံသို့စာအဆက်အသွယ်ပြုလျှင် သေဒဏ်ပေးသောရာဇဝတ်မှုတစ်ခုဖြစ်လေသည်။ ထို့ကြောင့်သူ၏ မိသားစုအစ္စရေးနိုင်ငံသို့ရောက်နေသည့် (၆)နှစ်တာကာလအတွင်း စာတစ်စောင်မျှ သူမထည့်ခဲ့ပေ။ သူတို့ဘယ်အရပ်တွင်နေထိုင်ကြသည်ကိုလည်း ကိုဟင်မသိခဲ့။သို့သော်သူသည် သူ၏ညီမောရစ်နေထိုင်သည့် တဲလာဗီမြို့စွန်မှ ရာမက်ဂန်းအရပ်ရှိ လိပ်စာကိုရှာဖွေသိရှိသွားသည်။ သူရောက်သွားသောအခါ မောရစ်အိမ်တွင်မရှိသဖြင့် အိမ်နီးချင်းများကကိုဟင်အား သူ့မိဘများနေထိုင်သော ဘတ်ယမ်ရပ်ကွက်ရှိအခန်းသို့ ညွှန်ပြလိုက်သည်။


ထိုရပ်ကွက်ကလေးသည် မြို့၏ တောင်ဘက်တွင်ရှိ၍သဲသောင်များပေါ်တွင်ဆောက်လုပ်ထားပြီး အာဖရိကမြောက်ပိုင်းနှင့် အီဂျစ်မှဂျူးအမြောက်အမြား နေထိုင်ကြသည်။


ဘတ်ယမ်သို့ရောက်သောအခါ သူ့မိဘများနေထိုင်သော ခေတ်မီကွန်ကရစ်တိုက်ဖြူကလေး၏ ရှေ့လမ်းမတွင် ကိုဟင်ခေတ္တရပ်လိုက်မိသည်။


ဤလမ်းကလေးကို ကိုင်ရိုမှအာဇာနည်များလမ်းဟုခေါ်တွင်ပါသည်။ သေဆုံးကြပြီဖြစ်သောသို့မဟုတ် နာဆာ၏အကျဉ်းထောင်များထဲ၌ ရှိနေကြသေးသော ကိုဟင်၏ သူငယ်ချင်းများ ရည်စူး၍မှည့်ခေါ်ထားသော လမ်းဖြစ်ပါသည်။ ဤလမ်းနာမည်ကလေးသည် ကိုဟင်အား မကြာမီကမှသူကျောခိုင်းခဲ့သောအတိတ်ကာလကို အမြဲသတိရနေစေသည်။


ကိုဟင်အိမ်ပြန်လာခြင်းသည် ကြေကွဲစရာနှင့်ကြည်နူးစရာကြီး ဖြစ်နေပေသည်။ မိဘများမှာဝမ်းသာလုံးဆို့နေကြပြီး သားဖြစ်သူအား ဘာတွေလုပ်ခဲ့သနည်းဟူသော မေးခွန်းတွေ ကုဋေကဋာထုတ်နေကြပေသည်။ သို့သော်ကိုဟင်နှင့်အနှစ်(၂ဝ)ကွာသော ညီအငယ်ဆုံး အေဘရာဟင်သည်အစ်ကိုကြီးဖြစ်သူအား ခပ်စိမ်းစိမ်းကြည့်ပြီး ဤသို့မေးခဲ့လေသည်။


"ဒီလူကြီးက ဘယ်သူလဲဗျ"

ကျန်မိသားစုအတွက်လည်း ကိုဟင်သည် တစိမ်းဆန်ဆန်ဖြစ်နေပေသည်။ သူသည်မည်သည့်အခါမျှစိတ်အတွင်း ခံစားချက်များကိုသူငယ်ချင်းအပေါင်းအသင်းများနှင့်မိသားစုများအားဖွင့်ဟပြောပြလေ့မရှိချေ။ ထို့ပြင် အီဂျစ်တွင်မြေအောက်လှုပ်ရှားမှုများ နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့သဖြင့် သူ၏ ပင်ကိုယ်သဘောအရ လျှို့ဝှက်သိပ်သည်းကျစ်လစ်သော သဘာဝသည်ပိုမိုခိုင်မာလာလေသည်။ သူ၏ မိသားစုဝင်များသည် ကိုဟင်ထံမှ ပြည့်စုံတိကျသောအဖြေများမရရှိကြချေ။ သူအီဂျစ်တွင်ဘာတွေလုပ်ခဲ့သည်ဆိုသောအချက်များကို ကိုဟင်မပြောပြလိုသည်မှာရှင်းလင်းနေပါပြီ။


ညီဖြစ်သူမောရစ်က အလီကိုဟင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောပြခဲ့လေသည်။


"အလီကတော့ ပိတ်ထားတဲ့စာအုပ်တစ်အုပ်နဲ့တူတယ်။ သူ သူလျှိုလုပ်ခဲ့တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ကို တစ်လုံးတစ်ပါဒမှ ထုတ်မပြောခဲ့ပါဘူး။ သူ့ဆီက ကျွန်တော်တို့ဘာမှမေးမြန်းစုံစမ်းလို့မရဘူး။ ဘဏ်သူဌေးကြီးက သူ့ရဲ့ ရွှေငွေတွေကိုမီးခံသေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းပိုက်ထားသလိုအလီဟာလည်း သူရဲ့ အကြံအစည်အတွေးအခေါ်မှန်သမျှကို လျှို့ဝှက်ထားတတ်ပါတယ်"


