မုန်တိုင်းထဲကလူ မြသန်းတင့်ပြောသော ဗန်းမော်တင်အောင်အကြောင်း


အုတ်ဂူမှ အင်္ဂတေများက ကောင်းကောင်း မခြောက်တတ်သေး။ တချို့နေရာများတွင် ကုက္ကိုရွက် ဝါဝါကလေးများသည် အင်္ဂတေထဲတွင် မြှုပ်နေကြ၏။ အချို့နေရာများတွင် လက်ချောင်းရာတို့ ကျိုးတိုးကျဲတဲ၊ အင်္ဂတေခြောက် မခြောက် လက်ဖြင့် ကိုင်တွယ်စမ်းထားသည့်ဟန်။

အုတ်ဂူက ပြင်ညီ အဆင့်လေးဆင့် တင်ထားသည့် ပုံစံ။ ဘာမျှဆမဆန်း၊ ခပ်ရိုးရိုးမျှသာ။

ကိုတင်အောင်က သူသေလျှင် မီးရှို့ဖို့ မှာခဲ့သည်။ အပေါင်းအသင်းများက အထိမ်းအမှတ်ကလေး တစ်ခုတော့ ကျန်ရစ်ဖို့ ကောင်းသည်ဟု ယူဆကြသည်။ သို့ဖြင့် သူ့မိတ်ဆွေများသည် သူ့ဆန္ဒအတိုင်း အလောင်းကို မီးရှို့ပြီး သူတို့ဆန္ဒအတိုင်း အရိုးပြာကို ဂူသွင်းဖို့ စဉ်းစားကြသည့်အခါတွင် ဒဂုန်တာရာက သူပုံဆွဲမည်ဆိုကာ ပုံကြမ်းထုတ်ပေးသည်။ ဗိသုကာပညာမြောက်သည် မမြောက်သည်ကိုတော့ မသိ။ သူ့ရင်ထဲက ခံစားချက်အတိုင်း ဆွဲလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အုတ်ဂူပေါ်တွင် ပန်းခြင်း သုံးလေးခြင်း တင်ထားသည်။ တစ်ခြင်းက နှင်းဆီတစ်ခြင်းက သစ္စာပန်း ခြင်းတစ်ခြင်းထဲတွင်မူ ဘလူးဗင်ဒါ သစ်ခွပန်းတချို့၊ မရမ်းနုရောင်လဲ့လဲ့ပြေးလျက်။

အုတ်ဂူပေါ်တွင် အရိုးပြာအိုးထည့်ရန် အပေါက်တစ်ပေါက် ရှိသည်။ မကြာခင် သူ့အရိုးပြာကို ဂူပေါက်ထဲသို့ ထည့်၍ ပိတ်လိုက်ကြတော့မည်။ သည်လိုနှင့် ကိုတင်အောင်တစ်ယောက် လူ့လောကမှ အပြီးအပိုင် ထွက်သွားတော့မည်။

ကျွန်တော်သည် ခပ်လှမ်းလှမ်း အုတ်ဂူတစ်လုံးပေါ်တွင် ထိုင်ကာ ကိုတင်အောင်၏ နောက်ဆုံးခရီးကို ကြည့်နေမိသည်။ ဂူတဝိုက်ဆီမှ သိက္ခာရဆရာ ဦးဘမြှင်၏ အောင်မြင်ခံ့ညားသည့် ဆုတောင်းပတ္ထနာသံကို ကြားနေရသည်။ ဆုတောင်းပတ္ထနာအပြီးတွင် ပေါ်ထွက်လာတတ်သည့် ဓမ္မတေးသံက ဆွတ်ပျံ့လွမ်းမောဖွယ်။

ကျွန်တော်နှင့် ကိုတင်အောင် သိသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီ။ စာပေလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုများတွင် ကျွန်တော်တို့ အတူ ရှိခဲ့ကြသည်။ ဘဝတက္ကသိုလ်တစ်ခုတည်းတွင် အတူ သင်တန်း တက်ခဲ့ကြဖူးသည်။ ဘဝတက္ကသိုလ်က နောက်ဆုံး ထွက်လာကြတော့လည်း တစ်နေ့တည်း ထွက်လာခဲ့ကြသည်။ စုစုပေါင်း ကျောင်းသက်တွင်မူ သူက ကျွန်တော့်ထက် သုံးနှစ်လောက် ပိုကြီးလိမ့်မည်။

သူနှင့် ကျွန်တော်သည် နာရီထောင်ပေါင်းများစွာ စကားပြောခဲ့ကြဖူးသည်။ ရက်ရာပေါင်းများစွာ အတူနေခဲ့ကြဖူးသည်။ လဆယ်ပေါင်းများစွာ နှစ်ယောက်တည်း အိပ်ခဲ့ကြဖူးသည်။

ယခုတော့ ကိုတင်အောင်သည် ကျွန်တော်တို့ကို အပြီးအပိုင် ခွဲခွာသွားပြီ။

ဝီလျံဘတ်တလာယိတ်စ်ဆိုသည့် ကဗျာဆရာ ကွယ်လွန်သည့်အခါတွင် သူ့မိတ်ဆွေကဗျာဆရာ အော်ဒင်က ကဗျာ တစ်ပုဒ်ရေးခဲ့ဖူးသည်။ ကျွန်တော်သည် အော်ဒင်၏ ကဗျာလေးကို အမှတ်ရနေလေသည်။

`မြေဝသုန်ရေ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို ဆီးကြိုပေတော့´ တဲ့။

ဟုတ်တယ်။ လူတွေ အနမတဂ္ဂ သေကြသည့်အနက် သေမင်းတိုင်းပြည်လို နေရာမျိုးမှာပင် လက်ခံဖို့ မကောင်းသည့် လူတွေ တစ်ပုံတစ်ပင်။ ကိုတင်အောင်ကမူ ရောက်ရာနေရာတွင် ဂုဏ်ပြုအပ်သည့် ဧည့်သည်။

(၂)

