ကလေးစစ်သား (အခန်း ၁,၂,၃)

 အပိုင်း (၁)





ချစ်ကို


အခန်း (၁)

ကျောင်းဆရာ အလိုရှိသည်။လျှောက်ထားသူများ လူတွေ့စစ်ဆေးခံရမည်။ လစာနှန်း----------မှ စတင်မည်။

“ချစ်ကို အထဲကိုလာခဲ့” အမေက လိုက်ကာတပ်ထားတဲ့ ပြတင်းပေါက်ကနေချက်ချင်းလာဖို့ လှမ်းအော်ခေါ်တယ်။

ကျွန်တော်တို့ အိမ်ရဲ့ နောက်မှာရှိတဲ့ လမ်းမပေါ်မှာတော့ ကားဟွန်းသံတွေ၊ အရေးပေါ် ဥဩသံတွေ၊ဆိုက်ကားသံတွေ၊ လူအုပ်သံတွေဟာ ဆူညံပွက်လောထလို့နေတယ်။ ခပ်မြင့်မြင့် အုတ်တံတိုင်းနဲ့ ဝါးရုံတောက ကာရံထားလို့ ကျွန်တော်တို့ ခြံဝိုင်းဟာ ဘုန်းကြီးကျောင်းတစ်ကျောင်းလိုတောင် ဆိတ်ငြိမ်လို့နေတယ်။အမြင်မှာတော့ ငြိမ်နေပေမယ့် တကယ်တော့မဟုတ်ရှာဘူး။ အပြင်မှာ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်လို့နေတယ်။ နေရာတိုင်းမှာ သူတို့ရှိနေတယ်။ သူတို့တွေဟာ လူတိုင်းကို ဘာမဆို ဒုက္ခပေးနိုင်တယ်။ အိမ်နားက အဖိုးကြီးလင်မယားကိုတောင် ရိက္ခာခွဲတမ်းကတ်အပိုကတ်ရှိလို့ ဆိုပြီးပြသနာ ရှာခဲ့သေးတယ်။

ကြေညာချက်ကို ကျွန်တော် အမြန်ဖတ်လိုက်တယ်။ ကျွန်တော့်နှလုံးသားဟာ တဒုန်းဒုန်း ခုန်လို့နေလေရဲ့။

“ချစ်ကို ... ခုလာစမ်း” အမေ့အော်သံကြောင့် နားနေတဲ့ ငှက်တွေတောင်  အန့်တကြား ထပျံသွားကြတယ်။

မြို့ကြီး နှစ်မြို့အကြောင်း စာအုပ်ကို ကျွန်တော် သတင်းစာနဲ့ဖုံးပြီး အိမ်ကို ပြန်လာခဲ့တယ်။ သတင်းစာထဲမှာ ကျောင်းဆရာခေါ်တဲ့အကြောင်း အမေ့ကို ကျွန်တော် ပြောပြချင်တယ်။ ဒီလိုနေ့မျိုးမှာ ပြောလိုက်ရင် အမေဟာ ပိုလို့တောင် စိတ်ပူနေမယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်လည်း စိတ်ပူပါတယ်။ ဒါပေမယ့် ဖုံးကွယ်ထားလိုက်တယ်။ ပုန်းဝှက်နေရတာ တွေ၊ စိတ်ပူနေရတာ တွေကို ကျွန်တော် ညဉ်းငွေ့လှပြီ။ အဆိုးဆုံးက အဖေ့ကို စစ်သားတွေလာခေါ်ခဲ့တဲ့နေ့ကို ခဏခဏ သတိရနေတာကိုပဲ။ ကျွန်တော် အဖေ့ကို မကာကွယ်နိုင်ခဲ့ဘူးလို့စိတ်ထဲစွဲထင်လို့နေတယ်။

“အပြင်မှာ စာမဖတ်သင့်ဘူး” လို့ အမေက တံခါးချက်ကိုဖွင့်ရင်းနဲ့ပြောတယ်။

ကျွန်တော် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်မှန်ပြန်တပ်လိုက်တယ်။ ခုမှ မပြောရင် ဘယ်တော့မှ ပြောရတော့မှာ မဟုတ်ဘူး။ “အစိုးရထုတ်သတင်းစာ ဖတ်လို့ ဘာ ပြသနာမှ မရှိပါဘူး အမေ။ ကြော်ငြာ တစ်ခုပါလာတယ်”

ဒါပေမယ့် အမေနားထောင်မနေဘူး။ “အဲဒီ အကြောင်း နောက်မှ ပြောမယ် ချစ်ကို။ နင့်အဖေ စာအုပ်ကို ဘာလို့ အပြင်ထုတ်ယူသွားတာလဲ ပြောစမ်း။ နှင့်အဖေလို ထောင်ထဲလိုက်သွားချင်လို့လား”

အမေ မှန်ပါတယ်။ ကျွန်တော် စာအုပ်ကို အပြင်မသွားသင့်ဘူး။ ဗမာကောင်လေးတစ်ယောက် အင်္ဂလိပ်စာအုပ်တွေ ဖတ်နေရင် အစိုးရက သံသယ ဝင်တယ်။ ဒါပေမယ့် ကျွန်တော် ဘာမှပြန်မပြောလိုက်ဘူး။ ကျွန်တော် ဘာပြောစရာရှိလို့လဲ။ ကျွန်တော် ကိုယ်တိုင် ထောင်ထဲရောက်နေသလို ခံစားနေရတာ ပဲဥစ္စာ။ သတင်းစာထဲက ၀တ္ထုစာအုပ်ကို ထုတ်လိုက်တယ်။  အဝတ်စအဖုံးလေးဟာ နေရောင်ထဲမှာ နွေးဖျလို့နေတယ်။

“စာကို အစုံ ဖတ်ရမယ် ချစ်ကို” လို့ အဖေက ပြောလေ့ရှိတယ်။ “တကယ်တော်တဲ့ ဆရာဝန်တွေဟာ လူနာတွေကို ကုပေးနိုင်ဖို့ လူ.သဘောသဘာဝကို နားလည်နိုင်ဖို့လိုတယ်”

“ခုချင်ချင်း ဖွက်ထားလိုက်တော့” အမေက ခပ်ပြန်ပြန်ပြောတယ်။ “နေဦး ငါကာထားတာကို ဖွင့်ပေးမယ်”

