လွမ်းငွေ့သင်း ဆောင်းတွင်းပုံပြင်(ဝတ္ထုတို)
“ဒီအနံ့ကို ရင်းနှီးနေတယ်။”
မျက်လုံးကို မှိတ်ထားပြီး တစ်လှမ်းချင်း သူလှမ်းသွားသည်။ သူမျက်လုံးဖွင့်မိသောအခါ မီးဖိုချောင်ထဲသို့ ရောက်လျက်သားရှိ၏။
“အမေ…။”
ကြော်လှော်ချက်ပြုတ်ကာ အလုပ်ရှုပ်လျက် အမေ့ကို ညီမငယ်က ကူညီနေ၏။ သူ့မျက်စိထဲ ဤမြင်ကွင်းမှာ ကြည်လင်လျက် အပြင်မှာကြည့်နေသည်ဟုပင် မထင်ရ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကိုကြည့်နေမိသလိုလို ထင်မိလိုက်သေးသည်။ ဘာမျှမပြောဘဲ အမေနှင့် ညီမလေးကို ငေးကြည့်နေစဉ် အမေက တစ်ခုပြောလိုက်လေသည်။
“နင့်အစ်ကိုအတွက် ပို့မယ့်စောင်တွေရော ရွေးပြီးပြီလား။”
“ဟင်…။”
သူ ခေတ္တ မှင်သက်လျက် ကြောင်သွားသည်။ထို့နောက် အိပ်နေရာမှ နိုးလာခဲ့တော့သည်။
“နိုးပြီလား။”
ဘေးကို လှည့်ကြည့်လိုက်တော့ ကျော်ကြီးက ရေတစ်ဘူးကို ကိုင်ကာ သောက်လျက်။ သူ့ကို ကြည့်မိမှသာ အိပ်မက်မက်နေမှန်း သတိထားမိလေသည်။ တောထဲရောက်လာပြီးကတည်းက သူ ယခုကဲ့သို့ အိမ်ပြန်ရောက်နေသည့် အိပ်မက်မက်သည်မှာ တစ်ပတ်တွင် ၄ ကြိမ်လောက်ရှိလေပြီ။
“အိပ်မက်ထဲ အိမ်ပြန်ရောက်နေပြန်ပြီလား။”
ကျော်ကြီးက ဆက်မေးပြန်လေ၏။ သူ့မျက်နှာမှာ ခန့်မှန်းနေမိသည့်နှယ်။
“အေး ဟုတ်ပ။ ဒီတစ်ခါက အမေတို့ ဟင်းချက်နေတာကို ပြေးမက်နေတာ။”
“ဟုတ်လား ကောင်းတာပေါ့။ မင်းမားသားကြီး တစ်ခုခု ထပ်ပို့ရင် ပို့မယ်ထင်တယ်။ ဟိုတစ်ခါကတောင် မင်းအဖေကိုမက်တော့ ဟိုကဆေးတွေပို့လိုက်သေးတယ်မလား။”
“အင်း…။ ဟုတ်ပ။”
အိပ်မက်မက်တုန်းက ရသလိုလို အနံ့မှာ ယခုလည်း ရနေပြန်သည်။ အမေချက်သော ဟင်းတစ်မျိုးမျိုး အနံ့ဟု တွေးထင်မိပါ၏။
“ကဲကဲ…ထ ကိုယ့်လူ ဒီနေ့ အလုပ်များမယ်။”
ပြောရင်း ကျော်ကြီးက ရေဘူးကမ်းပေး၏။ သွားတိုက်ဖို့ဟူ၍ ထွေထွေထူးထူးမလိုပေ။ ရေသီးသန့်ဖြင့် မျက်နှာသစ်၊ ရေသောက်၊ ရေဖြင့် ပလုတ်ကျင်းရင်းသာ သူတို့၏ဆောင်းတွင်း မနက်ခင်း စခဲ့လေပြီ။
“ဘာရှိလဲဗျို့။ မနက်စာ။”
“ဒီနေ့ တောထဲ နည်းနည်းပတ်မွှေလိုက်တာ မျှစ်တွေ စို့နေတာ တွေ့ခဲ့လို့ ခုတ်ယူလာခဲ့တယ်။”
အရွက်စုံနှင့် မျှစ်တွေပလုံစီလျက် ဆားခတ်ထားသော ဟင်းရည်ပူမှာလည်း ၁၄ဒီဂရီသာရှိသည့် ယခုလို ဆောင်းတွင်း မနက်ခင်းအတွက်တော့ နွေးစေသော ဟင်းရည်ဖြစ်လေရာ အရသာအကြောင်း ဘယ်သူမှ မပြောဖြစ်ကြပေ။
“သူရ…။”
“ရှိ။”
“မောင်ကြည်။”
“ရှိ။”
“ကျော်ဟိန်း။”
“ရှိ။”
“ဖိုးချစ်….။ ငါနော် မပြောလိုက်ချင်ဘူး ရုပ်ရှင်မင်းသားတွေ၊ ဇာတ်မင်းသားတွေ ဒီရောက်နေတာကျနေတာပဲ။ နာမည်တွေကလည်း။”
တပ်ကြပ်ကြီးစကားကြောင့် အကုန်လုံး ခေတ္တပြုံးမိ၊ ရယ်မိလိုက်ကြလေသည်။ သို့သော် ယနေ့မစ်ရှင်ကတော့ ရယ်နိုင်စွမ်းမရှိလောက်အောင် ဖိအားများသည်မှာ အမှန်ပင်။
“ဟုတ်ပြီ။ ရဲဘော်တို့…ဒီနေ့မစ်ရှင်ကတော့ သိတဲ့အတိုင်း ငါတို့တွေ အရမ်းအဖိုးတန်တဲ့ သတင်းအချက်အလက်တစ်ခု ရထားတယ်။ အဲ့စိတ်ချရတဲ့သတင်းကို အမှီပြုပြီးလုပ်တဲ့ မစ်ရှင်ဖြစ်တယ်။ မနေ့ညက ရှင်းပြပြီးသလိုပဲ ဒီခွေသားအရံတပ်တွေက အားဖြည့်ဖို့ ကားနဲ့ဆင်းလာမှာ အဲ့ဆင်းလာမယ့်လမ်းမှာ ချောင်းပစ်မှာဖြစ်မယ်။ ငါတို့မှာ နာနတ်သီးရှိရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အခြေအနေအရ ဓါးပဲရှိတောင် ဆင်းခုတ်ဖို့ လိုအပ်နေတဲ့ အချိန်မလို့ ရှိတဲ့လက်နက်နဲ့ ရအောင်လုပ်ကြမယ်။ ကိုယ်စီ နေရာယူထားပြီး အဓိက ဒါရိုက်ဘာကို ပစ်မယ် ပြီးရင် ဘီးကိုပစ်မယ်။ ကျည်ဖြုန်းလို့မရတာကို သတိထားပါ။ တစ်ခုခုလွဲလို့ ဒီကောင်တွေ ဆင်းလာပြီး ပစ်ရင် တစ်တပ်လုံး မာလကီးယားသွားလိမ့်မယ်။”
“၁နာရီ အချိန်ရဦးမယ်။ လိုင်းရတဲ့ နေရာလေးသွားပြီ အိမ်ကို ဖုန်းဆက်ချင်ရင် ဆက်ကြ။”
သူရ နှင့် ကျော်ကြီးခေါ် ကျော်ဟိန်းတို့က ဖုန်းလေးတစ်လုံးနှင့် သစ်လုံးပေါ်ထိုင်လျက် လိုင်းများရလိုရငြား ဖုန်းခေါ်ကြည့်လေသည်။
“တီ……….။”
တစ်ချက်သာမြည်သွားပြီး ပြတ်သွားလေသည်။သို့ဆိုက ဖုန်းခေါ်၍မရနိုင်တော့သည်ကို သူတို့သိလိုက်ပါသည်။
ကျော်ကြီးက ဆေးလိပ်ဘူးကို ထုတ်ကာ တစ်လိပ်ကမ်းပေး၏။ သို့နှင့် သူရက သူ့အိတ်ထဲ မီးခြစ်လေးထုတ်ကာ မီးညှိရင်း သောက်ဖြစ်လိုက်လေသည်။ မှုတ်ထုတ်လိုက်သော အငွေ့များက သတင်းစကားပါးနိုင်သည့်အရာများဖြစ်ရင် ကောင်းမည်ဟူသော တစ်ကိုယ်တော် စိတ်ကူးမျိုးရမိပြန်သေး၏။ သူတို့ စကားမပြောဖြစ်ပဲ ခဏကြာအောင် ထိုင်မိပြီးနောက် မောင်ကြည်က သူတို့ဆီရောက်လာ၏။
“ဖုန်းရလား။”
“မရဘူး လိုင်းက တစ်တုံးတောင်မတက်ဘူး ကိုယ့်လူရေ။”
