Goli and Miya ( အပိုင်း ၈)
အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU
အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo
အခန်း ၃ ဖတ်ရန်_ https://bit.ly/3z0lPVx
အခန်း ၄ ဖတ်ရန်- https://bit.ly/389xFRi
အခန်း ၅ ဖတ်ရန်_ https://bit.ly/3DpCYdW
အခန်း ၆ ဖတ်ရန်- https://bit.ly/3zz6Yla
အခန်း ၇ ဖတ်ရန်- https://bit.ly/3mN7t7v
အခန်း(၈)
အပြင်မှ လှမ်းကြည့်လိုက်လျှင် မီးပူဇော်ပွဲဟု အမှတ်မှားရလောက်အောင် ပြင်းထန်တောက်လောင်နေသော မီးတောက်များစွာမြင်ရနိုင်လေသည်။သို့သော်အထဲမှာကား ဖိုဘေနှင့် လိုဘယ်တို့ တိုက်ခိုက်နေကြခြင်းဖြစ်၏။
ဖိုဘေကား ကျောင်းတော်တွင် သင်ကြားခဲ့ရသမျှ တိုက်ကွက်ပုံစံအမျိုးမျိုးကို ပုံဖော်တိုက်ခိုက်နေလင့်ကစား ထိုမိစ္ဆာမ လိုဘယ်ကိုကား တစ်ချက်ပင် ထိအောင် မတိုက်နိုင်ပေ။
ဖိုဘေက မီးတောက်ဖြင့် တည့်တည့်ပစ်လျှင်က ခပ်လှမ်းလှမ်းလောက်ရှောင်သည်။မီးလက်သီးဖြင့် အနီးကပ်ထိုးလျှင်လည်း အသာလေးရှောင်ရင်း ခပ်ဝေးဝေးသို့ရောက်အောင်ပြန်ကန်ထည့်လိုက်လေရာ ဖိုဘေကသာ အရှုံးကြီးဖြစ်နေ၏၊
အချိန်ကြာလာသောအခါ ဖိုဘေလည်း အနည်းငယ် လက်ပန်းကျလာ၏။လိုဘယ်ကား ထိုကဲ့သို့ လက်ပန်းကျအားနည်းချိန်ကျမှ တိုက်ခိုက်ရန်ကြံစည်ထားပုံရသည်။တစ်လျှောက်လုံး နည်းအမျိုးမျိုးဖြင့်သာ ရှောင်တိမ်းနေ၏။
“မီးနတ်ဘုရား ကကွက်”
ပါးစပ်မှရွှတ်ဆိုရင်း သူတတ်ကျွမ်းခဲ့ရာ တိုက်ကွက်များကိုသုံးရင်း အပြင်းအထန်တိုက်ခိုက်လေသည်။ဤတစ်ကြိမ်၌မူ လိုဘယ်၏ လက်များကို မီးစွဲသွားစေလေသောကြောင့် လိုဘယ်က ရယ်မောကာ
“နတ်သူငယ်တစ်ပါးလေးက ဒီလောက်တောင် စွမ်းစွမ်းတမံတိုက်နိုင်တာ အံ့ဩဖို့ကောင်းလိုက်တာ ငါရဲ့ညစာအဖြစ်စားရမှာတောင် အရမ်းတွေ စိတ်လှုပ်ရှားနေပြီ။ဟီးဟီးဟီးဟီး...ဟီး…..ဟီးဟီးဟီးဟီး….။”
“မီးလှံ သိုင်းကစားကွက်။”
ပါးစပ်ရေရွှတ်လိုက်ရင်း လက်မှမီးတောက်များကို လှံရှည်ကြီးအဖြစ် စီမံရင်း ချိန်ရွယ်ကာ အားကုန်ပစ်လိုက်လေသည်။သို့သော်လည်း လိုဘယ်ကား လှံကို ခုန်ကာရှောင်လိုက်သည်။သို့သော် မီး၏အစအနများ လာဟပ်လေရာ အနည်းငယ်တော့ ထိခိုက်သွားလေတော့သည်။