အလင်းမှိန်မှိန် အခန်းဟာ ပိုလို့မှောင်လာတယ်။ ဆင်ဖြူတော်ကြီးတစ်ကောင် ပုံဆွဲထားတဲ့ ပန်းချီကားကြီးရှေ့ရောက်တော့ ကြားနေကြ ချောက်နဲအသံကိုကြားရတယ်။ ပန်းချီကားဟာ ဆီသုတ်ထားတဲ့ တံခါးတစ်ချပ်လို ဘေးကို ပွင့်လို့သွားတယ်။ ဒီနေရာမှာ အဖေဟာ သူ့ရဲ့ အရောင်ပြယ်နေပြီဖြစ်တဲ့ အနက်ရောင်ဆေးအိတ်၊ စာအုပ်စာတမ်းတွေကို ဖွက်ထားလေ့ရှိတယ်။

စာအုပ်တွေဟာ အဖေ ဖမ်းခံရတဲ့ အချိန်ကလို့ စီစီရီရီရှိနေတယ်။ မြို့နှစ်မြို့ အကြောင်း စာအုပ်ကို ကျွန်တော် အထဲထည့်လိုက်တယ်။ အထဲမှာ ဆေးဘက်ဆိုင်ရာ ကျောင်းသုံးစာအုပ်တွေအများကြီးရှိတယ်။ အဲဒါတွေအပြင် ရှိတ်စပီးယားစာအုပ်တွေ၊ ဗုဒ္ဓတရားစာအုပ်တွေနဲ့ ခရစ်ယာန်သမ္မန်ကျမ်းစာအုပ်၊ ဗြိတိသျှ ကဗျာစာအုပ်ပါးပါးလေးတွေ၊ ပုံပြ အောက်စဖို့ဒ် အဘိဓာန်စာအုပ်၊ မြန်မာစာအုပ်တစ်ချို့၊အိန္ဒိယစာရေးဆရာ ရာဘင်တရာနတ်တဂိုးနဲ့ ရုရှား ၊ စာရေးဆရာ ဒေါ်စတိုယက်စကီးတို့ရဲ့ စာအုပ်တွေ၊ အာရေဗျညများစာအုပ်နဲ့ ချားလ်ဒစ်ကင်းရဲ့ စာအုပ်တွေရှိတယ်။ ဒါတွေက ကျွန်တော်တို့ မိသားစုရဲ့ အဖိုးတန်ရတနာတွေပါပဲ။သေသေချာချာ အကြိမ်ပေါင်းမြောက်မြားစွာ ဖတ်လို့ထားပြီးသား စာအုပ်တွေ။

ဒီမြို့မှာ အင်္ဂလိပ်နဲ့မြန်မာစာရေးတတ်၊ဖတ်တတ်တဲ့  ဝှက်ချကတ်အပိုင်းတွေက အများဆုံးစာအုပ်တွေကတော့ ပုံစာအုပ်တွေကို ကောင်လေးနည်းနည်းပဲရှိပေမယ့် ကျွန်တော်ဟာ သူတို့ထဲက တစ်ယောက်ဖြစ်တယ်။ ကျောင်းတွေ ပိတ်ထားလို့ စာသင်ခွင့်မရကြဘူး။ ကျွန်တော်က အိမ်မှာပဲ စာသင်ရတယ်။

အဖေ့ အကြိုက်ဆုံးစာအုပ်တွေဟာ လူခန္ဓာကိုယ်ရဲ့ လျှို ဝှက်ချက်တွေအကြောင်း ရေးတဲ့ စာအုပ်တွေဖြစ်ပြီး သွေးကြောတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ရှင်းပြထားတယ်။ ကျွန်တော် အကြိုက်ဆုံးစာအုပ်တွေကတော့ သူရဲကောင်းတွေနဲ့ စွန့်စားခန်းတွေအကြောင်း စာအုပ်တွေပဲ ဖြစ်တယ်။ ကျွန်တော် သိပ္ပံစာအုပ်တွေကို စိတ်ဝင်စားချင်ယောင်ဆောင်ပေမယ့် အဖေက အရူးမဟုတ်ပါဘူး။ ကျွန်တော် သိပ္ပံသင်ခန်းစာသင်ရင် အဖေက ဆုအနေနဲ့ ၀တ္ထုစာအုပ်တွေ ဖတ်ခွင့်ပေးတယ်။

ကျွန်တော်တို့ အဖေနဲ့ ပျော်ရွှင်စွာနေခဲ့ရတဲ့ အချိန်တွေကို အမှတ်ရနေတာဟာ ဘာမှအသုံးမဝင်ပါဘူး။ ကျွန်တော် အဖေ့ရဲ့ အသံတွေကို အလွမ်းဆုံးပါပဲ။ အဖေ့ရဲ့ စာဖတ်သံ၊စကားပြောသံ၊ရယ်မောသံတွေဟာ ဟောဒီကျွန်တော်တို့အိမ်ရဲ့ နှလုံးခုန်သံလိုပါပဲ။ ဒီရက်တွေမှာတော့ အမေနဲ့ သူ့သူငယ်ချင်းတွေ စကားပြောနေကြတဲ့ အသံတွေပဲကြားရပါတယ်။

လွန်ခဲ့တဲ့ လေးလလောက်က အဖေပြောခဲ့တဲ့ စကားသံတွေကို ကျွန်တော် ကြားယောင်နေဆဲပါပဲ။ “မင်း အမေကို ဂရုစိုက်နော် ချစ်ကို” လို့ စစ်အရာရှိ ခြောက်ယောက်၊လုနစ်ယောက်လောက်က ချုပ်ပြီး ကားပေါ်တင်နေချိန်မှာ အဖေက အော်ပြောခဲ့တယ်။