ပြောရင်း ကျော်ကြီးက ဆေးလိပ်ကို ကမ်းပေးပြန်၏။ မောင်ကြည်လည်း ဆေးလိပ်ဖွာလိုက်ရင်း သက်ပြင်းချကာ ဆက်ပြောလေ၏။
“ဪ ဖြစ်ရမယ်။ အေးပါ ရပါတယ်။ ပြန်လာမှ ဆက်ကြလေ ညဘက်။”
ယခုစကားသည် အမှန်တော့ မရေရာမှန်း သူတို့သုံးယောက်လုံးသိနေကြပါသည်။ မစ်ရှင်တစ်ခါလုပ်လျှင် ကိုယ့်လူအသက်မပါစေရန် အဓိက ဂရုစိုက်ရပြီး လက်နက်အင်အား၊ လူအင်အားမမျှသည့် တိုက်ပွဲတွေကို စဉ်ဆက်မပြတ် တိုက်ခိုက်နေရဆဲဖြစ်ကာ နောက်တစ်နေ့ဆိုသော အရာမှာ ကံစမ်းမဲနှိုက်ရသည့်နှယ်။
“ဇာတ်မင်းသားကောင် ဘာလုပ်နေလဲ။”
“မပြောတတ်ပါဘူး။ ထုံးစံအတိုင်း သူမြင်ကွင်းလှတယ်ပြောတဲ့နေရာကို ထိုင်ငေးနေဦးမယ်ထင်တယ်။”
ဖိုးချစ်ကား တစ်ကောင်ကြွက်ဘဝ၊ အဖွားက ခေါ်ယူမွေးစားထားခဲ့ရသည်သာ။ ယခု တော်လှန်ရေးဖြစ်လာသည့်အခါ မတရားသေဆုံးခဲ့ရသော ဓါးစာခံတွေထဲက တစ်ယောက်အဖြစ် ဖိုးချစ်၏အဖွားလည်း ပါခဲ့သည်။ သို့ကြောင့် တွယ်တာရာ ကင်းနေသော သူ့အဖို့ တိုင်းပြည်အတွက် လက်နက်ကိုင်ရန်လမ်းကို ခြေစုံပစ်ဝင်ကာ သူရတို့နှင့်အတူ လိုက်ပါခဲ့လေသည်။ ကျန်သုံးယောက်ကသာ ကိုယ်စီ နှောင်ကြိုးတွေဖြင့် ဖြစ်သည်။ ဖိုးချစ်ကတော့ တွယ်တာရာဟူ၍ ယခု ရဲဘော်တွေထက် ပိုမရှိတော့ပေ။
အချိန်တွေက တရွေ့ရွေ့ သူတို့လည်း လမ်းကြောင်းတစ်လျှောက် အတန်းလိုက် လျှောက်လာခဲ့ကြသည့်အလျောက် စိတ်တွေလည်း တောင်ရောက်မြောက်ရောက်ဖြစ်လိုက် ပြန်အာရုံစုစည်းထားမိလိုက် ဖြစ်နေလေသည်။ စိမ်းလဲ့ရောင် ဝင်းနေသော တောင်များနှင့် တောများကတော့ ခေတ္တမျက်စိပသာဒ ပေးနေသလိုလို ထင်ရပေသည်။ သို့သော် ကြာကြာလည်း မခံစားဖြစ်ပါချေ။ စစ်မြေပြင်သည် စစ်မြေပြင်သာ။
တောင်ကြားသို့ရောက်သောအခါ သူတို့ ချိန်ဆထားသော ပစ်မှတ်နေရာသို့ရောက်ခဲ့လေပြီ။ နောက်ဆုံးရခဲ့သော အဝေးပစ်အရှည်များကို အသင့်ပြင်လျက် ခြောက်ခြားစွာ ထိုင်စောင့်နေမိလေသည်။ သူတို့အစီအစဉ်မှာ ယင်းတောင်အကွေ့လမ်းတွင် တက်လာမည့် အင်အားဖြည့် ကားနှစ်စီးကို ချောင်းပစ်မည်။ နှစ်နေရာခွဲ၍ ဘီးကိုတစ်ဖွဲ့ ဒါရိုက်ဘာများကို တစ်ဖွဲ့ တစ်ပြိုင်ထဲပစ်ကြလေမည်။သို့နှင့် တောင်တက်အကွေ့တွင် ၎င်းတို့ကားများ ဟန်ချက်ပျက်ကာ ပြုတ်ကျလျှင် အချီကြီး မုန့်ဟင်းခါးပွဲ ဖြစ်လေပြီတည်း။ သို့နှင့် အစီအစဉ်အတိုင်း ထိုင်စောင့်လျက်ရှိ၏။ ကျည်များများစားစားမရှိသလို အငိုက်ဖမ်းသည့် အချိန်လည်း များများစားစားမရှိသည့်အလျောက် ပစ်ပြီးလျှင် ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ပြန်ဆုတ်ကြရပေလိမ့်မည်။ သို့ကြောင့် မည်သို့မည်ပုံ အဆုံးသတ်မည်ဆိုသည့် ကိစ္စသည် မသိနိုင်လောက်အောင် ခြောက်ခြားစရာကောင်းလှသည်။
တဝူးဝူးတိုက်နေသော လေတိုးသံများအကြားမှ နားထဲသို့ ကားသံထိုးဖောက်ဝင်ရောက်လာသောအခါဝယ် သူတို့ပစ်ဖို့ အဆင်သင့်ပြင်ထားကြလေပြီ။ ဦးဆုံး မြင်ကွင်းထဲပေါ်လာသော ကားမှာ အတက်လမ်းလည်းဖြစ် အကွေ့လည်းဖြစ်သော ထိုတောင်ပေါ်သို့ အတင်းထိုးတက်လာရသည်။ သို့နှင့် ပစ်ကွင်းထဲဝင်လာသောအခါဝယ် ဒါရိုက်ဘာနေရာထံသို့ ကျည်ဆံများ ပစ်ဝင်သွားလေသည်။ ထို့နောက် ဘီးကိုပစ်ချလိုက်ရာ ကားမှာ ယိုင်ထိုးလျက် ရှိနေပြီဖြစ်သည်။ သူ့နောက်မှ လိုက်လာသော ကားဒါရိုက်ဘာဆီသို့လည်း ပစ်ကြလေသည်။ အတန်သတိထားမိဟန်သူသော ထိုဒါရိုက်ဘာက ကွေ့ရန်ကြိုးစားသည်။သို့သော် ကျည်ဆံမှာ ပစ်ဝင်သွားသည်သာ၊ သို့နှင့် ဘီးကို ထပ်ဆင့်ပစ်ပြန်သောအခါ သူလည်း ယိုင်နေပြီ ဖြစ်သည်။ ထိုအခိုက် ဆက်လက်၍ မည်သို့မည်ပုံဖြစ်မည်ကို စိတ်လှုပ်ရှားစွာ အားလုံးစောင့်ကြည့်ရင်း တုန်လှုပ်နေကြလေသည်။ နောက်ဆုံးတွင် တောင်စောင်းသို့ ပြန်လျှောကာ နှစ်စီးလုံး တောင်ပေါ်မှ ထိုးကျသွားလေတော့သည်။ အတော်မြင့်မြင့်မှ ပြုတ်ကျခြင်းဖြစ်ကြောင်းကိုလည်း ပေါက်ကွဲသံကြီးနှစ်ခုက သက်သေထူပေးသွားလေတော့သတည်း။
မစ်ရှင်အောင်မြင်လေပြီ။ စခန်းချရာသို့ ပြန်အရောက်တွင် သူတို့ ကျေနပ်စွာဖြင့် အစီအရင်ခံသတင်းပေးဖြစ်ခဲ့ကြလေသည်။
“သူရ…။”
လှမ်းကြည့်လိုက်သောအခါ ရဲဘော်များက စုရုံးလျက်ရှိ၏။ ဂီတာကို တစ်ယောက်က ပိုက်လျက်၊ တစ်ယောက်က မီးအိမ်ကို လက်ဖြင့်ဆွဲလာကာ ဝိုင်းဖွဲ့ထိုင်ကြလေသည်။ ဤနေ့ မစ်ရှင်အကြောင်းကို ကျော်ကြီးတို့က အားရပါးရ ပြောပြသည်ကို နားထောင်ရင်း သဘောကျကြသည်နှင့်အတူ၊ သီချင်းဆိုကောင်းသော မောင်ကြည်နှင့် ဖိုးချစ်၏ ဂီတာလက်ကွက်များကလည်း ထိုညကို မြိုင်ဆိုင်စေသည်သာပင်။ သူရကတော့ သူ့ထုံးစံအတိုင်း ခဏသာ ဝိုင်းထဲသို့ဝင်ထိုင်ပြီး ပြန်ထကာ သစ်တုံးပေါ်သို့ ပြန်သွားထိုင်ဖြစ်ပြန်လေသည်။ ဖုန်းလိုင်းလေးများ တက်မည်လား မျှော်လင့်ချက်ဖြင့် ဖွင့်ကြည့်လိုက်၊ ဖုန်းကို မြှောက်ကြည့်လိုက် လုပ်နေမိလေသည်။ ကံကောင်းထောက်မစွာ တက်လာသော လိုင်းနှင့်အတူ ဖုန်းမြည်လာခဲ့လေသည်။