ဖိုဘေ စိတ်ထဲတွင် ကြံရာမရဖြစ်လာသည်။ဤမျှလောက်အထိ အပြင်းအထန်တိုက်နေတာတောင်မှ ဤမျှလောက်လေးသာ ထိခိုက်သည်၊ဤအတိုင်းဆို ဒီတိုက်ပွဲရှုံးတော့မည် သူအကြံထုတ်ရတော့မည်။ထိုစဉ်လိုဘယ်က ရုတ်တရက်
“ကဲကဲ ကစားနေတာတော်လောက်ပြီ။မင်း လူသားတွေ လေစိမ်းတိုက်တယ်ပြောတာကြားဖူးလား နတ်သူငယ်လေး။”
ပြော၍အပြီးမှာပင် လေပြင်းပြင်းတိုးသွားသလို ခံစားလိုက်ရကာ မကြာခင်ပင် လဲကျသွားလေတော့သည်။ဖိုဘေ အံ့ဩသလို နာလည်းနာကျင်လှသည်။
“သူ...သူ...ဘာလုပ်လိုက်တာလားဟ။”
ထိုအခိုက် ဂျီတက ဖိုဘေအနားကို တရွှတ်တိုက်ရင်း ဖြေးဖြေးချင်းရောက်လာသည်။လိုဘယ်က ထိုမြင်ကွင်းကို ကြည့်ရင်း
“အောင်မလေးဟယ် ချစ်ဖို့ကောင်းလိုက်တဲ့ နတ်သူငယ်လေးတွေ စိတ်မပူနဲ့နော် နှစ်ယောက်လုံးကို ပြိုင်တူ ဇီဝိန်ချွေပေးမယ် သိလား။”
တစ်ခဏအကြာတွင် အောက်ထပ်လိုလိုထင်ရသောနေရာမှ လျှောက်လာသံတစ်ခုကိုကြားလိုက်ရသည်။ထို့နောက်တွင်မူ လှေကားမှတက်လာသော ထူးထူးဆန်းဆန်း ဝတ်စုံဝတ်ထားသည့် လူသတ်သမားပုံပေါ်နေသည့် လူကောင်ကြီးကြီး သတ္တဝါကြီး တစ်ကောင်တက်လာလေသည်။လိုဘယ်က သူ့တပည့်ဖြစ်ပုံရသည့် ထိုသတ္တဝါကြီးအား
“နှစ်ယောက်လုံးကို ခေါ်သွား။ဟိုနတ်သူငယ်လေးနဲ့အတူတူချုပ်ထားလိုက်။”
အင်မတန်မှောင်မိုက်နေသော နေရာထဲတွင် ဖိုဘေနှင့် ဂျီတတို့ ပြန်သတိရလာခဲ့ကြသည်။ဖိုဘေက သူ့လက်တွင် မီးတောက်ကို ထုတ်ဖို့ကြိုးစားပါသေးသော်လည်း အားအင်များကုန်ခမ်းပြီး လက်ကျန်အားများကိုပါစုပ်ယူသွားကြသည်ဟု ခံစားနေရလေရာ မီးတောက်မှာ ထွက်မလာတော့ပေ။
တစ်ခဏအကြာတွင် တဒုံးဒုံးလျှောက်လာသော ခြေသံကိုကြားရလေရာ အစောက သတ္တဝါကြီးဖြစ်မည်ဟု ခံစားရလေသည်။
အမှောင်ထဲရောက်နေသောကြောင့်၎င်းတို့ကိုယ်ရောင်ကိုယ်ဝါလေးကသာ အလင်းရောင်အဖြစ်ရှိတော့သည်။ဂျီတ ဖိုဘေကို တိုးတိုးလေးခေါ်လိုက်၏၊သူတို့ကား တစ်လှောင်အိမ်ထဲ ထည်ထားခံရခြင်းဖြစ်လေရာ အချင်းချင်း တီးတိုးတိုင်ပင်နိုင်လေသည်။
