တစ်ကိုယ်တော် Therapy(အသံဇာတ်ညွှန်း)

 Narrator=ဤအသံဇာတ်လမ်းတိုသည် ဖြစ်ရပ်မှန်အခြေခံဖြစ်ပြီး ရုန့်ရင်းကြမ်းတမ်းသော စကားလုံးအသုံးနှုန်းများပါဝင်ပါသည်။


Therapist=“မစ္စတာ(.....)”

Narrator=နာမည်ခေါ်သံအကြားတွင် ထလာဖြစ်ခဲ့သည်။တစ်စုံတစ်‌ယောက်၏ မျက်နှာကို မော့မကြည့်ဖြစ်တာ ကြာခဲ့ပြီးသည့်နောက် ယခု ပထမဆုံးအကြိမ်အနေဖြင့် ခေတ္တစိုက်ကြည့်လိုက်မိလေသည်။

Therapist=“ကျွန်မနာမည်က ဒေါက်တာ(.......)ပါ”

Narrator=သူမမျက်လုံးတွေက စူးစမ်းလေ့လာနေသော အကြည့်မျိုးဖြစ်သည်။ကြာကြာ ကြည့်နိုင်စွမ်းမရှိ။သို့နှင့် တခြားကို လိုက်ကြည့်မိသည်။ကိုယ်လုံးကတော့ A+ သို့သော် လက်သူကြွယ်တွင် လက်စွပ်ရှိ၏။အိမ်ထောင် သို့မဟုတ် စေ့စပ်ထားပြီးလောက်သည်ထင်ပါသည်။

Therapist=“အဆင်သင့်ဖြစ်ပြီလားရှင့်။”

မောင်သူ=“ဟုတ်။”

Therapist=““ကျွန်မတို့လုပ်ရမှာက ရှင်းပါတယ်။အခုခံစားနေရတာတွေက ဘယ်ကလာသလဲဆိုတာကို ရှာကြည့်ကြမယ်။ပြီးရင်တော့….ဘယ်လိုကုသကြမယ်ဆိုတာကို အဖြေရှာကြည့်ကြမယ်။”

“အခု မျက်လုံးကို ခဏမှိတ်ထားပြီး အသက်ကို ဖြေးဖြေးချင်း ရှုသွင်းကြည့်လိုက်ပါ။”

*တစ်ကိုယ်တော် Therapyသီချင်းမှ Interludeကိုဖွင့်မည်*

Radio Sounds=“ဂျစ်…ဂျစ်…ဂျစ်”

“*မင်္ဂလာညနက်လယ်ပါရှင့်။
ညသန်းခေါင်တွင် အိပ်မပျော်ပဲ ငုတ်တုတ်ထိုင်နေသူများအတွက် ရေဒီယိုအစီအစဉ်မှ ပြန်လည်ကြိုဆိုပါတယ်ရှင်။
*ဂျစ်ဂျစ်ဂျစ်…ယခုကစပြီး…ဂျစ်ဂျစ်ဂျစ်…တင်ဆင်သွားမှာတွေကတော့…ဂျစ်ဂျစ်ဂျစ်…
အငိုမျက်လုံးအပြုံးမျက်နှာလူရွှင်တော်ကြီးပါ အစီအစဉ်နဲ့…..
ကိုယ့်ကိုယ်ကို ပြန်လည်ဟာသလုပ်ခြင်းအစီအစဉ် တို့ပဲ ဖြစ်ပါတယ်။

…*ခံစားနားဆင်ပေးကြည့်ပါဦးရှင့်…။”

“ဂျောက်…။”

Inner Voices= “ရီပို့ကဒ်ရပြီလား။အဆင့်ဘယ်လောက်ရလဲ။”

“...........”