ကိုင်လိုက်သည်နှင့် ဦးဆုံးကြားရသည်မှာ ညီမဖြစ်သူ၏ အသံဖြစ်ပါလေ၏။
“ကိုကြီး….ကိုကြီး။”
“အေး…ညီမလေး။ နေကောင်းတယ်မလား နင်။”
“ကောင်းပါတယ်။ ကိုကြီးရော…. အဆင်ပြေရဲ့လားဟင် အဲ့မှာ။”
“ပြေပါတယ်။ ဒီလိုပါပဲ။ နည်းနည်းအေးတာကလွဲရင်။”
“အင်း၊ ထင်ပါတယ်။ အရမ်းအေးမှာပဲနော်။ အမေတောင်ပြောနေတာ အနွေးထည်တွေ၊ စောင်တွေ ထည့်ပေးလိုက်မယ်တဲ့ ဒီတစ်ခါ။”
အိပ်မက်ကို တစ်ဖန်သတိရမိကာ ပြုံးမိလေသည်။
“ဟယ်လို။ ကြားရသေးရဲ့လား။”
“အေး…ကြားတယ် ကြားတယ် ညီမလေး။”
“လိုင်းရတုန်းရခိုက် ပြောလိုက်ပါဦး အားလုံးနဲ့အတူ။”
သို့နှင့် ဖုန်းတစ်ဖက်မှ ညီမငယ်က စပီကာဖွင့်လိုက်ပုံရပါသည်။ အိမ်သားများအသံကို တစ်စုတစ်စည်းထဲရောထွေးကာ ကြားရလေသည်။
“ဟယ်လို သားလေး။”
“သားရေ သား။”
“ကိုကြီးရေ…။”
“သူရ…သူရ…။”
ထိုသို့ စုပြုံနေသော ခေါ်သံများမှ သူ့အား အိမ်သို့ခေါ်ဆောင်သွားသည့်နှယ် ပြန်ရောက်သွားသလို ခံစားရ၏။ မျက်ရည်များကျလျက် စိတ်ကို အနိုင်နိုင်ထိန်းကာ အသံပုံမှန်ဖြင့် ကြိုးစားပြောနေရ၏။
“သားရေ…မင်းတို့ Page က အရင်နေ့ကတင်ထားတာ မစ်ရှင်ရှိတယ်ဆိုတာ အဲ့မစ်ရှင်အခြေအနေရော သား။”
“အောင်မြင်တယ်၊ အမေ။ မုန့်ဟင်းခါး စတုဒီသာပဲ။ ဂုဏ်ယူစွာ ပြောလိုက်ရသော ထိုအခိုက်ကိုတော့ ဘာနှင့်မျှ အစားထိုး၍ ရမည်မထင်ချေ။ ဖုန်းကိုပြောရင်း သူရတစ်ယောက် လကို ငေးကြည့်လိုက်မိသည်။
“အမေ…ဒီည လပြည့်ညလား။”
“အင်း ဟုတ်တယ်သား။”
“အဲ့တာဆို သူ…အခု ဘုရားစင်ရှေ့ဆုတောင်းနေလောက်မယ်ထင်တယ်နော်။”
‘သူ’ ဟူသော ထိုနာမ်စားမှာ မည်သူ့ကို ရည်ညွှန်းသည်ကို အားလုံးသိနေသည်သာပင်။
သူရ ထွက်သွားခဲ့သည့် ထိုမနက်က တစ်အိမ်သားလုံး ဗြောင်းဆန်နေအောင် လိုက်ရှာကြ၊ စိတ်ပူခဲ့ကြလေသည်။ ထိုအထဲတွင်မှ အရူးတစ်ပိုင်းဖြစ်လောက်အောင် စိတ်ပူခဲ့သူမှာ သူရ၏ ချစ်သူ၊ ရင်နှစ်သည်းချာ ခင် ဖြစ်သည်တည်း။ သို့ကြောင့်လည်း ခင်က သူ့ကို စိတ်ကောက်ခဲ့သည်မှာ ယနေ့အထိ မပြေချင်သေးပုံရသည်။
“အေးပေါ့။ သူဆုတောင်းနေမှာပါ သားရယ်။ သေချာပါတယ်။”
“အမေ….ကူချော့ပေးဦး။ ကျွန်တော့်ကို သူစိတ်ဆိုးတုန်းထင်တယ်။”
“ဪ သားရယ်။ စိတ်မပူပါနဲ့။ စိတ်ဆိုးလည်း ဘယ်လောက်ဆိုးမှာလဲ။ ဖုန်းပြောလိုက်ပါ နော် ရ တုန်းလေး။”
“အင်းပါ။ ပြီးရင် ဆက်မယ်လေ။ လောလောဆယ် အရင်အေးဆေးပြောတာပေါ့။ အားလုံးနေကောင်းကြရဲ့လား။”
“ကောင်းပါတယ် သားရယ် ဒီလိုပါပဲ။ မင်းအဖေကတော့ နှလုံးနဲ့ ဆီးချိုက အဆင်သိပ်မပြေသေးဘူးပေါ့လေ။”
“ဟာ…ဘာလို့မပြေရမှာလဲ။ ပေး ပေး ငါပြောမယ်။ ဟယ်လို…။”
“ဟယ်လို…အဖေ။”
“အေး၊ ငါ့သား။ အဖေအဆင်ပြေတယ်လို့ နော်။ ဒီနေ့ သွေးတိုးရော ဆီးချိုပါတိုင်းပြီးပြီ၊ ပုံမှန်ပဲ။ စိတ်မပူနဲ့ သိလား။”
ထိုပုံမှန်ဆိုသည်မှာ ဘယ်လောက်ဟု မပြောသလို သူရလည်း မမေးရက်ပါပေ။ သူ့အဖေသည် အမြဲ ထိုသို့ပြောနေကြသာဖြစ်ကြောင်း သူသိနေပြီးသားပါပင်။
“ရော့…မင်းအစ်ကိုနဲ့ပြောဦး။”
အဖေကြာကြာ ဟန်မဆောင်နိုင်မှန်း သိသာပါသည်။ သို့နှင့် ဖုန်းကိုကမ်းပေးကာ သူထွက်သွားပေလိမ့်မည်။ ကိုယ့်စိတ်ကူးထဲ ကိုယ်မြင်ယောင်ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။
“သူရ…။”
“အေး…သီဟ။”
တစ်နှစ်မျှသာကွာသော သူတို့ညီအစ်ကိုနှစ်ယောက်ကား ငယ်စဉ်ကတည်းက စာအုပ်၊ စာပေ၊ ကဗျာဝါသနာကြီးကြသည်။ ကဗျာအတူတူစပ်ကြ၊ ရွတ်ကြသည့်အကျင့်လည်း ရှိပြန်သည်။ စာအုပ်ဆိုလည်း အတူတူဖတ်ကြသည်။ ဆော့ခြင်းကစားခြင်းထက် ငြိမ်ငြိမ်ထိုင် စာဖတ်ခြင်းကို ဝါသနာပါသော ညီအစ်ကိုနှစ်ယောက်ပါပင်။
“မင်း……အင်း……သူများတွေက နေကောင်းလားတွေပြောပြီးပြီဆိုတော့ တခြားတွေပြောမနေတော့ဘူးကွာ။ နောက်ဆုံးဖုန်းပြောတုန်းက ကတိပေးထားတာ ရပြီ။”
“ဟုတ်လား ကဗျာရွတ်ပြတော့မှာပေါ့။”
“ဒါပေါ့။”
“ယေး….ကိုကြီးအသံက နားထောင်လို့ကောင်းတယ် နားထောင်ကြမယ်။”
ညီမငယ်၏ အသံနှင့်အတူ အမေနှင့်အဖေလည်း အနားလာထိုင်ကာ နားထောင်နေကြမည်ကို သူစိတ်ကူးယဉ်ကြည့်မိလေသည်။
“အိမ်ကို....ပြန်ခဲ့တော့”
တေးသံလျော့ရဲရဲ ဖုန်းထဲ မြည်နေချိန်
အိမ်က အခန်းတစ်ခန်းလည်း လွတ်နေခဲ့တာ
ကြာလှပါလားဗျာ
အနာရှိမှန်းတောင်မသိ
ထုံဆေး မေ့ဆေးမိနေသလို တိုင်းပြည်
ဆေးပြယ်တော့ မျှော်လင့်ချက် ကြိုးက ပြတ်လုဆဲဆဲ
မျိုးဆက်သစ်သွေးရဲရဲတွေ ခင်းချလိုက်မယ်ဟေ့
သူရေးလိုတွေး
ကြွေးကျော်သမျှတွေ
အခုတော့ မေ့သွားကြလေရဲ့
ငါ့ညီရေ...