“ဖိုဘေ ငါ့ သွေးအစွမ်းကို သုံးလိုက်ရင် ငါတို့ လွတ်အောင်ပြေးနိုင်မှာပါ ငါဘေးဘက်ကို မြင်ရသလောက်ကြည့်ပြီးပြီ။ဂျုဒီက ဘေးတင်ရှိတယ်။”
“ဒါပေမယ့် မင်းက သွေးတွေအများကြီးထွက်ထားတာ တိုက်ကွက်သုံးလိုက်ရင် မင်းသေမှာပေါ့။”
“မင်းဆီကနေ သွေးနည်းနည်းယူလိုက်ရင်ရပါပြီ။မင်းက မီးတောက်ဖန်ဆင်းနိုင်အောင်သာ လုပ်ထား၊အခွင့်အရေးရတာနဲ့ ဒီနေရာကို မီးမြိုက်ချလိုက်။”
ဖိုဘေကနားမလည်နိုင်စွာဖြင့်
“မီးမြိုက်ဖို့မပြောနဲ့ မီးတောင်မတောက်လာတော့ဘူးလေ။ပြီးတော့ ထတောင်မထနိုင်တော့ဘူး အခုဆို။”
ဂျီတက
“မင်းစိတ်ခွန်အားတွေကို စုပြီး ဆရာကြီးသင်ခဲ့သလို အစီအမံလုပ်လိုက်ပါလား။”
ဤသို့ဖြင့် ဖိုဘေလည်း အစီအစဉ်အတိုင်း စိတ်ကိုစုစည်းကာ ဆရာကြီးသင်ခဲ့သော အစီအမံကို ပြန်စဉ်းစား၏။
“ဘယ်လိုအစီအမံမျိုးကို မဆို စိတ်မှာခွန်အားပြည့်ဝနေသ၍ ကိုယ်မှာ အားမရှိတော့လည်း ဖန်ဆင်းလို့ရတယ်။စိတ်ကအားနည်းနေရင် ကိုယ်က ဘယ်လောက် သန်မာနေပါစေ။ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။”
ထို့နောက် မှောက်ရက်အနေအထားနေလိုက်၏။ဂျီတက ဖိုဘေ၏လက်မောင်းနားကိုကိုင်ထားရင်း
“ဖိုဘေ ငါစပြီနော်။”
ပြောပြီးတစ်ပြိုင်နက်ထဲမှာပင် လက်မောင်းကို ကိုက်ချလိုက်၏။ဖိုဘေတစ်ယောက် လက်မောင်းထဲမှ သွေးများ ဂျီတ ပါးစပ်ထဲစီးဆင်းသွားသည်ကို ခံစားမိနေရင်း တစ်ဖက်မှလည်း စိတ်ခွန်အားများကို စုစည်းနေ၏။
ဂျီတတစ်ယောက် တစ်ကိုယ်လုံးက အကြောများ ထောင်ထွက်လာသည့်နှင့် လက်မှ သွေးဖြင့် စီရင်သော သံကြိုးရှည်တပ်ထားသော ဓါးမြှောင်ကို ကိုင်စွဲလိုက်သည်။ဤတစ်ခါတွင်မူ သံကြိုးရှည်တစ်လျှောက်တွင် ဆူးချွန်ကြီးများပါရှိ၏။တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လေ လက်မှသွေးများပိုထွက်လာလေရာ လက်နက်မှာလည်း သွေးများများသောက်ရလေ အားကြီးလာလေလေ ဖြစ်လာလေသည်။ထို့နောက် ဂျီတက
“မင်းအာရုံခံတဲ့ အစွမ်းနဲ့ ဟိုသတ္တဝါရှိတဲ့ နေရာကို ငါ့ကိုပြောပြ။”