အလီကိုဟင်သည် သူ၏နယ်မြေသစ်တွင် အသားကျအောင် ခက်ခက်ခဲခဲ အချိန်အတော်ကြာလုပ်ယူရရှာသည်။ အစ္စရေးနိုင်ငံတွင်ကိုဟင်တစ်ယောက် နားမလည်စရာတွေ စိတ်ပျက်စရာတွေနှင့်ကြုံတွေ့ခဲ့ရသည်။


ဘာသာရေးကိုအလွန်ကိုင်းရှိုင်းသော ကိုဟင်သည် အချို့သော အစ္စရေးနိုင်ငံသားများ၏ဘာသာရေးဆန့်ကျင်သော အတွေးအခေါ်များကြောင့် ထိတ်လန့်ခဲ့ရသည်။ ကိုဟင်၏ ဇီယွန်ဝါဒသည်သူ၏ အသည်နှလုံးထဲတွင်အလွန်စွဲမြဲနေပြီဖြစ်သဖြင့် ဂျူးအချို့၏ ပျော့ကွက်များသည် သူ့အဖို့စိတ်ထိခိုက်စရာ ဖြစ်လာလေသည်။ ပါးစပ်က သမ္မာကျမ်းစာကိုရေရွတ်နေပြီး ရာဇဝတ်မှုအမျိုးမျိုးဒုစရိုက်အမျိုးမျိုး ကျူးလွန်နေသော ဂျူးတို့ကို သူရွံမုန်းလာသည်။ ဂျူးအတော်များများသည်ဥပုသ်နေ့နှင့်အခြားနေ့ထူးနေ့မြတ်များတွင် ဥပုသ်စောင့်ခြင်းကို လစ်လျူရှုလာကြသည်။ သို့သော်သူတို့အားလုံးသည် ဂျူးနိုင်ငံတွင်နေထိုင်ကြသော ဂျူးများ ဖြစ်ပါသည်။


အလီကိုဟင်သည် နားမလည်နိုင်အောင် ခေါင်းရှုပ်လာသည်။


ဥရောပ ဂျူးများက အရှေ့အလယ်ပိုင်းမှဂျူးအမျိုးအနွယ်များအား မုန်းတီးကြခြင်းကို ကိုဟင်အလွန်မလိုလားခဲ့ချေ။ သူကိုယ်တိုင်က အသားမည်းသော အီဂျစ်လူမျိုးတစ်ဦးဖြစ်ပြီး ဤသို့သောမုန်းတီးခံရမှုကို ကိုယ်တိုင်ခံစားခဲ့ရသဖြင့် သူသည်စိုးရိမ်စိတ်ပျက်မိလေသည်။ ဤပြဿနာသည် ယနေ့ထက်တိုင် အစ္စရေးလူ့အဖွဲ့အစည်းကို ကိုင်လှုပ်ဆဲဖြစ်သည်။ သို့သော် အလီကိုဟင်လို ဘာသာရေးကိုင်းရှိုင်းပြီး တာဝန်ကျေသော နည်းစနစ်သမားတစ်ဦးအဖို့ စိတ်ထိခိုက်စရာ ဖြစ်လာရသည်။


အလီကိုဟင်၏ အခြားသော ပြဿနာရပ်များမှာ ပုဂ္ဂိုလ်ရေးရာ ပြဿနာများ ဖြစ်ပါသည်။ သူ၏ (၃၂)နှစ်တည်းဟူသောအသက်အရွယ်တွင် ယောက်ျားများသည် အိမ်ထောင်ရက်သားကျပြီးအခြေအနေကျ ဖြစ်နေကြပေပြီ။ သို့မဟုတ်လျှင်လည်း အလုပ်အကိုင်နှင့် တင့်တင့်တယ်တယ်တည်တည်ငြိမ်ငြိမ်ရှိနေကြပေပြီ။ နှစ်ခုစလုံး အဆင်ပြေနေသည်လည်း ရှိတတ်ပါသည်။ ကိုဟင်အတွက်နှစ်ခုစလုံး မရှိသေးပါ။



သူသည်သူ၏ အသက်(၁၁)နှစ်သာ ရှိသေးသော ညီလေးတစ်ယောက်နှင့် အခန်းတစ်ခန်းထဲတွင်နေသည်။ သူ၏မိဘများက တပင်တပန်း ရှာဖွေထောက်ပံ့ခဲ့ရသော ငွေကြေးကိုသာသူအားကိုးနေရသည်။ အတိတ်က သူစွန့်စားလုပ်ကိုင်ခဲ့သော ကိစ္စရပ်များသည် ယခုလက်ရှိနေရာတွင်ဘာမှ အဓိပ္ပါယ်မရှိသလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော်သူ၏ အတိတ်က လုပ်ရပ်များကိုမည်သူမျှ မသိကြသောကြောင့်ဖြစ်သည်။ ကိုဟင် စောစောပိုင်းကပြုခဲ့သော မျှော်မှန်းချက်သည်အရာမထင်တော့သည့်အသွင်ဆောင်လာသည်။