နောက်ဆုံးကျ ဂျုးတွေကို ကယ်တဲ့လူတွေပဲ ဒိုင်ခံငိုရတာ
နာဇီတွေက နောင်တမရှိခဲ့ဘူး
ညညဆို မအိပ်ပဲ တလှိမ့်လှိမ့်နဲ့
ဖုန်းတွေဆက်နေကြ
မင်းချစ်ရသူကလည်း ရင်တွေပူနေရတာ နှစ်ပေါက်ပြီ
အမေလည်း နေ့တိုင်း ဘုရားရှေ့ဆုတောင်းနေ
အဖေကတော့ အပြင်က ပြန်လာတိုင်း မင်းကြိုက်တတ်တဲ့ ငါးကင်ကို ဝယ်ဝယ်မိနေသေးတယ်
တောထဲကနေ ကြည့်ရတဲ့ နေဝင်ချိန်က လှလား ငါ့ညီ
ငါတော့ မရယ်ရတာ နှစ်ပေါက်ပြီ မင်းဟာသတွေကို ကြားချင်သေးတယ်
ငါတိုမြိုကြီးကတော့ မျက်နှာဖုံးတွေနဲ့ ပြုံးနေကြတာပဲ
နွေဦးမှာ လေရူးတွေ တိုက်ကတည်းကစလို
ဆောင်းအကုန်မှာ ခိုက်ခိုက်တုန်အောင် ချမ်းလိုပြီးတဲ့အထိ
သတိမရတဲ့ရက်ကို မရှိခဲ့တာ
ငါ့ညီရေ
စစ်ကြီးဟာ ငြိမ်းချမ်းရေးကို သင်ကြားပေးတဲ့ ကြမ်းတမ်းတဲ့ဆရာပဲဆိုတာ
ငါလက်မခံချင်ဘူး
ဘုံရန်သူရှိလို စည်းလုံးနေရတယ်ဆိုတာကိုလည်း
ငါမယုံချင်ဘူး
မင်းတို ရေးရသမျှ သွေးနဲ့ကျောက်စာကို
ဘယ်သူ့နာမည်နဲ့ စိုက်မယ် လုကြဦးမယ့်
ဒီကောင်တွေအတွက်လည်း
မင်းအသက်မသေလိုက်နဲ့ကွာ
မင်းဟာ မင်းချစ်တဲ့လူတွေနဲ့
မင်းကို ချစ်ခင်လေးစားတဲ့ ပြည်သူပြည်သားတွေအတွက်
တစ်ရက်ရအောင် အသက်ရှင်ရမယ်
လိုင်းရတဲ့အရပ်ကျ ဖုန်းဆက်ဦးကွယ်
ကဗျာအဆုံးတွင် အမေ့ရှိုက်သံကို ကြားရသည်။ ညီမငယ်၏ နှပ်ညှစ်သံကို ကြားမိလေသည်။ သူရလည်း ထူးခြားမနားသာပင်။ မျက်ရည်များကျလျက် နားထောင်နေရသည်သာ။
“သီဟ…မင်းကတော့ အကောင်းဆုံးကဗျာဆရာပါပဲကွာ။”
အက်ကွဲနေသော ငိုသံနှင့်အတူ တစ်ချက်ရယ်လိုက်မိကာ ပြောလေသည်။
ထိုညက သူရအိပ်မပျော်ပါ။ ထို့အတူပင် ရဲဘော်များလည်း တချို့က အိပ်ပျော်သွားကြပြီဖြစ်သော်လည်း ဂီတာလေးတီးလိုက် ဆိုလိုက်လုပ်နေသော အုပ်စုကမူ ဆွေးလို့ကောင်းဆဲဖြစ်လေသည်။
ဝိုင်ဝိုင်း၏ အိမ်လွမ်းသူ သီချင်းကို အမှတ်တမဲ့သော်လား၊ တမင်သော်လား မသိ တီးခတ်၊ သီဆို မိသောအခါတွင်မူ ထိုမှောင်မည်းနေသော ည၏ လမင်းသည်လည်း မျက်လုံးထဲတွင် မှုန်ဝါးရစ်ဝေ သွားပေလိမ့်မည်ဆိုသည်မှာ သေချာပါလေသတည်း။
“သူရ…။”
ယခုခေါ်သံကို သူရ နားယဉ်နေပါ၏။ ဘေးဘက်ကိုကြည့်လိုက်သောအခါ ဘာမှသိပ်မရှိ။ အရှေ့တွင်တော့ ဒန်းလေးတစ်ခုရှိနေသည်။ ဒန်းပေါ်တွင်မူ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးနေသူမှာ ခင် ပါပင်။
“ခင်…။”
ဆွေးရိစွာ ခေါ်လိုက်မိသော ထိုအသံမှာ မည်သည့်ခံစားချက်ကိုမှ ဖုံးကွယ်၍မရနိုင်တော့ပေ။ လွမ်းခြင်း၊ ဝမ်းသာခြင်း၊ ရင်ခုန်ခြင်း၊ အားနာခြင်း စသည်ဖြင့် စသည်ဖြင့်…။
“ခင်……။”
နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည့် ဤတစ်ခေါက်တွင်တော့ ခင်က မော့ကြည့်၏။ ထို့နောက် သူမပြုံးလိုက်လေသည်။
“ဟေ့ကောင်….ထဦး ထဦး ပြဿနာတက်နေပြီ။”
အိပ်မက်မဆုံးလိုက်ခင် အားပါးတရနှိုးလိုက်သော ကျော်ကြီးကြောင့် သူရ အလန့်တကြားထလာခဲ့လေသည်။
“ဘာဖြစ်တာ။”
“စခန်းထဲရောက်နေလို့။”
“ဟမ်….ခွေးသားတွေက ဒီရောက်နေတာလား။”
“မဟုတ်ဘူး။ အခုက လူမဟုတ်ဘူး။ ဝက်ဝံရိုင်းတစ်ကောင်ရောက်နေတာ။”
“ဟ…။”
ဟုတ်ပါပေသည်။ သူရ ထကြည့်လိုက်သောအခါဝယ် ဝက်ဝံမှာ သောင်းကျန်းလျက် တွေ့သမျှ မြင်သမျှတွေ ဖျက်ဆီးနေလေသည်။ ခပ်လှမ်းလှမ်းမှ ဆုတ်ချည်ပစ်ချည်လုပ်နေသော သေနတ်ကိုယ်စီနှင့်လူများမှာလည်း ထိတ်လန့်တုန်လှုပ်လျက် မည်သူမျှ ဤကဲ့သို့ တောရိုင်းသတ္တဝါတွေနှင့် မရင်ဆိုင်ဖူးကြ၍ပင်။
“ကျည်တွေကုန်တော့မယ်။ ဒီကောင်အခုထိ မငြိမ်နိုင်သေးဘူး။”
သူရလည်း ဓါးမရှည်ကို သွားယူလိုက်သည်။
“မျက်လုံးကိုပစ်။”
သူရ၏ အမိန့်ပေးသံကြောင့် ကျည်လက်ကျန်ဖြင့် ရဲဘော်လည်း သူ့ဘက်လှည့်သည်နှင့် မျက်လုံးကိုပစ်ရန် အသင့်ချိန်ထားလေသည်။
“ဟေး……။”
သူရ၏ အော်သံကြောင့် ဝက်ဝံရိုင်းက လှည့်အကြည့်တွင် မျက်လုံးနှစ်လုံးကို ပစ်လိုက်ရာ သွေးများထွက်လာပြီး ဝက်ဝံလည်း အော်ဟစ်ဟိန်းဟောက်နေတော့သည်။ သို့နှင့် ဝက်ဝံရိုင်း၏ မမြင်တော့သည် အခြေအနေကို အသားယူက ဓါးရှည်ဖြင့် သူရလည်း ပြေးသွားကာ အားယူပြီး ဇက်ကနည်းထိုးချလိုက်လေသည်။ သူ၏ ပုံစံမှာ အိန္ဒိယရုပ်ရှင်ကားထဲမှ ဇာတ်လိုက်တို့၏ ခွန်အားကို ရိုက်ပြတတ်သည့် ရိုက်ကွက်မျိုးကို ကြည့်နေရသည့်နှယ်။
အဆုံးတွင်မူ ဓါးမှာ လည်ပင်းတွင် စိုက်လျက် သွေးများပန်းထွက်ကာ သူရလည်း သွေးတွေဖြင့်သာ ဖုံးလွှမ်းနေတော့သည်။ ဝက်ဝံလည်း ငြိမ်ကျကာပစ်လဲသွားလေတော့သည်။ ခဏအကြာ သေနတ်ဖြင့် တပ်ကြပ်လည်း အနားရောက်လာကာ
“အင်း…ဒီညတော့ တောရိုင်းသား စားရတော့မယ့် သဘောရှိတယ်။ သူရ…မင်းလည်း စုတ်ပြတ်နေပြီ မြစ်နားကိုဆင်းပြီး ဆေးကြောသုတ်သင်လိုက်ဦး။”
ရဲဘော်များလည်း “ဟေး…” ကနည်း အော်ဟစ်မိကြလေသည်။ ဝက်ဝံကောင်းမှုဖြင့် စခန်းအတွင်း ပစ္စည်းအချို့တော့ ပျက်ဆီးသွားသော်လည်း၊ အသားမစားရပဲ မျှစ်ပြုတ်ရည်သောက်ရသည့် နေ့ရက်တွေများနေပြီဖြစ်ရာ ယခုတော့ ဝက်ဝံသားစားရမည့်ပုံရလေသည်။ ထို့အပြင် ဓါးဖြင့် ဝင်ခုတ်ရဲသော သူရ၏ သတ္တိကိုလည်း မလေးစားပဲ မနေကြပေ။