“ဟုတ်ကဲ့ စိတ်ချအဖေ” လို့ ကျွန်တော် ပြန်ပြောခဲ့တယ်။ သူကြားမယ်ထင်တာပဲ။

ကျွန်တော် ပေးခဲ့တဲ့ ကတိကို တည်နိုင်ပါရဲ့ လား။ အဖြေက နိုးပါ။ ကျွန်တော် ပုန်းနေရတာ နဲ့ပဲ အချိန်တွေကုန်နေတယ်။ ကျွန်တော်တို့မိသားစုရဲ့  ပိုက်ဆံတွေဟာလည်း တစ်စတစ်စ လုံးပါးပါးလို့လာတယ်။ အဖေမရှိပဲ ရပ်တည်ရတာ မလွယ်ပါဘူး။ ဒီအတွေးကြောင့် အမေနဲ့ ကျွန်တော်ဟာ ညညအိပ်မပျော်ပဲ ငုတ်တုတ်ထထိုင်ရပေါင်းများပြီ။ ဒါပေမယ့် အဲဒါကို တစ်ယောက်နဲ့တစ်ယောက် မပြောကြဘူး။ အဖေ အသက်မှရှင်သေးရဲ့လား။

*** 

အခန်း (၂)

“နေ့လည်စာ စားပြီးရင် စကားပြောကြတာပေါ့ ချစ်ကို”လို့ အမေက ထိုင်ခုံကို စားပွဲခုံရှေ့ကနေ ဆွဲထုတ်ရင်းပြောတယ်။ “နောက်ကျနေပြီ။ ဒေါ်မုဆိုးမကြီးနဲ့ လဲ့လဲ့တို့လက်ဖက်ရည်လာသောက်ကြလိမ့်မယ်။ ဒေါ်မုဆိုးမကြီးက အရေးကြီးတာ ပြောစရာရှိတယ်တဲ့”

ဒေါ်မုဆိုးမကြီးဟာ ကျွန်တော်တို့ဘေးအိမ်မှာ နေပါတယ်။ သူဟာ အဖေ့အကြောင်း သတင်းပေးလို့အမေက လက်ဖက်ရည်တိုက်တာဖြစ်တယ်။ သတင်းအစစ်ရဖို့က မလွယ်ပါဘူး။ လမ်းပေါ်မှာ ကောလဟာလတွေက မျိုးစုံပါပဲ။ ဆိုက်ကားစီးခရီးသည်တွေဟာ ဆိုက်ကားဆရာတွေ နားပါးတာကို မေ့နေကြပြီး အချင်းချင်းသတင်းမျိုးစုံကို တီးတိုးပြောတတ်ကြတယ်။

ကျွန်တော့်အဖေ ဘာ့ကြောင့်အဖမ်းခံရတယ်ဆိုတာကို ဒီလိုနည်းနဲ့ပဲ ဒေါ်မုဆိုးမကြီးသိခဲ့တာ။ အစိုးရရဲ့ ရန်သူလို့ သတ်မှတ်ခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ခေါင်းဆောင်လူနာတစ်ယောက်ကို ဆေးကုပေးဖို့ ကျွန်တော့်အဖေ ညဘက်တိတ်တိတ်လေး အပြင်ထွက်တာကို လူတစ်ယောက်က မြင်ခဲ့တယ်။ ကျွန်တော့်အဖေက သူ့ကို ငွေကြေးထောက်ပံ့တာအပါအဝင်ဆေးကုပေးလို့ အစိုးရက ဖမ်းခဲ့တာပါ။ အဖေ ဘယ်ထောင်မှာ အဖမ်းခံနေရတယ်ဆိုတာကို မပြောနဲ့ အသက်ရှင်သေးရဲ့လားဆိုတာတောင် ကျွန်တော်တို့ မသိကြဘူး။ဒါပေမယ့် လတိုင်းတော့ အဖေ့ရဲ့ စားသောက်စရိတ်အတွက် အစိုးရဆီ ပိုက်ဆံပေးနေရတယ်။

အမေက ကျွန်တော့်ရှေ့မှာ ပန်းကန်ပြားတစ်ချပ်လာချပေးတယ်။

”နင်ပိန်ပိန်လာလို့တဲ့ ဒေါ်မုဆိုးမကြီးက ငါ့ကို အပြစ်တင်တယ်။ ထမင်းစားပွဲကို သူလာကြည့်ပြီးရင် ငါ့ကို ဟင်းချက်သင်ပေးနေဦးမယ်” လို့အမေကပြောတယ်။

အမေ့ရဲ့ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်လေး ချိုင့်ဝင်သွားတယ်။ ဒီပါးချိုင့်လေးထဲကို အဖေက နစ်ဝင်ပြီးသွားကတည်းက ဘယ်တော့မှ ပြန်ထွက်လို့မရတော့ဘူးလို့ ပြောတယ်။ ဒီပါးချိုင့်ကြောင့်ပဲ အဖေက အမေ့ကို မြင်မြင်ချင်းချစ်ခဲ့တာတဲ့။ ခုတော့ အမေ့မျက်နှာပေါ်က အရေးအကြောင်းတွေက ဒီပါးချိုင့်ကို ဖုံးလွှမ်းစပြု နေပါပြီ။ “အမေ့လက်ရာကို သူကြိုက်မှာပါ။တစ်ခါတစ်လေ သူ နှစ်ခါပြန်၊သုံးခါပြန်တောင် စားသေးတယ်။ လုံလုံလောက်လောက်ကောရှိရဲ့လား”လို့ ကျွန်တော် ပြောလိုက်တယ်။

အမေဟာ ပြုံးနေဆဲပဲ။ မီးဖိုချောင်ထဲ ဝင်သွားပြီး ကျွန်တော့်အတွက် သံပုရာသီးလှီးပေးတယ်။ ကျွန်တော် အဖုံးကို ဖွင့်ပြီး ငပိရည်ကို ခပ်လိုက်တယ်။ ထမင်းစားတိုင်း ငပိရည်က မပါလို့ မဖြစ်ပါပဲ။ အရောင်ဖျော့ဖျော့ ကြက်သားဟင်းကို ပန်းကန်ထဲထည့်လိုက်တယ်။ ကျွန်တော်က အမေ့ကို အရင်စားခိုင်းတိုင်း ဘယ်တော့မှမစားဘူး။ သူလည်း ပိတ်သထက်ပိတ်လာပြီ။ ကျွန်တော် ကြက်သားဟင်းခွက်ကို ကြည့်တော့ သူလုံးဝ မစားသေးဘူး။ ကျွန်တော် သူရှေ့အရင်စားပေမယ့် သူ့အတွက် ကြက်သားဟင်းဖတ်များများ ချန်ထားတဲ့ ဗျူဟဟာကို ပြောင်းလိုက်တယ်။