ကိုဟင်သည် စိတ်အာရုံရှုပ်ထွေး နောက်ကျိလာသဖြင့်စာပေလေ့လာရင်း ဖြေသိမ့်ခဲ့သည်။ အီဂျစ်ပြည်၌ရှိနေစဉ်မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက်လုပ်ကိုင်နေရသဖြင့်သူစာသင်ချိန်သိပ်မရခဲ့ရှာပါ။ထို့ကြောင့်ထိုကွက်လပ်ကို သူဖြည့်ရန်ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ခေတ်မီဟီးဘရူးဘာသာနှင့်ဂရိဘာသာစကားများကိုစတင်သင်ကြားပြီး တတ်ပြီးသားဖြစ်သော ဂျာမန်နှင့် အီတာလျံဘာသာစကားများကိုအပြစ်အနာအဆာမရှိအောင် ပြန်လည်လေ့ကျင့်ဆည်းပူးခဲ့လေသည်။ သူ၏ မူလဝါသနာဖြစ်သော သင်္ချာနှင့် အီလက်ထရွန်းနစ်ဘာသာရပ်များကို သူ ပြန်လည်လေ့လာပြီး ယင်းဘာသာ(၂)ခုနှင့်ဆိုင်သော စာအုပ်စာတမ်းများကို အပတ်တကုတ်ဖတ်ရှုလေ့လာခဲ့သည်။ သူ့မိဘများ၏ အိပ်ခန်းထောင့်(၄)ထောင့်တွင် ဓာတ်ပုံအမှောင်ခန်းတစ်ခုပြုလုပ်ပြီး ဓာတ်ပုံပညာကိုပြန်လည်လိုက်စားပြန်သည်။


မည်သို့ဆိုစေ ကိုဟင်တစ်ယောက်စိတ်တည်ငြိမ်မှုမရသေးပါ။ သူ၏ ညီများက အစ္စရေးကာကွယ်ရေး တပ်မတော်ထဲတွင် သူတို့စစ်သားအဖြစ်ပါဝင်တိုက်ခိုက်ခဲ့သော စစ်အတွေ့အကြုံများ ရင်ကော့၍ ပြောပြနေချိန်ဝယ် ကိုဟင်သည် သူတို့ခံစားရသော အောင်မြင်မှုတွင် ငါမပါလိုက်ရလေခြင်း..ဟုစဉ်းငယ်အားငယ်နေမိရှာသည်။ သူသည်တစ်ကိုယ်တည်းအနေကြာခဲ့သူဖြစ်သဖြင့် မိသားစုနှင့်သိုက်သိုက်ဝန်းဝန်း ပြန်နေရသောအခါ သူ့အဖို့ကြောင်တက်တက်ဖြစ်နေရှာလေသည်။


ကိုဟင်သည် အစ္စရေးနိုင်ငံအနှံ့ တစ်ကိုယ်တည်း လျှောက်သွားခဲ့သည်။ သူအစ္စရေးသို့ရောက်ပြီးတစ်နှစ်နီးပါးကာလဖြစ်သည်။ ၁၉၅၇ ခုနှစ်ကုန်ခါနီးလောက်တွင်သူအလုပ်တစ်ခုရလေသည်။အလုပ်သည် အံ့သြစရာမရှိပါ။ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနကပေးသော အလုပ်ဖြစ်ပါသည်။ ကြုံကြိုက်ခြင်းလည်း မဟုတ်ပါ။ အလီကိုဟင် အီဂျစ်တွင်စွမ်းဆောင်ခဲ့မှုများကို အစ္စရေးထောက်လှမ်းရေးများက သူ၏မိသားစုထက် ပို၍သိရှိကြပါသည်။ ထို့ကြောင့် သူ့အား အသင့်တော်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ်ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ရွေးချယ်ထားပြီးဖြစ်သော်လည်း ကိုဟင်အား အချိန်ပေး၍ လေ့လာနေစေပါသည်။


အလီကိုဟင်၏အလုပ်သည် တန်ပြန်ထောက်လှမ်းရေးပင်ဖြစ်သည်။ အာရပ်သတင်းစာများကိုဖတ်ရှုလေ့လာရသည်။ ထိုနောက် ဟီးဘရူးဘာသာသို့ပြန်ဆိုပေးရသည်။ သတင်းစာများ၏တင်ပြချက်များနှင့် အီဂျစ်လူမျိုးတို့၏ စိတ်ဓာတ်ကိုနားလည်ထားသော မိမိ၏ ဗဟုသုတတို့ကိုမှီး၍အာရပ်ခေါင်းဆောင်ပိုင်းမှ ဝါဒရေးဆွဲသူများ၏ သဘောထားများကိုဆန်းစစ်သော စစ်တမ်းများရေးသားရသည်။


အလီကိုဟင်သည် သူ၏အလုပ်တာဝန်ကိုလုပ်ဆောင်ရာ၌ ဒေါင်ဒေါင်မြည် ထူးချွန်စွာလုပ်ဆောင်ခဲ့သည်။ သို့သော် သူလျှိုလုပ်ငန်းများတွင်သာ လေ့ကျင့်သင်ကြားခဲ့ပြီး လုပ်ဆောင်ခဲ့သော ကိုဟင်သည် မကြာမီယင်းအလုပ်ကိုငြီးငွေ့လာလေသည်။ စက်ရုပ်လို တကုပ်ကုပ် တလှုပ်လှုပ်နေရသော ရုံးထိုင်လုပ်ငန်းကိုသူကြာကြာ မလုပ်နိုင်တော့ချေ ။ မကြာမီတွင် သူသည် ကူးသန်းရောင်းဝယ်ရေးနှင့်စာရင်းကိုင်ပညာရပ်များကို အချိန်အားစဉ် သွားရောက်သင်ကြားလိုက်သေးသည်။ တစ်နှစ်လောက်ကြာသောအခါ ဤရုံးထိုင်လုပ်ငန်းသည်ပျင်းစရာဖြစ်လာပြန်သည်။ ထို့ကြောင့် ကိုဟင်သည် အထက်အရာရှိများထံသွား၍ သူအား ထောက်လှမ်းရေးအဖျက်လုပ်ငန်းများတွင်ခိုင်းပါရန် တင်ပြလိုက်လေသည်။