ဝက်ဝံသားမှာ ကြမ်းရှသည် မာကျောသည်။ ဆီမရှိ ဆားခပ်ရှားရှားအခြေအနေဖြစ်သည်မလို့ အထူးတလည် ချက်ရသည်လည်း မဟုတ်ပါပေ။ အသားကို ခုတ်ထစ်ဖြတ်ကာ ခူးထားသော အရွက်များနှင့်ရောပြုတ်ပြန်သည်သာ။ ဝက်ဝံသားရေကိုတော့ လှန်းထားလိုက်သည်။ ဆေးတွင်းအတွက် အနွေးထည်လုပ်စရာတော့ ရပြီဟု တွက်မိလေသည်။ အသားပြုတ်ဝါးရသော ထိုနေ့သည် သူတို့သိပ်ကံကောင်းသည်ဟု တညီတညွှတ်ထဲ ခံစားမိသော နေ့တစ်နေ့ဖြစ်ပါလေတည်း။
ညရောက်သောအခါ ထုံးစံအတိုင်း ရဲဘော်များက ဝိုင်းဖွဲ့ဂီတာတီး၊ သီချင်းဆိုကြပြန်သည်။ တချို့ရဲဘော်များကတော့ ဝက်ဝံသားကြောင့်အစာမကြေသဖြင့် ဘာမှမလုပ်နိုင်ပဲ လှဲအိပ်ကာ ညည်းနေကြလေသည်။
သူရက ဤညတွင်လည်း ထုံးစံအတိုင်း သစ်တုံးထံသို့ ပြန်သွားထိုင်ကာ ဖုန်းဆက်ပြန်သည်။ ဤတစ်ခါတော့ သူ ခင့်ကိုဆက်ချင်သည်။ မဆက်ရဲခဲ့တာ ကြာပြီးနောက် အိပ်မက်ကြောင့် ဆက်ချင်စိတ်ပေါ်လာသည်မှာ ကြောင်တောင်တောင်နိုင်သည်ဟု တွေးချင်လည်း တွေးလိမ့်မည်။ မည်သို့ဆိုစေ လွမ်းရသမျှ အလွမ်းများကို ထောက်ထား၍ ကိုင်ပါစေဟု မျှော်လင့်ရင်းသာ ဖုန်းခေါ်လိုက်လေသည်။
“တီ……….။”
“တီ……….။”
“တီ……….။”
“ဟယ်လို….။”
“ခင်…..။”
ရုတ်တရက်ပြောစရာပျောက်နေမိသည်။ နှစ်ဖက်လုံးက တိတ်ဆိတ်လျက် ခဏကြာအောင် မှင်သက်နေမိ၏။
“နေကောင်းတယ်မလားဟင်။”
သူရက စကားစလိုက်၏။ မတွေ့တာကြာသူများ အကြားတွင် ပြောစရာစကားတွေအများကြီးရှိကြသည်သာဖြစ်သည်။ သို့ဆိုက ပြောမထွက်သော စကားများသည်လည်း မည်မျှ များနေလောက်ပါမည်နည်း။
“အင်း…ကောင်းပါတယ်။”
“ခင့်အသံလေးပြန်ကြားရတာ စိတ်ထဲအရမ်းကြည်နူးမိတယ်….။ ပြီးတော့……”
သူရ တိတ်နေမိပြန်သည်။ ပြောထွက်ဖို့ ခက်နေမိ၏။
“စိတ်ဆိုးနေသေးလားဟင်။”
“ဆိုးတယ်။”
မဆိုင်းမတွ ပြန်ဖြေသံကြောင့် ရယ်ချင်သလိုလို ငိုချင်သလိုလို ဖြစ်မိပေသည်။
“ဘယ်လောက်ခံစားရလဲ။ နာကျင်ရလဲ သိလား။ စိတ်တွေ အရမ်းပူနေခဲ့တာ။ မပြောပဲ ထွက်သွားရက်တယ် ကိုက….ကိုက…။”
ငိုချလိုက်ရင်း ပြောချလိုက်သည့် ခင့်စကားသံမှာ သူရ၏ ရင်ကို ဆွဲဖြဲပစ်လိုက်သည့်အလားပင်။
“ကိုယ်တောင်းပန်ပါတယ်ကွာ။ တောင်းပန်တာထက်လည်း ဘာမှမပြောတတ်တော့ပါဘူးလေ။ ပြန်လာမှပဲ စိတ်ဆိုးမပြေမချင်း ချော့ပါတော့မယ်ကွာ… နော်။”
“ပြန်လာရမယ်နော် သေချာပေါက်။ ပြန်မလာရင် လုံးဝ စိတ်ဆိုးမပြေဘူးသာမှတ်။”
“ဒါပေါ့ကွယ်။ သေချာပေါက် ပြန်လာမှာပေါ့။”
“ကတိပေး။”
“ပေးပါတယ်ဗျာ။ ပေးပါတယ်။ ကတိ။”
စိတ်ကူးထဲတွင် လက်သန်းချင်းချိတ်နေလိုက်မိ၏။
“ဒီတစ်ခေါက် ပစ္စည်းပို့ရင် လက်ဆောင်တစ်ခု ရောက်လာလိမ့်မယ်။ သေချာဖွင့်ကြည့်နော်။”
“ဟုတ်လား။ ရင်ခုန်ရတော့မှာပဲ ဒါဆို။”
စကားအနည်းငယ်ပြောပြီးနောက်တွင် သူရ လကို ထပ်ငေးကြည့်မိပြန်သည်။
“ကို့ကို ချစ်တယ်။”
“ကိုလည်း ခင့်ကိုချစ်တယ်။”
ဖုန်းချသွားပြီးသည့်နောက်တွင် ဝမ်းနည်းခြင်းနှင့် နာကျင်မှုတို့က တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်ဟုသာ ဆိုရပေလိမ့်မည်။
ထိုညက အားလုံးအိပ်သွားသောအချိန်တွင်ပင် သူရ မအိပ်ခဲ့ပါ သူ့ဖုန်းကိုသာ သူကြည့်လျက် ဘာကိုနှိပ်နေသည်ရယ်မသေချာ။ နှိပ်လျက်သာရှိခဲ့၏။
ဤသို့ဖြင့် ရက်သတ္တပတ်အချို့မှာ ကုန်သွားပြန်လေ၏။ လကုန်ရောက်သောအခါ တိုက်ရိုက်ချိတ်ထားသော အဖွဲ့က ပစ္စည်းပို့မည်ဖြစ်ပြီး သွားယူရတော့မည့် နေ့သို့ရောက်လာလေသည်။
ဤတစ်ခါလည်း ထုံးစံအတိုင်း သူရနှင့်ကျော်ကြီးတို့က အရပ်ဝတ်နှင့် ရွာသို့တက်ကာ ထိုမှ တစ်ဆင့် ရရာ ယာဉ်ကို ငှားပြီး ဂိတ်သို့သွားရမည်။ ပစ္စည်းယူစရာရှိတာ ယူပြီးနောက် ပြန်လာရပေမည်။ လမ်းတွင် အစစ်မခံရစေရန်၊ အစစ်ခံရလည်း မမိစေရန် အထူးသတိထားရပေလိမ့်မည်။
ယခုတစ်ခေါက်လာသော ကားဂိတ်သည်လည်း လူပြည့်ကျပ်နေသည်သာပင်။ သို့ကြောင့် ထိုလူအများကြားထဲရောဝင်ရသည်မှာ အခက်အခဲမရှိလှ ပစ္စည်းသွားထုတ်သောအခါ သေတ္တာနှစ်လုံးနှင့် အိတ်တစ်လုံး ပါလာလေသည်။ အထူးတလည် ဖောက်စစ်မနေဖြစ်ခဲ့ပေ။ ခရီးက ဝေးသည်။ တောထဲဖြစ်သဖြင့် ကားငှား၍ မရနိုင်ပေ။ နောက်ဆုံးတွင် ထိုမြို့မှ ဆင်းကာ ရွာသို့ ပြန်အရောက် ဘုန်းကြီးကျောင်းသို့ ခရီးသည်များဖြစ်ကြောင်းနှင့် ခရီးတစ်ထောက်နားခိုခွင့်ပေးရန် တောင်းဆိုကာ ညအိပ်ရန်သာ ဆုံးဖြတ်လိုက်ရလေတော့သည်။
ဦးဇင်းကြီးများနှင့် ဘုန်းကြီးကျောင်းသားတချို့က စီစဉ်ပေးသော ဖျာနှင့် အဝတ်ဟောင်းများကို ခေါင်းအုံးကာ အနားယူကြလေသည်။ နှစ်ယောက်လုံးမအိပ်နိုင်ကြပေ။ မသင်္ကာစရာတစ်ခုခုဖြစ်ခြင်း၊ပစ္စည်းများပျောက်ခြင်းမဖြစ်စေရန် တစ်လှည့်စီ စောင့်အိပ်ကြလေသည်။ သူရက အရင်စောင့်ရသည့်အလှည့်တွင် သေတ္တာကိုတော့ဖွင့်မကြည့်ဖြစ်သော်လည်း အိတ်ထဲမှ သူ့နာမည်ထိုးထားသော အထုပ်ကိုဖွင့်ကြည့်မိလေသည်။
Power Bankတစ်လုံး၊ နားကြပ်တစ်ခု၊ ခေါက်ထားသော ကဗျာစာရွက်လေးနှင့် နောက်ဆုံးထွက်လာသော ခင်ပြောသည့် လက်ဆောင်ဆိုသည့် အရာမှာ သူ့အတွက်မယုံနိုင်စရာပင်ဖြစ်လေသည်။
ဘူးလေးတစ်ဘူးဖြစ်ပြီး ဖွင့်ကြည့်သော လက်စွပ်တစ်ကွင်းနှင့် နားကပ်တစ်ရံဖြစ်လေသည်။ စာရွက်လေးလည်း ထည့်ထားလေသည်။
(ကိုကိုသို့…..