ကျွန်တော်နှင့် သူ ပထမဆုံး သိသည်မှာ ၁၉၄၈ ခုနှစ်။

သည်တုန်းက သူသည် `ဘုန်းမောင် တစ်ယောက်ထဲ (တည်း) ရယ်´ ကို ရေးပြီး၍ အောင်မြင်သည့် စာရေးဆရာတစ်ယောက် ဖြစ်ကာစ ရှိသေးသည်။ ရန်ကုန်ကို မရောက်သေး။ ပြည်တွင် သစ်လုပ်ငန်း လုပ်ကိုင်နေပြီး တစ်ခါတစ်ရံတွင်မှ ရန်ကုန်သို့ ဆင်းလာတတ်သည်။ ကျွန်တော်တို့က တက္ကသိုလ်ရောက်စ၊ စာရူးပေရူး၊ စာတိုပေစကလေးတွေ မတောက်တခေါက်ရေးစ။

စင်စစ် ကိုတင်အောင်သည် ကျွန်တော်တို့နှင့် ခေတ်ပြိုင် ဖြစ်သော်လည်း ကျွန်တော့်ထက် ၁၀ နှစ်လောက် ကြီးပြီး၊ စာရေးသက်လည်း ၁၀ နှစ် လောက်စောသည်။ စစ်မဖြစ်မီက `ဂျာနယ်ကျော်´ တွင် မဟာအောင် အမည်ဖြင့် သူရေးသည့် ဝတ္ထု နှစ်ပုဒ်ကို ကျွန်တော် ကောင်းကောင်း မှတ်မိနေသည်။ တစ်ခုက `ကပ္ပတိန် မြင့်မောင်´ ဆိုသည့် ဝတ္ထုတိုကလေး။ နောက်တစ်ခုက `ဆိုလစ်တာ ရီရိပါး´ ဆိုသည့် အင်္ဂလိပ် ကဗျာတိုကလေးကို မှီးထားသည့် `တလိုင်းမကလေး စောပု´ ဆိုသည့် ဝတ္ထုတို။

စစ်ပြီးတော့ သူ့ဝတ္ထုတိုကလေးများကို `ဂျာနယ်ကျော်´ တွင် မကြာခဏ ဖတ်ရသည်။ ဘုန်းကြီးကျောင်းသားကြီး ကိုရေချမ်းနှင့် အထက်တန်းလွှာ သမီးပျိုကလေးတို့ ဇာတ်လမ်း။ နောက် စစ်သားကလေး တစ်ယောက်နှင့် ကပြားမလေး တစ်ယောက်အကြောင်းကို ရေးထားသည့် `ချစ်ပါနဲ့ မောင့်ကို´ စသည့် ဝတ္ထုတိုကလေးများကို ဖတ်လာရသည်။ လွမ်းစရာ ဝတ္ထုလှလှကလေးတွေ။

သည်တုန်းက သူ့စာကလေးတွေက နုနုလှလှကလေးတွေ သူကိုယ်တိုင်က စာနုစာယဉ်သမား။ ကျွန်တော်တို့ကလည်း အသက် ၁၈ နှစ်၊ ၁၉ နှစ်လောက်။ သူ့စာနုနုကလေးများသည် ကျွန်တော်တို့ ရင်ထဲတွင် စွဲ၍ ကျန်ရစ်ခဲ့ကြသည်။

သူ့ကို ၄၅ လမ်းရှိ သွေးသောက် မဂ္ဂဇင်းတွင် ပထမဆုံး တွေ့ရခြင်း ဖြစ်သည်။ ကျွန်တော်တို့က ကျောင်းတက်ရင်း အတိုအထွာကလေးတွေ မတောက်တခေါက်ရေးနေသည့် လက်သင်စာရေးဆရာပေါက်စ။ သူက `ဘုန်းမောင်တစ်ယောက်ထဲ (တည်း) ရယ်´ ဖြင့် ကျော်ကြားစပြုနေသည့် စာရေးဆရာ။ သို့ရာတွင် စာပေလောကထဲသို့ ခြေစုံပစ်၍ မဝင်သေး။ ပြည်တွင် သစ်လုပ်ငန်းလုပ်ရင်း အပျော်တမ်း စာရေးနေသည်။ သည်တုန်းက သူ့ကို ကြည့်ရသည်မှာ ပြောင်ပြောင်ရောင်ရောင်။

ကျွန်တော် ပထမဆုံး တွေ့ဖူးသော ကိုတင်အောင်၏ ရုပ်ပုံလွှာကို မြင်ယောင်နေသည်။

အရပ်က ငါးပေဆယ်လက်မ။ ကာယဗလကောင်းကောင်း။ အမေရိကန် ဇာတ်လိုက်မင်းသား ရော့ခ်ဟတ်ဆန်နှင့် တူသလိုလို။ နံ့သာနုရောင် ပိုးပျော့ စပို့ရှပ်အကျီၤ၊ နက်ပြာရောင် သက္ကလပ် ဘောင်းဘီတို၊ အနက်ရောင် ဂျွန်ဝှိုက်ရှူးဖိနပ်တို့ဖြင့် သားနားနေသည်။ ပါးစပ်တွင် အင်္ဂလန်လုပ် ဒန်းဟီးလ် ဆေးတံကို ခဲလျက်။ အင်္ဂလိပ်တွေ ဆောင်းသည့် တော်ပီ ခေါ် ကာကီရောင် ဖော့ဦးထုပ်ကို လက်က ကိုင်ထားတတ်သည်။ အင်္ဂလိပ်စကားကို လှပသွက်လက်စွာ ပြောနိုင်သည်။

နောက်မှ သိရသည်မှာ သူသည် စစ်မဖြစ်ခင် မီလီရှာကိုး ခေါ်သည့် အင်္ဂလိပ်တပ်ထဲသို့ ခဏဝင်ဖူးသူ။ စတီးဘရားသား သစ်လုပ်ငန်းတွင် လုပ်ဖူးသူ။ ခရစ်ယာန်ဘာသာ အဆုံးအမအောက်တွင် ကြီးပြင်းလာခဲ့သူ။

ကျွန်တော်နှင့် စတွေ့သည့် ၁၉၄၈ ခု၊ ဆောင်းဦးပေါက်၌ သူသည် ပြည်ဘက်က အိုးလည်ဆွဲ သစ်တောကြိုးဝိုင်းကို ဂရန်ခံကာ ကိုယ်ပိုင်သစ်လုပ်ငန်း လုပ်နေသည်။