အမေက သံပုရာခြမ်းလုံခြမ်းနဲ့ပြန်လာတယ်။ ကျွန်တော် ပန်းကန်ပေါ် သံပုရာရည်ညှစ်ချလိုက်ပြီး ထမင်းစစားတယ်။ ဧည့်သည်တွေမလာခင် ကျွန်တော် ကုန်အောင်မြန်မြန်စားတယ်။ လဲ့လဲ့ရှေ့မှာ ကျွန်တော် ထမင်းစားရတာ သက်သောင့်သက်သာ မရှိဘူးလို့ ခံစား၇စပြုလာတယ်။ သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်လိုက်တိုင်း ကျားကြီးတစ်ကောင်က ကျွန်တော့်ကို ထမင်းစားပွဲမှာပဲ ကိုက်စားတော့မလို ကျွန်တော် ခံစားရတယ်။

ကျွန်တော် စားပြီးတော့ အမေက ထမင်းစားစားပွဲကို  ပြန်သန့်ရှင်းလိုက်တယ်။ပြီးတော့ လက်နဲ့ အဝတ်ကိုဖာနေတယ်။ သူ့ မျက်နှာပေါ်က အမူအယာက ကျွန်တော့်ကို သတင်းစာထဲက အကြောင်းအရာကို မပြောစေချင်တဲ့ ပုံစံပဲ။ အဖေ့ရဲ့ စာသင်ဆိုတဲ့ အသံကို ကျွန်တော့် စိတ်ထဲမှာ ကြားယောင်နေမိတယ်။ ဒါနဲ့ ဗီရိုထဲက သင်္ချာစာအုပ်တစ်အုပ်ကို ကျွန်တော် ဆွဲထုတ်လိုက်တယ်။

ဒီနေ့တော့ ဘယ်လိုမှ အာရုံစိုက်လိုမရမှာသေချာတယ်။ ကျွန်တော် ခဏလောက်စာလုပ်ချင်ယောင်ဆောင်နေပြီးတော့ အမေ့မျက်နှာကို လှမ်းကြည့်တယ်။ အချိန်မရှိတော့ဘူး။ ကျောင်းဆရာ အင်တာဗျူးက လေးနာရီမှာ စမှာ။ ဖြေချင် တတ်နိုင်သမျှ စောစော ထွက်ဖို့လိုတယ်။ ပြီးတော့ မကြာခင် ဒေါ်မုဆိုးမကြီးရောက်လာတော့မှာ။ အမေက ကျွန်တော့်ကို တားတာထက် သူက ကျွန်တော့်ကို ပိုစားကောင်းစားနိုင်တယ်လေ။

ခုလုပ်ရင်လုပ်၊မဟုတ်ရင် ဘယ်တော့မှ လုပ်ခွင့်ရမှာ မဟုတ်တော့ဘူး ချစ်ကို လို့ မျက်မှန်ကို ချွတ်ပြီး မျက်လုံးပွတ်ရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြောနေမိတယ်။ “အမေ”

လက်ထဲက အပ်ဟာ ရပ်မသွားဘူး။ ဒါပေမယ့် အမေ မျက်မှောင်ကြုံနေတယ်။

“အမေ” ကျွန်တော် ထပ်ခေါ်တယ်။ အမေလှမ်းကြည့်တယ်။ “အေးပြော... သတင်းစာထဲမှာ ဘာပါလဲ”

“အစိုးရက ကျောင်းဆရာတွေ ခန့်ချင်နေတယ်။ ဒီညနေ အင်တာဗျူးလုပ်မယ်တဲ့။ ကျွန်တော် သွားဖြေချင်တယ်”

“နင် သူတို့ကို ယုံလို့လား”

“တကယ်ဖြစ်နိုင်ပါတယ်။အင်တာဗျူး အောင်ရင် သူတို့ အလုပ်ခန့်လိမ့်မယ်။ လစာနည်းနည်းနဲ့ စမှာဆိုပေမယ့်....”  အမေက ချုပ်လက်စဟာကို ချပြီး မတ်တပ်ထရပ်တယ်။ “နင် ဒီအိမ်ကနေ မထွက်ရဘူး ချစ်ကို။ ပြီးခဲ့အပါတ်တုန်းက ဒေါ်ယမင်းရဲ့ သားကို ဈေးထဲမှာ ရှိနေတုန်း စစ်သားတွေက သူ့ကို အတင်းဆွဲခေါ်ပြီး စစ်ထဲထည့်လိုက်တယ်။ သူ့အဖေကအိမ်မှာ ရှိနေတုန်းပဲ”

အမေပြောတာမှန်ပါတယ်။ ကျွန်တော် အပြင်ထွက်ရင် အန္တရာယ်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပုံစံနဲ့ ဆက်စခန်းသွားလို့မဖြစ်ဘူး။ အိမ်တွင်းပုန်းနေရင်း အမေက ပိန်သထက်ပိတ်လာသလို ပိုက်ဆံတွေလည်း ကုန်တော့မယ်။ ကျွန်တော် အဖေ့ကိုပေးတဲ့ ကတိတည်ရမယ်။

“ခေတ်တွေပြောင်းနေပါပြီ” လို့ ကျွန်တော် ပြောတယ်။ “ဒေါ်မုဆိုးမကြီးက အကျဉ်းသားတစ်ချို့ကို လွှတ်ပေးတော့မယ်လို့ ပြောတယ်။ တကယ်လို့ ဒီအလုပ်က အမှန်ဆိုရင် ရတဲ့ လစာနဲ့ အဖေ့ကို ထောင်ကလွတ်တဲ့အထိ ပိုက်ဆံပို့ပေးလို့ရတာ ပေါ့”

အမေဟာ သူ့ရဲ့ လက်ဝတ်လက်စားတွေနဲ့ အဝတ်အစား အပိုတွေကို ရောင်းလို့ ကုန်ပြီ။ လျှပ်စစ်မီးဖို၊ပန်ကာ၊ရေဒီယိုနဲ့ အိုးတွေခွက်တွေတော်တော်များများကို ရောင်းခဲ့ပြီးပြီ။ ပြီးခဲ့လတုန်းက အဖေ့ရဲ့ ဆေးပစ္စည်းတွေတောင် ရောင်းခဲ့ရသေးတယ်။ အဖေက ကျွန်တော်တို့ကို အစာစားစေချင်မှာကို သိပါတယ်။ ကျွန်တော်တို့အိမ်မှာ အဖိုးတန်တာဆိုလို့ ဗီရိုထဲက စာအုပ်တွေပဲရှိတယ်။