“နင့်အဆင့်နင်ကြည့်စမ်း။အဆင့်(၁)ရတာ ဘယ်သူလဲ အတန်းထဲမှာ။သူ့ချီးပဲ နင်စားဖို့ကောင်းတယ်။ဒီစာလေးတောင် ကောင်းကောင်းမလုပ်နိုင်ဘူးလား။”

“သူလည်း ထမင်းစားတယ်။ရွှေစငွေစတွေ စားမနေဘူး။ထမင်းစားတဲ့ ဉာဏ်အချင်းချင်း နင်က ဘာလိုနေလို့လဲ။မွေးထားတာ အကောင်းလေး။အေး…..ငါသိတယ်။အဲ့ဂိမ်းတွေ ဆော့တာ ဆော့တာဆိုတာလေ။”

“အပြင်ထွက်ဆော့ဖို့မစဉ်းစားနဲ့။စာပဲလုပ်ရမယ်။”

“ကလေးက ကလေးလိုနေ ဂြိုလ်ကောင်သိပ်မလုပ်နဲ့။နင် တစ်နေ့ နောင်တရမယ်။”

“အောင်မလေး ကြည့်စမ်း။သူများသားသမီးတွေ အဆင့်(၁)ရရတာနဲ့ အားကစားမှာ ထူးချွန် ဂီတမှာထူးချွန်၊ရလိုက်တာ ရလိုက်တာ ဆုတွေဆိုတာ။ထူးချွန်စာမေးပွဲမှာလည်း အမှတ်ပြည့်ရတာဆိုတာလေ။နင့်ရဲ့ ညီလေ…ဟိုတစ်ခါ အိမ်လာလည်တဲ့ တစ်ယောက်။အခုဆို သင်္ချာအိုလံပစ် ရွှေတံဆိပ်တောင်ရတယ်တဲ့………..ငါရောဘယ်တော့ ဂုဏ်ယူရ…။”

“ကျောင်းပြေးတယ်ပေါ့ ဟုတ်လား။ကျောင်းမတက်ချင်တော့ဘူးပေါ့။ကျောင်းမတက်တော့ရင် ဘာလုပ်မှာလဲ။ရော့ ဒီမယ် ယူသွား ခွက်။သွား…တောင်းစားလေ။ကျောင်းမတက်ရင် တောင်းစားရမှာပဲ။”

“ငါတို့တုန်းကဆို ငါတို့အဖေ၊အမေငါတို့ ဘယ်လောက်သိတတ်တယ်ဆိုတာ နင်သိလား။နင်က ငါတို့ သိတတ်တာလောက်တောင် မမှီသေးဘူး။”

“ငါတို့ခေတ်တုန်းကများ….နင်တို့လို မဟုတ်။အစစအရာရာ နင်တို့မှာ ပြည့်စုံပြီး အခွင့်အလမ်းတွေ ပေါ်နေတာတောင်မှ နင်တို့က မယူတတ်ဘူး။”

“နင့်ကိုသာ မမွေးခဲ့ရင် နင့်အဖေနဲ့သာမယူခဲ့ရင် အခုချိန် ငါ ချမ်းသာနေပြီး လှလို့ပလို့ ကျော့လို့မော့လိုပဲ သိလား။နင်…ကျေးဇူးသိ ကျေးဇူးသိ နင့်ကိုမွေးဖို့ ဘယ်လောက်အနစ်နာခံခဲ့လဲဆိုတာ နားလည်အောင်ပြောတာ။”

“ပြန်တောင်ခံပြောတတ်နေပြီပေါ့။နင်မြေမြိုမှာသိလား။မိဘကို စော်ကားတဲ့ကောင်။အဲ့တာကြောင့် နင်ဘာလုပ်လုပ် မအောင်မြင်တာ မိဘက ပြောရင် အမြဲ မျက်နှာပေးကိုက…။”

“ဟော့ ဒီတံစက်မြိတ် အပြင်ကနေ ထွက်ရှာကြည့်လိုက်လေ။
နင့်ကို ကိုယ့်အိမ်က မိဘလို တင်ကျွေးပေးမယ့်သူ ကျောင်းထားပေးမယ့်သူမျိုး ထမင်းထုပ်တောင်သိုးသွားဦးမယ်။”