ကျွန်တော်တို့ နှစ်ယောက်သည် ၄၅ လမ်းနှင့် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်း) ထောင့်ရှိ ကာကာ လက်ဖက်ရည်ဆိုင်တွင် တစ်ညနေလုံးထိုင်၍ စကားတွေ ပြောကြသည်။ စကားပြောကြည့်လိုက်တော့မှ ထင်ထားသည်ထက် စာဖတ်နံှ့သူဖြစ်ကြောင်း တွေ့လာရသည်။ ဂန္ထဝင်စာပေကို နှစ်သက်သူ။ အနောက်တိုင်း အဘိဓမ္မာကို သင်ရိုးကုန်အောင် ဖတ်ထားသူ။ သမိုင်းလေ့လာသူ။ သိပ္ပံပညာကို စိတ်ဝင်စားသူ။

ပြောလိုက်ကြသည့် စကားတွေကလည်း အစုံ။ ဘားနတ်ရှော၏ ပြဇာတ်၊ ပဒေသရာဇာ တျာချင်းများ၊ အိုင်စတိုင်း၏ ရီလေတီဗတီ သီဝရီ၊ ဗရင်ဂျီဝတ်တက်သံနှင့် မြဝတီမင်းကြီး၏ အထူးထူးငယ်နှင့် ပတ်ပျိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မဟာကဗျာ လေးချိုးကြီးများ။ ဒုတိယ မြန်မာနိုင်ငံတော်ကြီး ပျက်စီးခြင်း၊ နု-အက်တလီ စာချုပ်။

ကျွန်တော်နှင့် စကားပြောရင်း လက်ဖက်ရည်ကျကျကို တစ်ခွက်ပြီး တစ်ခွက် မှာသောက်နေသည်။

`ကျွန်တော့်မှာ ပိုက်ဆံလေး နည်းနည်းရှိတယ်ဗျ။ သစ်လုပ်ငန်းက ရတာလေးတွေ ဆိုပါတော့။ ကျွန်တော်လုပ်ချင်တာက စာပေလုပ်ငန်း၊ စာလည်း ရေးမယ်၊ ကိုယ်ပိုင် ဂျာနယ်လေး မဂ္ဂဇင်းလေးလည်း ထုတ်ဖြစ်ရင် ထုတ်မယ်။ ခုလောလောဆယ်မှာတော့ `တာရာ´ ကို ဝိုင်းရမှာပဲ။ `တာရာ´ မှာ ကိုဌေးမြိုင် တစ်ယောက်တည်း မဟုတ်လား။ ခင်ဗျားတို့က တက္ကသိုလ်က ဝိုင်း။ ကျွန်တော်တို့က အပြင်က ဝိုင်းမယ်။ ပိုပြီး သိုက်မြိုက်လာတာပေါ့ဗျာ´ ဟု စိတ်ပါလက်ပါ ပြောသည်။

ကိုတင်အောင် စကားပြောလျှင် ရင်းရင်းနှီးနှီး ပြောတတ်သည်။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ စာအုပ်များထဲတွင် တွေ့ရတတ်သည့် အင်္ဂလိပ် လူကြီးလူကောင်း၏ ဟန်။

တစ်ခါတွေ့ဖူးရုံဖြင့်ပင် ဖမ်းစားထားနိုင်သည့် ညှို့ဓာတ်ရှိသူ၊ နှစ်လိုဖွယ် ကောင်းသူ။


(၃)

သည်နောက်တော့ ကိုတင်အောင်နှင့် ကျွန်တော်တို့ မကြာမကြာ တွေ့ကြသည်။ သူ ရန်ကုန် ဆင်းလာတိုင်း သွေးသောက်၊ တာရာ၊ ရှုမ၀ စသည့် မဂ္ဂဇင်းတိုက်များသို့ လာတတ်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့ရှိရာ ဥတ္တရ ကျောင်းဆောင် (ရွှေဘိုဆောင်) သို့ လာ၍ အိပ်သွားတတ်သည်။ ထိုအချိန်အထိ သူမနွမ်းပါးသေး။ သစ်လုပ်ငန်းကို ဆက်လုပ်နေတုန်း။ သူ့ကိုယ်က ပြောင်ပြောင်လက်လက်။ မြောက်ပြင်လုံချည် နှစ်နံစပ် ကန့်လန့်စင်း၊ ငါးထောင့်ငါးရာ ပိုးတိုက်ပုံအကျီၤ အဖြူရောင်တို့ကို ဝတ်တတ်သည်။ တစ်ခါတစ်ရံတွင် သမင်ရောင် စပို့ရှပ်ဖြင့်၊ ခါးသေးသေး ရင်အုပ်ကားကား၊ လက်မောင်းကြွက်သားများက တောင့်တင်းလျက်။

ဘဝတက္ကသိုလ်တွင် ကျွန်တော်နှင့် အတူနေခဲ့စဉ် တစ်မနက်တွင် တကုန်းကုန်းဖြင့် ချောင်ကြိုချောင်ကြားတွင် တစ်စုံတစ်ရာ လိုက်ရှာနေသည်ကို မြင်သဖြင့် ကျွန်တော်က `ကိုတင်အောင် ဘာပျောက်လို့လဲ´ ဟု လှမ်းမေးသည်။ သူက တော်တော်နှင့် မဖြေ။ အတန်ကြာတော့မှ

`ကျွန်တော့် အံကပ်ပျောက်သွားလို့´

ကျွန်တော် ရုတ်တရက် နားမလည်။ ကိုတင်အောင်က သူ့ပါးစောင်နှစ်ဖက်ကို လက်ဖြင့် ထိုးပြသည်။ သည်တော့မှ သူ့အံနှစ်ဖက်တွင် အံသွားတု တပ်ထားမှန်း ကျွန်တော် သိရသည်။ အံကပ်ကို ရှာ၍ မတွေ့တော့။ ညအိပ်ခါနီးတွင် ချွတ်ပြီး ပန်းကန်ပြားထဲ ထည့်ထားစဉ် မြေကြွက်တွေ ချီသွားခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဘဝတက္ကသိုလ်မှ ပြန်လာသည်အထိ အစာစားလျှင် ရှေ့သွားဖြင့် ဝါးနေရသည်။