Happy 1th year Anniversaryပါ ကိုရေ။ ကိုမြန်မြန်အိမ်ပြန်လာလို့ ခင်တကယ်မျှော်နေမိတယ်။ စိတ်ဆိုးနေတဲ့ကိစ္စကိုလည်း စိတ်ထဲမထားနဲ့တော့နော်။ ခင်စိတ်မဆိုးတော့ပါဘူး။ ကို့ဘက်က စဉ်းစားကြည့်ရင်လည်း နားလည်းလည်မိသလို ဂုဏ်လည်းယူမိပါတယ် ကိုရယ်။ လက်စွပ်လေးကတော့ စေ့စပ်လက်စွပ်လေးပါ။ အဝေးကနေပဲ လှမ်းစေ့စပ်ဖြစ်လိုက်တာပေါ့လေ။ ပြန်လာတဲ့အခါ လက်ထပ်ကြတာပေါ့ ကိုရယ် ဟုတ်ပြီလား။ နားကပ်ကတော့ အရှည်ဖိုးအတွက် သက်သက်ပါ။ ဒီလိုပေးလို့ စိတ်ထဲ မနှမျောနေနဲ့ဦး။ ပြန်လာမှ ခင့်ကိုပြန်ဆင်ပေးပေါ့။ ခင့်အတွက် ဒါတွေမရှိလည်း ဘာမှမဖြစ်ပေမယ့် ကိုမရှိပဲတော့ ခင်မနေနိုင်ဘူး ကို…။
ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်ပါ။ လွမ်းနေမယ်….
ကိုကို့ရဲ့ ခင်)
မှန်မှန်ပြောရလျှင် ထိုလက်စွပ်ကို စွပ်ရန် ဝန်လေးမိသည်။ တောထဲရောက်လို့ သေနတ်ကိုင်ခဲ့ရသော ဤလက်များသည် စာရေးစဉ်က လက်တွေလို သေးသွယ်နူးညံ့မနေတော့ပေ။ စွပ်၍ မတော်မည်ကို စိတ်ပူနေမိလေသည်။ သို့သော် လက်စွပ်ကွင်းလေးမှာ လက်သူကြွယ်တွင် ကောင်းစွာ စွပ်သွားလေသည်။ ထိုလက်စွပ်လေးကို ပွတ်မိရင်း မျက်ရည်ကျမိလေသည်။ ငိုရသည့်နေ့တွေ မနည်းတော့ပေ။ မြန်မြန်ပြီးဆုံးရပါစစေတော့ဟု သူရ စိတ်ထဲဆုတောင်းရင်း သူတို့အိပ်ကြသောနေရာ၏ ခေါင်းရင်းဘက် ခပ်လှမ်းလှမ်းမှ ဘုရားစင်ကို ကန်တော့မိလိုက်လေသည်။
“ပြေးကြဟေ့………………………….။”
သွေးပျက်စရာ အော်သံမှာ တိတ်ဆိတ်နေသော မနက် ၃နာရီကို ကောင်းစွာဖြိုခွင်းသွားလေတော့သည်။
“မီးရှို့ဖို့လာနေပြီဟေ့။ ရှောင်ကြတော့ မြန်မြန်။”
မကြာမှီအချိန်အတွင်း ရွာတွင်လည်း ဆူညံပွတ်လောရိုက်ကုန်တော့သည်။
သူရနှင့် ကျော်ကြီးတို့လည်း ပစ္စည်းများကို အမြန်ထုတ်ပိုးကာ ရှောင်ရန်လုပ်ရလေသည်။ သူရက ဘုန်းကြီးကျောင်းမှ ကလေးများနှင့် ကိုရင်များကို အရင် လမ်းညွှန်ကာ ပြေးခိုင်းလေသည်။
“ဟေ့ကောင် သူရ မင်းဘာလုပ်နေတာလဲ။ သွားမယ်လို့။”
“လူမမည်လေးတွေကွ။ ကြောက်နေတာ ငါမထားခဲ့နိုင်ဘူး။”
ရွာထဲတွင်တော့ အိမ်များက အထုပ်ကိုယ်စီနှင့် အတူ အသက်ကိုပိုက်ရင်း ပြေးခဲ့ရလေတော့သည်။အတော်လေးလှမ်းသော တောင်ပေါ်သို့ ရှောင်မှ လွတ်နိုင်မည်ဟု တွက်ရသည်ဖြစ်ရာ သက်ကြီးရွယ်အိုများနှင့် လသားကလေး၊ လူမမည်များက အခက်တွေ့ကြလေပြီ။
သူရက ၎င်းကို သိလေသည်။ တစ်အိမ်ပြီးတစ်အိမ်တက်ကာ ကလေးတွေကို ချီလာလိုက် အဖိုးကြီးအဖွားကြီးများကို ကုန်းပိုးလျက်ဖြင့် လုပ်နေလေသည်။ နောက်ဆုံး ကျော်ကြီးလည်း မနေသာတော့ပဲ အထုပ်များကို တစ်နေရာတွင် ဖွက်ခဲ့ကာ သူရနှင့်အတူ လိုက်ကူလေတော့သည်။
“ဘယ်အိမ်ကျန်ဦးမလဲ။”
ကာလသားအုပ်စုများမှာ တောင်တက်လမ်းအစတွင် စောင့်ကြပ်လျက် သူရတို့ခေါ်လာသည့် ကလေးများနှင့် သက်ကြီးရွယ်အိုများကို ဆက်လက်ခေါ်သွားကြလေတော့သည်။
“ကုန်ပြီထင်တယ်။”
“ဟုတ်တယ်။လာ အတူတူတက်ကြမယ်။”
“ကျွန်မသားလေး။”
အားကုန်စုကာ ခပ်လှမ်းလှမ်းမှ အော်ချလိုက်သော မိန်းမပျိုတစ်ဦး၏ အသံကိုကြားလိုက်လေသည်။
“အစွန်နားက အိမ်မှာ….အဲ့…အဲ့မှာ ကျွန်မသား တစ်နှစ်သားလေးကျန်ခဲ့လို့ပါ အစ်ကိုတို့ရယ်။ ကယ်ပါဦး။”
“အစွန်က အန္တရာယ်များတယ်။ ဟိုကောင်တွေရောက်နေလောက်ပြီ။”
“ကျွန်မသား..ကျွန်မသား…ကယ်ပါဦး….တောင်း တောင်းဆိုပါတယ် အစ်ကိုတို့ရယ်။”
အမောတကောဖြင့် ငိုယိုကာ တောင်းဆိုနေသည့် မိန်းမပျိုကိုကြည့်ကာ သူရလည်း ဆုံးဖြတ်ချက်ချလေသည်။”
“သူ့အိမ်ကိုသိတဲ့ အစ်ကိုတို့ထဲက တစ်ယောက်လောက် လိုက်ခဲ့ပေး။ ကျွန်တော်တို့နှစ်ယောက် သွားခေါ်ပေးမယ်။ ကလေးကို ချီပြီးရင် ပြေးပေတော့။”
ထို့နောက် ကျော်ကြီးနားကပ်ကာ
“ပြီးရင် ငါတို့နှစ်ယောက်က ပစ္စည်းတွေယူပြီး နောက်တစ်လမ်းကနေ စခန်းအထိ ပြန်ပြေးကြမယ်။”
သို့နှင့် သေမင်းခံတွင်းဝသို့ သုံးဦးသား ဆင်းခဲ့ကြလေတော့သည်။
အစွန်သို့ရောက်ပြီးနောက် ကာလသားအစ်ကိုက ညွှန်ပြသော အိမ်ပေါ်သို့တက်ကာ ကလေးကို လိုက်ရှာလေသည်။ ခပ်စိပ်စိပ်ကြားရသော ကလေးငိုသံနောက်ကို လိုက်ရင်း နောက်ဆုံးတွင် အခန်းထဲ၌ တွေ့ပါလေသည်။ သူရလည်း ကလေးကို ချီကာ အမြန်ပြန်ထွက်လာလေသည်။
“ဒိုင်း…။”
“ဒိုင်း…၊ ဒိုင်း…၊ ဒိုင်း…။”
“ဒိုင်း…၊ ဒိုင်း…၊ ဒိုင်း…၊ ဒိုင်း…၊ ဒိုင်း…၊ ဒိုင်း…။”
သေနတ်သံများကို စကြားလာရသည်။ ကာလသားအစ်ကို လက်ထဲသို့ ကလေးကို ထည့်ပေးကာ ပြေးခိုင်းလေတော့သည်။
“အစ်ကိုတို့ရော မလိုက်ဘူးလား။”
“လုပ်စရာရှိလို့။”
ခပ်မြန်မြန်ပြောကာ သူတို့လည်း လမ်းခွဲထွက်ခွာလာခဲ့လေတော့သည်။ ထို့နောက် သေတ္တာနှင့် အိတ်တွေကို ဆွဲကာ ထွက်လာချိန်တွင်မူ အိမ်များက မီးစစွဲနေလေပြီ။ စစ်သားများက သေနတ်သံကိုလည်း ညံညံပစ်ခတ်လျက်ရှိလေသည်။