သူ့အထက်အရာရှိများ၏တုံ့ပြန်မှုသည် စာအုပ်ကြီးအတိုင်းပင်ဖြစ်ပါသည်။ အလီကိုဟင်သည်ပထမတန်းစား သူလျှိုတစ်ဦးအဖြစ်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်မှန်သော်လည်း မော့ဆက်အဖွဲ့ကြီးနှင့် အခြားထောက်လှမ်းရေးဌာနများသည် တာဝန်ယူပါရစေဟု မိမိဘာသာမိမိတောင်းဆိုလာသူများကို တိုက်ရိုက်တာဝန်မပေးသောမူဝါဒကို အမြဲကျင့်သုံးကြသည်။ ဤမူဝါဒကို အီဆာဟာရယ်ကိုယ်တိုင်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤမူဝါဒအတိုင်းလည်း တိတိကျကျ လိုက်နာခဲ့ကြသည်။ ထို့ကြောင့် အလီကိုဟင်အား 'ကျုပ်တို့က စွန့်စားခန်းလုပ်ချင်သူတွေကိုမလိုချင်ဘူး'ဟု အထက်အရာရှိကြီးများက ပြောင်ပြောင်တင်းတင်း ပြောလွှတ်လိုက်ကြသည်။


ဤသို့ပယ်ချလိုက်ခြင်းကြောင့် ကိုဟင်အတော်နာကြည်းသွားရလေသည်။ မျက်နှာကိုဖြတ်အရိုက်ခံလိုက်ရသလို သူအလွန်ရှက်သွားရှာသည်။ ဤသို့ဖြစ်သည်ကို အစကသိခဲ့လျှင် သူသည် အစ္စရေးနိုင်ငံအတွက် အီဂျစ်ပြည်၌ အသက်စွန့်၍ ကြိုးစားဆောင်ရွက်ခဲ့မည်မဟုတ်ပါ။ သူ၏ ငယ်စဉ်ကတန်ဖိုးရှိလှသော အချိန်ကိုထောက်လှမ်းရေးလုပ်ငန်းများလုပ်ပြီး အချိန်ဖြုန်းခဲ့မည်မဟုတ်ပါ။


ကိုဟင်သည်ရှက်လည်းရှက် မိမိအလုပ်ကိုအသိအမှတ်ပြုခြင်းလည်းမခံရသဖြင့် အလုပ်မှထွက်လိုက်သည်။ သူစိတ်အားသန်ခဲ့သော ကူးသန်းရောင်းဝယ်ရေး ပညာများကို ပြန်လည်လေ့လာလိုက်စားပြီး အချိန်အနည်းငယ်အတွင်းမှာပင် ဒီပလိုမာတစ်ခုရရှိသွားသည်။


ထို့နောက် စားသောက်ပစ္စည်းအရောင်းဆိုင်များတွင် စာရင်းကိုင်လုပ်သည်။ ထောက်လှမ်းရေးလုပ်ပြီး အောင်မြင်မှုယူရန်မဖြစ်နိုင်ခဲ့လျှင် အခြားလုပ်ငန်းများကိုလုပ်ရန်သာ ရှိပါတော့သည်။


ကိုဟင်သည်စီးပွားရေးလုပ်ငန်းတွင်လည်း အောင်မြင်ထူးချွန်ခဲ့သည်။ သူသည် စားသောက်ကုန်အရောင်းဆိုင်များ စစ်ဆေးရသော အင်စပတ်တာ ရာထူးရပြီး တစ်ပြည်လုံးရှိဆိုင်များသို့သွားရောက်၍ ငွေကြေးကိစ္စများ စစ်ဆေးကြပ်ရလေသည်။ သူသည် ဤလုပ်ငန်း၌လည်း လျှို့ဝှက်သိပ်သည်းစွာ လုပ်ဆောင်ခဲ့သည်။ ကိုဟင်သည် အခြားအလုပ်သမားများနှင့်ခင်မင်သော်လည်း သိပ်ရင်းနှီးနှီး မပေါင်းချေ။ လူတိုင်းကလည်း ကိုဟင်၏ ရည်မှန်းချက်ကြီးမှုကိုသိရှိပြီး ဤကုမ္ပဏီကြီးတွင် သူတက်လမ်း အလွန်ရှိကြောင်း သဘောပေါက်ထားကြလေသည်။


၁၉၅၉ ခုနှစ်နှစ်ဦးပိုင်းတွင် အလီကိုဟင်သည် တဲလာဗီမြို့ စစ်သည်တော်ကလပ်တွင် အီရတ်အမျိုးသမီးတစ်ဦးဖြစ်သူ နာဒီယာနှင့်တွေ့ဆုံခဲ့လေသည်။ နာဒီယာသည် ဟာဒက်ဆာဆေးရုံတွင်သူနာပြုတစ်ဦးဖြစ်သည်။ အရပ်ရှည်ရှည်နှင့်ညိုချောချော ဖြစ်ပြီး သူမ၏ မျက်လုံးရွဲကြီးများမှာ နက်မှောင်နေသည်။