`အံသွားတွေက ဘယ်တုန်းက ကျိုးတာလဲ။ ကျွန်တော်က ခင်ဗျားသွားတွေ တော်တော်ကောင်းတယ်လို့ အောက်မေ့နေတာ´

`ကြာလှပြီ၊ ကျောင်းသားဘဝနဲ့ စစ်တပ်ထဲမှာ လက်ဝှေ့ထိုးတုန်းက ကျိုးတာ။ ဟိုတုန်းကတော့ အရေးမကြီးဘူး။ ကြီးတော့ ခံရပြီလေ´

ကိုတင်အောင် လက်ဝှေ့ထိုးတတ်မှန်း သည်တော့မှ ကျွန်တော် သိတော့သည်။ အခန်းထဲတွင် လေ့ကျင့်ခန်းအဖြစ် အရိပ်လက်ဝှေ့ ထိုးတတ်သည်။ သို့ရာတွင် ကြာကြာ လေ့ကျင့်ခန်း မပြုနိုင်။ ခဏကြာတော့ မောပြီး ခြေပစ်လက်ပစ် ဖြစ်နေလေသည်။

`သိပ်မကစားနိုင်တော့ဘူးဗျ။ အသက်ကြီးတဲ့ ဒဏ်ရာ၊ ဘ၀ ဒဏ်ရာ ခံရတာ များလှပြီးကိုး´ ဟု ကျွန်တော့်ကို ပြောတတ်သည်။

လက်ဝှေ့မှာသာ မဟုတ်။ လေးတိုင်တန်းဘားကိုလည်း လှပစွာ ကစားနိုင်သည်။ လူက အားကစားသမား။ သို့ရာတွင် အနေအထိုင် ကျစ်လျစ်သဖြင့် သူ အားကစားသမား ဖြစ်မှန်း ကျွန်တော်တို့ တစ်တွေ မသိကြ။

တစ်ခါက မောင်ကိုကိုက စန္ဒရားတီး၍ တင်တင်မြ ဆိုထားသည့် ပန်းမြိုင်လယ်ကို သူနှင့် ကျွန်တော် အတူ နားထောင်ပြီးနောက် `ကောင်းလိုက်တဲ့ ဂီတဗျာ၊ သီချင်းလည်းဆုံးရော ဝိညာဉ်ကို နုတ်သွားလိုက်သလို ခံစားရတယ်´ ဟု မှတ်ချက်ချဖူးသည်။ သူနှင့် ကျွန်တော်သည် ဂီတအကြောင်းကိုလည်း ဆွေးနွေးဖြစ်ကြသည်။ သူသည် ဂီတကိုလည်း တီးမိခေါက်မိသည်။

၁၉၅၀ ခုနှစ်တွင် ကျွန်တော်တို့ တစ်သိုက် စာပေသစ် မဂ္ဂဇင်းကို ထုတ်ကြသည်။ တာရာ မဂ္ဂဇင်းနှင့် စာပေသစ် မဂ္ဂဇင်း ရုံးခန်းကို ၅၁ လမ်း ပုံနှိပ်တိုက် တစ်ဝိုက်တွင် ဖွင့်ထား၏။ ကျွန်တော်တို့က စာပေသစ်မှာလုပ်၊ ကိုတင်အောင်က တာရာမှာ တွဲဖက် အယ်ဒီတာ။

မဂ္ဂဇင်း ထွက်ခါနီးသည့် ရက်များတွင် ကျွန်တော်တို့သည် ကျောင်းသို့ မပြန်တော့။ ပုံနှိပ်တိုက်က စက္ကူပုံပေါ်မှာပင် အိပ်ကြသည်။ ကိုတင်အောင်သည် မနက်လင်းလျှင် ကျွန်တော်တို့ဆီသို့ ရောက်လာကာ သည်မှာပင် စာရေးသည်။ သည်မှာပင် အလုပ်လုပ်သည်။

ဧည့်သည်လာတိုင်း ကျွန်တော်တို့တစ်တွေ အပြင်ထွက်၍ လက်ဖက်ရည်သောက်ကြ။ စာကြောင်းပေကြောင်း ပြောကြ။

ဗိုလ်မြတ်ထွန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ မက်သဒစ်ကဖေးကား ကျွန်တော်တို့ စားကျက်။ သည်တစ်ဝိုက်တွင် ရှေးခေတ်က စာရေးဆရာကြီးတွေလည်း ရှိသည်။ (ဥပမာ မဟာဆွေ၊ ဇဝန၊ ရွှေစကြာ၊ မြို့မအုန်း၊ ရဲသမိန်၊ ရွှေအ၊ သင်္ခါ စသည်) စစ်ပြီးခေတ်မှ ပေါ်လာသည့် စာရေးဆရာတွေလည်း ရှိသည်။ (ဥပမာ သာဓု၊ ဘုန်းမြင့်၊ ဒေဝ၊ ပြည့်စုံ) ကျွန်တော်တို့လို စာရေးဆရာ ပေါက်စကလေးတွေလည်း ရှိသည်။ ထိုမျှမက ကိုစန်းလွင်၊ ဗဂျီအောင်စိုး စသည့် ပန်းချီဆရာတွေလည်း မကြာခဏ လာတတ်ကြသည်။ ကိုတင်အောင်ကား အားလုံးနှင့် ရင်းနှီးသူ။ တစ်ဝိုင်းပြီး တစ်ဝိုင်း ဆက်ကာ လက်ဖက်ရည်ကျကျ သောက်ရင်း စကားကောင်းနေတတ်သည်။ မက်သဒစ်ကဖေးမှ အဘ ဦးခင်ကမူ ကိုတင်အောင်ဆိုလျှင် လက်ဖက်ရည်ဖိုး ဘယ်တော့မျှ မယူ။ သူ့တစ်ယောက်ကို တစ်နေ့ ဘယ်နှခွက် သောက်သောက် အလကား တိုက်တတ်သည်။