“ကျွန်တော်တို့ စာအုပ်တွေပဲ ရောင်းဖို့ ကျန်တော့တယ်” လို့ ကျွန်တော်ပြောလိုက်တယ်။ အမေဘာပြန်ပြောမယ်ဆိုတာ ကျွန်တော် သိပါတယ်။

“မရောင်းဘူး။ ဒီစာအုပ်တွေက ငါတို့မယူခင်မှာ နင့်အဖေ အင်္ဂလန်က ပြန်လာတုန်း ဝယ်ခဲ့တာ။ဒါကိုရောင်းတာက...”

ဒီတစ်ကြိမ် မတ်တပ်ရပ်တာက ကျွန်တော်ပါ။ “ဘာဖြစ်လဲ အမေ။အဖေ  ပြန်မလာတော့ဘူးလို့ ဝန်ခံလိုက်ရာရောက်မှာစိုးလို့လား။ သူပြန်မလာရင် ဘာလုပ်မလဲ။ ကျွန်တော်တို့ ပိုက်ဆံတွေ ကုန်ပြီ”

“မင်းအဖေ ပြန်လာမှာပါ ကောင်လေး” လို့ သူ အသံထိန်းပြီးပြောတယ်။ “သူ အသက်ရှင်နေသေးတယ်။သူ့နှလုံးခုန်သံကို ကိုယ်ထဲမှာ ကြားနေတယ်”

အရိုသေတန်တဲ့ စကားတွေ ထွက်လာမှာစိုးလို့ ကျွန်တော်နှတ်ခမ်းကိုက်ထားလိုက်တယ်။ အယူသီးတာတွေ၊အဖွားကြီးတွေရဲ့ စကားတွေက အဖေအသက်ရှင်ဖို့ မကူညီနိုင်ပါဘူး။ “နိုင်ငံတော် ရန်သူ” လို့ သတ်မှတ်ခံထားရသူတွေ ကို သူတို့ ဘယ်လိုဆက်ဆံကြတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးသားပါ။

“ဒီလို ပုန်းနေရတာ မလွယ်ဘူးဆိုတာ အမေသိပါတယ် ငါ့သား” လို့ သူစကားကို ဆက်တယ်။ “မင်းစိတ်ပြောင်းပြီး ဘုန်းကြီးသွားဝတ်နေပါလား”

ဒီအကြံက မဆိုးဘူးဆိုတာ အမေသိတယ်။ စစ်သားတွေက ဘုန်းကြီးတွေကို အနှောင့်အယှက်မပေးကြဘူး။ ကျွန်တော့်အရွယ်ကောင်လေးတွေဟာ တစ်နှစ်၊ နှစ်နှစ် လောက် ဘုန်းကြီး ဝတ်နေတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်တော့ ဘုန်းကြီးမဝတ်နိုင်ဘူး။ အဖေ့ရဲ့ အမေ့ကို ဂရုစိုက်ဆိုတဲ့ စကားသံကို ကျွန်တော့် သွေးထဲသားထဲ၊ နှလုံးသားထဲ ကြားယောင်နေတယ်။ သူ့ကို ဆွဲခေါ်သွားချိန်မှာ ကျွန်တော် ဘာမှမတတ်နိုင်ခဲ့တာကို မှတ်ဉာဏ်ထဲ စွဲထင်လို့နေတယ်။

“မဝတ်ဘူးအမေ။ ဘုန်းကြီးကျောင်းက လစာမပေးဘူး”

“ငါ စက်ချုပ်ပြီး ရှာစားလို့ရပါတယ်။ မင်း အန္တရာယ်ကင်းတာပေါ့” လို့ အမေကပြောတယ်။

ဒီစကားလုံးက ကျွန်တော့်ကိုယ်ထဲ စူးဝင်လာတယ်။ “အန္တရာယ်ကင်းတယ်” ဆိုတဲ့ စကားဟာ ကျည်ဆန်တစ်တောင့်လို အမေက  ကျွန်တော့်ကို ပစ်သွင်းလိုက်တယ်။ “ကျွန်တော် အန္တရာယ် ကင်းချင်မှ ကင်းဦး။ အိမ်လခပေးဖို့မရှိတော့သလို စားဖို့လည်းမရှိတော့ဘူး။ ကျွန်တော် အဲဒီ အတွက် ဘာလုပ်ရမှာလဲ”

အမေက လက်တစ်ဖက်နဲ့ ကျွန်တော့်ပါးကို ရိုက်လိုက်တယ်။ “တော်စမ်း” လို့ အမေက တုန်ယင်စွာပြောတယ်။ “သူတို့ ငါ့ယောက်ျားကို ခေါ်ပြီးပြီ။ သားကိုပါ ထပ်အဆုံးမခံနိုင်ဘူး”

တံခါးခေါက်သံကြားလို့ ကျွန်တော်တို့ ကြည့်လိုက်တယ်။ “ဘယ်သူလဲ” လို့ အမေက မေးတယ်။ သူ့အသံက တုန်နေဆဲပဲ။

အဖေ့ကို စစ်သားတွေလာဖမ်းတဲ့ နေ့တုန်းကလည်း ကျွန်တော် အပြင်ကို သွားဖို့အကြောင်း အငြင်းအခုန်ဖြစ်နေခဲ့တယ်။ အဖေက ကျွန်တော့်ကို အင်္ဂလန်ကကောလိပ်တစ်ခုမှာ ကျောင်းသွားတက်စေချင်တယ်။သူ့ သူငယ်ချင်တွေ အဲဒီ မှာ ရှိနေဆဲပဲ။ ကျွန်တော် တက္ကသိုလ်တက်ရဖို့ သူတို့တွေ ကူညီပေးနိုင်တယ်။ အမေက ကျွန်တော့်ကို မသွားစေချင်ဘူး။ အမေ့နောက်ဆုံးစကားက အဖေ့ကို စိတ်ဆိုးစေခဲ့တယ်။