“ကြည့် ကြည့် တွေ့လား။ကြည့်ထား။အငယ်က နင့်ထက်တောင် အများကြီးလည်တယ် တုံးအမနေဘူး။နင့်တောင် ပြန်ရောင်းစားသွားဦးမှာ သိလား။ဟဟ။”

“နင့်အတွက် ငါစိတ်မောတယ်။စိတ်မောတယ်။သူများ သားသမီးတွေ အခု ပိုက်ဆံ သိန်းဂဏန်းလောက်ရှာနိုင်နေပြီ။နင့်မှာတော့ ပညာရေးတောင် ဆုံးခန်းမတိုင် နောက်ကအငယ်အတွက်လည်း ရှိသေးတယ်။အကြီးပီသစမ်းပါ။တာဝန်တွေရှိတယ်နော်။ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှဖြစ်မှာပေါ့ဟဲ့။”

“နင့်ကိုယ်နင်ဘာထင်နေလဲ။အိမ်ကို ပိုက်ဆံ ဘယ်နှပြားထောက်နိုင်ပြီလဲ။ဂုဏ်ယူရအောင် လုပ်နိုင်ပြီလဲ။”

“နင့်ဘဝကြီး ဒီအတိုင်းပဲ ဆုံးတော့မှာလား။ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်ကြည့်စမ်းပါ။ဘာမှ စောက်သုံးမကျရတဲ့အထဲ ဆေးလိပ်လေးက သောက်၊အရက်လေးက တမြမြနဲ့။”

“အဲ့ဘဲက င‌ပေါပါကွာ ငယ်ငယ်ကတည်းက စာရူးလိုလို ကဗျာရူးလိုလိုနဲ့ စာအုပ်ဖတ်တဲ့ ငကြောင်ပါ။ပျော့ကပျော့သေးတယ်။”

“ကျွန်မအတွက် ရှင်ဘာလုပ်ပေးခဲ့ဖူးလဲ။ဘာလေးများ ဝယ်ပေးဖူးလဲ။”

“ဒီတစ်လောကလုံးမှာ ကျွန်မလောက် စိတ်ဆင်းရဲရပြီး၊ကံဆိုးတဲ့ တုံးအတဲ့ မိန်းမမျိုးမရှိတော့ဘူး။ဒီလောက်များတဲ့ ယောက်ျားတွေထဲ ရှင့်ကိုမှ ရွေးမိတာ။”

“ကျွန်မ မနေနိုင်တော့ဘူး။ရှင်နဲ့အတူတူ အငတ်ခံမနေနိုင်တော့ဘူး။သိပ်စိတ်ကုန်နေပြီ။”

“အရည်မရ အဖတ်မရ အဆံမဝင်တဲ့ စာလေးရေးတာထက် လုပ်တတ်တာဘာရှိလဲ…ဟမ်။ဘာရှိလဲ။”

“နင့်ကိုမွေးမိတာက ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားပဲ သိရဲ့လားဟဲ့။”

“..................................................................................................................................................”

Radio Sounds=“*နောက်ဆက် ထုတ်လွှင့်သွားမယ့် သတင်းအစီအစဉ်လေးတွေကတော့…”

“ဂျစ်ဂျစ်ဂျစ်…အိမ်…….ကြမ်းဖက်……တိုးလာ….ဂျစ်ဂျစ်ဂျစ်။”

“ဂျစ်ဂျစ်ဂျစ်…ခြေခံ…လူတန်းစား…လုပ်ခတိုးမြှင့်ဖို့…ဂျစ်ဂျစ်ဂျစ်။”

“ဂျစ်ဂျစ်ဂျစ်…ယခုနှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်မှုတွေတိုးပွားလား…ဂျစ်ဂျစ်ဂျစ်။”

“*နောက်ဆက် ထုတ်လွှင့်သွားမယ့် နိုင်ငံတကာ သီချင်းကဏ္ဍမှာ ဦးဆုံး နားဆင်ရမှာကတော့………”

*Kendrick Lamar၏ The Heart Part-5ကိုဖွင့်မည်။*

“In the land where hurt people hurt more people

Fuck callin' it culture.”