၁၉၅၀ ခု နှစ်ဝက်ပိုင်းလောက် ရောက်တော့ တာရာ မဂ္ဂဇင်းလည်း ရပ်သွားသည်။ စာပေသစ် မဂ္ဂဇင်းလည်း ပိတ်လိုက်ရသည်။ ကိုတင်အောင်သည် စာပေလောကသို့ ခြေစုံပစ်ဝင်လာကာ လင်းယုန်ဂျာနယ်ကို ထုတ်သည်။ ကျွန်တော် စတွေ့စတုန်းကလို ပြောင်ပြောင်ရောင်ရောင် မဟုတ်တော့။ ဒန်းဟီးလ်ကို မခဲနိုင်တော့။ ငါးထောင့်ငါးရာ ပိုးတိုက်အကျီၤကို မဝတ်နိုင်တော့။ ခပ်နွမ်းနွမ်း ဘလေဇာကုတ် အနက်ကလေးနှင့်။ ခပ်နွမ်းနွမ်း ပလေကပ် လုံချည်ကလေးတစ်ထည်ကို ဒုံးခံဝတ်နေသည်။ ၁၉၅၀ ခုနှစ်နောက်ပိုင်း စာပေလောကသို့ ခြေစုန်ပစ်ဝင်သည့်နောက်မှ စ၍ ကိုတင်အောင် ကောင်းကောင်းမွန်မွန် နေရသည်ကို တစ်ခါမျှ မတွေ့ရတော့။

ဝတ္ထုရေး၍ ရသမျှ ငွေကလေးကို သူ့လင်းယုန်ဂျာနယ်ထဲသို့ ထည့်နေရသည်။ လင်းယုန်ဂျာနယ်ကလည်း အမြတ်ရှိဟန် မတူ။ အကြွေးကျသည်နှင့်။ အာမခံတင်ရသည်နှင့်။ ဂျာနယ်သက်တမ်း တာရှည်သော်လည်း တောက်လျှောက်ထွက်နိုင်သည် မဟုတ်။ သူ့ဂျာနယ်က ရပ်သွားလိုက်၊ ပြန်ထုတ်လိုက်။ လူကလည်း ထောင်ထဲသို့ ဝင်သွားလိုက် ပြန်ထွက်လာလိုက်။ အခေါက်ကြီး သုံးခေါက်။ စုစုပေါင်း ၁၃ နှစ်ခန့် ရှိလိမ့်မည်။

သူ့တွင် ပိုက်ဆံကလေးရှိလာလျှင် ကျွန်တော်တို့ကို ခေါ်ကျွေးတတ်သည်။ တစ်ခါတစ်ရံ ဘောက်ထော်မှာ။ တစ်ခါတစ်ရံ သင်္ဃန်းကျွန်းမှာ။ တစ်ခါတစ်ရံ ပဲခူးမှာ။

ပဲခူးမှာ သူ့ဇာတိ ဖြစ်သည်။ ရင်းနှီးသူများ အပါအဝင် လူတော်တော်များများက သူ့ကို ဗန်းမော်သားဟု ထင်ကြသည်။ သို့ရာတွင် ဗန်းမော်သား မဟုတ်။

ကိုတင်အောင်သည် ဘယ်လောက်ပင် ရင်းနှီး ရင်းနှီး သူ့ကိုယ်ရေးကိုယ်တာကို ဘယ်တော့မျှ မပြောတတ်။ ပြောလေ့မရှိ။ သူ့အမြင်တွင် သူ့ကိုယ်ရေးကိုယ်တာကိစ္စသည် ဘာမျှ အရေးမကြီးဟု ထင်ပုံရသည်။ သူနှင့် တွေ့လျှင် စာကြောင်းပေကြောင်းတွေကိုသာ ပြောလေ့ရှိသည်။ ကျွန်တော်တို့နှင့် ပေါင်းသင်းလာသည့် ကာလတစ်လျှောက် သူ့နေရေး၊ ထိုင်ရေး၊ သားရေး သမီးရေး ကိစ္စကို တစ်ခါမှ မှတ်မှတ်ရရ မပြောစဖူး။ သူ့မှာ လင်းယုန်ဂျာနယ်ထုတ်ရေး သတင်းစာထုတ်ရေးနှင့်ပင် လုံးလည်လိုက်နေသည်။ ကိုတင်အောင်သည် စာရေးဖို့ အသက်ရှင်လာသူ၊ ယုံကြည်ချက်အတွက် ဘဝကို ပုံသွားသူ။

ရေးလိုက်သည့် စာတွေကလည်း မနည်း။ စာကလည်း အလွန်ရေးနိုင်သည်။ ပုံနှိပ်စက်တွေ တဂျုံးဂျုံး မြည်နေသည့်ကြားမှာလည်း ရေးနိုင်သည်။ ဧည့်သည်တွေ တရုန်းရုန်းလာနေသည့်ကြားမှာလည်း ရေးနိုင်သည်။ ဧည့်သည်လာလျှင် ကလောင်တံကို ချ၍ ဧည့်သည်တွေနှင့် စကားပြော။ ဧည့်သည်တွေ ပြန်သွားသည်နှင့် ကလောင်ကို ကောက်ကိုင်ကာ သွင်သွင်ရေးတော့သည်။ အရေးတကြီး ရေးစရာ ပေါ်လာလျှင်မူ `နေဦးဗျို့၊ ခဏလေး၊ ဒါလေးပြီးအောင် ရေးလိုက်ဦးမယ်´ ဟု ဆိုကာ စကားပြောရင်း ရေးသည့်အခါ ရေးသည်။