ဖိုဘေအာရုံလိုက်သောအခါ ဂျီတ၏ သွေးအစွမ်းလက်နက်နှင့် သွေးရောင်ပြောင်းလာသော ကိုယ်ရောင်ကိုယ်ဝါကို သတိထားမိသွားဟန်တူသော ထိုသတ္တဝါကား ဧရာမဓါးမကြီးကိုင်ကာ လှောင်အိမ်ဘက်ကိုလျှောက်လာလေပြီဖြစ်သည်။
“ညာဘက်ထောင့် ငါးပေလောက်ပဲလိုတော့တယ် လျှောက်လာနေပြီ။”
ဖိုဘေက ပြောပြီးသည်နှင့် သံကြိုးကိုလွှဲလိုက်ရာ ထိုလက်နက်ကြီးက သားကောင်ဆီကို လှောင်အိမ်ပေါက်မှ ထွက်လာပြီး တည့်တည့်ကြီး ပြေးသွားလေသည်။ငါးပေမျှသာကွာလေသောကြောင့် သံကြိုးက သတ္တဝါကြီးလည်ပင်းကို ရစ်ပတ်လေတော့သည်။ထို့နောက်တွင် ဓါးသွားက နဖူးတွင် စိုက်သွားက သွေးသောက်ဓါးဖြစ်လေသည်နှင့်အမျှ ထိုသတ္တဝါကြီး၏ သွေးကို စုပ်ယူလေသည်။
အဆုံး၌ကား ထိုသတ္တဝါ၏ နဖူးမှ လက်ကျန်သွေးများ ပန်းထွက်ရင်း မချိမဆံ့ သေဆုံးသွားလေတော့သည်။ထို့နောက်တွင် လိုဘယ်က အောက်ဆင်းလာပြီးကြည့်ပုံရလေ၏။၎င်း၏ တပည့် သတ္တဝါကြီးကို သတ်လိုက်ခြင်းဖြစ်ကြောင်း သတိထားမိသောအခါ သူမငိုကြွေး၏ လက်နက်ကိုကြည့်ရင်းလည်း အံ့ဩနေ၏။
“နင်သူ့ကိုသတ်လိုက်တာပဲ။သွေး...သွေးမိစ္ဆာတိုက်ကွက်နဲ့။”
ဂျီတ့စိတ်ထဲ အနည်းငယ်တွေဝေသွား၏။သူသုံးသည်မှာ သွေးမိစ္ဆာတိုက်ကွက်ဟုခေါ်သည်လော။မဖြစ်နိုင်ပေ။ဤတိုက်ကွက်ကား သူတို့ကျောင်းတော်မှာပင် သင်ပေးသေးသည်။ကျောင်းတော်ကတော့ မိစ္ဆာတိုက်ကွက်တွေ သင်မည်မဟုတ်လောက်ပါ။
သို့သော် ဤအချိန်တွင် လွတ်ဖို့က အရေးကြီးလှသည်။ထို့ကြောင့် စိတ်ထဲထားမနေတော့ချေ။ဖိုဘေကား လိုဘယ်ရောက်တုန်း အခိုက်တွင် လိုဘယ်ကို မီးပတ်လည်ဝိုင်းလိုက်သည်။၊ထို့နောက် သူ၏စိတ်ကူးထဲတွင် မီးငှက်ကြီးကို ပုံဖော်စိတ်ကူးကာ လက်ကျန်အင်အားဖြင့် အားကုန်ပစ်လွှတ်လိုက်လေ၏။ထိုမီးငှက်ကား လိုဘယ်၏ ကိုယ်ထဲ ဝင်သွားကာ လိုဘယ်ကို မီးမြိုက်ရင်း ပြာချလိုက်လေတော့သည်။လိုဘယ်ကား သေလုဆဲဆဲတွင် ကျိန်စာများ ထပ်ကာထပ်ကာ ရွတ်ဆိုကာ ကျိန်ဆဲသွားလေ၏။
“ဒီ နတ်သူငယ်တွေ မကြာခင်မှာ နတ်ဆိုးများအသွင်များပြောင်းလာကာ ယခုသူတို့ ကျွန်မကို သတ်ခဲ့သလို ပြန်အသတ်ခံရကြပါစေ။”