အိမ်ကြားများမှ ပုန်းရင်းကွယ်ရင်း ရှောင်နေရလေသည်။ ယခုပြဿနာမှာ ရွာကို ဝိုင်းထားပြီး အဘက်ဘက်မှာ မီးရှို့ခြင်းဖြစ်ရာ ထွက်လမ်းမရှိတော့ပေ။
“ကျော်ကြီး…။”
“ဟိုဘက်မှာတွေ့လား။ မီးမစွဲသေးတဲ့ အိမ်တွေ အဲ့လမ်းကြားကနေ တောကိုပေါက်နိုင်တယ်။ သွားသွား ဝင်ဝင်။”
“လာလေ။ မင်းက ဘယ်ကိုလှည့်ပြေးနေတာတုန်း။”
“ဟေ့ကောင် စကားများဖို့အချိန်မရှိတော့ဘူး။ အဲ့အိမ်ကိုဖြတ်ပြီး တောထဲဝင်ပုန်းတော့။ မင်းဘက်ကို ဒီကောင်တွေမလာအောင် အချိန်ဆွဲထားပေးမယ်။”
“လီးကို အချိန်ဆွဲမှာ… မင်းသေလိမ့်မယ်။ ဟေ့ကောင်။”
“နှစ်ယောက်လုံး သေမှာကွ။ လီးတွေပြောမနေနဲ့။ သွားတော့။”
“မသွားနိုင်ဘူး။ ဟေ့ကောင် လာ…အတူတူပြန်မယ်။”
“မရဘူး။ ဟေ့ကောင်၊ ဒီကောင်တွေ ငါတို့ကိုမြင်သွားတယ်ကွ။ လူရှိသေးတာ သိနေတယ်။ လိုက်ရှာနေတာ။ မိသွားလိမ့်မယ်။”
“လီးပဲကွာ။ လီးပဲ လီးပဲ။”
ကျော်ကြီးလည်း စိတ်တိုတိုနဲ့ ဆဲနေမိလေတော့သည်။ သူရကလည်း လက်စွပ်ကိုချွတ်ကာ ကျော်ကြီးလက်ထဲ ထည့်ပေးလိုက်လေသည်။
“ခင့်လက်ထဲ သေချာ ပြန်ထည့်ပေးလိုက်ကွာ။ သူ့ကို သိပ်ချစ်ပါတယ်လို့။ နောက်ဘဝကျရင်လည်း သေချာပေါက် ချစ်နေမှာပါလို့။”
ကျော်ကြီးကတော့ ခေါင်းကိုခါလျက် ဆဲလျက်သာရှိလေတော့သည်။ သူရ ပေးသော လက်စွပ်ကို ယူရင်း အိတ်ထဲထည့်လိုက်သည်။ ထို့နောက် အိတ်ကိုယူကာ လမ်းကြားထဲ ပြေးဝင်သွားလေတော့သည်။
“ဟေ့ကောင်တွေ…..။”
အားမာန်အပြည့်နှင့် သူရ၏အော်သံ၊ သေနတ်သံ၊ မီးတဝုန်းဝုန်းလောင်နေသော အသံတို့မှာ ဖုံးလွှမ်းလျက် သူရွာနှင့် ဝေးလာသည်နှင့်အမျှ တိုးတိုးသွားလေတော့သည်။
“လူသာသေမယ်။ အမှန်တရားမသေဘူးဟေ့။ ကမ္ဘာမကြေဘူး။”
ထိုအော်သံကိုတော့ နားထဲက ဘယ်တော့မှ ထွက်နိုင်လိမ့်မည်မဟုတ်သည်ကို ကျော်ကြီးသိနေမိပါတော့သည်။
တောထဲသို့ အတော်အတန်ရောက်သောအခါ ညနက်ခဲ့လေပြီ။ ချိတ်ထားသည့် မီးအိမ်မှ မီးရောင်ကိုတွေ့သောအခါ ကင်းစောင့်နေသော သူများဆီရောက်နေပြီဆိုသည်ကို သိလိုက်သည်။ သို့နှင့် စခန်းသို့ပြန်ရောက်သောအခါ အစီအရင်ခံသည်။ သူတို့ဖြစ်ခဲ့သည့် ကိစ္စအလုံးစုံကိုတော့ ကြေညာခြင်းမပြုဖြစ်တော့ပေ။ သို့သော် အနည်းဆုံး သူရနှင့် သက်ဆိုင်သူဆီသို့ အသိပေးရမည်ဖြစ်ပြီး ၎င်းတာဝန်သည်လည်း ကျော်ကြီးဆီသို့ ကျရောက်ခဲ့ပြီဖြစ်သည်။
ပြန်ရောက်ပြီးကတည်းက ၃ရက်ခန့်ရှိခဲ့လေပြီ။ လိုင်းမရချင် ယောင်ဆောင်က သူရ၏ ဖုန်းသို့ဝင်နေသော ဖုန်းများကို မကိုင်ခဲ့ပေ။ ဖုန်းမြည်သံများ နားထဲသို့ ငရဲသမျှ၊ သို့ကြောင့် ဖုန်းကိုပိတ်ထားပစ်လိုက်မိသည်။
“ကျော်ဟိန်း။”
“ရှိ။”
“မင်းကို အသိပေးခိုင်းထားတယ်မလား။”
“.............”
“ဘယ်လောက်ပဲ ပြောရခက်ခက် သိသင့်တဲ့ကိစ္စကိုတော့ ပေးသိရလိမ့်မယ်။ ထပ်မပြောရပါစေနဲ့ အသိပေးလိုက်ပါ။”
“ဟုတ်ကဲ့ပါ။”
ထိုညတွင် သစ်တုံးပေါ်သို့ လာထိုင်သူကတော့ ကျော်ကြီးဖြစ်ပါလေ၏။ ဖုန်းကို ပါဝါဖွင့်လိုက်သောအခါ ခင်နှင့် သူရတွဲရိုက်ထားသော ပုံလေးက အရင်ပေါ်လာလေသည်။ ဖုန်းထဲဝင်ကာ သူရ၏ ညီမနံပါတ်သို့ ခေါ်လိုက်လေသည်။
ဖုန်းကိုင်သံအပြီးတွင် သူရ၏ ညီမက အိမ်ကို ဖုန်းရသည့်အကြောင်း အသိပေးနေပုံရသည်။ တစ်ခဏကြာ စပီကာဖွင့်လိုက်ပုံရ၏။ အိမ်သားများ၏ အသံများက စုပြုံဝင်လာလေသည်။
“ဒီတစ်ခါ ဖုန်းဆက်တာ ကြာလိုက်တာ သားရယ်။”
“အန်တီ…ကျွန်တော်….ကျော်ကြီးပါ။”
“ဟင်…ကျော်ကြီး။ မင်းက သားဖုန်းနဲ့ခေါ်နေတာလား ဘာများဖြစ်လို့လဲ။”
ကမ္ဘာကြီး၊ စကြာဝဠာကြီးတစ်ခုလုံးသည် ထိုတစ်ခဏတွင် ရပ်နေသည်ဟု ခံစားမိပါသည်။ အတော်လေး အားတင်းပြီးနောက်တွင် သူလည်းအားတင်းရင်း ပြောမည်ပြုလေသည်။
“သူရက….။”
“ခဏလေး ဒီမှ သူ့ရဲ့ခင်ကလည်း ဒီည အိမ်လာအိပ်တယ်။ အခုဒီမှာရှိတယ် သူ့ခေါ်လိုက်ဦးမယ်။ သမီးရေ…သမီး..။”
ဖုန်းတစ်ဖက်မှ အသံများသည် အားပြတ်စေလောက်အောင် စိတ်ထိခိုက်စေမိလေသည်။ ဘာကြောင့်များ သူဒီလိုဘဝရောက်နေရပါလိမ့်ဟု ဘုရားကို ကျိန်ဆဲချင်မိသည်။ နတ်သိကြားများကို ကျိန်ဆဲချင်မိလေသည်။
“ကျော်ကြီး…သူရက နေမကောင်းလို့လား။ ငါတို့ပို့တာတွေ အကုန်ရတယ်မလား။ ဆေးပါတယ်လေ နည်းနည်းတိုက်လိုက်လေဟာ။”
ခင်က ဖုန်းတစ်ဖက်မှ လှမ်းပြောလေသည်။ ကျော်ကြီးလည်း ရွေးစရာမရှိတော့သည့် နည်းတူ…
“သူရ ဆုံးပြီ။”
တိတ်ဆိတ်ခြင်းသည် လိုင်းပြတ်သွားသည်ဟု ထင်ရသည့်အလား ဖုန်းတစ်ဖက်သို့ နစ်ဝင်သွားလေတော့သည်။
“ငါတို့ပစ္စည်းယူပြီး ပြန်လာတဲ့ လမ်းမှာ နားတဲ့ ရွာကို ခွေးသားတွေက မီးရှို့တယ်။ အဲ့မှာ သူရက….သူရက….။”
“သူရက ဘာဖြစ်လဲ…။”
အေးစက်စက်မေးသောအသံမှာ ခင့်အသံပင်။
“သူ အဲ့မှာ ပစ်သတ်ခံလိုက်ရတယ်။”
“မဖြစ်နိုင်ဘူး။ ငါမယုံဘူး။ သူရကိုဖုန်းပေးလိုက် နင်တို့ ပေါင်းကြံနေတာမလား။ လာမနောက်နဲ့။”