“But I want you to want me too (I want, I want, I want, I want)

I want the hood to want me back (I want, I want, I want, I want)

I want the hood

Look what I done for you (look what I done for you)

Look what I done for you”

“*အစီအစဉ်ကို အဆုံးအထိ နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။သာယာအေးချမ်းသော အိပ်စက်ခြင်းလေးဖြစ်နိုင်ပါစေရှင်။”

Therapist=“စိတ်အေးအေးထားပါ လူနာရှင့်။”

Narrator=သူ၏ သတိပေးသံမှာ လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာအောင် ဆွဲခေါ်လိုက်သည့်နှယ်။

“ငယ်ဘဝမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်ပေါင်းသင်းဆက်ဆံခဲ့ရတဲ့လူတွေဟာ လက်ရှိ ကိုယ်ဘယ်လိုလူဖြစ်သလဲ။ဘယ်လို စိတ်ထားမျိုးရှိသလဲ။ဘယ်လို အမူအကျင့်မျိုးရှိသလဲဆိုတာအပေါ် အဓိက သက်ရောက်မှုရှိစေပါတယ်။”

“အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့ဖို့လိုပါတယ်။ဒါမှသာ ပိုကောင်းတဲ့လူဖြစ်ဖို့ ကိုယ့်ကိုယ်ကို အခွင့်အရေးပေးနိုင်မှာဖြစ်ပါတယ်။”

“ခွင့်လွှတ်ပေးတတ်ဖို့ ကြိုးစားရပါမယ်။ခွင့်လွှတ်ရမယ်ဆိုတာဟာ…သူတို့အတွက်မဟုတ်ပဲ၊ကိုယ့်အတွက်ကိုယ် ခွင့်လွှတ်ရမယ်ဆိုတာလေးကို မှတ်ထားပေးပါ။”

“နောက်တစ်ပတ်ကျရင် ပြန်တွေ့ကြပါမယ်ရှင့်။”

Narrator=အကြာကြီးဟုထင်ရသော်လည်း ယခုပြန်လာတော့ ၁နာရီထက် ပိုမကြာသေးကြောင်း သတိထားမိလေသည်။

ကိုယ့်ကိုယ်ကို လိမ်ရင်းညာရင်း တစ်ကိုယ်ထဲ လောကကြီးနှင့် အဆက်ပြတ်ရာ အခန်းငယ်ထဲသို့ ပြန်လာခဲ့လေတော့သည်။

Inner Voices=“ညညတွေမှာ…လူတကာကို အိပ်မရစေတာ…
စောက်ကြောင်းမဲ့ အူနေတဲ့ ခွေးစုတ်ခွေးနာတွေပါ။”

“ဟုတ်ရဲ့လား။”
“ဟုတ်ရဲ့လား။”
“ဟုတ်ရဲ့လား ခွေးသားရေ။”

“အကြောင်းရင်းကို ရှာရဲလား။”
“ဖွင့်ပြရဲလား။”
“ရဲရဲကြီးကြည့်ရဲလား။”
“တစ်ခုမှတ်ထားကွ။”
“အရက်တွေနဲ့ မှိုင်းတိုက်ထားလည်း…
အမူးပြေတာနဲ့ ပြန်ပေါ်လာမှာပဲ။”
“တကယ်သေတဲ့အခါ ဒါတွေနဲ့အတူ မင်းမြေမြုပ်တာခံရဦးမှာ။”
“နှစ်သန်းချီကြာသွားတဲ့နောက်ကျရင် မင်းက တစ်ခုခုတော့ပြောင်းသွားမှာပဲ။”
“ဘာလဲတော့ ငါလည်းမသိဘူး။”
“သေချာတာတစ်ခုကတော့
အစွယ်ဆိုတာ သိပ်ရှည်ပြရင် ကိုယ့်ကိုယ်ကိုပဲ ပြန်ထိုးမိနေမှာပဲကွ။”