ကျွန်တော် အမေ့ကို လက်ဆွဲထားတယ်။ စစ်တပ်က ကျွန်တော့်ကို လာခေါ်ရင် ကျွန်တော်တို့ရဲ့ နော်ကဆုံး အချိန်လေးတွေကို ညတွေမှာ ထပ်ငိုကြွေး မနေစေချင်ဘူး။ “ပြောလေ။ ဘယ်သူလဲမေးနေတယ်” လို့ ကျွန်တော် ၀မ်းခေါင်းသံနဲ့ မေးလိုက်တယ်။လက်သီးကို ကျစ်ကျစ်ဆုပ်လို့ထားတယ်။ 

အခန်း(၃)

ရှေ့တံခါ ပတ္တားက တရွှီရွှီမြည်နေတယ်။ အက်ကွဲကွဲအသံတစ်သံထွက်လာတယ်။ “ဝင်းဝင်းရေ။ နှင့်ကောင်လေး မီးဖိုချောင်မှာ အော်နေတာ ငါကြားတယ်။ သူ အပြင်မှာ စာအုပ်ထွက်ဖတ်တာ ငါတွေ့တယ်”

ဒေါ်မုဆိုးမကြီးပါပဲ။ အမေက ကျွန်တော့်လက်ကို လွှတ်လိုက်တယ်။ ကျွန်တော် မတ်တပ် အမြန်ထရပ်ပြီး မျက်မှန်ကို ပွတ်လိုက်တယ်။ လဲ့လဲ့ဟာ သူ့အမေနောက်ကနေ ဝင်လို့လာတယ်။ အစိမ်းရောင် ထမီနဲ့ သူဟာ သစ်ခွပန်းလေးတစ်ပွင့်လိုပဲ။ သူ့ရဲ့ ခရမ်းရောင် အိင်္ကျီလေးက ကျွန်တော်တို့ အိမ်ထဲကို နေရောင်ခြည်ကို သယ်ဆောင်လာသလိုပဲ။

ဒေါ်မုဆိုးမကြီးက သူ့ရှေ့မှာ ရပ်နေတယ်။ ခါးပေါ်လက်ထောက်ပြီး ကျွန်တော့်ကို ရန်တွေ့တယ်။ “ဒီတစ်ခေါက် ဘာ့ကြောင့် ရန်ဖြစ်ကြတာတုန်း ပြောပါဦး”

အမေက ပြုံးပြလိုက်တယ်။ “အစ်မရေ သူ က အိမ်ကနေ ထွက်သွားချင်နေလို့တဲ့” အမေက သူ့ကို အစ်မကြီးတစ်ယောက်လို လေးလေးစားစား ဆက်ဆံတတ်တယ်။ “သူတစ်ခုခု လုပ်ပြချင်နေတယ်။ သူလည်း သတ္တိ ရှိတဲ့ ကောင်လေးတစ်ယောက်ဆိုတာ ပြချင်နေတယ်” ။

ကျွန်တော်တို့ တိတ်သွားကြတယ်။ ဒေါ်မုဆိုးမကြီးက ရှေ့တိုးလာပြီး ကျွန်တော့်ကို လက်ညှိုးထိုးပြောတယ်။ “နင် ကောလိပ်သွားတက်ချင်နေတယ်ပေါ့။ စာအုပ်တွေဖတ်ရုံနဲ့ ဆရာဝန်မဖြစ်နိုင်ဘူးလို့ ပြောစမ်းပါဦး” လို့သူကပြောတယ်။ သူက ကျွန်တော့် သင်္ချာစာအုပ်ကို လက်တစ်ဖက်နဲ့ ဒိုင်းလိုကိုင်ထားတယ်။ “နင်က  အဖေတူမျိုး။ ငါကတော့ နိုင်ငံခြားပညာရေးကို အထင်မကြီးဘူး။ သူတို့တွေ နှင့်အဖေခေါင်းထဲထည့်ပေးလိုက်တာတွေကြောင့် သူဟာ မြန်မာပြည်မှာ အတော်ဆုံးဆရာဝန်ဖြစ်တာမဟုတ်ဘူး။ သူက ဘုရားပေးတဲ့ ပါရမီရလို့သာဖြစ်တာ”

ဒေါ်မုဆိုးမကြီးနဲ့ အမေတို့ ဒီရွာဟောင်းကြီးက အယူအဆတွေကို လက်ခံကြတာကို ကျွန်တော် စိတ်ပျက်မိတယ်။ အဖေ့ပညာက ဘုရားပေးတာတဲ့ ဟုတ်လား။ သူဟာ စေ့စပ်သေချာတဲ့ မှတ်စုတွေ ထုတ်လေ့ရှိတယ်။ လူနာမှတ်တမ်းကို သေသေချာချာ လေ့လာတယ်။ နာရီပေါင်းများစွာ ကြည့်တယ်။ အလုပ်ကြိုးစားတာနဲ့ ဉာဏ်ကောင်းတာ ကဆေးလောကမှာ အောင်မြင်ရေးအတွက် သော့ချက်ပဲဖြစ်တယ်။ ပြီးတော့ လူတိုင်းက ဘာလို့များ ကျွန်တော် ဆရာဝန်ဖြစ်ချင်နေတယ်ထင်ကြသလဲမသိဘူး။သွေးတွေ၊ ကျိုးကြေနေတဲ့ အရိုးတွေနဲ့ ကျွန်တော် အလုပ်မလုပ်ချင်ပါဘူး။ ကျွန်တော်ဆေးပညာကို မကြိုက်တာ လဲ့တစ်ယောက်ပဲ သိပါလိမ့်မယ်။ ကျွန်တော် အဲဒီ အကြောင်းကို ဖွင့်ပြောဖူးတာလဲ သူတစ်ယောက်ပဲရှိတာကိုး။