ထိုကျိန်စာကို ထပ်ကာထပ်ကာရွှတ်ရင်း ပြာကျသွားလေသောအခါမှ လှောင်အိမ်ကိုဖျက်၏။ထို့နောက် ဂျုဒီကို လှောင်အိမ်ထဲမှထုတ်ကြသည်။ဂျုဒီကား အားအင်နည်းနေလေရာ လမ်းပင် မနည်းလျှောက်ရသည်။သွေးအများကြီး စုပ်မိထားသူ ဂျီတကာသာ နှစ်ယောက်စလုံးကို တွဲကာ မနည်းထွက်လာရ၏။ထိုနေရာ၏ အပြင်သို့ရောက်လာသောအခါ သူတို့ကိုယ်ရောင်ကိုယ်ဝါများထွက်လာလေသောကြောင့် မိစ္ဆာများ၊သရဲများစွာထွက်လာကာ ၎င်းတို့သုံးယောက်ကို လိုက်ကြလေသည်။သူတို့က ရွေ့ပြောင်းအစီအမံသုံးပြီးပြေးရန် အနည်းငယ်ကျယ်ပြန့်သော မြေပေါ်သို့သွားကြဖို့လိုလေသည်။
သို့သော် ဤသို့အားနည်းနေကြပုံနှင့်ပြေးမရကြချေ။ထိုစဉ် မျော့မျော့လေးရှိနေရာမှ ဂျုဒီက
‘ငါ့လက်ကို သေချာကိုင်ထားကြ ငါမိုးကြိုးအရှိန်သုံးတတ်တယ်။ဟိုရောက်တာနဲ့ ရွေ့ပြောင်းအစီအမံကိုသုံးကြတော့။”
ဖိုဘေက
‘နင်က အဲ့အစီအမံကို ဘယ်တုန်းက သင်ထားတာလဲ။”
ဂျုဒီက
“လျှာမရှည်နဲ့ ကိုင်မှာသာကိုင်ထားစမ်းပါ။”
ထို့နောက် ဂျုဒီက ပါးစပ်က တစ်ခုခုကိုရေရွှတ်လိုက်ပြီး အတော်ဆိုးဆိုးပြင်းထန်သော မိုးကြိုးပစ်ချသည့်အလား အရှိန်ဖြင့် အရှေ့တည့်တည့်ပြေးသွားလိုက်ကြရာ သူတို့အပေါ်ခုန်အုပ်သော သရဲတစ်ကောင်လက်မှ သီသီလေးသာ လွတ်သွားကြ၏။
အတော်ဝေးဝေးရောက်လေသောအခါ ဂျုဒီမှာ သတိလစ်သွားလေပြီ။မိုးကြိုးအရှိန်ကား ပြေပျောက်သွား၏။ရွေ့ပြောင်းအစွမ်းကို အမြန်ဆုံးစီမံကြသည်။စီမံနေစဉ် ထိုပတ်ဝန်းကျင်မှ မိစ္တာတစ်ကောင်မှာထွက်လာပြီး ၎င်း၏ မိစ္ဆာဓါးဖြင့် လှမ်းခုတ်လေရာ ဂျီတက သူ၏သံဆူးကြိုးဓါးဖြင့် လွဲရင်းကာလိုက်သည်။သို့သော ဖိုဘေက ထိခိုက်မိသွားပြန်ရာ မှောက်သွားလေတော့သည်။
ထိုမိစ္ဆာရောက်လုစဲစဲ အချိန်ကလေးမှာပင် အစီအမံအောင်မြင်ကာ သူတို့ကျောင်းဆောင်စာသင်ခန်းထဲ ရုတ်တရက်ရောက်သွားကြသည်။
အခြားကျောင်းသားကျောင်းသူ နတ်သူငယ်လေးများကတော့မူ ကြည့်ပြီးထူးဆန်းသလိုလို ထင်ကောင်းထင်မည်။သို့သော် သူတို့ကား ဂရုပင်မစိုက်နိုင်ပဲ ပစ်လဲကာ သတိလစ်နေကြပြီဖြစ်လေ၏။

good.
ReplyDelete