“အား………………………………။”
“ဟား……………………………………………။”
“ကယ်ကြပါ။”
“တစ်ယောက်ယောက်ကယ်ကြပါ။”
“သွေးမထွက်ပဲ နာနေတဲ့ ဒီအနာတွေကို သက်သာစေမယ့် ဆေးကိုရှာပေးကြပါ။”

“ညတွေကတော့ တိတ်နေတာပဲ။
တချို့အတွက်ကတော့ အမြဲဆူညံနေလျက်ပေါ့။
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ထိုးနေတဲ့ ဓါးတွေကတောင် တုံးပြီး သံချေးတက်။
ကိုယ့်ခေါင်းကိုယ်ပစ်ဖောက်မိနေတဲ့ သေနတ်တွေလည်း ကျည်ကုန်နေပြီ။
ငါကတော့ မသေသေးဘူး။
လီးလိုပဲဟေ့
အခုပဲ သေလိုက်ပါတော့
အိပ်နေရင်း…
မေ့မျောနေရင်း…
အိပ်မက်လေးဘာလေးမက်နေရင်း…
တစ်ဘဝလုံး ကျောက်သားပေါ်ခေါင်းအုံးပြီး ရှင်သန်လာရတာ။
သေတဲ့အခါလေးကတော့ ပန်းခင်းလေးထဲ ဖြစ်ပါရပါစေဦး။
တံတွေးခွက်ထဲ မျောပြီး သေရမယ့်ဘဝလား။
လီးပဲကွာ
လီးလိုပဲ
တည့်ပဲဆဲမယ် အားလုံးကို လီးပဲ
ငါလိုးမ လူတွေ
ငါလိုးမ စောက်လောကကြီး။”

“ငါ့ကို မသိချင်မယောင်ဆောင်နဲ့ကွာ။”
“မင်းကို လီးပဲထင်တယ်။”

“သေလိုက်တော့ကွာ သေလိုက်တော့…………။”

*တစ်ကိုယ်တော် Therapyသီချင်းမှ Chorusကိုဖွင့်မည်*

“အောက်အီးအီး……အွတ်….။”

“ဖျောက်……..။”

မောင်သူ=“ဟ…………………..။”

Narrator=နောက်တစ်ကြိမ် လက်တွေ့ထဲပြန်ရောက်လာခဲ့ရပြန်ပြီ။အိပ်မက်….သက်သာရာ မရှိ။ပင်ပန်းစွာနိုးလာသော မနက်၏ ပြတင်းဝင် အလင်းရောင်က စူးရှသည်။

ထူးထူးဆန်းဆန်း ဖုန်းမြည်သံမှာ နားထဲတွင် ထူးထူးဆန်းဆန်း ကျယ်လောင်လွန်းသည်ဟု ထင်ရလေသည်။အိပ်ရာထဲတွင် ဖုန်းကို အလူးအလဲ ထရှာလိုက်ရင်း ကိုင်လိုက်လေသည်။

မောင်သူ=“ဟယ်လို။”

ဖုန်းထဲမှ လူ=“ဟေ့ကောင် ခွေးသူတောင်းစား။အခုထိ အိပ်နေတုန်းလား။”

မောင်သူ=“ဟမ်။”

ဖုန်းထဲမှ လူ=“ငါတို့ လမ်းထိပ်က ဆိုင်မှာ ထိုင်ပြီး လက်ဖက်ရည်တောင် သောက်နေပြီ။မင်းပဲ ကျန်တော့တယ် လာဖို့။”

Narrator=ဘာမှမပြောမိ။ဘာပြောရမည်ကို မသိပေ။

ဖုန်းထဲမှ လူ=“ဟေ့ကောင်….လာမှာဆိုလည်း မြန်မြန်ထွက်လာခဲ့တော့။”