တချို့က သူနှင့် အယူအဆ တူချင်မှ တူမည်။ ဘဝအမြင်ချင်း တူချင်မှ တူမည်။ သို့ရာတွင် သူ့ကိုတော့ ချစ်ကြသည်။ သည်တုန်းက သူ့လင်းယုန်ဂျာနယ်မှာ ၃၈ လမ်း၊ ၃၉ လမ်း စသည့် ကုလားတွေချည်းနေသည့် လမ်းမျိုး။ စစ်ပြီးစမို့ တိုက်တာတွေ မရှိသေး။ တဲကုပ်ကလေးတွေချည်း ဖြစ်သည်။ တစ်ဖက်က ကြက်တောင်ပံရိုး၊ ကြက်ခြေထောက်ရိုး စသည်တို့ကို ရောင်းသည့် ကော်ရင်ဂျီ ကုလားမတွေ၊ တစ်ဖက်က မဆလာထောင်းသည့် ကော်ရင်ဂျီ ကုလားမတွေ၊ မျက်နှာချင်းဆိုင်တွင် ကုလားလေးတွေ ဆော့နေလိုက်ကြသည်မှာ တဝုန်းဝုန်း တရုန်းရုန်းနှင့်။ သည်လို ပတ်ဝန်းကျင်မျိုးတွင် နေရင်း လင်းယုန်အတွက် ခေါင်းကြီးတွေ ရေးသည်။ ဝတ္ထုရှည်ကြီးတွေကိုလည်း ရေးလိုက်သေးသည်။ ကိုတင်အောင်သည် ပျားတစ်ကောင်လို အမြဲတမ်း အလုပ်လုပ်နေရသူ။

ကုလားလေးတွေ၊ ကုလားမတွေကလည်း သူနှင့်ကျတော့ အဆင်ပြေသည်။ ကုလားမတွေက `ဆရာကြီး စားဖို့´ ဆိုပြီး ကြက်တောင်ပံရိုးသုပ်တွေ၊ ကြက်ခြေထောက်သုပ်တွေကို ဦးဦးဖျားဖျား လာပေးတတ်သည်။ ကုလားမ လင်မယား ရန်ဖြစ်ကြလျှင် သူ့ကို လာတိုင်ကြသည်။ သူ သွား၍ ဖျန်ဖြေလျှင် သူ့စကားကို နားထောင်ကြသည်။ တစ်ခါတွင် ကော်ရင်ဂျီ ကုလားမင်္ဂလာဆောင်ထဲတွင် မြန်မာဆို၍ သူ့တစ်ယောက်တည်း မားမားကြီး တွေ့နေရသဖြင့် ကျွန်တော်တို့က မေးတော့-

`သင်္ဘောကြီးမှာ ကူလီထမ်းတဲ့ ကုလားလေး မိန်းမခိုးပြေးလို့ဗျ။ ကျွန်တော်က လူကြီးလုပ် လိုက်အပ်ပြီး သွားတောင်းပေးတာ´ ဟု ရယ်ရယ်မောမော ပြောပြသည်။ တစ်ဖက်သားကို အားနာတတ်လိုက်သည်မှာလည်း အလွန်။ အားမနာသင့်သည့် လူတွေအပေါ်တွင် သူအားနာနေလိုက်ပုံမှာ ဘေးကလူပင် သူ့ကို ကြည့်၍ မကျေမနပ် ဖြစ်ရသည်။ သူ့စာတွေက ပြင်းထန်သလောက် လူက ပျော့ပျောင်းသည်။ သူ့မှာ ခြိုးခြံရသည်တွေကလည်း များလွန်းသည်။ အစားအသောက် အဝတ်အစားလည်း ခြိုးခြံသည်။ သေသာသွားရော သူ့တွင် တက်ထရွန်အကျီၤ တစ်ခါမျှ မဝတ်စဖူး။ တစ်ခါ ကျွန်တော်က တက်ထရွန်အကျီၤ လက်ရှည်တစ်ထည်ကို ဝတ်လာစဉ် `အဲဒါ ဘာအကျီၤလဲဗျ´ ဟု မေးသည်။

ကျွန်တော်က ပြောတော့

`တက်ထရွန်အကျီၤဆိုတာ ဒါကိုး၊ ကျွန်တော် တစ်ခါမျှ မဝတ်ဖူးဘူးဗျာ။ ကျွန်တော်တော့ ပေါ်ပလင်ပဲ ဝတ်တာပဲ´ ဟု တအံ့တသြ ပြောသည်။ အစားအသောက်ကလည်း ခြိုးခြံသည်။ ကျွန်တော်နှင့် သူ မကြာခဏ `သင့်စာပေ´ ဦးနီ၏အိမ်တွင် ထမင်းစားတတ်သည်။ ဦးနီမိန်းမက စားကောင်းသောက်ဖွယ်တွေ ချက်ကျွေးလျှင် သူမစားနိုင်။ မစားတတ်။ ငါးပိရည်နှင့် ကန်စွန်းရွက်ပြုတ်တို့ကိုသာ တစ်ဝစားသည်။ သူ အကောင်းဆုံးစားလျှင် ငါးရံ့ခြောက်ဖုတ်မျှသာ။

(၄)

သည်တစ်ခေါက် ဘဝတက္ကသိုလ်က ထွက်လာတော့ သူ့ကျန်းမာရေး တော်တော်လေး ဆိုးလာသည်။ သူ့အရပ် ငါးပေ ဆယ်လက်မ ဆိုလျှင် သူ့ကိုယ်အလေးချိန်သည် အနည်းဆုံး ပေါင် တစ်ရာ့ငါးဆယ်လောက်တော့ ရှိသင့်သည်။ သို့ရာတွင် တစ်ရာ့နှစ်ဆယ်ထက် ဘယ်တော့မျှ မတက်တော့။ အများအားဖြင့် ပေါင်တစ်ရာ ကျော်ကျော်ကလေးသာ ကျန်တော့သည်။

ကျွန်တော်တို့က သူ့ကျန်းမာရေးကို ကြည့်၍ အားမရကြ။ အနားယူရန် မကြာခဏ တိုက်တွန်းကြသည်။ နောက်ဆုံး မတတ်သာတော့မှ ဆေးရုံတက်ခြင်း ဖြစ်သည်။ ဆေးရုံတက်လျှင် စာတွေ မရေးရမှာ၊ လူတွေနှင့် မတွေ့ရမှာကို တွေး၍ စိုးရိမ်ပုံရသည်။ ဆေးရုံမတက်ခင်က သူ့ကျန်းမာရေး အခြေအနေကို သူသိသည့်အခါ၌ စာတွေကို ဖိ၍ရေးသည်။ ဝတ္ထုတွေ၊ ကျမ်းတွေ၊ ဆောင်းပါးတွေ။ ကျွန်တော်တို့က စာမရေးဖို့ ဗြောင်ဖွင့်ပြော သည့်အခါတွင် `စာမရေးရရင် ကျွန်တော် သေသွားမှာပေါ့။ မရေးဘဲ သေမယ့်အတူတူ ရေးရင်း သေသွားတာက ကောင်းပါတယ်´ ဟု အားလျှော့သံဖြင့် ပြောသည်။