“သူရက ငါ့ကို ကတိပေးတယ်။ ပြန်လာမယ်တဲ့။ ချော့မယ်တဲ့။ သူက မလိမ်ဘူး။ ငါသိတယ်။ ကတိတည်တဲ့သူပါ ကိုက…။
ပြောရင်း ငိုချလိုက်သည့် ခင်၏အသံမှာ ရင်ဘတ်ကို ထိုးဆွနေသည့်အလားပင်။ ဖုန်းတစ်ဖက်တွင် ငိုသံတွေ ဆူညံလျက် ကျော်ကြီးလည်း သူ့ခေါင်းသူ လက်ဖြင့် ဆက်တိုက်ရိုက်လျက်သာရှိနေတော့သည်။
ထိုအခိုက် မောင်ကြည်နှင့် ဖိုးချစ်တို့ကလည်း အနားရောက်လာက ကျော်ကြီးကို ပခုံးပုတ် အားပေးနေခဲ့ရလေသည်။
ထိုညက သူတို့ ဘာတွေ ဆက်ပြောခဲ့သည်ဆိုသည်မှာမူ ညတိုင်းမြင်ရသော လမြင်ကွင်းကဲ့သို့ပင် ဝိုးဝိုးဝါးတားသာ ဖြစ်ကျန်ရစ်ခဲ့ပါလေတော့သတည်း။
နောက်ရက်တွင် ကျော်ကြီးက ဖုန်းထဲမှာ ရှာတွေ့သောအရာတစ်ခုကို တယ်လီမှ ပို့ခဲ့လေသည်။ ၎င်းမှာ ကဗျာတစ်ပုဒ်ဖြစ်ပြီး သူရ၏ လက်ရာဖြစ်ပေ၏။
လွမ်းငွေ့သင်း ဆောင်းတွင်းပုံပြင်
ဟေး ဟိုးအဝေးက ယူနီဖောင်းနဲ့ရဲဘော်
ဘယ်တုန်းဗျ
အမေ့အိမ်ပြန်မယ်ဗျာ
အမေ့အိမ်ချက် ငါးဟင်းကြီး မုန်းလိုက်တာလို ပြောလိုက်ချင်ပြီ
ခြံဝက မျှော်နေမယ့် ပါပီလေးတွေကို သွားပွတ်သပ်ကြည့်ချင်ပြီ
စိတ်ကောက်နေတာ တစ်နှစ်လောက်ရှိတော့မယ့် ရည်းစားကိုလည်းချော့ချင်ပြီ
မျက်မှန်ကြီးနဲ့ သတင်းစာဖတ်နေမယ့် အဖေ့ဆီကလည်း မုန့်ဖိုးတောင်းချင်ပြီ
ညနေဆို ထွက်ထွက်ဆော့နေတတ်တဲ့ လမ်းထဲက ကလေးတွေကို
ဆေးလိပ်တဖွာဖွာနဲ့ ငေးကြည့်ချင်မိပြီ
ညနေဆည်းဆာဆိုတာ တောထဲကနဲ့ အိမ်ကနဲ့ ဘယ်ဟာပိုလှလဲ နှိုင်းယှဉ်ကြည့်မယ်
ကြုံခဲ့ရသမျှ စွန့်စားခန်းလှလှပပတွေကို
တပြုံးပြုံးနဲ့ နားထောင်မယ့် ညီမတွေအသံကြားချင်ပြီ
ဟော မိုးတွေရွှာလာရင် ရတတ်တဲ့ ကတ္တရာလမ်းရနံ့လည်း မေ့တေ့တေ့ပဲ
အရင်က ကလောင်တံပဲ ကိုင်တဲ့လက်တောင် အသားမာတွေတက်လိုပဲ
သတိအနေအထားကြီးမပါပဲ လက်ဖက်ရည်ကို ဇိမ်နဲ့သောက်ကြည့်ပါဦးမှ
သင်္ကြန်ကျပြန်တော့လည်း ရေပက်ခံထွက်ပစ်ရမယ်
သီတင်းကျွတ်ပြန်တော့လည်း တစ်နှစ်လုံး အကုသိုလ်ကောင်လေးလုပ်ထားတာကနေ တစ်ရက်လောက် ကုသိုလ်စိတ်မွေးကြည့်ဖြစ်ဦးမယ်
အယ်...ဒါတွေ တစ်ခုမှ ပြန်မရတော့ဘူး
ငါ့နှလုံးသားကို ကျည်တစ်တောင့် ထိုးစိုက်သွားပြီ
အံမယ် ငါ့သွေးငါမြင်တော့ ကြောက်တယ်ထင်သလား
ဟားဟားဟား
Gen Zရဲ့ Smartဖြစ်တဲ့ အသွေးအသားတွေက ရဲနေတာပဲဗျာ
ဟေး ဟိုးအဝေးက ယူနီဖောင်းနဲ့ရဲဘော်
နှုတ်ဆက်ခဲ့ပါတယ်ဗျာဧည့်ခန်းတွင် ဖုန်းတစ်လုံးကို ထောင်ထားကာ တိုက်ရိုက်လွှင့်လျက်ရှိ၏။ ထိုလွှင့်ချက်ကို မောင်ကြည်၊ ကျော်ကြီးနှင့် ဖိုးချစ်တို့အပါအဝင် ရဲဘော်များ ဝိုင်းကြည့်နေကြလေသည်။ ဓါတ်ပုံလေးထောင်ထားပြီး တရုတ်ရိုးရာအတိုင်း အမွှေးတိုင်ထွန်းကြသည်။ ဆုတောင်းပေးကြလေသည်။
အလောင်းကိုပင် ပြန်မြင်ခွင့်မရကြသော အသုဘထက် ဝမ်းနည်းဖို့ကောင်းသော အသုဘဟူ၍ ဘယ်နေရာတွင် ရှိမည်နည်း။ ထိုအချင်းအရာကို မည်သူမှ သိနိုင်မည်မထင်ပါ။ လတ်တလောတော့ သူတို့၏ စိတ်အာရုံမှာ တစ်နေရာထဲသို့သာ စုစည်းလျက်ရှိပါပေ၏။
မိခင်၏ စကားသံသည် အိမ်သားများကိုပင် ပြောနေသလိုလို၊ ဓါတ်ပုံထဲမှ သူရအားပြောနေသလိုလို မသေချာပါ။
“ငါ့သားရေ…တလောက အိမ်နီးချင်းတွေထဲက အမေတစ်ယောက်က ကြွားနေတာကို အမေကြားခဲ့ရတယ်။ သိလား။ သူ့သားနဲ့ သမီးက ဂျပန်ရောက်နေပြီတဲ့။ သူ့ကြည့်ရတာ ဂုဏ်ယူနေပုံပါပဲ။ အဲ့အချိန်တွေကျရင်လည်း တွေးမိတယ်။ ငါ့သားသမီးတွေလည်း အဲ့ဘက်ပဲ ကြိုးစားကြရင် အခုလိုတောင် ငိုရမယ်မထင်ဘူးလို့။”
“ဒါပေမယ့် ငါ့သား…မင်းသိလား။ အမေဝမ်းနည်းနေပေမယ့် ငိုနေပေမယ့်။ ငါ့သားအတွက်တော့ နောင်တလုံးဝမရသလို ရှက်လည်းမရှက်ဘူး။ မျက်နှာငယ်တယ်လို့လည်း မခံစားရဘူးကွာ။ သိလား။”
“သူတို့လိုဂုဏ်ယူတာထက် ငါ့သားအတွက် ငါဂုဏ်ယူတာက အဆပေါင်းများစွာပိုပါတယ်။ အမေတစ်ယောက်ရဲ့ သစွာကိုဆိုတယ်။ အမေဘယ်တော့မှ ငါ့သားရဲ့ သူရဲကောင်းပီသမှုကို မေ့သွားမှာမဟုတ်ဘူး။”
စိတ်အတွင်းမှာ ပြင်းရှကျယ်လောင်စွာ အော်ဟစ်သံများမှာ ငိုကြွေးနေသော မျက်ရည်များနှင့် စူးစူးနစ်နစ်အကြည့်များ တိတ်ဆိတ်မှုများအကြားတွင် ပေါက်ကွဲလျက်ရှိသည်ဟု ထင်ရပေသည်။
“ငါတို့ဆုံးရှုံးခဲ့ရတာကို ငါတို့ လုံးဝ မမေ့ဘူး။ ငါတို့ ဘယ်တော့မှ စိတ်လျှော့မှာမဟုတ်ဘူး။ သေရင်တောင်မှပဲ ငါတို့ ဝိဉာဉ်က ဆက်လက်တိုက်ခိုက်နေလိမ့်မယ်။”
“အရေးတော်ပုံ အောင်ကိုအောင်ရမည်။”
#Tommy
Done🌸
ReplyDeleteနာကျင်စရာတွေနဲ့ ဆောင်း...
ReplyDeleteDone 🍀
ReplyDelete
ReplyDelete“ငါတို့ဆုံးရှုံးခဲ့ရတာကို ငါတို့ လုံးဝ မမေ့ဘူး။ ငါတို့ ဘယ်တော့မှ စိတ်လျှော့မှာမဟုတ်ဘူး။ သေရင်တောင်မှပဲ ငါတို့ ဝိဉာဉ်က ဆက်လက်တိုက်ခိုက်နေလိမ့်မယ်။”
Sad story, but nice Tommy.
စစ်ခွေးနိဂုံး ၂၀၂၃ ✊
ReplyDeleteTill the end
Fighting together 💪