သူမသည် ဟန်တွေပန်တွေဇာချဲ့နေတတ်သူမဟုတ်ဘဲ အလီကိုဟင်အား သူတို့နှစ်ဦးထပ်မံတွေ့ဆုံလိုကြောင်း ပြောပြလိုက်သည်။


ရက်သတ္တပတ်(၂)ပတ်နီးပါးခန့်ကြာသောအခါ နှစ်ဦးသား ဟာလဗီးယားကမ်းခြေတွင်လမ်းလျှောက်ကြရင်း လက်ထပ်ကြရန်ဆုံးဖြတ်ကြလေသည်။ သြဂုတ်လထဲတွင်လက်ထပ်ကြရန်နှင့် ဂျူးထုံးစံအတိုင်း ခမ်းခမ်းနားနား ကျွေးမွေးဧည့်ခံရန်စီစဉ်ကြလေသည်။


ကံကောင်းနေ၍လားဟုမပြောတတ်ပါ။ ပင်လယ်နီမြောက်ဘက်စွန်းရှိ အီလက်အပန်းဖြေစခန်းသို့သွားရောက်အနားယူရန် နှစ်ဦးသား မဲပေါက်ကြပြန်သည်။


ပင်လယ်နီ၏ ကျော်ကြားသော သန္တာကျောက်တန်းများပေါ်မှရေဆင်းကူးကြရင်း ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြလေသည်။ မကြာမီမှာပင် နှစ်ဘက်ဆွေမျိုးများစုပေါင်းဝယ်ယူပေးသော အခန်းတစ်ခန်းကို ကိုဟင်တို့ဇနီးမောင်နှံ ပြောင်းရွှေ့လိုက်ကြသည်။

အလီကိုဟင်သည် အနေအထိုင်အလွန်အသားကျလာပြီး အစ္စရေးနိုင်ငံတွင်မိမိအသက်ရှင်နေစဉ်မွန်မြတ်သောအလုပ်တစ်ခုလုပ်ခဲ့ရန် စဉ်းစားမိလေသည်။ သူသည်လုပ်ကိုင်နေသော လုပ်ငန်းထဲတွင် အလွန်တိုးတက်အောင်မြင်လာပြီး၊ ငွေကြေးလစာလည်း အတော်များများ ရလာသည်။

ကိုဟင်သည် ဘောလုံးဝါသနာအိုးတစ်ဦးဖြစ်လာပြီး ရွက်လှေစီးခြင်းကိုပါ လေ့ကျင့်ခဲ့ပြန်သည်။ကိုဟင်သည် စားဝတ်နေရေး ပြေလည်ဖူလုံသော အစ္စရေးနိုင်ငံသားတစ်ဦးဖြစ်ခဲ့ပေပြီ။

၁၉၆ဝ ခုနှစ်နှစ်ဦးတွင် ကိုဟင်သည် တဲလာဗီမြို့ သူ့အိမ်အနီးရှိလမ်းတစ်ခုတွင်လမ်းလျှောက်လာခဲ့ရာ သူကာကွယ်ရေးဌာနတွင်အလုပ်လုပ်နေစဉ်သိခဲ့သောလူတစ်ယောက်ကို ပြန်တွေ့ရသည်။ သူတို့နှစ်ဦးစလုံးသည် ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများ မဟုတ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဖော်ဖော်ရွေရွေဆက်ဆံခဲ့ကြဖူးလေသည်။


ထိုမိတ်ဆွေဟောင်းက ကိုဟင်အား ပင်လယ်ကမ်းစပ်သို့လမ်းလျှောက်ရင်း စကားပြောရန်ဖိတ်ခေါ်သည်။ ကိုဟင်သည် ကာကွယ်ရေးဝန်ကြီးဌာနကိုအခဲမကျေသေးသော်လည်း ထိုလူ၏ ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်သည်။


သူတို့နှစ်ဦးသား စကားပြောကြရင်း ကိုဟင်ကာကွယ်ရေးဝန်ကြီးဌာနမှထွက်လာသည့်ကိစ္စသို့ရောက်သွားသည်။ ထိုလူက ကိုဟင်အဘယ့်ကြောင့်ထွက်လာခဲ့သည်ကိုမသိရှိခဲ့သဖြင့် သူ့အားဒဲ့ဒိုး မေးမြန်းခဲ့သည်။ ကိုဟင်သည် ထိုသူ၏မေးခွန်းကိုဖြေနေစဉ်မှာပင် သူ၏အမျက်ဟောင်းပြန်ထွက်လာလေသည်။


"အဲဒီမှာ ကျုပ်သက်သက်အချိန်ဖြုန်းခဲ့ရတာပါပဲ။ ကျုပ်ကိုယ်တိုင်သတင်းမှန်တွေကို စုဆောင်းထောက်လှမ်းပေးပြီး ကျုပ်ရဲ့အလုပ်ကို အဆပေါင်းများစွာ ပိုကောင်းအောင်လုပ်နိုင်သားနဲ့ မလုပ်ရဘဲ ဒီအာရပ်သတင်းစာဆရာတွေရဲ့ သတင်းတွေကိုပြန်စုဆောင်းပေးရတာ ဘာအဓိပ္ပါယ်ရှိသလဲဗျာ"