သူ့မှာ ဘဝဒဏ်ချက်တွေ များပါဘိခြင်း။ ဘဝဒဏ်ကို နာနာကြီး ခံခဲ့ရသူ တစ်ယောက် ဖြစ်လေ့ရှိသည်မှာ လောကကို နာကြည်းခြင်းသော်လည်း ဖြစ်တတ်သည်။ လူတွေကို မုန်းတီးခါးသီးခြင်းသော်လည်း ဖြစ်တတ်သည်။ ကြွပ်ဆတ်၍သော်လည်း လာတတ်သည်။ ကိုတင်အောင်ကား ခါးသီးခြင်း မရှိ၊ နာကြည်းခြင်း မရှိ၊ ကြွပ်ဆတ်ခြင်း မရှိ။ လောကကို အပြုံးချိုချိုဖြင့် ရင်ဆိုင်မြဲ။ သို့ရာတွင် သူ့အပြုံးက နွမ်းစပြုပြီ။

သည်တစ်ခေါက် `ဘဝတက္ကသိုလ်´ က ပြန်ထွက်လာကတည်းက သူ့ကျန်းမာရေးသည် ပုံမှန် ပြန်မရောက်တော့။ နည်းနည်းကလေး ပြန်ကောင်းလာလိုက်၊ ပြန်ဆိုးသွားလိုက်။ သည်ကြားထဲမှာ စာတွေကို ဖိရေး၊ မနက်အစောကြီး မြို့ထဲလာ၊ ညကိုးနာရီ ဆယ်နာရီလောက်ကျမှ အိမ်ပြန်။

တစ်ခါ ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက်အိမ်မှ ထမင်းစားပြီးအပြန် ညကိုးနာရီကျော်ကျော်လောက် တောင်ဥက္ကလာပသို့သွားသည့် ဘတ်စကားပေါ်သို့ တိုးတိုးဝှေ့ဝှေ့ တက်လိုက်သွားပုံကို ကျွန်တော် မြင်ယောင်နေသည်။ မိတ်ဆွေက မော်တော်ကားဖြင့် လိုက်ပို့မည်ဆိုသည်ကို လက်မခံ။ သူနေသည့် နေရာက မြို့အစွန် ဝေးလွန်းသည်ဆိုကာ လိုက်ပို့ခွင့် မပြု။ ဘက်စကားပေါ်သို့ အတင်းလိုက်တက် လိုက်သွားခြင်း ဖြစ်သည်။

`ဒီလူ သူ့ကိုယ်သူ သတ်နေတာ၊ ပင်ပန်းလှပြီ။ လူကြည့်တော့ လူရုပ် မပေါ်တော့ဘူး´ ဟု မိတ်ဆွေက ကရုဏာဒေါသောဖြင့် ညည်းသည်။

(၅)

မနှစ်က ပထမဆုံးအကြိမ် ဆေးရုံတက်သည်။ ဆေးရုံမတက်ခင် တီဘီထင်၍ ထိုးလိုက်ရသည့် ဆေးတွေက မနည်း။ အလုံးရာကျော်လိမ့်မည် ထင်သည်။ သို့ရာတွင် မသက်သာ။ သို့ဖြင့် နောက်ဆုံး ဆေးရုံသို့ တက်ရသည်။ ဆေးရုံက ပြန်ဆင်းလာတော့ အနည်းငယ် စိုပြေလာသယောင်ယောင် ထင်ရသည်။ မကြာခဏတော့ လူရုပ်က ပြန်ကျသွားသည်။ မိတ်ဆွေတွေက သူ့ကို သတိပေးသည့် အခါတွင် `ခြောက်ကြာရင် ပြန်စစ်မယ်၊ ပြန်စစ်ပြီးမှ ဆရာဝန်ရဲ့ အဆုံးအဖြတ်တောင်းရမယ်။ ကျွန်တော်ကတော့ မိတ္ထီလာကို သွားမယ်လို့ စိတ်ကူးတယ်´ ဟု ပြောပြသည်။

ခြောက်လပြည့်တော့ ဆေးရုံသွားပြသည်။ ဆရာဝန်က သူ့ကို ပြန်ခွင့် မပြုတော့။ တစ်ခါတည်း အတွင်းလူနာအဖြစ် တင်လိုက်သည်။ မိုးတွင်းဖြစ်၍ သူ့ရောဂါက ပိုဆိုးလာသည်။ ဒုတိယအခေါက် ဆေးရုံက ပြန်ဆင်းလာသည့်အခါတွင် အခြေအနေ မကောင်းတော့။ သူ့ရောဂါအကြောင်းကို သူသိလာသည်။ သူ့ရောဂါက အဆုတ်ကင်ဆာ။

တတိယ အခေါက်မှာ နောက်ဆုံး ဆေးရုံတက်ရသည့် အခေါက်။ ဆရာဝန်များ၊ ဆရာမများက သူ့ကို ကောင်းစွာပြုစုကြသည်။ မိတ်ဆွေတွေလာလျှင် စကားပြောလွန်း၍ သူ့ဆီကို မသွားချင်ကြ။ ဆေးဝါး၊ စားစရာ စသည်တို့ကို လှမ်းပို့ကြသည်။ သို့ရာတွင် သူက သည်အရာတွေကို မလို။

`ကျွန်တော်ဆီ ဘာမှ မပို့ကြပါနဲ့၊ လူသာလာစမ်းပါ၊ လူတွေနဲ့ တွေ့ရရင် တော်ပါပြီ´ ဟု မကြာမကြာ ပြောကာ မိတ်ဆွေတွေကို လှမ်းမှာတတ်သည်။