“မင်းမျက်နှာက အားလုံးသိနေတယ်ဆိုတဲ့ မျက်နှာပေါက်မျိုးလုပ်နေတာကို ငါသဘောမကျပါဘူး” လို့ ဒေါ်မုဆိုးမကြီးက ကျွန်တော့်ကို အပြစ်တင်တဲ့လေနဲ့ ပြောတယ်။ “နင့်အဖေက ပါရမီရှိတယ်။ သူ့မျက်နှာက လူတွေကို ဆေးမကုခင်ကတည်းက တစ်ဝက်လောက်သက်သာစေနိုင်တဲ့ မျက်နှာမျိုး။ သူ့မျက်လုံးတွေက တောက်ပနေတယ်။ သူ လူနာဆီက ပြန်ရင် လူနာရဲ့ စိုးရိမ်သောကတွေကိုပါ သူ့အိတ်ထဲမှာ ထည့်ယူသွားသလိုမျိုးဖြစ်စေတယ်” ။

“အစ်မပြောချင်တာကို ကျွန်မ သိတယ်” လို့ အမေက ဝင်ပြောတယ်။ “ကိုဂျွန်ရဲ့ ဆရာဟောင်းတစ်ယောက် ပြီးခဲ့တဲ့ အပါတ်တုန်းက လက်ဖက်ရည်လာသောက်တယ်။ သူက ကိုဂျွန် အဆင်ပြေမှာပါ၊စိတ်မပူနဲ့လို့  ပြောသွားတယ်။ ကျွန်မ သူ့ကို ယုံတယ်။ သူပြန်တော့ ကျွန်မစိတ်ထဲ ငြိမ်းချမ်းပြီး ကျန်ခဲ့တယ်”

ကျွန်တော် ပုခုံးတွန့်လိုက်တယ်။ အဲဒီ လူကြီး အမေ့ကို ကြည့်တဲ့ မျက်နှာပေါက်ကို ကျွန်တော် ကောင်းကောင်းမှတ်မိတယ်။ သူလာလည်တုန်းက ညဘက်အချိန်၊ ရေနံဆီမီးအိမ် အလင်းရောင်က ကျွန်တော်တို့ မျက်နှာတွေပေါ်မှာ ထူးခြားတဲ့ အရိပ်တွေအဖြစ် ထင်နေခဲ့တယ်။ အဖွားကြီးတွေရဲ့ ပုံပြင်တွေ၊ အကြောက်တရားတွေကို ကျွန်တော် ညဉ်းငွေ့လှပါပြီ။ ဒီအချိန်မှာ အမှန်တရားကို ပြောသင့်ပြီ။ “ကျွန်တော် ဆရာဝန်တစ်ယောက် မဖြစ်ချင်ဘူး။ ကျွန်တော် ကျောင်းဆရာတစ်ယောက်ပဲဖြစ်ချင်တယ်” လို့ ကျွန်တော် ပြောလိုက်တယ်။

“စာသင်မှာ ဟုတ်လား” လို့ ဒေါ်မုဆိုးမကြီးကမေးတယ်။ “မင်းအဖေက မင်းကို ဆရာဝန် ဖြစ်စေချင်တာလေ”

“ကျွန်တော် သိပါတယ်။ ကျွန်တော် ကျောင်းဆရာအလုပ်ကို ရွေးချယ်ရင်လည်း သူကျေနပ်နေမှာပါ”

ဒေါ်မုဆိုးမကြီး မကျေမနပ်ဖြစ်သွားတယ်။ “ဘာပဲပြောပြော မင်း အရမ်းငယ်ပါသေးတယ်” ။

“အမေ ပြောနေတာလည်း အဲဒါပဲ” လို့ အမေကပြောတယ်။ သူခေါင်းကို ခါရင်း လက်ဖက်ရည်ဖျော်ဖို့မီးဖိုထဲဝင်သွားတယ်။

“ဒီနေ့ ဘာမုန့်မှ မလုပ်နဲ့တော့နော်။ ငါတို့ အိမ်မှာ ထမင်းအများကြီး စားခဲ့ပြီးပြီ” လို့ ဒေါ်မုဆိုးမကြီးကပြောတယ်။

အမေနဲ့မတူတာက ဒေါ်မုဆိုးမကြီးမှာ ပုံမှန်ဝင်ငွေ ရှိတယ်။ သူ့ယောက်ျား မသေခင်က စာတိုက်အရာရှိ ဖြစ်ခဲ့တော့ အစိုးရဆီကနေ သူ ပုံမှန် ပင်စင်လစာရတယ်။  ကျွန်တော် ထိုင်ခုံ နှစ်လုံးကို ဆွဲထုတ်လိုက်တယ်။ သူ့အမေ ထိုင်ပြီးတော့ လှဲလှဲလည်း ဝင်ထိုင်တယ်။သူ့ဆီက ကျွန်တော် ဆပ်ပြာနံ့သင်းသင်းလေး ရလိုက်တယ်။ သူ့ရဲ့ တောက်ပတဲ့ ဆံပင်တွေဟာ ပုခုံးပေါ် ဝဲကျလို့နေတယ်။

သူ ကျွန်တော့်ကိုကြည့်တယ်။ “ဒီနေ့ကော စာသင်ပေးဖို့ အချိန်ရှိလား။ စာမသင်ဖြစ်တာတောင် ကြာပြီ။ ကျွန်မက အစ်ကိုလို မြန်မြန်နဲ့ မတတ်ဘူး”

လှဲလှဲနဲ့ ကျွန်တော်ဟာ တူတူကြီးပြင်းလာခဲ့တာ။ တစ်ယောက်ခြံထဲမှာ တစ်ယောက်ဆော့ကစားနေကြ။ သူဟာ ကျွန်တော့် ညီမလိုပဲ။ဒေါ်မုဆိုးမကြီးက သူ့ကို စာရေးတတ်၊ဖတ်တတ်အောင် သင်ပေးဖို့ ကျွန်တော့်ကို အမြဲပြောလေ့ရှိတယ်။ လဲ့လဲ့နဲ့ တူတူရှိနေရတာ စိတ်ချမ်းသာပြီး ငြိမ်းချမ်းတယ်။နောက်တော့ ခဏလေးတွင်း ပြောင်းလဲသွားခဲ့တယ်။ သူက ကဗျာဆရာ တင်မိုးရဲ ကန္တာရနှစ်များဆိုတဲ့ ကဗျာကို ဖတ်နေခဲ့တယ်။