ကာကွယ်ဝန်ကြီးဌာနမှအမှုထမ်းသည် ကိုဟင်၏ မကျေနပ်မှုများကို စာနာမှုဖြင့်နားထောင်နေရှာသည်။ ကိုဟင်ဘာ့ကြောင့်အလုပ်ထွက်ခဲ့ရသည်ကိုသူနားလည်သွားပြီဖြစ်ကြောင်း သူက ပြောပြသည်။ သူတို့နှစ်ဦးသာ ဘောလုံးပွဲအကြောင်း ကုန်စျေးနှုန်းများအကြောင်းနှင့် အခြားသာမန်ကိစ္စရပ်များအကြောင်း ဆွေးနွေးကြပြီး လူချင်းခွဲလိုက်ကြသည်။ ကိုဟင်ကမူသူ့ရင်ထဲ အခဲမကြေဖြစ်နေခဲ့သော မကျေနပ်ချက်ကိုဖွင့်အံလိုက်ရသဖြင့် ဝမ်းမြောက်ခဲ့သည်။


ဤသို့ဖြင့်ဤကိစ္စကိုမေ့မေ့ပျောက်ပျောက်နေခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ ဇနီးသည် နာဒီယာ မရှိခိုက်၊ ကိုဟင်ထံသို့ ထိုမိတ်ဆွေတစ်ခေါက်ထပ်ရောက်လာလေသည်။ ထိုသူက သူသည် အိုက်ဇက်ဇဲလ်ဟန်း ဖြစ်ပြီး မော့ဆက်အဖွဲ့ကြီးတွင်လုပ်သက်ရင့်အရာရှိတစ်ဦးဖြစ်ကြောင်းကိုဟင်အား ဖွင့်ပြောခဲ့သည်။ သူက ကိုဟင်ကို ကမ်းနားဘက်လမ်းလျှောက်ရန်ဖိတ်ခေါ်သဖြင့်ကိုဟင်ကလည်း လက်ခံလိုက်လေသည်။

ကမ်းခြေတွင်လမ်းလျှောက်လာစဉ် ဇဲလ်ဟန်းက မော့ဆက်အဖွဲ့သည် ကိုဟင် အစ္စရေးရောက်စကပင်စောင့်ကြည့်နေခဲ့ကြောင်း သူ့အား ပြောပြလိုက်သည်။ အီဂျစ်ပြည်တွင် ကိုဟင်လုပ်ဆောင်ခဲ့သည်များကိုသူတို့သိရှိခဲ့ပြီး ယခုလည်း သူတို့အတွက်ကိုဟင်အလုပ်လုပ်ပေးစေလိုသည်။



သို့သော် အလီကိုဟင်သည် အစ္စရေးသို့ရောက်ပြီးစတွင် အခြေမကျဖြစ်နေခဲ့သဖြင့် မော့ဆက်အဖို့အကျပ်ရိုက်နေရလေသည်။ ထိ့ုကြောင့်ကိုဟင်တစ်ယောက်နေသားတကျမဖြစ်မချင်း ထောက်လှမ်းရေးလုပ်ငန်းများတွင်တာဝန်မပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနောက်သူတို့သည် ထူးချွန်သော ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ မလုပ်မဖြစ်လုပ်ရမည်ဖြစ်သော စားပွဲထိုင်လုပ်ငန်းတွင် ကိုဟင်အား တာဝန်ပေးခဲ့ခြင်းဖြစ်သည်။


"ခင်ဗျား လုပ်ချင်ပါတယ်ဆိုတဲ့အလုပ်ကို ကျုပ်တို့မပေးခဲ့တာကတော့ အကြောင်းကြောင်းတွေအများကြီး ရှိပါတယ်။ အရေးကြီးဆုံးအချက်ကိုတော့ခင်ဗျား သိပြီးသားပါ။ ကျုပ်တို့က ခင်ဗျားကို သေသေချာချာ လေ့လာနေတာပါ။ အခုတော့ခင်ဗျား တကယ့်ထောက်လှမ်းရေးလုပ်ငန်းကိုလုပ်နိုင်ပြီလို့ ကျုပ်တို့ထင်ပါတယ်.."


ဇဲလ်ဟန်းက ဆက်ပြောပြန်သည်။


"ခင်ဗျား ထောက်လှမ်းရေးအဖွဲ့ထဲမှာ လုပ်ချင်ရင်ခင်ဗျားရဲ့ လျှောက်လွှာကိုကျုပ်တို့စဉ်းစားမှာပါ"


ကိုဟင်၏ တုံ့ပြန်ချက်ကိုလည်း ဇဲလ်ဟန်းက အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။


"သူဝမ်းသာလုံးဆို့ပြီး တော်တော်နဲ့စကားပြန်မပေးနိုင်ခဲ့ဘူး။ နောက်ပြီး ဟန်ဆောင်မှုလုံးဝမပါဘဲသူ့တိုင်းပြည်အတွက် မည်သည့်နေရာကမဆို စိတ်ပါလက်ပါ ဆောင်ရွက်ဖို့အသင့်ရှိကြောင်းကျွန်တော့်ကိုပြောပြပါတယ်။ ထောက်လှမ်းရေး သူလျှိုအနေနဲ့ ဘယ်အာရပ်နိုင်ငံကိုပဲသွားရသွားရလို့ပြောပါတယ်။ ကျွန်တော်မှတ်မိတာကတော့သူ့ကိုဥရောပပို့လိုက်မှာ သူစိုးရိမ်တယ်ဆိုတဲ့အချက်ပါဘဲ။ အာရပ်တစ်ယောက်အနေနဲ့ဥရောပမှာ လှုပ်ရှားရမယ်ဆိုရင် အလှမ်းဝေးတယ်လို့သူယူဆပါတယ်။ မော့ဆက်အဖွဲ့ဝင်ဖြစ်လာရင်တော့ဘာခိုင်းခိုင်းလုပ်ရမယ်လို့ကျွန်တော်သူ့ကိုပြောပြလိုက်တော့သူသဘောပေါက်သွားပါတယ်.."