Narrator=ဖုန်းချသွားပြီးနောက် လေးလံထိုင်းမှိုင်းလျက်ရှိ၏။

*တစ်ကိုယ်တော် Therapyသီချင်းမှ Verse-1ကိုဖွင့်မည်*

Narrator=အတင်းကုန်းရုန်းထလာရင်း သွားတိုက်၊မျက်နှာသစ်ခဲ့သည်။ထို့နောက် ဆေးလိပ်ဘူး၊ဖုန်းနှင့် ပိုက်ဆံအိတ်ကို ယူလာ အိမ်မှထွက်လာခဲ့လေသည်။

မနက်ခင်းနေရောင်ခြည်က သူ့မျက်နှာကို ထိစပ်မိလိုက်သောအခါဝယ် အနည်းငယ် သစ်လွင်သွားသလို ကိုယ့်ကိုယ်ကို ခံစားမိလိုက်လေသည်။ဘေးပတ်ဝန်းကျင်ကို ခဏငေးလိုက်မိသည်။ထွေထွေထူးထူး ဘာမျှမရှိပေ။၁၀နှစ်အတွင်း တစ်ခုတစ်လေတောင် ပြောပလောက်အောင် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။

တိတ်ဆိတ်ပြီး အမြဲ လူပြတ်ရှင်းလင်းနေတတ်သော ထိုလမ်းကြားမှ ဖြတ်လျှောက်လာရင်း ဆေးလိပ်ကို မီးညှိလိုက်မိလေသည်။စောစောစီးစီး ဖြည့်သွင်းလိုက်သော နီကိုတင်းမှာ အဆုတ်ထဲတွင် ကြာကြာနေခွင့်မရပဲ ထွက်သွားခဲ့ရလေသည်။

ကျောဘက်သို့တစ်ချက် ထို့နောက် ရင်ဘတ်သို့တစ်ချက်စီ ဓါးတစ်ချက်စီ ထိုးသွင်းခြင်းကို သိလိုက်ပြီးနောက် သွေးများစီးကျလာပြီး ဆေးလိပ်မှာ သွေးအိုင်ထဲပြုတ်ကျသွားလေသည်။ငြိမ်းမငြိမ်းသွားတော့ မသေချာပေ။သို့သော် ပိုက်ဆံအိတ်ကိုနှင့် ဖုန်းကိုသော ယူသွားခြင်းခံလိုက်ရကြောင်းတော့တစ်ချက် သိလိုက်မိလေသည်။

*တစ်ကိုယ်တော် Therapyသီချင်းမှ Verse-2ကိုဖွင့်မည်။*

ဆရာဝန်=“လူနာ….သတိရပြီလား။”

Narrator=ဆက်တိုက်ရှင်းပြပြောဆိုနေသော ဆရာဝန်၏ စကားသံမှာ ကျွန်ုပ်နားထဲတွင် အဓိပ္ပာယ်မရှိသော ဗလာစကားလုံးတွေနှင့်တူနေဟု ကြားယောင်မိနေလေသည်။ဘဝတွင် မည်သူ့ကိုမှ ဆရာဝန်ကို ကြည့်သလောက် အကြာဆုံးနှင့် အစူးရှဆုံး မကြည့်ခဲ့ဖူးပေ။

မောင်သူ=“ဆရာ….။”

“ကျွန်တော်….အာမခံမရှိဘူးဆရာ။”

Narrator=ဗြုန်းစားကြီးထပြောသော သူ့စကားကို ဆရာဝန်နှင့် သူနာပြုများက မည်သို့မည်ပုံ တွေးကြသည်မဆိုနိုင်ပေ။

ဆရာဝန်=“လူနာကို လာကြည့်မယ်သူရောရှိလား။”

မောင်သူ=“မရှိပါဘူး။”