`ခင်ဗျားတော့ သိပ်မလာနဲ့ဗျ၊ မျက်စိကလည်း ကောင်းတာ မဟုတ်ဘူး၊ ပြီးတော့ ခင်ဗျား အစာအိမ်က အာလ်ဆာကိုလည်း သတိထား။ လာရင်လည်း တစ်ယောက်တည်း မလာနဲ့။ အဖော်ကလေး ဘာလေး ခေါ်လာ၊ ကားလမ်းကူးရင် သတိထား´ ဟု တဖွဖွ မှာတတ်သည်။

လူနာခုတင်တွင် ပက်လက်လှဲလျက်က လာသမျှ မိတ်ဆွေတွေကို `ကိုမြသန်း အစာအိမ်ရောဂါ ဘယ်နှယ့်နေသလဲ´ ဟု လူကြုံတိုင်း မေးရသည်ကလည်း အမော။

ဆေးရုံသို့ ဧည့်သည်တွေလာလျှင် သူကချည်း ဒိုင်ခံစကားပြောသည်။ စိတ်ဆောင်နေသော်လည်း လူက ချုံးကျနေပြီး ဧည့်သည်တွေပြန်သည်နှင့် ခုတင်ပေါ်တွင် ပက်လက်လန်ကျကာ မောနေတတ်သည်ဟု သိရသည်။ မဆုံးခင် ၁၀ ရက်လောက် ကျွန်တော် ရောက်သွားသည့်အခါတွင် သူ့ကို ကြည့်ရသည်မှာ အားရစရာ မရှိ။ လက်တို့က အရိုးငေါငေါ၊ ကြွက်သားနေရာတွေက ခွက်ဝင်နေသည်။ ဆံပင်တွေကလည်း ကျွတ်သည်။ သို့ရာတွင် အသံက မာဆဲ။ သူလုပ်ချင်သည်တို့ကို မလုပ်ရသဖြင့် မကျေမနပ် ဖြစ်နေသည်။

`အိုတာကို ဒီအတိုင်း ထိုင်စောင့်နေရတော့မှာ ထင်ပါရဲ့ဗျာ´ ဟု မညည်းစဖူး ညည်းသည်။

သူသည် အမေရိကန် စာရေးဆရာ ဂျက်လန်ဒန်လို ဘဝစုံသူ။ စစ်သား၊ ကန်ထရိုက်၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ထောင်အကြိမ်ကြိမ်ကျသူ၊ သမိုင်းကျမ်းပြုဆရာ၊ သဘာ၀ သိပ္ပံကျမ်းများကို ပြုစုသူ၊ နိုင်ငံရေးကျမ်းများကို ရေးသူ။

သူ့စကားပြေသည် အစတုန်းက နုနုလှလှ။ နောက်တော့သမ္မာကျမ်းစာ စကားပြေမျိုး။ နောက် မြန်မာရာဇဝင်ကျမ်းကြီးများ၏ ရေးဟန်။ အဆင့်ဆင့် ပြောင်းလာသည်။

ကြီးလာသည့်အခါတွင် ငယ်ငယ်တုန်းကလို နုနုလှလှရေးဟန်တွေကို ကြိုက်ပုံမရတော့။ `ငယ်ငယ်တုန်းက ရေးဟန်များကို ကြည့်၍ ပြုံးမိပေသည်´ ဟု နောက်တစ်ကြိမ် ထုတ်သည့် `ဘုန်းမောင်တစ်ယောက်ထဲ (တည်း) ရယ်´ ဝတ္ထု နိဒါန်းတွင် ဖတ်လိုက်ရသည်။

သူမွေးဖွားကြီးပြင်းလာရာ ခေတ်ကြီးကိုက တိုက်ပွဲတွေ တစ်လျှောက်လုံး တွေ့လာရသည့်ခေတ်။ သူမွေးသည့် ၁၉၂၀ ခုနှစ်တွင် ပထမ ကျောင်းသားသပိတ်ကြီး၊ ၁၉၃၀ ခုနှစ်တွင် ဆရာစံသူပုန်၊ ၁၉၄၀ တွင် ကမ္ဘာစစ်ကြီး၊ ၁၉၅၀ ခုတွင် ပြည်တွင်းစစ်၊ ၁၉၆၀ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲများ။

ကိုတင်အောင်ကား ကျွန်တော်တို့ သိခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်းက သမိုင်းအကွေ့တိုင်းတွင် ရေဆန်ကိုချည်း အမြဲတမ်းကူးခဲ့သူ။ စိတ်ဆောင်သော်လည်း လူကတော့ မောလှပြီ။

(၆)

ခရစ်ယာန်ဓမ္မတေးသံ ရပ်သွားသည့်အခါတွင်မူ ကျွန်တော့်အတွေးများသည် ပစ္စုပ္ပန်သို့ ပြန်ရောက်လာကြသည်။ သူတို့သည် သူ့အရိုးပြာကို ဂူပေါက်ထဲသို့ ထည့်၍ ပိတ်လိုက်ကြ၏။ မိုးသက်တွေ၊ လေပြင်းတွေ၊ မုန်တိုင်းတွေကြားထဲတွင် ဖြတ်သန်းခဲ့ရသည့် လူတစ်ယောက်၏ ဘဝခရီးသည် အဆုံးသို့ ရောက်ပြီ။

သူ့အသုဘသို့ အလွှာပေါင်းစုံမှ သူ့စာဖတ်ပရိသတ်တွေက လိုက်ပို့ကြသည်။ ဘုန်းကြီးလည်း ပါသည်။ ခရစ်ယာန်လည်း ပါသည်။ ပေါင်းထုပ်ကို ဆောင်းထားသည့် မုတ်ဆိတ်ဖားဖားနှင့် ကုလားကြီးတွေလည်း ပါသည်။ အလုပ်သမား၊ ကျောင်းသား၊ ကျောင်းသူ၊ ရုံးအမှုထမ်း၊ စာပေ၊ ပန်းချီ၊ ရုပ်ရှင်စသည့် အနုပညာလောကသားများ။

ကျွန်တော်သည် ဘလူးဗင်ဒါသစ်ခွပွင့်တွေ ဝေနေသည့် သူ့ဂူကို ကြည့်ရင်း အော်ဒင်၏ ကဗျာကလေးကို အမှတ်ရနေသည်။

`မြေဝသုန်ရေ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို ဆီးကြိုပေတော့´

မြသန်းတင့်

Comments

Post a Comment