ထိုနောက်သူတို့နှစ်ဦး နာရီအတော်ကြာ ဆက်လက်ဆွေးနွေးကြပြန်သည်။


ထိုမော့ဆက်ထောက်လှမ်းရေးအရာရှိ၏ လျှို့ဝှက်နာမည်မှာ ဒါးဗစ်ခ်ျဖြစ်ပြီး သူခိုင်းမည့်လူကိုသူလိုသလို ပုံသွင်းနေခြင်း ဖြစ်ပါသည်။ သူသည် ၁၉၄၈ ခုနှစ်မတိုင်မီက အကြမ်းဖက်ပြောက်ကျားအုပ်တွင်ပါဝင်ခဲ့သူဖြစ်သဖြင့် မိမိ၏ အန္တရာယ်ပြွမ်းသောလုပ်ငန်းရပ်တွင်ခိုင်းမည့်အစား အစအဆုံး နားလည်ထားရမည်ဟုသိပါသည်။


ပထမဦးစွာ ဒါးဗစ်ခ်ျက ကိုဟင် ဤအလုပ်လိုသည့်အကြောင်းများကိုမေးမြန်းခဲ့သည်။ နာဒီယာနှင့်အိမ်တွင်းရေး အဆင်ပြေသလား၊ အိမ်မှာ အိမ်တွင်းရေး အဆင်မပြေ၍ အပြင်ထွက်ချင်သလား၊စွန့်စားရမည်လုပ်ငန်းကိုနှစ်သက်သလား၊ ထိုအလုပ်ရပါက စိတ်လှုပ်ရှားတက်ကြွဖွယ်ရာသူလျှိုလုပ်ငန်းတွေ အဆက်မပြတ်လုပ်ရမည်ဟုမျှော်လင့်ထားသလား... စသည် စသည်ဖြင့်။


ကိုဟင်သည် မေးခွန်းများကို ရိုးသားပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့လေသည်။ သူတို့ဇနီးမောင်နှံသားဦးကလေး ရခါနီးပြီဖြစ်ပြီး နှစ်ယောက်စလုံးက နောက်ထပ်သားသမီးတွေ တပြုံကြီးလိုချင်ပါသေးသည်။ သူသည်မိသားစုကိုခွဲ၍ မနေချင်ပါ။ သို့သော်လည်း တာဝန်ပေးပါက ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။


အလီကိုဟင်ကိုယ်တိုင်က မသိသော်လည်း ဒါးဗစ်ခ်ျသည် ထိုအဖြေများကို သူမဖြေမီက သိရှိပြီးဖြစ်ပါသည်။ မော့ဆက်အဖွဲ့ကြီးသည် ကိုဟင်၏ မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုဝင်များထံချဉ်းကပ်၍ လျှို့ဝှက်စုံစမ်း သိရှိထားပြီးပါပြီ။ သူ၏ သာယာသောအိမ်ထောင်ရေးအကြောင်းလည်း မော့ဆက်က သိပါသည်။ ဇနီးမောင်နှံ (၂)ဦးသည် သားဦးလေး မျှော်လင့်နေကြောင်းလည်း မော့ဆက်သိသည်။ အလီကိုဟင်၏ပုဂ္ဂိုလ်ရေးရာကိစ္စရပ်များနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာများအပြင် အစ္စရေးနိုင်ငံအပေါ်ထားရှိသော သူ၏စိတ်ဓာတ်များကိုလည်း မော့ဆက်က ခရေစေ့တွင်းကျ အသေးစိတ်သိထားပါသည်။


ထို့ကြောင့်ပင် မော့ဆက်အဖွဲ့ထဲဝင်ချင်သည့် သူ၏ တစ်ခုတည်းသောအကြောင်းမှာ မိမိနိုင်ငံကိုမိမိအလုပ်အကျွေးပြုလို၍သာဖြစ်ကြောင်း အလီကိုဟင်က ပြောသောအခါ သူအမှန်တကယ်ပြောကြောင်း ဒါးဗစ်ခ်ျက ယုံကြည်လေသည်။


ထို့နောက် ဒါးဗစ်ခ်ျက ကိုဟင်အား အလုပ်ကိစ္စနှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းသည်။မိမိအလုပ်ဘာအလုပ်ဖြစ်သည်ကို ဇနီးသည်အပါအဝင် မည်သူ့ကိုမျှ မပြောရခြင်းကို သိသလား။ လခမှာ ယခုရနေသည့်လခထက်များသော်လည်း ငွေကြေးအမြောက်အမြားရမည်မဟုတ်ကြောင်း သိသလား။ မော့ဆက်အဖွဲ့ကြီး၏ တင်းကျပ်၍ ချွတ်ယွင်းချက်မရှိသောစည်းကမ်းများကို လက်ခံနိုင်သလား... စသည် စသည့်မေးခွန်းများ။