သူ ကျွန်တော့်ကို လှမ်းကြည့်တော့ ကျွန်တော် အသက်တောင်မရှူနိုင်တော့ဘူး။ သူ့ရဲ့ ညိုညို နက်မှောင်တဲ့ မျက်ဝန်းတွေဟာ အမြဲတောက်ပနေတယ်။ ပုလဲလုံးလေးတွေလိုပဲ။ သူ့နှတ်ခမ်းတွေဟာ ဘာလို့ စွေးစွေးနီနေတာလဲ မသိဘူး။ ကျွန်တော် မြန်မြန်ထရပ်လိုက်တယ်။ “သင်ခန်းစာပြီးပြီ” လို့ ကျွန်တော် ဗလုံးဗထွေးနဲ့ပြောတယ်။

အဲဒီ အချိန်ကစလို့ အဲဒီ ကဗျာကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်မိတိုင်း ကျွန်တော် လဲ့လဲ့ရဲ့ အပြုံးနဲ့ သူ့အသားရည်လှလှကို မြင်ယောင်နေမိတယ်။ သူ ကျွန်တော့်နားမှာ ရှိတိုင်း ကျွန်တော့် နှလုံးသား နက်နက်တစ်နေရာမှာ တုန်ခါစပြုလာခဲ့တယ်။ ကျွန်တော့်ရဲ့ ပြောင်းလဲသွားတဲ့ စိတ်ကို လှဲလှဲ ရိပ်မိသွားမှာ စိုးလို့ အဲဒီ နေ့ကစလို့ စာသွားမသင်ပေးဖြစ်တော့ဘူး။ အဲဒီ ထက်ပိုဆိုးတာက အမေရိပ်မိသွားမှာကိုပါပဲ။

ခုတော့ ဒေါ်မုဆိုးမကြီးက ကျွန်တော့်ကို စေ့စေ့ကြည့်လို့နေတယ်။

”နင်ဟာ ဝါးပင်လိုကြီးလာတာပဲ။ အရပ်ရှည်လာ၊ပိန်လာတယ်။ဆံပင်ညှပ်တော့” လို့ သူ ပြောတယ်။

အမေက ဗန်းတစ်ချပ်နဲ့ ပြန်ထွက်လာတယ်။ လက်ဖက်ရည်ကတော့ ဈေးပေါနေတုန်းပဲ။ ဒီနေ့မနက်အိမ်ရှေ့မှာ လာရောင်းတဲ့ ဘီစကစ်မုန့်သည်ဆီကနေ ဝယ်ထားတဲ့ ဘီစကစ်မုန့်တွေကို မရောင်းရသေးတဲ့ ကြွေပြားပေါ် စီစီရီရီ တင်ပြီး ယူလာတယ်။

“သူ ၀လာအောင်လို့ ပုဇွန်ဟင်းချို တိုက်ရမယ် ဝင်းဝင်း။ စာသင်ဦးမယ်တဲ့ သူက။ ဟားဟား ရယ်တောင်ရယ်ချင်သေးတယ်။ သူခြေထောက်ပေါ်တောင် သူ မရပ်နိုင်တဲ့လူကများ” လို့သူကပြောတယ်။

အမေဟာ ကျွန်တော့်ကို လှမ်းကြည့်ရင်း သူ့ပါးချိုင့်လေးနက်ဝင်သွားတယ်။ “သမီးလေး လဲ့လဲ့ အဒေါ်သားလေး အဲလောက်တောင် ပိန်နေလား” လို့ အမေက မေးလိုက်တယ်။

လဲ့လဲ့က ရှက်ရှက်နဲ့ ပြုံးပြီးပြောတယ်။ “မပိန်ပါဘူး ဒေါ်ဒေါ်ရဲ့။ ကိုချစ်ကိုက ဟိုလေ အရင်လို ကျန်းကျန်းမာမာပါပဲ”

ကျန်းကျန်းမာမာတဲ့။ သူ ဘာပြောမလို့ လုပ်ပြီး မှ စကားပြောင်းသွားတာလဲ မသိဘူး။ ကျွန်တော် မျက်မှန်ကိုနှာခေါင်းပေါ် တွန်းတင်လိုက်တယ်။ ကျွန်တော် ရှက်ကိုးရှက်ကန်း ဖြစ်ရင် လုပ်နေကျ အကျင့်ပါပဲ။

“နင့်အကြံကို ပြောပါဦး ချစ်ကို” လို့ ဒေါ်မုဆိုးမကြီးကရုတ်တရတ် မေးတယ်။

“ဒီနေ့ ခန်းမမှာ သူတို့ ကျောင်းဆရာ အင်တာဗျူးလုပ်ကြမယ်။ ဗမာတွေ မသိနားမလည်တာ ဆိုးတယ်လို့ အစိုးရကပြောတယ်။ ဒီတစ်ကြိမ်တော့ အစိုးရပြောတာမှန်ပါတယ်။အမေသာ ခွင့်ပြုရင် ကျွန်တော် ဒီစာမေးပွဲကို လွယ်လွယ်အောင်ပါတယ်”လို့ ကျွန်တော် သတင်းစာ ကြော်ငြာပြရင်း  ပြောလိုက်တယ်။

ဒေါ်မုဆိုးမကြီးဟာ ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်တယ်။ “စာဖတ်တတ်၊ ခဲတံကိုင်တတ်တဲ့ကောင်လေးတွေဟာ မတတ်တဲ့သူထက်ပိုတော်တာတော့ အမှန်ပဲ။”

သူ စာမဖတ်တတ်တာကို ကျွန်တော် မေ့သွားတယ်။ “ကျွန်တော် မရည်ရွယ်ပါဘူး” လို့ပြောပြီး သတင်းစာပြန်ယူလိုက်တယ်။ “ကျွန်တော်နဲ့ ထိုက်တန်တဲ့ အလုပ်ကို ကျွန်တော် လုပ်ချင်တာပါ။အဖေ့လိုပဲ မတူကွဲပြားတာကို လုပ်ချင်တာပါ”

“အင်း”လို့ သူသက်ပြင်းချတယ်။ သူ တော်တော်ကြာအောင် တိတ်ဆိတ်သွားပြီး စဉ်းစားလို့နေတယ်။ နောက်တော့ “သူသွားပါစေ ဝင်းဝင်း” လို့ပြောလိုက်တယ်။ 

Comments

Post a Comment