Narrator=ယခု ပိုက်ဆံအိတ်ရော၊ဖုန်းရော လုခံရသည်နှင့် ဘာမှလုပ်မရပေ။ဆရာဝန်လည်း အတော်လေး ဖြေရှင်းရ ကြပ်နေပုံရ၏။

နောက်ဆုံးတွင် ညီမငယ်၏ ဖုန်းနံပါတ်ကို ပေးလိုက်ရ၏။

တစ်ရေးခန့် မှေးနေမိပြီးနောက် နိုးလာသောအခါ ညီမငယ်က ကျွန်ုပ်ဘေးတွင် ထိုင်နေ၏။

မောင်သူ=“နင်….။”

ညီမ=“ဘာမှမပြောနဲ့။”

Narrator=“ဆီးကာပြောလိုက်သော သူ့စကားနှင့်အတူ အသံလည်း တိမ်ဝင်သွား၏။”

ညီမ=“ရော့။”

Narrator=ညီမငယ်ကမ်းပေးသော စက္ကူထုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ငွေတစ်ထပ်…။”

ညီမ=“ဆေးရုံစရိတ်ရှင်းပေးပြီးပြီ။ကောင်းကောင်းအနားယူပါ။ပြီးရင် ထပ်မဆက်သွယ်ပါနဲ့တော့။”

Narrator=ဤသည်ကား နောက်ဆုံး စကားတစ်ခုဖြစ်၏။

မသေခင်ကြားခဲ့သော နောက်ဆုံးစကားဖြစ်လေသည်။

ယခု ကိုယ့်ကိုယ်ကို ပြန်ရှာဖွေကြည့်လိုက်တော့ ခုံပေါ်တွင် မတ်တပ်ရပ်လျက်…

လည်ပင်းတွင်က ကြိုးကွင်းလေးစွပ်လျက်

ခြေချော်မိတော့မည့် တစ်ခဏ ထိုတစ်ချက်….

*တစ်ကိုယ်တော် Therapyသီချင်းမှ Pre-2ကိုဖွင့်မည်*

*အဆုံးတွင် Ending Interludeကိုဖွင့်မည်*

Narrator=ဘောင်းဘီအိတ်မှ မြည်လာသည့် အသံက နှောက်ယှက်လိုက်လေ၏။

ဖွင့်ကြည့်လိုက်သောအခါ မနက်ဖြန်တွင် ဆရာဝန်မလေးနှင့် ချိန်းထားသည့် ပြက္ခဒိန်က တစ်ရက်ကြိုသတိပေးနေခြင်းဖြစ်သည်ကို သတိထားမိ၏။

မောင်သူ=“မသေခင်လေး ဆရာမလှလှလေးကို တစ်ခါလောက်သွားတွေ့ရမလား။”

Narrator=နောက်တစ်ခေါက် ထပ်ရှာလိုက်သောအခါ ကိုယ့်ကိုယ်ကို ပြန်တွေ့ရပြန်ပါသည်။နောက်တစ်‌ခေါက်ရောက်လာသော ဤအခန်းငယ်၊ဆရာမလှလှလေးရယ်…။

Therapist=“ဘယ်လိုလဲ။”

Narrator=သူ့မအမေးက သူမအပြုံးအတိုင်း ချိုသာလှပါသည်။

မောင်သူ=“ကောင်းပါတယ်ခင်ဗျ။”

*Ending Credit by Narrator*

*Background Music အဖြစ် တစ်ကိုယ်တော် Therapyသီချင်းတစ်ပုဒ်လုံးကို နှေးနှေးဆွေး‌ဆွေးလေးအပြင် ခပ်တိုးတိုးလေး ဖွင့်မည်။*

#Tommy

Comments

  1. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Done 💪

    ReplyDelete
  2. လက်တွေ့ဘဝထဲက ဖြစ်ရပ်မှန် စကားလုံးတွေ...

    ReplyDelete

  3. ကလစ်ရင်း‌နဲ့ ရှေ့ကိုဆက်
    အောင်ပွဲတွေက ရက်ဆက်

    ReplyDelete

Post a Comment