ကိုဟင်သည် အချက်အလက်များကို လက်ခံရန်အဆင်သင့်ဖြစ်ပါသည်။ သူက မဲ့ပြုံးပြုံးကာဒါးဗစ်ခ်ျအား ပြောလိုက်သည်။


"တကယ်ဆိုတော့ ဒီအလုပ်ဟာ ကျွန်တော်ငယ်ငယ်က တချိန်လုံး လုပ်ကိုင်ခဲ့တဲ့အလုပ်ပါဗျာ။ ဒါကိုခင်ဗျားတို့လည်း အသိပါပဲ"


ဒါးဗစ်ခ်ျက ကိုဟင်အား သူအီဂျစ်နိုင်ငံတွင် သူလျှိုအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့သည်များကို အီဂျစ်တို့မည်သို့သော အတိုင်းအတာအထိ သိခဲ့သနည်းဟု သေသေချာချာ မေးကြည့်သည်။ ထို့နောက် ဒါးဗစ်ခ်ျကဤသို့သော အခြေအနေတွင်ကိုဟင်အီဂျစ်နိုင်ငံသို့ပြန်သွားရန်မဖြစ်နိုင်တော့ဟုဆိုလေသည်။ အခြားအာရပ်နိုင်ငံတစ်ခုခုသို့ ကိုဟင်သွားသည်ပဲထားဦး ထိုနိုင်ငံသည် အီဂျစ်တို့ပေးပို့သောကိုဟင်၏ နောက်ကြောင်းများကိုရရှိထားနိုင်သည်။ ထိုအခါ ထိုနိုင်ငံအတွင်း ကိုဟင်ခြေချမိသည်နှင့်သူ့လည်ပင်းကြိုး သူတပ်ခြင်းသာ ဖြစ်ပေတော့မည်။


အလီကိုဟင်က ယခုသူလုပ်နေသော စီးပွားရေးလုပ်ငန်းသည် ပျင်းစရာကောင်းပြီးသူစိတ်မဝင်စားလှကြောင်း ဒါးဗစ်ခ်ျအား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ သို့သော်အလုပ်များ၌ပျင်းရိငြီးငွေ့နေခြင်းကြောင့်သက်သက် မော့ဆက်အဖွဲ့ထဲအသက်စွန့်၍ သူလျှိုလုပ်ချင်ခြင်းမဟုတ်ကြောင်း၊ သူ၏ နိုင်ငံအကျိုးအတွက် သူ့အသက်ကိုစွန့်လွှတ်ကာ ဆောင်ရွက်လိုခြင်းသာဖြစ်ကြောင်း ကိုဟင်က ထပ်လောင်းပြောဆိုပြန်သည်။


ဒါးဗစ်ခ်ျ ကိုဟင်ကို ကျေနပ်အားရသွားလေသည်။ ကိုဟင်သည် သူ၏ ပဏာမစစ်မေးခြင်းကိုအောင်မြင်ခဲ့လေပြီ။


ထိုနောက်တွင် ကိုဟင်တစ်ယောက် စာမေးပွဲတွေတသီတတန်းကြီး ဖြေဆိုရပြန်သည်။ ဆရာဝန်များနှင့်သိပ္ပံပညာရှင်အမြောက်အမြားပါဝင်သော စစ်ဆေးရေးအဖွဲ့များ၏အလယ်တွင်ကိုဟင်သည် ဆေးဘက်ဆိုင်ရာနှင့်စိတ်ဓာတ်ရေးရာ စစ်ဆေးချက်များ ခံရလေသည်။


၁၉၅ဝ ခုနှစ်လောက်မှစ၍ ထောက်လှမ်းရေးအဖွဲ့များသည် သူလျှိုတစ်ယောက်သို့မဟုတ် စစ်သားတစ်ယောက် (ရန်သူဖြစ်စေ၊ အစ္စရေးဖြစ်စေ)သည် မည်သို့လှုပ်ရှားဆောင်ရွက်မည်ကို


လိုအပ်သော အချက်အလက်အကြောင်းအရာများနှင့် ဆန်းစစ်ဝေဖန်ချက်များ နည်းစနစ်ကျကျစုဆောင်းပေးသော စီမံချက်တစ်ခုကိုလက်ကိုင်ပြုလာကြလေသည်။


စုဆောင်းရရှိသော အချက်အလက်များကို ကွန်ပျူတာစက်ထဲထည့်သွင်းပေးလိုက်ပြီး ကွန်ပျူတာ၏ဆန်းစစ်အဖြေထုတ်ပေးမှုကိုလေ့လာကြလေသည်။ မော့ဆက်အဖွဲ့ကြီးသည် လူနည်းနည်းနှင့်ကျဲကျဲဝိုင်းထားသော အဖွဲ့ဖြစ်၍ ထိုစီမံချက်မျိုး မရှိမဖြစ်လိုအပ်နေပေသည်။ မော့ဆက်၏လက်တစ်ဆုပ်စာ သူလျှိုအဖွဲ့ဝင်များအပေါ် အကုန်လုံးယုံမှတ်ကာ ပုံအပ်ထား၍ မဖြစ်နိုင်ပါ။ 

အပိုင်း ၃ ဆက်ရန်

Comments

Post a Comment